သေခါနီးအချိန် ဆောင်ရန်နှင့် ရှောင်ရန်ကိစ္စများ

(သေခါနီးအချိန် ဆောင်ရန်နှင့် ရှောင်ရန်ကိစ္စများ)
ဆောင်းပါး
မောင်ကောင်း ဘလော့မှကူးယူဖေါ်ပြပေးပါသည်။

သေခါနီးအချိန်တဲ့… လူတိုင်းမလွဲမသွေကြုံတွေ့ကြရမှာပါ။ အနှေးနဲ့အမြန်ပဲ ကွာသွားမှာပါ။ ဒါပေမယ့် လူအများစုဟာ သေဖို့ကိုမေ့နေကြပါတယ်။ သေဖို့ကိုမေ့နေတာဟာ ငရဲကိုသွားဖို့ ရိက္ခာတွေစုနေသလိုပါပဲ။ ကိုယ်သေရမယ်ဆိုတာကိုမေ့နေကြတဲ့အတွက်လည်း မလုပ်သင့်တဲ့အကုသိုလ်တွေလုပ်ပြီး လုပ်သင့်တဲ့ ကုသိုလ်တွေနဲ့ ဝေးနေကြရတာပါ။ ငါ့ကိုယ်ငါ့ဟာင့ါဥစ္စာ ဆိုတဲ့ “ငါ” ဆိုတဲ့ ဒိဌိကြီးတွေနဲ့ ငါ့သားအတွက် ငါ့မယားအတွက်နဲ့ တနေကုန်ရုန်းကန်ပြီး ကိလေသာနွံဗွက်ထဲက ရုန်းမထွက်နိုင်ကြတာပါ။ သေခါနီး အချိန်ရောက်မှ ကိုယ့်မှာ အားကိုးစရာ ဒါန သီလ ဘာဝနာဆိုတဲ့ ရိက္ခာတွေ မရှိတဲ့အတွက် မဲ့သေတွေ သေသွားကြတာများပါတယ်။ ကုသိုလ်တွေ စုပြီးတော့ ပြုံးသေသေတဲ့သူတွေလည်း ရှိကြပါတယ်။ တကယ်တမ်းတော့ လူသားအားလုံးဟာ သေမင်းကိုထမင်းစားပြီး စောင့်နေကြရတာပါ။ ဒါ့ကြောင့် သေမင်းကိုမမေ့ဖို့အင်မတန်မှ အရေးကြီးပါတယ်။

ကျွန်တော်ခုဖော်ပြမှာက သေခါနီးလူတစ်ယောက်ကို ဘာတွေလုပ်ပေးသင့်တယ် .. ဘာတွေ မလုပ်ပေးသင့်ဘူး ဆိုတဲ့အကြောင်းလေးပါ။ ကိုယ်လုပ်ဆောင်ပေးလိုက်တဲ့အရာတစ်ခုကြောင့် တခြားလူတစ်ယောက် ဘ၀ကူးကောင်းသွားရင် ဘယ်လောက်စိတ်ချမ်းသာဖို့ကောင်းမလဲနော်..။

--သေခါနီးလူတစ်ယောက်ရဲ့ဘေးမှာ မိတ်ကောင်းဆွေကောင်း ဆရာကောင်းတွေရှိနေဖို့ အများကြီး အရေးကြီးပါတယ်။ နှလုံးသွင်းမှန်အောင်ပြောပြတတ်ဖို့ အရေးကြီးပါတယ်။

--လူနာရဲ့အနားမှာ ၀မ်းနည်းတဲ့အမူအရာလုံးဝမပြပါနဲ့။ လူနာရဲ့ဘေးနားမှာ တရှုံရှုံနဲ့ ငိုနေတာမျိုးလုံးဝ မလုပ်သင့်ပါဘူး။

--အနားမှာဆူဆူညံညံပြောဆိုမှုတွေ မလုပ်သင့်ပါဘူး။

--တချို့သားသမီးတွေက စားနိုင်တုန်းမှာမိဘရယ်လို့ ဦးဦးဖျားဖျားကျွေးမယ်မရှိဘူး။ မစားနိုင်မှ အတင်းပါးစပ်ဖြဲပြီး အဖေစားပါ အမေစားပါနဲ့ ချော့ကျွေးတာမျိုးတွေရှိပါတယ်။ ဒါမျိုးတွေလုံးဝမလုပ်ရပါဘူး။ လူနာရဲ့အခြေအနေကြည့်ပြီး ဆရာဝန်အစီအစဉ်နဲ့ကျွေးမွေးပြုစုရပါ့မယ်။

--သေခါနီးပုဂ္ဂိုလ်ဟာ အသက်ရှုကြပ်တာတို့၊ အသက်ရူမ၀တာတို့၊ မောတာတို့ဖြစ်တတ်ပါတယ်။ ဝေဒနာနှိပ်စက်လို့ ရှိသမျှအင်အားတွေလဲကုန်နေတဲ့အတွက် ယင်ကောင်တောင် အနားမခံနိုင်တော့တာမလို့ ဖြေးညှင်းစွာကိုင်တွယ်သင့်ပါတယ်။

--သေခါနီးအချိန်မှာ အားကိုးရှာတတ်ပါတယ်၊ ရေနစ်နေတဲ့ပုဂ္ဂိုလ်ဟာ အားကိုးရှာတဲ့အနေနဲ့ ဆွဲမိဆွဲရာ ဆွဲတတ်ပါတယ်။ သေခါနီးမှာရောင်ရမ်းပြီးခေါ်တာတွေရှိတတ်ပါတယ်။ တချို့ သားသမီးတွေဆိုရင် မိဘတွေအခြေအနေမကောင်းတဲ့အချိန်ဆို ဘုန်းကြီးတွေပင့်ထားတတ်ပါတယ်။ သေခါနီးအချိန်မှာဘေးနားမှာ ပရိတ်ရွတ်ပေးတာတို့ သရဏဂုံတင်ပေးတာတို့ လုပ်ပေးပါတယ်။ တရားအာရုံလေးနဲ့သေသွားရင်တော့ သေချာပေါက် သုဂတိရောက်ရမှာ မလွဲပါဘူး။

--လူနာကိုစောင်းရက်သားလေးနဲ့နေစေပြီး စားပွဲခုံပေါ် ဘုရားဆင်းတုတော်တင်၊ ပန်း၊ ဆီမီး၊ ရေချမ်းတော်များပူဇော်လို့ အမေ့အတွက်၊ အဖေ့အတွက်၊ သားအတွက်၊ သမီးအတွက် ဘုရားမှာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူထားတယ်.. ဘုရားအာရုံပြုပါ ဘုရားပူဇော်ပါလို့ပြောပေးရပါမယ်။

--ပရိတ်၊ ပဌန်း၊ ဓမ္မစကြာ စသည်တို့အာဂုံထားလျှင်ရွတ်ပေးရပါမယ်.. မရရင်တော့ စာအုပ်ကြည့်ဖတ်ပေးရပါမယ်။ တရားတိတ်ခွေရှိရင် သံဝေဂဖြစ်စေမဲ့တရားမျိုးတွေဘေးနားမှာ ဖွင့်ပေးရပါမယ်။

--အ၀တ်အထည်၊ လုံချည်၊ အကျီ သန့်သန့်ရှင်းရှင်း အနံ့အသက်ကောင်းအောင် လုပ်ပေးရပါမယ်။

--ပြုခဲ့တဲ့ကုသိုလ်တွေကိုစီကာပတ်ကုံးပြောပေးရပါမယ်။ မိမိဘ၀တာပြုခဲ့တဲ့ ကုသိုလ်ကောင်းမူတွေကို စာရင်း ပြုထား သင့်ပါတယ်။ ပြီးရင်သေချာဖတ်ပြပေးရပါမယ်။

--ဘေးနားမှာနေတဲ့ ဘယ်သူတွေပဲဖြစ်ဖြစ်ပေါ့။ ဖြတ်ထိုးဥာဏ်ရှိဖို့လည်းအရေးကြီးပါတယ်။ တခါက သေခါနီးအမျိုးသမီးကြီး တစ်ယောက် ဆုံးခါနီးသတိလစ်ပြီး ငါဘယ်သွားရမလဲ ငါဘယ်သွားရမလဲ လို့အောင်ပြောတဲ့အခါ အကင်းပါးတဲ့သမီးဖြစ်သူက အမေ- သမီးတို့ရွှေတိဂုံဘုရားသွားကြမလို့ အမေကောလိုက်ဦးမလား လို့ပြောလိုက်တော့ အမေက အေး-ငါလည်းလိုက်မယ် ဟုပြောကာသေဆုံးသွားပါတယ်။ သေခါနီး အာသန္နကံလေး ကောင်းသွားတဲ့သဘောပါပဲ။ ဘေးနားမှာနေတဲ့ လူအများစုဟာ ဖြတ်ထိုးဥာဏ်ရှိဖို့ အကင်းပါးဖို့ ဗဟုသုတရှိဖို့ အများကြီးအရေးပါပါတယ်။

--သေခါနီးလူနားသွားပြီးတော့လည်း မျက်နှာတွေညိုးငယ်မနေဖို့လည်း အရေးကြီးပါတယ်။ မျက်နှာရွှင်ပြပြီးတော့ ကုသိုလ်ကောင်းမှုတွေနဲ့ဆိုင်တဲ့ စကားတွေပဲ များများပြောပေးရပါမယ်။ ကုသိုလ်ကောင်းမူတွေပဲတွေးဖြစ်အောင် ပြုံးပြုံးရွှင်ရွှင်နဲ့ အားတက်စေမယ့်ကုသိုလ် ရမယ့်စကားတွေပဲ ပြောပေးရပါမယ်။

--နောက်ပြီးသေခါနီးအချိန်မှာ လုံးဝမငိုမိအောင်သတိထားရပါမယ်။ ငိုသံကြားရင် သေတော့မယ့်သူဟာ ကိုယ့်အတွက်နဲ့ စိတ်သောကရောက်ပြီးသေသလိုဖြစ်သွားပါ့မယ်။ စိတ်သောကရောက်ပြီးသေရင်တော့ အပါယ်လေးဘုံကိုပဲ သွားရမှာပါ။ ငိုချင်လျှင်အောင့်ထားပါ။ တချို့ငိုချင်တာကိုအောင့်ထားပြီး သတိလစ် မေ့မျောသွားတတ်ပါတယ်။ အောင့်မရရင် နေရာကနေအမြန်ဆုံးထွက်သွားလိုက်ဖို့လိုပါတယ်။

ကျွန်တော်အထက်မှာ ဖော်ပြခဲ့တာတွေအားလုံးဟာ သေခါနီးလူတစ်ယောက်အတွက် ဆောင်ရန် ရှောင်ရန်အချက်တွေပါပဲ။ အများကြီးအရေးကြီးပါတယ်။ ကျနော်တို့တွေအများစုက သေရင်ငိုဖို့လောက်ပဲ စဉ်းစားနေတာများပါတယ်။ သေခါနီးလူတစ်ယောက်ကို ဘယ်လိုသူ့အတွက်အကျိုးရှိအောင် လုပ်ဆောင် ပေးရမလဲလို့ မစဉ်းစားမိကြပါဘူး။ သေခါနီးအချိန်မှာ မိတ်ကောင်းဆွေကောင်း သားကောင်းသမီးကောင်းများ ပီသစွာဖြင့် ကျေးဇူးဆပ်နိုင်ကြစေဖို့ဒီစာလေးကိုရေးသားလိုက်ခြင်းဖြစ်ပါတယ်။ ကျေးဇူးဆပ်နိုင်ကြပါစေ လို့လည်း ဆန္ဒပြုပေးလိုက်ပါတယ်။

အရှင်ဇနက(တိသရဏ၀ိဟာရ)၏ စာသားကို အခြေခံ၍ရေးသားထားပါသည်။
စာရေးသူ၊ မောင်ကောင်း အချိန် Friday, March 13, 2009

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel သေခါနီးအချိန် ဆောင်ရန်နှင့် ရှောင်ရန်ကိစ္စများ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, June 2, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan သေခါနီးအချိန် ဆောင်ရန်နှင့် ရှောင်ရန်ကိစ္စများ
 

0 comments: