
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့ စေတနာဖြူ သာရေး နာရေးကူညီမှုအသင်းသို့ အောက်တိုဘာ(၂)ရက် နေ့တွင် လူပုဂ္ဂိုလ်တစ်ဦး လာရောက်၍ ငွေကြေးလိမ်လည်မှု နှင့် ကားကိုလိမ်ညာ ငှါးရမ်းမှုဖြစ်ကြောင်း သတင်းရရှိပါသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ(၂)ရက်နေ့မှာ ဦးစိုးမောင်ဆိုသူ တစ်ဦးတည်း သရက်မြို့ စေတနာဖြူအသင်းသို့ရောက်လာသည်။ `ကျွန်တော်က နာရေးကူညီမှုအသင်း(ရန်ကုန်မြို့) မော်တော်ယာဉ်မှူး တာဝန်ခံပါ။ အထက်မင်းလှကနေ ရခိုင်သို့ လှူဒါန်းမည့်ပစ္စည်းများဖြစ်ကြတဲ့ မီးစက်(၃)လုံး နဲ့ သီတဂူဆရာတော်ဘုရားကြီးက လှူဒါန်းထားပေးတဲ့ စောင်များကို သွားရောက်ပေးပို့တာဖြစ်ပါတယ်။ ယခု ကျွန်တော့်ကားမှာ ပုသိမ် မုံရွာကားလမ်းအတိုင်း မောင်းလာခဲ့တာပါ။ သရက်လမ်းဆုံအရောက်မှာ ရေတိုင်ကီပေါက်သဖြင့် အကူအညီပေးကြပါ..´။ဟု ပြောဆိုကြောင်း၊ ထို့နောက် စေတနာဖြူအသင်းမှ တာဝန်ရှိသူများနှင့် ဦးစိုးမောင် တွေ့ဆုံပြီး သူ့ကားပေါ်တွင် ပါလာသော ဒီဇယ်တစ်ပေပါကိုလည်း ရောင်းချ၍ ကားပြင်ရမည်ဖြစ်ကြောင်း၊ ဒါကြောင့် စေတနာဖြူ အသင်းမှ ကားလေးအား သရက်မြို့မှ ပုသိမ် မုံရွာ ကားလမ်းဆုံအထိ ပို့ပေးပါရန် ငွေကျပ်တစ်သိန်းပေးပါမည်ဟု ဌါးရန်း၍ အကူအညီတောင်း၏။ ယခုလောလောဆယ် ပစ္စည်းဝယ်ရန်ငွေလိုနေ၍ ငွေငါးသောင်းအား ခေတ္တချေးပါဟု ဆိုပြီး ငွေချေးသည်။
၎င်း စေတနာဖြူအသင်းမှ ကားလေးနှင့် ဦးစိုးမောင်အတူလိုက်လာစဉ် မြို့မှ မထွက်မီ မင်းတုန်းမြို့မှ ရဲစခန်းမှူးအဖွဲ့မှ လမ်းကြုံလိုက်ပါလာ၍ ဦးစိုးမောင်က သရက်ရဲစခန်းသို့ဝင်စရာရှိသည်၊ နောက်ကနေ အမှီ လိုက်လာခဲ့မည်ဆိုပြီး ထွက်ခွာ၍ နေခဲ့သည်။ စေတနာဖြူကားလေးနှင့်အဖွဲ့သည် ပုသိမ် မုံရွာလမ်းမကြီး၏ သရက်လမ်းဆုံသို့ရောက်သောအခါ မည်သည့်ကားမျှ တစ်စုံတစ်ရာ မတွေ့ရတော့ပါ။ ထို့ကြောင့် စေတနာဖြူ သာရေး၊ နာရေးအသင်းမှ ဥက္ကဋ္ဌ ဦးဝင်းအောင် နှင့် ဘဏ္ဍာရေးမှူး ဦးပေါက်စိတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ ဖုန်းဆက်၍ မေးမြန်းစုံစမ်းကြသည်။ ထိုအခါ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ယခုကဲ့သို့ မည်သူ့ကိုမျှ မည်သည့်ကားနှင့်မျှ ပို့ဆောင်တာဝန်ပေးအပ်ထားခြင်း မရှိကြောင်း အကြောင်းပြန်ကြားသည်ဆို၏။ ယင်းကိစ္စအား သရက်မြို့စေတနာဖြူ သာရေး နာရေးအသင်းမှ တရားစွဲဆိုခြင်း မပြုကြောင်း၊ ၎င်း ဦးစိုးမောင် ဆိုသူ အသက်(၆၀)ခန့်၊ ခေါင်းဖြူ၊ ကွမ်းစားပါးစပ် (ဓာတ်ပုံ) လူလိမ် လူညာအား သက်ဆိုင်ရာမှ ဖမ်းဆီနိုင်ရန်နှင့် အခြား နာရေးကူညီမှုအသင်းများကို ယခုကဲ့သို့ အဖြစ်မျိုး မဖြစ်အောင် အသိပေးပြောဆိုခြင်းသာ ဖြစ်ပါကြောင်း ဓာတ်ပုံရှင်အားတွေ့လျှင် သရက်မြို့ စေတနာဖြူ သာရေး နာရေးအသင်း ဖုန်း ၀၉-၄၀၁၆၁၉၁၂ / ၀၉-၅၃၃၀၇၆ များသို့ ဆက်သွယ်ပေးကြပါရန် ဥက္ကဋ္ဌ ဦးဝင်းအောင် မှ မြန်မာပို့စ် ကို ပြောသည်။
(မှတ်ချက်။ ဦးစိုးမောင် ဆိုသူ၏ ဓာတ်ပုံမှာ သူရောက်နေစဉ် ငွေအလှူရှင်တစ်ဦးအား ဓာတ်ပုံရိုက်စဉ် သူပါသော အုပ်စုထဲမှ ပုံအား ဆွဲထုတ်ပြထားခြင်းဖြစ် ပါသည်။)
0 comments:
Post a Comment