


သြဂုတ်(၁၉)၊ ညနေ(၅)နာရီတွင် မကွေးမြို့ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း၊ Center စားတော်ဆက် မှာ(၁၈၃)ကြိမ် အောင်ဘာလေထီဖွင့်ပွဲမှ သိန်း(၁၅၀၀)၊ သိန်း(၁၀၀၀) နှင့် သိန်း(၅၀၀) ကံထူးရှင်များအား ထိုင်းနိုင်ငံ မြဘုရားဖူးပို့ခြင်း အထူးဂုဏ်ပြုညစာစားပွဲ ကျင်းပကြောင်းသတင်းရရှိပါသည်။ သိန်း(၁၅၀၀) ကံထူးရှင်မှာ ကိုဝသန်ဦး မြို့သစ်မြို့မှ `အမေ´ဆိုသောအတိတ်ဖြင့် ထီထိုး၍ (န-၄၃၁၀၃၀)နံပါတ်ဖြင့် ဆွတ်ခူးသွားသည်။ သိန်း(၁၀၀၀) ကံထူးရှင်မှာ ဆရာတော် ဦးသုစိရတ္တ မှ (ဃ- ၈၈၇၄၁၄) နှင့် သိန်း(၅၀၀) ကံထူးရှင်မှာ ဆရာတော် ဦးဝိသုဒ္ဒိစာရ မှ (ဈ- ၇၆၄၀၈၈) တို့ဖြင့် အသီးသီးဆွတ်ခူးရရှိသွား၍ ယနေ့ပွဲအား ခန်းနားထည်ဝါစွာကျင်းပခြင်း၊ သိန်း(၁၅၀၀) ကံထူးရှင်ကြီးအား မကွေးမြို့နှင့် မင်းဘူးမြို့များတွင် အလှပြယာဉ်နှင့် ထီကား မော်တော်ယာဉ် တန်းဖြင့်အတူ ရုပ်ရှင်မင်းသား၊ မင်းသမီးများဖြင့် လှည့်လယ်ကြောင်း သတင်းရရှိပါသည်။ ယခုနှစ်စပိုင်းတွင်လည်း (၁၈၁)ကြိမ်အောင်ဘာလေထီဖွင့်ပွဲမှ သိန်း(၁၅၀၀) ကံထူးရှင် (ရခိုင်ပြည်နယ်) မှ ကံထူးရှင်အမျိုးသမီးအား မကွေးမြို့ မြို့တော်ခမ်းမတွင် ခြိမ့်ခြိမ့်သဲ မြို့တွင်း၌ အလှပြကားများဖြင့် လှည့်လယ်၍ ဂုဏ်ပြုပွဲကြီးများကို ကျင်းပခဲ့ကြောင်းသိရသည်။
မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေထီဆိုင်ကြီးသည် ထိုကဲ့သို့ပွဲများအား ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများတွင် အကြိမ်ကြိမ် ကျင်းပလာခဲ့ကြောင်း ဂျာနယ်သတင်းများတွင် အမျိုးမျိုးဖော်ပြပေး၍ သိရှိခဲ့ရသည်။ ယင်းပွဲများတွင် သတင်းမီဒီယာများအား အထူး အလေးထား၍ ဖိတ်ကြားခဲ့ကြောင်းသိရ၏။ သို့သော်.. ယခုလို နယ်မြို့ကြီးများတွင်ကျင်းပပြုလုပ်သော သိန်း(၁၅၀၀) ဂုဏ်ပြုပွဲများနှင့် ကိုယ်စားလှယ်တော်ကြီးများနေ့ပွဲများတွင် နယ်မှ သတင်းသမားများကို ဖိတ်ကြားဖို့နေနေသာသာ မည်သူကိုမှ အသိမပေးဘဲ (ရန်ကုန်မြို့မှ မိမိခေါ်လိုသော ဂျာနယ်တစ်စောင်သာ) ပါရင်ပြီးရော့ဟု ကျင်းပသွားကြောင်း နယ်သတင်းသမားများမှ မကြေမနပ်စွာဖြင့် ရင်ဖွင့်ပြောဆိုသံများကြားရ၏။
`(၁၈၁)ကြိမ် သိန်း(၁၅၀၀)ကံထူးရှင် ဂုဏ်ပြုပွဲတုန်းကလုပ်ပုံကို ပြောပါအုံးမယ်ဗျာ..။ မိုးယံ မန်နေဂျာများက ကျွန်တော်တို့သတင်းသမားအချို့ကို စားတော်ဆက်တစ်ခုမှာ နံနက်ပိုင်းမှာ ဖိတ်ကြားပါတယ်။ ကျွန်တော်တို့ကို ဧည့်ခံကြွေးမွေးပါတယ်။ ထမင်း(ပုံစား) ၉၀၀ိ တန်ပါ။ လက်ဆောင်ပေးပါတယ်။ တစ်ဦးကို မိုးယံဗလာစာအုပ်(၃)အုပ်နဲ့ (၈၀ိ)တန် ဘောပင်တစ်ချောင်း၊ မိုးယံတီရှပ်( ကလေးဝတ်) တစ်ထည် တို့ကို ပေးပါတယ်။ ပြီးတော့ ဘာပြောလည်းဆိုတော့ ညနေကျင်းပမဲ့ သိန်း(၁၅၀၀) ကံထူးရှင်ပွဲကို မဖိတ်ဖြစ်လို့ ယခုလို ကြိုတင်ပြီးဧည့်ခံတာပါ။ နောက်တစ်ခု အထူး မေတ္တာရပ်ခံချင်တာက အဲဒီပွဲသတင်းကို မကွေးမြို့ပေါ်က သတင်းများ မရေးကြဖို့အတွက် အထူးမေတ္တာရပ်ခံပေး ပါခင်ဗျာ…´။ ဟု ပိန်ပိန်ပါးပါး မိုးယံထီဆိုင် မန်နေဂျာတစ်ဦးကဆိုပါသည်။ (သတင်းမရေးစေချင်သော ဒီလိုပွဲမျိုးအား တစ်ခါမျှ မကြားဘူးကြပါ။) (သတင်းမရေးဖို့ ထမင်းကြွေးသည် ဆိုကြပါသည်။) ဟု မကွေးသတင်းထောက်တစ်ဦးမှ အော်ပြောပါသည်။
(၁၈၃) ကြိမ် အောင်ဘာလေဆု သိန်း(၁၅၀၀) ဂုဏ်ပြုပွဲကြီးတွင်လည်း မကွေးမြို့မှ မည်သည့်သတင်းသမားတစ်ဦးကိုမျှ မဖိတ်ကြား၍ သတင်းထောက်တစ်ဦးက စာရေးသူအားဤ သို့ဆိုပြန်၏။
`မိုးယံရွှေလမင်းတို့ကတော့ ရန်ကုန်က (ဂျာနယ်အသစ်)တစ်ဆောင်ကို ခေါ်လာတယ်လို့သိရတယ်ဗျို့။ ဒီပွဲကို အဲဒီဂျာနယ်အသစ်မှာ (၃)မျက်နှာတောင် နေရာပေးပြီး ဖော်ပြပေးမယ်လို့ ကြားတယ်ဗျ..။ လုပ်ကြပေါ့ဗျာ..။ ရှင်ဘုရင့်ပုဆိုး ပိုးကြီးပါဘဲဗျာ..။ သူတို့ထီဆိုင်ကြီးက အောင်မြင်သွားပြီကိုး။ မိုးယံထီဆိုင်ကြီးပိုင်ရှင်က ရန်ကုန်၊ မန္တလေးက အယ်ဒီတာကြီးတွေကိုသာ အားကိုးကြတာပါ။ ကျုပ်တို့ နယ်က သတင်းသမားလေးတွေကို ဖုတ်လေတဲ့ ငပိ ရှိလေတယ်တောင် မထင်ပါဘူးဗျာ..။ စားချင်လို့ လက်ဆောင်လိုချင်လို့ ပြောတာမဟုတ်ပါဘူး။ လူရာ မသွင်းလို့ ပြောရတာပါဗျာ။ နယ်က ကျွန်တော်တို့သတင်းသမား တွေမှာလည်း လက် တွေ ကိုယ်စီရှိကြပါသည် လို့ ပြောပေးစမ်းပါဆရာရယ်..။´ ဟု စိတ်ထိခိုက်စွာဖြင့် သတင်းသမားတစ်ဦး က ဆိုပါသည်။
ဝိုင်းကြည်အောင်
0 comments:
Post a Comment