ကြံ့ခိုင်ရေးပါတီ မဲပေးရန် ပြောကြားသည့် ကျွန်းစုမြို့နယ် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အချို့ကို တာဝန်ရပ်ဆိုင်း

ပါတီတွင်း စည်းကမ်းများကို မလိုက်နာဘဲ ရွေးကောက်ပွဲအောင်နိုင်ရေး ကိစ္စများကို နှောင့်ယှက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးရန် ပြောဆိုခဲ့သဖြင့် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ရှိ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ငါးဦးကို တာဝန်မှ ရပ်ဆိုင်းလိုက်ကြောင်း အဆိုပါပါတီ ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက ပြောကြားသည်။
အဆိုပါ တာဝန်ရပ်ဆိုင်းခံရသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ပါတီ (ဗဟို) မှ ရွေးချယ်သောကိုယ်စားလှယ်လောင်းများစာရင်းကို ကျေနပ်မှုမရှိသောကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်မရှိဘဲ ကြေညာချက်များထုတ်ပြန်သည့်အပြင် မြို့နယ်အောင်နိုင်ရေးရုံးခန်းတွင် စက်တင်ဘာလ ၁ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေး၇န် ဟောပြောမှုများကို ပြုလုပ်ကြောင်း ၎င်းက ဆိုသည်။
“အဆိုးဆုံးက ပြည်ခိုင်ဖြိုးကို မဲပေးပါဆိုပြီး ဟောပြောတဲ့ကိစ္စပဲ၊ ဒါက ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး” ဟု ၎င်းက ရှင်းပြသည်။
ကျွန်းစုမြို့နယ်အတွင်း NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေးကို အနှောင့်အယှက်ပြုခြင်းကြောင့် မြို့နယ်အဆင့် ဗဟိုအလုပ်အမှုဆောင်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌအပါအဝင် ငါးဦးကို ပါတီတာဝန်မှ ယာယီရပ်ဆိုင်းကြောင်း စက်တင်ဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော NLD ပါတီ(ဗဟို) ၏ အကြောင်းကြားစာကို ကိုးကားပြီး ၎င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
အဆိုပါ ပါတီမှ ထုတ်ပယ်ခံရသော မြို့နယ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို The Voice က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၅၁ ဦး၏ အမည်စာရင်းကို သြဂုတ်လအတွင်း ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အမည်စာရင်းများတွင် မြို့နယ်အဆင့် NLD ပါတီအောင်နိုင်ရေး အဖွဲ့များက အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်လောင်းအချို့ကို ပါတီ (ဗဟို) က ရွေးချယ်ခြင်းမရှိသောကြောင့် မြို့နယ်အချို့တွင် ပါတီဝင်များက ဆန္ဒ ထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်။
ယင်းသို့ ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်သော ပါတီဝင်များကို ပါတီစည်းကမ်းများ လိုက်နာမှု မရှိဟုဆိုကာ NLD ပါတီ (ဗဟို) က ထုတ်ပယ်ခဲ့ကြောင်း အဆိုပါ ပါတီ၏ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။
Credit to – The Voice
Date     – (Friday) Sep, 11, 2015
 

0 comments: