
စက်တင်ဘာ(၈)ရက်၊ နံနက်(၈ မှ ၁၀း၃၀)နာရီအချိန်တွင် မကွေးမြို့ ပွဲကြိုရပ်ကွက်၊ အထက(၂)လမ်း ပါရမီသွေး(မကွေး) ရုံးခန်း၌ သွေးကူညီရေးအသင်း၏ (၂)နှစ်ပြည့်အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။

အခမ်းအနားကို သဘာပတိ ဦးမောင်မောင်ကကြိုဆိုနှုတ်ဆက်စကားဖြင့်ဖွင့်လှစ်၍ မြပါရမီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးလင်းက ဂုဏ်ပြုစကားဆိုကြောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းကျင်းပရေးအဖွဲ့(အောင်မြေရတနာကျောင်းတိုက်)မှ ပေးပို့ သော သ၀ဏ်လွှာအား ကိုစည်သူဖြိုး ကဖတ်ကြား၍ ဒေါက်တာမြင့်အောင်(တိုင်းအရေပြားအထူးကုဆရာဝန်ကြီး-ငြိမ်း)နှင့် ဒေါက်တာဖြိုးဝေအောင်(သင်ကြားရေးဆေးရုံ)တို့က သွေးလှူရှင်များ သိကောင်းစရာများကိုပြောဆိုကြောင်း၊ (၅)ကြိမ် အထက်သွေးလှူရှင်များ(၄၁)ဦး၏ကိုယ်စား ဦးထွန်းထွန်းခိုင် က သွေးဒါနပြုရ၍ ၀မ်းမြောက် ပိတိစကား ပြောကြားကြောင်း၊ ပါရမီသွေးအမည်ဖြင့် ရုံးနေရာကို စတင်ဖွင့်လှစ်တည်ထောင်ခဲ့သော ဦးအောင်လွင် (ပါဝါလျှပ်စစ် ပစ္စည်းဆိုင်)က နိဂုံးချုပ် ကျေးဇူးစကားပြောကြားကြောင်း အခမ်းအနားမှူး ဦးထွန်းထွန်းလင်း ကပြောသည်။




အဆိုပါအခမ်းအနားသို့ ပါရမီသွေး(မကွေး) သွေးလှူရှင်အဖွဲ့ဝင်များ ၊ မကွေးမြို့ယဉ်ကျေးလိမ္မာသင်တန်းအဖွဲ့ဝင် များ၊ ဆေးတက္ကသိုလ် နှင့်အခြားတက္ကသိုလ်များအသီးသီးမှ ကျောင်းသား ကျောင်းသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များစုစုပေါင်း(၂၅၀)ခန့်တက်ရောက်ကြောင်း၊ (၅)ကြိမ်အထက် သွေးလှူရှင်ပေါင်း(၄၁)ဦးကို ဂုဏ်ပြုကြောင်း၊ သွေးလှူရှင်အဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်ခန့်ရှိကြောင်း၊ ပါရမီသွေး(မကွေး) ဖွဲ့စည်းပြီး (၂)နှစ်ကာလ အတွင်းမှာ သွေးပုလင်းပေါင်း နှစ်ထောင်ကျော်လှူဒါန်းခဲ့၍ ပြည်သူ့ဆေးရုံးကြီးသို့ သွေးထည့်ရန် ရေခဲသေတ္တာ(၁)လုံး နှင့် သွေးလှည့်စက်(Centifugal Foce)ခု လှူဒါန်းပြီးခဲ့ကြောင်း၊ အသက်(၁၈ မှ ၅၅)နှစ်အတွင်း ကျမ်းမာရေးကောင်းသူအားလုံး သွေးလှူရှင်များကို ဤအသင်းမှ ဖိတ်ခေါ်ပါကြောင်း၊သွေးလိုအပ်သောလူနာများနှင့် သွေးလှူရှင်များကို တိုက်ရိုက် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ သွေးလိုအပ်နေသောလူနာများ၏အခက်အခဲများအား အချိန်မှီကူညီဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ သွေးလိုအပ်လျှင် ပါရမီသွေး(မကွေး)ရုံး ဖုန်း(၀၉-၄၀၁၅၅၇၉၁၅) သို့ဆက်သွယ်နိုင်ပါကြောင်း၊ အခမ်းအနားမှူး ကိုကျော်စွာ က ပြောသည်။
0 comments:
Post a Comment