*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၁)- အရှင်ပုညာနန္ဒ*


*နိဗ္ဗာန်သို့သွား ခြေလှမ်းများ- ဗောဇ္ဈင်တရားတော် (၁)- အရှင်ပုညာနန္ဒ*


တရားရှုတဲ့ ယောဂီများအတွက် အရေးကြီးပြီး အလွန်လိုအပ်တဲ့၊ လုပ်ငန်းခွင်မှာလည်းပဲ အရေးပါတဲ့ လောကီ ကိစ္စတွေမှာလည်း အာရုံပြုပြီးတော့ မကျန်းမမာ ဖြစ်လာကြတဲ့ သူတော်စင်များမှာ အားကိုး ရှာကြတဲ့အခါ မိမိတို့ ဖြစ်ပေါ်နေတဲ့ နှိပ်စက်မှု၊ မကျန်းမာတဲ့ အနာရောဂါတွေကို ပျောက်ချင်ကြတဲ့ အတွက် မခံမရပ်နိုင် ဖြစ်လာတဲ့ အခါမျိုးမှာ အားကိုးတဲ့ တရားရှိတယ်၊ ဗောဇ္ဈင်တရား။

ဒီဗောဇ္ဈင်တရားကို အားကိုးပြီးတော့လည်းပဲ ရွတ်ဆိုတဲ့ အသံလေးတွေကို နားထောင်ပြီးတော့ ပျောက်လေမလားလို့ ကြိုးစားပြီး နာယူကြတယ်။ ဗောဇ္ဈင်တရားက နာရုံနဲ့ ပျောက်တာမှ မဟုတ်ဘဲ၊ တကယ် ပျောက်ချင်ရင် တကယ် ခန္ဓာမှာ ပြောနေတဲ့ အရှုခံ တရားတွေပေါ်မှာ ဗောဇ္ဈင်တရားတွေနဲ့ ကိုက်ညီအောင် ကြိုးစားပါ။ အဲလို ကိုက်ညီအောင် ကြိုးစားတဲ့ မည်သူမဆို ဖြစ်ပေါ်လာတဲ့ အနာရောဂါ မှန်သမျှကို ငြိမ်းစေတဲ့ အပြင် အလွန်ချမ်းသာတဲ့ ဘုရားရှင် အလိုတော်ကျ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ကိုလည်း အရောက် တက်လှမ်းမှာ သေချာပါတယ်။ ဒါကြောင့်မို့လို့ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ပေါ်နေတဲ့ သောက မီးတောက်တွေလည်းငြိမ်း၊ ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ အနာရောဂါတွေကိုလည်း ကင်းပျောက်အောင် ကုစားနိုင်ဖို့၊ အားကိုးထိုက်တဲ့ တရားဖြစ် တဲ့ ဗောဇ္ဈင်ကို ယနေ့ သူတော်စင်များ အတွက် အလုပ်ခွင်နဲ့ တွဲရှင်းပေးမယ်။

သောက်ဆေးကို သောက်မှ ပျောက်မှာပါ။ လိမ်းနေရုံနဲ့ မပျောက်ဘူး။ ကိုယ်စီကိုယ်စီ လာပြီးတော့ ၁၀- ရက်စခန်းမှာ သောက်ကြည့်နေတာ၊ ရှိနေတဲ့ သံသရာ အမြစ်တွယ်ခဲ့တဲ့ ရောဂါမှန်သမျှ ပျောက်ဖို့၊ အခု ဗောဇ္ဈင် တရားနဲ့ အလုပ်ခွင်မှာ ကြိုးစားလာတဲ့ ယောဂီများ အတွက်ကို သူ့နေရာနဲ့သူ အသုံးချတတ်ဖို့ အတွက် ရှင်းပေး သွားပါ့မယ်။

နှာသီးဝမှာ အာရုံယူပြီး ကြိုးစားရတဲ့ ယောဂီလည်း နှာသီးဝမှာ အာရုံယူပြီးတော့ နှလုံးသွင်းပါ။ ကိုယ် ပေါ်မှာ ကိုယ်နှင့်စပ်ပြီး ပေါ်လာတဲ့ အရှုခံပေါ်မှာ နှလုံးသွင်းပါ။ စိတ်နှင့်စပ်ပြီး ပေါ်လာတဲ့ အရှုခံကို အားရ ကျေနပ်ပါတယ်လို့ ရှုနိုင်တဲ့ ယောဂီများကလည်း စိတ်နှင့်စပ်တဲ့ အာရုံပေါ်မှာ နှလုံးသွင်းပါ။ ရုပ်ပေါ်ပေါ် နာမ်ပေါ်ပေါ် ကြည့်နေတတ်တဲ့ ယောဂီများကလည်းပဲ ပေါ်ရာခန္ဓာမှာ အာရုံလေး စိုက်ပြီးတော့ နှလုံးသွင်းပါ။ အဲဒီလို နှလုံးသွင်းလာတော့ မိမိတို့ရဲ့ သန္တာန်မှာ ဗောဇ္ဈင်တရား ကိန်းမကိန်းဆိုတာကို ရှင်းပေးရမှာက.. ကိုယ် လည်း သိပြီးသားပဲ။

ဗောဇ္ဈင်တရားသည် အားလုံး (၇) ပါးရှိတယ်။ သတိ သမ္ဗောဇ္ဈင်၊ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်၊ ၀ီရိယ သမ္ဗောဇ္ဈင်၊ သမာဓိ သမ္ဗောဇ္ဈင် လို့။ အခုပြောလိုက်တဲ့ (၄) ပါးသော ဗောဇ္ဈင်သည် ကရက ဗောဇ္ဈင်လို့ နားလည် ထား။ တနည်းပြောရရင် အလုပ်ခွင်မှာ ပြည့်အောင် ဖြည့်ဆည်းရမယ့် အလုပ်တရား (၄) ပါး။ ဒီ အလုပ်တရား (၄) ပါးကို ပြည့်စုံအောင် ဖြည့်ဆည်းနိုင်ရင် ပြည့်စုံတဲ့ ယောဂီတိုင်းမှာ ပီတိ သမ္ဗောဇ္ဈင် ရယ်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင် ရယ်၊ ဥပေက္ခာ သမ္ဗောဇ္ဈင် ရယ်လို့ ဗောဇ္ဈင် (၃) ပါး အကျိုးအနေနဲ့ ရလိမ့်မယ်။ ဒီ (၃) ပါးသည် ရှေ့ (၄) ပါး မပြည့်ရင်တော့ မရဘူး။ ရှေ့ (၄) ပါး ပြည့်ရင်လည်းပဲ ဒီ ဗောဇ္ဈင် (၃) ပါး ရကို ရမယ်။ ရှေ့ (၄) ပါး ပြည့်တယ် ထင်ပြီး (၃) ပါး မပေါ်ရင်လည်းပဲ၊ ကိုယ်သိပါတယ် ဆိုတဲ့ (၄) မျိုး မမှန်သေးလို့ပါ။ ဒါလေးကိုတော့ သဘောရှင်း ပါစေ။ အလွန်လည်း အရေးကြီးပါတယ်။ အဖိုးလည်း အင်မတန် တန်တဲ့တရားပါ။ အလုပ်ခွင်မှာ ယောဂီတိုင်း သည် သတိ သမ္ဗောဇ္ဈင် ဉာဏ်ယှဉ်ပြီးတော့ ပြည့်စုံအောင်ကို ကြိုးစားရမှာ။ အလုပ်ခွင်မှာ စတင်ပြီးတော့ ဒီ (၄) မျိုး ပြည့်မပြည့် ဆိုတာကို ကြိုးစားနေတဲ့ ယောဂီများအတွက် စတင် ပြောတော့မယ်။

ပေါ်ရာ အရှုခံကိုပဲ ကြည့်ကြည့်၊ အလေးထားပြီး ကိုယ့်စရိုက်နဲ့ညီတဲ့ ကမ္မဋ္ဌာန်းကိုပဲ ရွေးချယ်ပြီး ရှုရှု၊ ဖောက်ပြန်တဲ့ ရုပ်တရားလေး ပေါ်တိုင်းပေါ်တိုင်း သိနေရင်၊ ခံစားတဲ့ ဝေဒနာလေး ပေါ်တိုင်းပေါ်တိုင်း သိနေရင်၊ မိမိရဲ့ သိတတ်တဲ့ စိတ်လေးအပေါ်မှာ ပြန်ပြန်ပြီး ကြည့်လို့သိနေရင်၊ ဒီအသိတရားလေးတွေ အပေါ်မှာ ပေါ်တိုင်းပေါ်တိုင်း သိနေလို့ ရှုပွားနေတဲ့ ယောဂီများရဲ့ သန္တာန်မှာ စတင်ပြီးတော့ သတိ သမ္ဗောဇ္ဈင် ကိန်းပါတယ်။ သတိ သမ္ဗောဇ္ဈင် ဆိုတာက ပွားများ အားထုတ်နေတဲ့ ယောဂီများမှာ ရုပ်ကို အလေးပေး ရှုလည်း ရုပ်အရှေုခံ ပေါ်တိုင်းပေါ်တိုင်း သိနေတယ်။ ဝေဒနာကို အလေးပေး ရှုလည်းပဲ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ စိတ်ကို အလေးပေးရှုတဲ့ ပုဂ္ဂိုလ်ကလည်း စိတ် ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ ဓမ္မသဘောကို ရှုတဲ့ ပုဂ္ဂိုလ်ကလည်း ဓမ္မ ပေါ်တိုင်းပေါ်တိုင်းကို သိနေတယ်။ အဲဒီလို သိနေတာက သတိအား ကောင်းလာလို့၊ ရှုမှတ် ပွားများနေတဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အဲဒီလို ပေါ်ရာ အရှုခံလေးတွေကို သိနေရင် သတိ သမ္ဗောဇ္ဈင် ပြည့်စုံနေတယ်။

ရှုနေတဲ့ အရှုခံ အာရုံလေးတွေကို ကြည့်လိုက်တော့ ၀ိပဿနာဆိုတာ ရှိရာက မရှိတာ မြင်သွားတာ၊ ရှိရာက မရှိတာလေးကို မြင်တာသည် ၀ိပဿနာ ဉာဏ်ဆိုတဲ့အတိုင်း၊ ရုပ်အရှုခံကို အလေးထားရှုတဲ့ ပုဂ္ဂိုလ် ကလည်း ရုပ်ကိုကြည့်တယ် ဆိုပေမယ့် ကြည့်လိုက်တဲ့ ဉာဏ်အောက်မှာ မရှိတာ မြင်ရတာ။ ဝေဒနာကို ရှုတယ် ဆိုပေမယ့် ဝေဒနာကို သိရတာ မဟုတ်တော့ဘူး၊ ဝေဒနာ မရှိတာလေး မြင်ရတာ။ စိတ်ကို ရှုတယ် ဆိုပေမယ့် စိတ်ကြီးကို တွေ့ရတာ မဟုတ်ဘူး၊ စိတ်ရဲ့ မရှိတာလေးကို မြင်ရတာ။ အဲဒီလို အရှုခံ တရားလေးတွေ အပေါ်မှာ ကိုယ်သန်ရာသန်ရာ ကိုယ့်စရိုက်နဲ့ညီတဲ့ ကမ္မဋ္ဌာန်းကို ရွေးချယ်ပြီးတော့ ရှုနေကြတဲ့ ယောဂီတိုင်းမှာ အရှုခံပြလိုက်၊ ဉာဏ်လေးနဲ့ ကြည့်လိုက်၊ အရှုခံပေါ်လိုက် ဉာဏ်လေးနဲ့ ကြည့်လိုက်၊ ရှိနေတဲ့ အရှုခံ တရားလေးကို ဉာဏ်လေးနဲ့ ကြည့်တော့၊ ဟော.. မရှိတာလေး မြင်လိုက်တယ်။ တနည်းပြောရင် ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီး အမြဲတမ်းပြောပြီးတော့ နားလည်လွယ်အောင် ဟောခဲ့တဲ့ “ဖြစ်တာနဲ့ ပျက်တာပဲ”။

အခုလည်း အရှုခံတရားလေးကို သိသိ သိသိနေတဲ့ သတိ သမ္ဗောဇ္ဈင်ကို အခြေခံထားပြီး ကြိုးစားလာတဲ့ ယောဂီများမှာ ဒီသဘောတရားလေး ဟာဖြင့် ဖြစ်ပြီးရင် ပျက်သွားတယ်၊ မွေးပြီးရင် သေသွား တယ်၊ ပေါ်ပြီးရင် ချုပ်သွားတယ်၊ ဒါကလွဲလို့ မတွေ့ရဘူး။ အဲဒီအမြင်ကို ရှင်းအောင် ဆိုပြီးတော့ ဧည့်သည်ခန္ဓာ လေးကို မမေ့နဲ့။ ဧည့်သည်ဆိုတာ အိမ်တစ်အိမ်ကို အလည်လာတဲ့ အခါမှာ အိမ်ရှင် နေသလိုမျိုးတော့ အချိန်ပြည့် ဘယ်နေလို့ ရမလဲ။ အိမ်ရှင်သည် ကိုယ့်အိမ်မှာကိုယ် အမြဲတမ်း နေခွင့် ရှိပေမယ့်၊ ဧည့်သည်ဆိုတာ က အကြောင်းရှိခိုက်သာ လာတည်းခိုလိုက်တာ၊ အကြောင်းကုန်တော့ ပြန်သွားရတာ ဧည့်သည်ရဲ့ သဘော။

အခုလည်းပဲ နှာခေါင်း နှာသီးမှာ အခြေခံထားပြီး ကြည့်နေတဲ့ ယောဂီများမှာ နှာခေါင်း နှာသီးဆိုတဲ့ အိမ်ရှင်ခွင့်ပြုတဲ့ အခိုက်လေးမှာ ရှူသွင်းလိုက်တဲ့ အေးသဘောဆိုတဲ့ ဧည့်သည် ခန္ဓာလေး အလည်လာတယ်၊ ရှူထုတ်လိုက်တဲ့ အခါမှာ နွေးသဘောဆိုတဲ့ ဧည့်သည် ခန္ဓာလေး အလည်လာတယ်။ အဲဒီ အလည်လာတဲ့ ဧည့် သည်ခန္ဓာလေးသည် အိမ်ရှင် ခွင့်ပြုခိုက်လေး လာတာ။ အကြောင်းလည်း ကုန်ကော ပြန်သွားပြန်တယ်။ လာတယ်ဆိုတာက ဧည့်သည် ခန္ဓာလေး ဖြစ်တာ။ ပြန်တယ် ဆိုတာက ဧည့်သည် ခန္ဓာလေး ပျက်တာ။ အေးတယ် ဆိုတာ ရုပ်ခန္ဓာ၊ နွေးတယ်ဆိုတာ ရုပ်ခန္ဓာ။ ဒီ ရုပ်ခန္ဓာလေး ပေါ်တိုင်းပေါ်တိုင်းကို သိတုန်းက သတိ သမ္ဗောဇ္ဈင်။ အခုပေါ်တဲ့ ခန္ဓာလေး ကြည့်လိုက်တော့ ဧည့်သည် သဘောလေးကို တွေ့လိုက်ရတယ်။ အလည် လာပြီး ပြန်သွားတယ်။ ဖြစ်ပြီးတော့ ပျက်တယ်။ ဒါကို မြင်တဲ့ဉာဏ်သည် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်။

အော် ကိုယ့်ရဲ့ သန္တာန်မှာ အရှုခံလေး ပြတိုင်းပြတိုင်း မြင်အောင် ကြည့်တယ်။ မရှိတဲ့ သဘောလေးရဲ့ သဘောထား အမှန်ကို ဉာဏ်ရောက်အောင် ကိန်းလိုက်တဲ့ အချိန် ဓမ္မ၀ိစယ သမ္ဗောဇ္ဈင် ပေါ်သွားပြီ။ သတိ သမ္ဗောဇ္ဈင် လည်းပဲ သဘောရှင်းသွားပြီ။ ဓမ္မ၀ိစယ သမ္ဗောဇ္ဈင်လည်း ပုံပေါ်လာပြီ။ အဲဒီ ယောဂီဟာ ကိုယ်ရှု နေတဲ့ အရှုခံ တရားဂုဏ်တော် (၆) ပါးထဲက ဧဟိပဿိကော လို့ ရုပ်ကလည်း ခေါ်တာပဲ၊ ဝေဒနာကလည်း ခေါ်တာပဲ၊ စိတ်ကလည်း ခေါ်သလို သဘောတရား မှန်သမျှကလည်း ခေါ်နေတာ။ အဲသလို ခေါ်နေတာကို ဧဟိ ပဿိကော ဆိုတဲ့ ကိုယ်တိုင် ကိုယ်ပိုင် ဉာဏ်လေးနဲ့ လိုက်လိုက် ကြည့်လိုက်တော့ သူ့သဘောလေးက ဖြစ် လိုက် ပျက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်၊ ဒါပဲ ပြောနေတယ်။ အဲဒီလို အရှုခံပေါ်မှာ အရှုဉာဏ်လေး ကိန်းပြီး တော့ ဖြစ်တာနဲ့ ပျက်တာကို ပိုင်ပိုင် နိုင်နိုင်နဲ့၊ ပေါ်တိုင်းပေါ်တိုင်း မလွတ်ရ အောင်လို့ တစ်ပျက်တည်း ပျက်နေ တဲ့ အရှုခံ ပေါ်မှာ အသိဉာဏ်လေး ကိန်းပြီး ကြိုးစား ရှုပွားနေတဲ့ အမြင်သည် ၀ီရိယ သမ္ဗောဇ္ဈင်။

ဝီရိယ သမ္ဗောဇ္ဈင် ဆိုတာ ယောဂီတို့ရဲ့ သန္တာန်မှာ ပေါ်နေတဲ့ အရှုခံ လေးတွေကို အမြင်ဉာဏ်က မလွတ်အောင်လို့ တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတဲ့ အမြင်နော်။ အဲဒီ အမြင်လေးသည် ပေါ်လိုက် ပျောက်သွားလိုက်၊ ကြည့်လိုက် မရှိလိုက်၊ ရှိရာက မရှိတဲ့ အမြင်လေးတွေကို ပေါ်တိုင်းပေါ်တိုင်း ကြိုးစားရင် ကြိုးစားသလောက် အမြင်သန်လာတယ်။ အရှုခံနှင့် အရှုဉာဏ် တည့်ပြီးတော့ တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတယ်။ အဲဒီ ပုဂ္ဂိုရ်ရဲ့ သန္တာန်မှာ ၀ီရိယ သမ္ဗောဇ္ဈင် ကိန်းနေပြီ။ ဒီယောဂီသည် ကြည့်နေတဲ့ အရှုခံ အာရုံပေါ်မှာ ကြိုးစားရင် ကြိုးစားသလောက် အသိဉာဏ်က တစ်ပျက်တည်း ပျက်နေတာကို မြင်နေရတဲ့ အတွက်ကြောင့်မို့လို့၊ ဒီအချိန် အခါမှာ အာရုံတွေလည်း မထွေပြားတော့ဘူး။ စိတ်ပျက်စရာ အာရုံ မှန်သမျှ လည်းပဲ လာမနှောင့်ယှက် တော့ဘူး။ ပျော်စရာ ရွှင်စရာ အာရုံ အမျိုးမျိုးကလည်း လာ မနှောင့်ယှက်တော့ဘူး။ အရှုခံ အသိဉာဏ်လေး ကိန်းပြီး တစ်ပျက်တည်း ပျက်တာကိုသာ တည်ငြိမ်စွာနဲ့ ရှုနေနိုင်ပြီ။ အဲဒီ ယောဂီသည် သမာဓိ သမ္ဗောဇ္ဈင် တည်သွားပြီ။ မိမိတို့ရဲ့ သန္တာန်မှာ ကြိုးစားပါ။

ဆက်လက်ဖော်ပြပါမည်။

လေးစားစွာဖြင့်
ဖိုးသား
6/28/2010, MON:, 2:27:19 AM

ဗောဇ္ဈင်တရား ခုနစ်ပါး ဤလင့်ခ်တွင် ဂိုးလ်စတိန်း၏ ကိုယ်တွေ့ဝိပဿနာ မှ ထုတ်နုတ်ရေးသားအပ်သော ဗောဇ္ဈင်တရား ခုနစ်ပါးအား ဖတ်ရှု ကြည်ညို နာယူနိုင်ပါတယ် ခင်ဗျာ..။

ကိုဖိုးသား ပေးပို့ထားသော မေးလ်အား ထပ်ဆင့်ဖော်ပြထားပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊ ဇူလိုင်(၃)ရက်၊ည(၇း၁၅)နာရီ၊ ကူးယူ၏။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: