`မကွေးခရိုင် ချောက်မြို့နယ်၊ စလေတိုက်နယ် ရှိ ရွာများအား ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းဘားများပြိုကျပြီး ရေဘေးဒုက္ခရောက်နေကြကြောင်း သိရ´

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ စလေတိုက်နယ်၊ လက်ပံကျွန်းရွာအုပ်စု ကျွန်းသစ်အနောက်ရွာနှင့် ဦးယျာဉ်ကျေးရွာအုပ်စု ရေလယ်(မြောက်)ရွာများသည် (၉-၁၀-၂၀၁၂) နေ့ ည(၁၂)နာရီအချိန်မှစတင်၍ ရွာကမ်းဘားများကို ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းဘားများလျှင်မြန်စွာဖြင့် ဒလကြမ်းပြိုကျလာကြောင်း သတင်းရရှိသည်။(၉-၁၀-၂၀၁၂)နေ့၊ ည(၁၂)နာရီမှာ ကျွန်းသစ်အနောက်ရွာတွင် စတင်ကမ်းဘားပြိုကျနေကြောင်း၊ ၎င်းရွာ၌ အိမ်ခြေ(၆၅)အိမ်အား ကမ်းဘားပြိုမကျမီ ဖျက်ဆီး၍ ဘေးလွတ်ရာသို့ရွေ့ပြောင်းပေးရကြောင်း၊ ၎င်းရွာမှ လူဦးရေ(၂၇၉) ဦးခန့် အိုးမဲ့ အိမ်မဲ့ဖြစ်၍ အတိဒုက္ခရောက်နေကြကြောင်း၊ အလားတူ (၁၀-၁၀-၂၀၁၂)နေ့၊ ညနေ(၅)နာရီအချိန်မှာ ရေလယ်(မြောက်)ရွာတွင်လည်း အိမ်ခြေ(၅၃)အိမ် နှင့် လူဦးရေ(၁၀၀)ကျော်ခန့် အိုးမဲ့ အိမ်မဲ့ဖြစ်၍ အတိဒုက္ခရောက် နေကြကြောင်း၊ လူ နှင့်တိရိစ္ဆာန်များ အသေအပျောက်မရှိကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံမှ အချိန်မီ လာရောက်ကူညီ ဖျက်ဆီးပြီး ကမ်းပါးနှင့်ဝေးသော ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့ပေးနိုင်၍ ဧရာဝတီမြစ်ရေတိုက် စားပြီး ကမ်းဘားပြိုကျခြင်းဘေးရန်မှ သီသီကလေးသာ လွှတ်မြောက်ခဲ့ရကြောင်း၊ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းဘားများမှာ ယခုသတင်းရေးနေချိန်အထိ ဆက်လက်၍ ပြိုကျနေကြောင်း၊ စလေမြို့ NLD ပါတီဝင် ဦးကျော်ဝင်း မှ သတင်းပေးပို့ပါသည်။ မဇ္ဈိမ သတင်းဂျာနယ် အတွဲ(၁) အမှတ်(၄)တွင်ဖော်ပြထားပါသည်။
 

0 comments: