``ယောချောင်းရေဘေးသင့်ဒုက္ခသည်စခမ်းများသို့ အလှူရှင်များ ၀င်လာမစဲ..´´







``ယောချောင်းရေဘေးသင့်ဒုက္ခသည်စခမ်းများသို့ အလှူရှင်များ ၀င်လာမစဲ..´´

၇-၁၁-၂၀၁၁ နေ့တွင် ဆိပ်ဖြူမြို့နယ် ယောချောင်းရေဘေးသင့်ဒုက္ခသည်ရွာများသို့ ကုသိုလ်ရှင်သူငယ်ချင်း ကိုချို+မမိုးမိုးကြည်တို့ရဲ့ ထမင်းစတုဒိသာကျွေးမွေး လှူဒါန်းပွဲကြီးကို ရောက်ရှိခဲ့ပါတယ်။ ဆားလောက်(အနောက်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခမ်းသို့ စာရေးသူရောက်ရှိနေစဉ် သက်ဆိုင်ရာဒေသမှ ရဲမှူးကြီးအဖွဲ့ နှင့် တပ်မတော်မှ ဗျူဟာမှူးအဖွဲ့တို့ ရောက်ရှိနေကြောင်းမြင်တွေ့ရပါတယ်။ ကယ်ဆယ်ရေး စခမ်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများမှ ဧည့်ခံကြိုဆို၍ နာယက ကျောင်းထိုင်ဆရာတော် အားဖူးမျှော်ပြီး လိုအပ်သည်များကို တိုင်ပင်ဆွေးနွေး နေကြပါတယ်။ ဆရာတော်မှ ရေဘေးသင့်ဒုက္ခသည်များအတွက် နေစရာအိမ်များကို အမြန်ဆောက်လုပ်ပေးစေလိုကြောင်း မိန့်ကြားပြောဆိုနေသံများအား ကြားသိရပါတယ်။

ဆားလောက်(အနောက်)ကျေးရွာ၊ ကယ်ဆယ်ရေးဘုန်းကြီးကျောင်းဝိုင်းထဲကို မင်းဘူးမြို့ ဗြမ္ဗာစိုနာရေးကူညီမှုအသင်း မှ ကား(၅)စီး၊ ကျောက်ပန်းတောင်းမြို့ ပုပ္ပားတောင်ကလပ် ဂရုဏာရှင်လူမှုရေးအသင်းမှ ကား(၂)စီးတို့နဲ့ လှူဒါန်းရန်ပစ္စည်း များရောက်ရှိလာကြပါတယ်။

မင်းဘူးမြို့ ဗြမ္ဗာစိုနာရေးကူညီမှုအသင်းမှ နာယကဆရာတော် စာရေးဆရာ စိုးဥာဏ(ငဖဲ) နဲ့ ဆရာတော်သုံးပါး ဦးဆောင်ပြီး ကား(၅)စင်းနဲ့လာရောက်ကြပါတယ်။ ကာတွန်းဆရာ အောင်ချမ်းမြေ့(မင်းဘူး)လဲ လိုက်ပါဆောင်ရွက်တာကို တွေ့မြင်ရပါတယ်။ ယခုမှ ပထမအကြိမ် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း စာရေးဆရာ စိုးဥာဏ(ငဖဲ)က ရှင်းလင်းပြောဆိုပါတယ်။ မင်းဘူးမြို့ဗြမ္ဗာစိုနာရေးကူညီမှုအသင်းက ဆန်အိတ်များ၊ အိုးခွက် ပုဂံ အ၀တ်အထည် ပစ္စည်းများ ငွေကျပ် သိန်း(၇၀)ဘိုးခန့် ပါလာကြောင်းသိရပါတယ်။ ရေဘေးသင့်ဒုက္ခသည်များ ရွာ(၃)ရွာကို ကိုယ်ထိလက်ရောက် ပေးကမ်းလှူဒါန်းပါတယ်။ ဆိပ်ဖြူမြို့နယ်၊ဆားလောက်(အနောက်)ရွာ၊ သံပုရာပင်ရွာ နဲ့ ပခုက္ကူမြို့နယ် ပဒဲ့ကျေးရွာများကို ခွဲဝေ လှူဒါန်းပေးခဲ့ကြ ပါတယ်။ ပဒဲ့ရွာမှာ ယောချောင်း၏ တဘက်ကမ်းမှာတည်ရှိပါတယ်။ ဒါကြောင့် လှေနဲ့ လှည်းနဲ့ သယ်ဆောင် လှူဒါန်းပေးရပါတယ်။

ကျောက်ပန်းတောင်းမြို့ ပုပ္ပားတောင်ကလပ် ဂရုဏာရှင်လူမှုရေးအသင်းမှ ကား(၂)စီးနဲ့ သယ်ယူလာတဲ့ လှူဒါန်းစရာများကို ဆားလောက်(အနောက်)ရွာနဲ့ သံပုရာပင်ရွာ (၂)ရွာကို ကိုယ်တိုင်ကိုယ်ကျ ခွဲဝေပေးကမ်းလှူဒါန်းကြ ပါတယ်။ တစ်အိမ်ထောာင်ကို ဆီ(၁)ပိဿာခွဲ ၊ ဆန်က လူတစ်ဦး(၃)ပြီ၊ ဆား(၂)ပိဿာ၊ အချိုမှုန့်(၁၀)ကျပ်သား တို့အား လှူဒါန်းကြပါတယ်။ သူတို့အဖွဲမှာ ယခုအခေါက်ပါဆိုရင် (၂)ခေါက် လာရောက်လှူဒါန်းနိုင်ကြောင်း၊ ယခု ဒုတိယ အကြိမ်လှူဒါန်းတဲ့တန်ဘိုးငွေမှာ သိန်း(၄၀)ခန့်သယ်ယူလာကြောင်း ပုပ္ပားတောင်ကလပ် ဂရုဏာရှင်လူမှုရေးအသင်းမှ ဥက္ကဋ္ဌ ဦးအေးကြိုင်မှ ပြောကြား၍ သတင်းရယူခဲ့ပါတယ်။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: