*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၂)- အရှင်ပုညာနန္ဒ*


*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၂)- အရှင်ပုညာနန္ဒ*
အရှင်ပုညာနန္ဒ

ဒီဗောဇ္ဈင် (၄) ပါးကို အခုပြောတဲ့ အတိုင်း အသိမှန် အမြင်မှန် ရလိုက်ရင် ဗောဇ္ဈင် (၇) ပါးထဲက အရေး ကြီးတဲ့ အလုပ်ဗောဇ္ဈင် (၄) ပါး ယောဂီတို့မှာ ပြည့်သွားပြီ။ ပြည့်စုံမှုရဲ့ အမြင်ဉာဏ် စင်ကြယ်မှု အားကောင်း မကောင်းကို၊ မှန် မမှန်ကို အခု သင်ပေးတဲ့အတိုင်း ငါကိုက်ညီပြီဟု ဆုံးဖြတ်ချက်ချတဲ့ ယောဂီများ ဒီတိုင်းတော့ မရသေးဘူး။ ကျန်သေးတဲ့ ဗောဇ္ဈင် (၃) ပါးနဲ့ ညှိရဦးမယ်။ ဒီ ဗောဇ္ဈင် (၃) ပါး ကိုယ့်သန္တာန်မှာ ပြလာရင် မှန်ပြီ။ မပြသေးရင် လိုနေသေးတယ်။ ဘယ်နေရာ လိုတယ်ဆိုတာ လေးကို သူ့သဘောနဲ့သူ ရှင်းပေးထားတဲ့ အတွက် အမြင်ဉာဏ် ရောက်ဖို့အတွက် လိုနေရင် အမြင်ဉာဏ်ရအောင် ကြိုးစားပါ။ လုံ့လ၀ီရိယ လိုနေသေးရင် ၀ီရိယ စိုက်ပါ။ တည်ငြိမ်မှု လိုနေသေးရင်လည်းပဲ တည်ငြိမ်မှုအတွက် ကြိုးစားပါ။ လွတ်နေသေးရင် လည်းပဲ သတိလေးကို ပြန်ပြီး အားကောင်းလာအောင်၊ တည်ငြိမ်အောင် ကြိုးစားပါ။ အဲဒီလို ကြိုးစားလို့များ ပြည့်စုံသွား ရင် စတင်ပြီးတော့ ယောဂီတို့ရဲ့ သန္တာန်မှာ ဖြစ်လာနိုင်တာက အရှုခံနှင့် အရှုဉာဏ်ကို ကောင်းစွာ တည့်ပြီးတော့ တည်ငြိမ်အေးချမ်းစွာ ကြည့်နိုင်တဲ့ ယောဂီတို့ရဲ့ သန္တာန် ကိလေသာတွေက စင်ကြယ်လာတဲ့ အတွက် အားရ နှစ်သက်နေတဲ့ ပီတိ စဖြစ်ပါတယ်။

စပေါ်လာတဲ့ ဗောဇ္ဈင် (၄) ပါး ပြည့်စုံလိုက်တာနဲ့ မိမိတို့မှာ သိသာတဲ့ အားအနည်းဆုံး ခုဒ္ဒကာပီတိ က ပေါ်တယ်နော်။ ကြက်သီး မွေးညင်းလေးတွေ ထတာ၊ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်လာတာ၊ ဒါလေးဟာ အလွန်ကိုပဲ မြန်ဆန်ပြီးတော့ ဖြစ်ပေါ်လာတဲ့ အားအနည်းဆုံး ဖြစ်လို့ သိတဲ့ပုဂ္ဂိုလ် ရှိသလို မသိတဲ့ ပုဂ္ဂိုလ်လည်း ရှိတာပဲ။ ဒီတော့ ပိုပြီးတော့ အမြင်အားကောင်းအောင် ဆက်ပြီးတော့ (၄) ပါးကို ကြိုးစားလာတဲ့ ပုဂ္ဂိုလ်ဟာ စွမ်းအားလည်း မြင့်လာရော သူ့ထက်ပိုပြီး ထင်ရှား အားကောင်းတဲ့ ပီတိ နောက်တစ်မျိုး ခဏိကာပီတိ ပေါ်လာပြီ။ အဲဒီကျတော့ ကြက်သီးမွေးညင်း ထတာလည်းပဲ အနည်းငယ် ကြံ့ကြာလာတယ်။ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်တာလည်း ထင်ရှား သိသာလာတယ်။

ဒီလို သိသာထင်ရှား ကြံ့ကြာလာတဲ့ အပိုင်းမှာ ဆက်တိုက်ဆက်တိုက် ပေါ်လိုက် ပျောက်လိုက် အစားထိုးလိုက်၊ ပေါ်လိုက် ပျောက်လိုက် အစားထိုးလိုက်နဲ့ အစဉ်တန်းနေတဲ့ သိသာမှုဟာ တစိုက်မတ်မတ်နဲ့ မပျက်ဘဲနဲ့ ပေါ်နေတာ မဟုတ်ဘူးနော်။ ဒါလေးကိုလည်း သဘော ရှင်းထားပါစေ။ ခိုင်တယ် မြဲတယ်နဲ့ ပေါ်နေတယ်ဆိုရင် သဿတ ဒိဋ္ဌိ က ပြန်တွယ်သွားရင် ဉာဏ်ဘယ်ပေါ်မလဲ။ ကြက်သီးမွေးညင်း အားရနှစ်သက်မှု ထနေတဲ့ အပိုင်းလေးဟာ သိသာ အားကောင်းလာလို့ ဒါကို အနည်းငယ် ကြံ့ကြာပြီး ဖြစ်တယ်လို့ ပြောလိုက်တာ။ ခုဖြစ် ခုပျက်နေတဲ့ သဘောလေးတွေဟာ အစားထိုးပြီးတော့ ပြနေတာဖြစ်လို့ အားကောင်း နှစ်သက်မှုဟာ ထင်ရှားစွာ သိနိုင်တယ်လို့ ပုံဖော်တာပါ။ အဲဒီ ဖြစ်ပေါ်လာတဲ့ ပီတိသည် ခဏိကာပီတိ။ ကြက်သီးမွေးညင်း ထတာ၊ အသားလေးတွေ ဇိုးကနဲ ဇက်ကနဲ လှုပ်တာ၊ လက်ကလေးတွေ ဇက်ကနဲ ဇက်ကနဲ မြှောက်လာတာ ဒါလေးတွေ ဖြစ်တတ်တာပဲ။ ဒီလို ဖြစ်လာတဲ့ အခါမျိုးကျရင် ဘာကြောင့် ဖြစ်တာလဲလို့ အတွေးမချော်နဲ့တော့။ ကိုယ်ရှုနေတဲ့ (၄) ပါးပြည့်စုံရင် ရောက်ကိုရောက်မှာ၊ ရကို ရမှာ။ အဲဒီ သဘောလေးကိုလည်းပဲ အာရုံလေးညွတ်ပြီး အရှုခံပေါ်မှာ အသိဉာဏ်ကိန်းပြီး ဖြစ်ပျက်မြင်အောင်သာ ပြန်ရှုလိုက်ပါ။

ဒီပီတိရရင် ဒီ (၄) မျိုး ပြည့်စုံတယ်ဆိုတာ သေချာသွားပြီ။ အဲဒီကနေပြီးတော့ ဆက်လက်အားထုတ် လာလို့ စွမ်းအား မြင့်လာပြီ၊ ကြိုးစားမှု အရှိန်လည်း ကောင်းလာပြီ၊ အမြင်လည်း သန်လာပြီ ဆိုရင် (၄) မျိုးရဲ့စွမ်းအား ကြီးလာသည့် အတွက် ဒီ့ထက် ပိုအားကောင်း သိသာတဲ့ ပီတိက ဩက္ကန္တိကာ ပီတိ။ မိမိခန္ဓာကိုယ်ဟာ အဲဒီအချိန်ကျတော့ ဒန်းစီးတဲ့အခါ၊ ချားရဟတ် စီးတဲ့အခါ အပေါ်ရောက်သွားပြီး အောက်ကို ပြန်ပြီး ကျလာတဲ့အခါ ရင်ထဲမှာ လှပ်လှပ် လှပ်လှပ်နဲ့ အေးကနဲ စိမ့်ကနဲ ဖြစ်တတ်တယ်နော်။ အဲဒီလို ဖြစ်တဲ့အခါမှာ အပေါ် အမြင့်ကြီးက ပြုတ်ကျလာတာမျိုး လှပ်လှပ် လှပ်လှပ် အေးစိမ့် အေးစိမ့်နဲ့ ဖြစ်သွားတဲ့ သဘောလေးကို ဘာကြောင့်လဲလို့ အတွေး မချော်လိုက်နဲ့။ ကိုယ့်ရဲ့သန္တာန် ပြောခဲ့တဲ့ ဗောဇ္ဈင်တရား (၄) ပါး ကောင်းစွာ ပြည့်စုံရင် ဒီအကျိုးပေး အားကောင်းထင်ရှားတဲ့ ပီတိ ပေါ်ကိုပေါ်မှာပဲ။ အဲဒီ ပေါ်လာတဲ့ ပီတိတရားလည်းပဲ ဖြစ် ပြီးတော့ ပျက်သွားတာပဲ။

ဒါလေးကို ဉာဏ်လေးက ယှဉ်ကြည့်လိုက်ရင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတဲ့ဉာဏ်က မဂ္ဂသစ္စာ ဆိုတော့ ဖြစ်ပျက်နဲ့မဂ် ကိုက်ပြီးတော့ အရှုဉာဏ်အောက်မှာ အပျက်သာ ဆုံးသွားရင် တန်ဖိုးရှိတဲ့ အဖြေတစ်ခု ပေါ်သွားပြီ။ ဒါကြောင့် မမေ့မလျော့နဲ့ ကြိုးစားရမယ်။ အဲဒီလိုနဲ့ ကြိုးစားလာတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဒီထက် စွမ်းအားကြီးတဲ့၊ အားကောင်းတဲ့ ဗောဇ္ဈင် (၄) ပါးရဲ့ စွမ်းအားတွေ မြင့်လာတိုင်း မြင့်လာတိုင်း ပိုပြီးတော့ နှစ်သက် အားရစရာ ကောင်းတာက ဥဗ္ဗေကာ ပီတိ လို့ခေါ်တဲ့ နှစ်သက်မှု နောက်တစ်မျိုးဟာ ခန္ဓာကိုယ်ကြီးသည် လှိုင်းစီးနေသလို သိမ့်ကနဲ၊ ငြိမ့်ကနဲ ဖြစ်လာတယ်။ အပေါ်ကို တက်သွားလိုက်၊ အောက်ကို ပြန်သက်လိုက်၊ အပေါ်ကို တက်သွားလိုက်၊ အောက်ကို ပြန်သက်လိုက်နဲ့လည်း ဖြစ်တတ်တယ်။ ဟောဒီ ခန္ဓာကိုယ်ကြီးသည် ပေါ့ပါးပြီး လန်းဆန်းကြည်လင်လို့ အပေါ်ကို မြောက်ကြွနေသလိုလည်း ဖြစ်တတ်တယ်။ ဒါတွေသည် ဘာကြောင့် ဖြစ်တာလဲဆိုရင် ပီတိရဲ့သဘော ဗောဇ္ဈင် (၄) ပါး စွမ်းအားကြီးလာလို့ ဖြစ်ပျက်တွေပေါ်မှာ လျင်မြန်စွာ အားကောင်းတဲ့ အမြင်ရလာလို့၊ အဲဒီအမြင် အဲဒီအသိရရင် ပီတိတရားကလည်း အားကောင်းစွာနဲ့ ကြုံကိုကြုံရမယ်။ အဲဒီကနေပြီး ထပ်ဆင့်မြင့်လာတဲ့ ပီတိက ဖရဏာပီတိ။

ဒီအချိန်မှာ ယောဂီသည် အချိန်အတော် ကြာကြာကိုလည်း ထိုင်နိုင်လာတယ်။ ထိုင်နိုင်တဲ့ အလျောက်လည်းပဲ ခန္ဓာကိုယ်မှာ ချမ်းချမ်းသာသာနဲ့ ကြုံရတယ်။ ဆီတွေ အထပ်ထပ် စိမ်ထားတဲ့ ဂွမ်းကြီးလိုပဲ အိစက် ညက်ညောပြီးတော့ နေရတာကို အလွန်ချမ်းသာ နေတယ်။ အချိန် တော်တော်ကြာကြာကို ထိုင်ပြီးတော့လည်းပဲ မိမိရဲ့ ခန္ဓာကိုယ်ရဲ့ ညှင်းဆဲနှိပ်စက်မှု ဒုက္ခဆင်းရဲတွေဟာ ဆင်းရဲဒုက္ခပေးလောက်တဲ့ နာကျင်နှိပ်စက်မှုတွေ ကင်းပျောက်ပြီး နေရထိုင်ရတာကိုက အင်မတန် ချမ်းသာပြီးတော့ ငြိမ့်နေတယ်။ အချိန် ကြာကြာကိုလည်းပဲ ဣရိယာပုတ်ကို ခိုင်ခံ့စွာနဲ့ ငြိမ်းချမ်းစွာ နေနိုင်တယ်။ အဲဒီလို နေနိုင်တဲ့ အခိုက်လေးသည် တရားအပေါ်မှာ ဒီအဆင့်ကိုရောက်တဲ့ ယောဂီတိုင်း တရားကို အင်မတန် နှစ်သက်သွားပြီ။ တရားအပေါ်မှာ အင်မတန်လိုလားတဲ့ အားတွေ ကောင်းသွားပြီ။ တရားကို အင်မတန် စွဲမြဲသွားပြီ။

အဲဒီလောက် ပီတိတရားလေး ကိန်းရင်တောင်မှ ဒီလိုအနေအထားကို ရတယ်ဆိုတော့.. အော် ဗောဇ္ဈင် တရားသည် တယ်စွမ်းအား ကြီးပါလား။ အဲဒီလို ဖြစ်နေတဲ့ အခိုက်မှာ ကိုယ့်ရဲ့ ကြီးကျယ်စွာ နှိပ်စက်ပါတယ် ဆိုတဲ့ အနာရောဂါတွေ မှန်သမျှ လာပြီးတော့ ဒုက္ခမပေးတော့ဘူး။ ဒီအချိန်အခါမှာ အေးငြိမ်းပြီးတော့ နေရထိုင်ရတာကိုက အင်မတန် ချမ်းသာသွားပြီ။ အဲဒီလို နောက်မဆုတ်ဘဲ ကြိုးစားလာတဲ့ ယောဂီမှာ ဒီ့ထက်ပိုပြီး ငြိမ်းချမ်း၊ ဒီ့ထက်ပိုပြီး အားကောင်း၊ ဒီ့ထက်ပိုပြီး နှစ်သက်မှုတွေနဲ့ အလွန်ကိုပဲ ချမ်းမြေ့စရာကောင်း တဲ့ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ဆိုတဲ့ အကျိုးတစ်မျိုးကို ထပ်ဆင့် ရပါလိမ့်မယ်။

အဲဒီလို ရလာတဲ့ယောဂီမှာ ကိုယ့်ရဲ့သန္တာန်မှာ နဂိုတုန်းက လောဘမီး၊ ဒေါသမီး၊ မောဟမီး အစရှိတဲ့ မီးတွေဟာ အချိန်တိုင်း လောင်မြိုက်နေလို့ မငြိမ်းချမ်းလောက် အောင်ကို ပူလောင်ခဲ့ရပါတယ်။ အဲဒီ ပူလောင်နေတဲ့ ဟောဒီခန္ဓာကိုယ်ရဲ့ လောင်မြိုက်နေတဲ့ မီးတောက်တွေ မှန်သမျှ အဲဒီအချိန် ငြိမ်းသွားတယ်။ ဒါကြောင့်မို့လည်း ခန္ဓာကိုယ်မှာတဲ့ ပီတိရတုန်းက ချမ်းသာသလို ပဿဒ္ဓိ ရတဲ့အခါမှာ ကိုယ့်ရဲ့ ဆင်းရဲခြင်းတွေ ကင်းပျောက်နေတယ်။ သူ့ထက် ပိုမြင့်သွားတာက စိတ်ရဲ့ ဆင်းရဲမှုတွေလည်း မရှိတော့ဘူး။ ကိုယ်လည်း ချမ်းသာ၊ စိတ်လည်း ချမ်းသာ၊ ကိုယ်လည်းငြိမ်း၊ စိတ်လည်း ငြိမ်းတယ်။ ချမ်းသာမှုကို အဲဒီယောဂီသည် ကောင်း စွာ ရသွားပြီ။ အကာလိကော ဆိုတာ ဒါပြောတာ။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ဒီအကျိုးဟာ ချက်ချင်းကို ရတယ်။ အဲဒီလိုရတဲ့ ယောဂီသည် ဒီတရားကို ဘယ်တော့မှ လက်မလွှတ်တော့ဘူး။ နေ့နေ့ညည တရားပြီးတရား၊ တရားပြီး တရားသာ ကြိုးစားတော့တယ်။ ဘယ်သူ့ ဘယ်သူနဲ့မှလည်း စကားပြောဆိုခြင်း မရှိတော့ဘူး။ ဘယ်သူ့ ဘယ်သူနဲ့မှ လည်းပဲ အပေါင်းအသင်းဖွဲ့ဖို့ စိတ်မကူးတော့ဘူး။ သူ့တရားလေးနဲ့ သူပဲ ငြိမ်းချမ်းစွာ နေတော့တယ်။ အဲဒီလောက် အဆင့်ရောက်ရင် တောင်မှ ဘယ်လောက် ငြိမ်းသလဲဆိုတာ အာရုံ ပြုလိုက်ပါ။ ဒီ့ထက်များ ပိုပြီးတော့ တရားအသိကို ကောင်းစွာ ကိန်းမယ်ဆိုရင် ပြောစရာ အထူးမလိုတော့ပါ။ ဒါကြောင့် ပဿဒ္ဓိ သမ္ဗောဇ္ဈင် လောက်ကို ကိန်းနေပြီဆိုရင် အဲဒီယောဂီသည် တရားအပေါ်မှာ ဘယ်တော့မှ လက်မလွှတ်တော့ဘဲ အချိန်တိုင်း အမူအယာတိုင်းမှာ တရားပြီး တရားသာ နှလုံးသွင်းတော့တယ်လို့ နားလည် ထားပါ။

အဲဒီက တစ်ဆင့်တက်ပြီး ဒီဗောဇ္ဈင် တရားတွေကလည်း အရှုခံပေါ်တိုင်း ပေါ်တိုင်းမှာ မရှိတော့တဲ့ သဘော၊ ပျက်တဲ့ သဘောကိုသာ တရစပ် မြင်လာရတဲ့ အတွက်ကြောင့်မို့လို့ အရှုခံ တရားတွေ အပေါ်မှာ ကိုယ်နဲ့ ရင်းနှီးယဉ်ပါးတဲ့ အမြင်မျိုးတွေ ကင်းပျောက်ပြီး ကိုယ်နဲ့ မဆိုင်တဲ့အကြည့် သူစိမ်းဆန်တဲ့ အမြင်ပေါ်မှာ နှလုံးသွင်း တည့်သွားပြီ။ ပေါ်လိုက် မရှိတာပဲ မြင်လိုက်တယ်။ ကြည့်လိုက်ပြန်တယ်၊ မရှိတာပဲ မြင်လိုက်တယ်။ အဲဒီလို မရှိတာချည်းပဲ မြင်နေရတဲ့ အတွက်ကြောင့်မို့လို့ အရှုခံ ရုပ်နာမ်တွေ အပေါ်မှာ အမြင်ရှင်းပြီးတော့ တစ်တန်းတည်းထားပြီး ရှုလာနိုင်တဲ့ ယောဂီရဲ့ သန္တာန်မှာ ဥပေက္ခာ သမ္ဗောဇ္ဈင် ကိန်းသွားပြီ။

အော် ဒီဗောဇ္ဈင် (၃) ပါးသည် အလိုလို ရတာမှ မဟုတ်ဘဲ၊ ရှေ့က ဗောဇ္ဈင် (၄) ပါး ပြည့်စုံမှသာလျှင် ရတာပါလား၊ ဒီ (၄) မျိုး မပြည့်စုံရင် ဒီ (၃) မျိုး ဘယ်တော့မှ မရနိုင်ပါလားလို့ ဆိုတာကိုလည်း ဆုံးဖြတ်ချက် ချပါ။ ကိုယ့်ရဲ့ စွဲကပ်နေတဲ့ အနာရောဂါ အမျိုးမျိုးလည်းပဲ မပျောက်ကင်းနိုင်ပါ။ ဗောဇ္ဈင် (၄) ပါး ပြည့်စုံလို့ ပီတိ၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်တွေနဲ့ ကိန်းပြီး ဥပေက္ခာထား ရှုနိုင်တဲ့ မည်သူမဆို စွဲကပ်နေတဲ့ အနာရောဂါလည်း ကင်းပျောက်မယ်၊ လောင်မြိုက်နေတဲ့ မီးမှန်သမျှလည်း ငြိမ်းမယ်၊ သောကမှန်သမျှ၊ ပရိဒေ၀ မှန်သမျှလည်းပဲ မလာတော့ဘူး။ အဲဒီ ငြိမ်းချမ်းမှုတွေက နိဗ္ဗာန်တောင်မှ မရသေးဘူးနော်။ ဘယ်လောက်တောင် ချမ်းသာသလဲ ဆိုတာ အာရုံပြုနိုင်ရင်.. အော် နိဗ္ဗာန်ဆိုတာ ဒါတွေအားလုံး ချုပ်ငြိမ်းတဲ့နေရာ ပိုပြီး ချမ်းသာမှာပဲလို့ နိဗ္ဗာန် ကိုလည်း မှန်းဆပြီး အာရုံပြုနိုင်ဖို့အတွက် ဗောဇ္ဈင်တရားနဲ့ ရှင်းပေးလိုက်ပါပြီ။

ကိုယ့်မှာ ပြည့်တယ် မပြည့်ဘူးဆိုတာကို ကိုယ်လုပ်နေတဲ့ အပိုင်းအခြားက သက်သေ ထူနေပါတယ်။ ဒါကြောင့်မို့လို့ မပြည့်သေးရင်လည်း ပြည့်အောင်ဖြည့်၊ ပြည့်တယ်လို့ ယူဆနေတဲ့ ပုဂ္ဂိုလ်တွေကလည်း ငါဘာလိုတယ် ဆိုတာလေးကို (၇) ပါးသော ဗောဇ္ဈင်နဲ့ တစ်ခုချင်း ရှင်းပေးခဲ့တာ ဖြစ်လို့ လိုတဲ့အရာလေးတွေ ဖြည့်စွက်ပြီးတော့ ဘုရားရှင်ရဲ့ အလိုတော်ကျ နိဗ္ဗာန်ရောက်သည့် ပန်းတိုင်ကို ၀င်စံနိုင်ဖို့ ဗောဇ္ဈင် (၇) ပါး ပြည့်စုံအောင် ကျန်ရှိတဲ့ အချိန်လေးတွေမှာ နှလုံးသွင်း မမှားစေဘဲ စင်ကြယ်တဲ့ အသိဉာဏ်လေးတွေ အားကောင်း ရင့်သန်အောင် ဆက်လက်ကြိုးစား ရှုပွား အားထုတ်ပေးနေကြပါ။


လေးစားရိုသေစွာဖြင့်
ဖိုးသား

7/2/2010, FRI:, 1:11:58 AM

ကိုဖိုးသား၏ မေးလ်အား ထပ်မံ၍ ဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇူလိုင်(၃)ရက်၊ ည(၈)နာရီ ကူးယူ၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: