ဆိုက္ကားများစီတန်း၍ ဒီချုပ်အတွက် မဲဆွယ်စည်းရုံးသူ လူလေးဦးအား အဖွင့်အရေးယူ

Lion Htun and 3 others shared ကိုတိုး ချင်းတွင်း's photo. မှ ကူးယူဖော်ပြသည်.
ကိုတိုး ချင်းတွင်း
=========
သတင်း + ကိုတိုးကြီး
မုံရွာ၊ အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ စွယ်တော်တည်းခိုခန်းရှေ့အနီး၌ အောက်တိုဘာ ၁၀ ရက်မနက် ၈ နာရီအချိန်က ဆိုက္ကားများစီတန်းစီးနင်း၍ ဒီချုပ်အတွက် မဲဆွယ်စည်းရုံးခဲ့သူ လူလေးဦးအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်းက ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က မုံရွာမြို့မရဲစခန်းတွင် ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာစီတန်းခွင့် ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်အရေးယူလိုက်ပြီးဖြစ်ကြောင်း ၎င်းရဲစခန်းမှ သိရသည်။
အဆိုပါ ရဲစခန်း၏ ပထမသတင်းပေးတိုင်တန်းချက် အမှတ် (ပ) ၅၁၈/ ၂၀၁၅ ငြိမ်းချမ်းစွာစုဝေးခွင့် ငြိမ်းချမ်းစွာစီတန်းခွင့် ဥပဒေပုဒ်မ ၁၈ အရ ကိုအောင်နေမျိုး အလွတ်တန်းသတင်းထောက် ၊ ကိုနေသီဟ(ခေါ်) ကိုမှတ်ကြီး၊ မုံရွာမြို့နယ် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ၊ ကိုမျိုးသီဟ မုံရွာခရိုင် ဗကသ ဥက္ကဌ နှင့် ကိုကွန့်ကျော် မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဒု ဥက္ကဌ ဆိုသူ လေးဦးတို့အပေါ် အရေးယူပေးရန် အမှုဖွင့်တိုင်းတန်းထားခြင်းဖြစ်ကြောင်း ရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထိုသို့ အမှုဖွင့်တိုင်တန်းရခြင်းမှာ မုံရွာမြို့နယ် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်သော အစည်းအဝေး မှတ်စဉ် ၂၉/ ၂၀၁၅ ဆုံးဖြတ်ချက် အပိုဒ်(၄) အရ ခွင့်ပြုချက် တောင်းခံရယူခြင်းမရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက် အမှတ် ၁/၂၀၁၄ အား လိုက်နာခြင်း မရှိဘဲ စီတန်းလှည့်ခြင်းကို ဦးဆောင်ပြုလုပ်ခဲ့သည့်အတွက် မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်းက တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်တန်းခံရသူများထံ သီးခြား သတင်းအတည်ပြုချက်များရရှိရန်အတွက် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ဆက်သွယ်၍ မရရှိသေးပေ။
 

0 comments: