ထက်ထက်မိုးဦး သတင်း ဖေါ်ပြသည့် ဂျာနယ်များအား စိစစ်ရေးမှ အရေးယူမည့် သတင်းထွက်ပေါ်




ထက်ထက်မိုးဦး သတင်း ဖေါ်ပြသည့် ဂျာနယ်များအား စိစစ်ရေးမှ အရေးယူမည့် သတင်းထွက်ပေါ်
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၂၂၊ ၂၀၁၀
ထင်ရှားသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် ကြော်ငြာ မင်းသမီး ထက်ထက်မိုးဦးက 7Day ဂျာနယ်မှ မိန်းကလေး သတင်းထောက် တစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်သဖြင့် တရားစွဲသည့် သတင်းကို ယနေ့ထုတ် The Voice သတင်းဂျာနယ် နှင့် First ဂျာနယ်တို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ သတင်းကို ပြည်တွင်းထုတ်ဂျာနယ်များတွင် ဖေါ်ပြရန် စာပေစိစစ်ရေးသို့ တင်ပြခဲ့ကြသော်လည်း မည်သည့် ဂျာနယ်ကိုမျှ စိစစ်ရေးက ဖော်ပြခွင့် မပေးခဲ့ဟု သိရှိရသည်။ အဆိုပါ သတင်းသည် ထက်ထက်မိုးဦး နှင့် ပတ်သက်သည့်အတွက် လူထုအများ စိတ်ဝင်စားသည့် အပြင် ပြည်တွင်း ဂျာနယ်လောကမှ သတင်းထောက်များအားလည်း စော်ကားသည့် အသုံးအနှုန်းဖြစ်၍ ဂျာနယ်များမှ ဖော်ပြလိုကြသော်လည်း စာပေစိစစ်ရေးက တားမြစ်ခဲ့သည်။
ယခုကဲ့သို့ ထက်ထက်မိုးဦးအား တရားစွဲသည့် သတင်း ဖေါ်ပြသည့် ဂျာနယ်နှစ်စောင်ကို တစ်ပတ် နားရမည် ဆိုသည့် သတင်း ထွက်ပေါ် နေသော်လည်း ယနေ့ညနေပိုင်းထိ သက်ဆိုင်ရာ တိုက်ကို တရားဝင်အကြောင်းကြားခြင်း မရှိသေးဟု သိရသည်။
စာပေကင်ပေတိုင်ဟု တင်စားခေါ်ဝေါ်ကြသည့် စာပေစိစစ်ရေးသည် အစိုးရ၏ ပေါ်လစီ၊ နအဖ ခေါင်းဆောင်များ၊ အဖွဲ့ အစည်းများကို ထိခိုက်စေမည့် အရေးအသားများကို တားမြစ်ပိတ်ပင်သည့် ယန္တရား တစ်ခု ဖြစ်ရုံသာမက ယခုလို အနုပညာသည်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပျက်သည့် ကိစ္စရပ်များတွင်လည်း အဖြစ်အပျက်ကို သတင်း စာမျက်နှာပေါ် တက်မလာစေရန် တားမြစ်ခွင့်ရှိသည့် အဖွဲ့အစည်းလည်း ဖြစ်နေသည်။ ထိုသို့သော ကိစ္စများတွင် ငွေကြေး လာဘ်လာဘ ယူပြီးတားမြစ်ပေးခြင်းမျိုး၊ သို့မဟုတ် နအဖ အစိုးရထဲမှ အာဏာရှိသူ တဦးဦး၏ အကူအညီယူပြီး တဦးချင်း အကျိုးစီးပွားကို ကာကွယ်ပေးခြင်းမျိုး ဖြစ်သည်ဟု စာပေ အသိုင်းအ၀ိုင်းက ပြောဆိုကြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက သရုပ်ဆောင် ပြေတီဦး၏ မွေးနေ့ပွဲတွင် သတင်းထောက် အချို့ ၀င်ခွင့်မရခြင်းနှင့် ပတ်သက်ပြီး ပြေတီဦးနှင့် သတင်းထောက်များအကြား အဖုအထစ် ဖြစ်ခဲ့ပြီး ထိုအဖြစ်ကို ရေးသားဖော်ပြခွင့် မရစေရန် ပြေတီဦးက စာပေစိစစ်ရေးကို လာဘ်ပေးပြီး တားမြစ်ခိုင်းခဲ့ကြောင်း ထိုအဖြစ်ကို ကြုံခဲ့ရသည့် သတင်းထောက်များက ပြောဆိုသည်။
ယခုအဖြစ်အပျက်သည် ပြည်တွင်းသတင်းဂျာနယ်များ အနေဖြင့် ကိုယ်ထိလက်ရောက် စော်ကားခံရသော သတင်းထောက်၏ အဖြစ်အပျက်ကို စာဖတ်သူ တင်ပြလိုခြင်းနှင့် ထင်ရှားသည့် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်သည့် ကိစ္စဖြစ်သဖြင့် စာဖတ်ပရိသတ် စိတ်ဝင်စားသည့် သတင်းဖြစ်သောကြောင့် ရေးသား ဖော်ပြလိုကြခြင်း ဖြစ်သည်။
ပြည်တွင်း သတင်းထောက်တဦးက``အခုသတင်းဖေါ်ပြထားတာက သတင်းထောက်အနေနဲ့ တရားစွဲဖို့ လျှောက်ထားတဲ့အကြောင်း အဖြစ်အပျက်ညက အမေးအဖြေတွေကို ရေးသားဖေါ်ပြထားတာပဲ ရှိတယ်။ ထက်ထက်မိုးဦးကို ပုတ်ခတ်ရေးသား ထားတာလည်းမဟုတ်သလို အစိုးရနဲ့လည်း ဘာမှ မသက်ဆိုင်ဘူး။ ဒီလို အဖြစ်အပျက်တွေမှာတောင် စိစစ်ရေးက လိုက်ဝင်စွက်ဖက်နေရင် မြန်မာနိုင်ငံရဲ့ မီဒီယာဟာ ဘယ်တော့မှ စိစစ်ရေး လောင်းရိပ်အောက်က ထွက်ရမှာ မဟုတ်တော့ဘူး။ သူတို့ဖြစ်စေချင်တဲ့ပုံစံ ရေးစေချင်တဲ့ ပုံစံပဲရေးရမယ်။ ပုဂ္ဂလိက မီဒီယာအနေနဲ့ ကိုယ့်ရဲ့ တာဝန်၊ ကျင့်ဝတ်၊ နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ရေးသား လုပ်ဆောင်နိုင်အောင် မဆိုင်တဲ့ ကိစ္စတွေမှာ စိစစ်ရေးက ၀င်မစွက်ဖက်သင့်ဘူးလို့ ထင်ပါတယ်´´ဟုပြောသည်။
မြန်မာနိုင်ငံတွင် မည်သည့်ဂျာနယ် မဂ္ဂဇင်းမဆို ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေးသို့ စာသား၊ ရုပ်ပုံ၊ မည်သည့် စာမျက်နှာတွင် ဖော်ပြမည် ဆိုသည် အထိ တင်ပြကြရပြီး အပတ်စဉ်ထုတ် ဂျာနယ်ဆိုပါက ၂ရက်မှ ၃ရက်၊ လစဉ်ထုတ် မဂ္ဂဇင်းဆိုပါက တစ်ပတ်ဝန်းကျင် ကြာမြင့်လေ့ ရှိပြီး ခွင့်မပြုသည့် ရုပ်ပုံစာသား တို့ကို ပုံမနှိပ်မီ ဖြတ်တောက် ဖယ်ရှားပေးရသည်။
ပုဂ္ဂလိက မီဒီယာများဖြစ်သည့် အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ် ဂျာနယ် မဂ္ဂဇင်း အမျိုးအစား နှစ်ရာကျော် သုံးရာနီးပါး ခွင့်ပြုထားသော်လည်း ထိုသို့စိစစ်ရေး၏ ဖြတ်တောက် ဖယ်ရှားရန် အမိန့်ပေးနေခြင်းကြောင့် သတင်း မလတ်ဆတ်ခြင်း၊ သတင်းဆောင်းပါး၊ ၀တ္တု၊ကဗျာတို့ ပုံပျက်ခြင်း၊ ရည်ရွယ်ချက် လွဲချော်သွားခြင်း အစဉ်ဖြစ်ပေါ်လျက်ရှိသည်ဟု အယ်ဒီတာ၊ သတင်းထောက်နှင့် စာရေးဆရာများက ပြောဆိုကြသည်။
(ဓာတ်ပုံ - ထက်ထက်မိုးဦးသတင်းဖော်ပြထားသည့် - the first Journal စာမျက်နှာ)

မိုးမခ မှကူးယူဖော်ပြပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မေလ(၂၄)ရက်ည(၁၁)နာရီတင်၏
 

0 comments: