`မကွေးမြို့နယ် ညောင်ကန်ကျေးရွာတိုက်နယ်အုပ်စု မှ ရထားလမ်းအတွက် ယာမြေအသိမ်းခံရသော တောင်သူများရင်ဖွင့်´

မကွေးမြို့နယ် ညောင်ကန်တိုက်နယ်အုပ်စု ကြာကန်ရွာ သို့ နိုဝင်ဘာ(၁)ရက်နေ့တွင် NLD ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် မဲဆန္ဒရှင်များနှင့် တွေ့ဆုံကြောင်း မြန်မာပို့စ် မှ သတင်းရရှိပါသည်။ ၎င်းတွေ့ဆုံပွဲမှာ မကွေး- နတ်မောက် မီးရထားလမ်းဖောက်လုပ်ရာတွင် အကောင်းဆုံးယာမြေများ ဧကများစွာ အသိမ်းခံခဲ့ရကြောင်းသိရသည်။ ၎င်း ယာမြေအသိမ်းခံရသော တောင်သူကြီးများမှ သတင်းမီဒီယာများအား သူတို့၏ ဆုံးရှုံးသွားသော မြေနေရာများသို့ ခေါ်ယူပြသ ပြောဆိုပါသည်။ မကွေးမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တွေ့ဆုံပွဲတွင်လည်း တောင်သူ (၉)ဦးမှ အဖြစ်မှန်များကို တစ်ဦးချင်း ရင်ဖွင့်ပြောဆိုကြပါသည်။ တောင်သူများ ပြောကြားချက်များမှ ကောက်နုတ် တင်ပြပေးပါသည်။ ``ကျွန်တော်ကတော့ ညောင်ကန်တိုက်နယ် ကြာကန်ရွာသစ်ကျေးရွာမှ တောင်သူ ဦးအောင်မြိုင် ဖြစ်ပါတယ်။ ယခုမြင်နေရတဲ့ မီးရထားလမ်းဖောက်တဲ့အထဲက ယာဧက(၁၅)ဧက ပါသွားခဲ့ပါတယ်။ မနှစ်က စပြီး သိမ်းသွားတာ (၂)နှစ်ကြာပါပြီ။ ဒီယာတွေထဲမှာ မြေပဲနဲ့ နှမ်းတွေစိုက်စားရတာပါ။ ထန်းပင်တွေလည်း ဆုံးရှုံးသွားခဲ့ပါတယ်။ ထန်းပင်တွေကလည်း တစ်နှစ်အတွင်းတော်တော်ဝင်ငွေကောင်းခဲ့ပါတယ်။ ယခုတော့ လုပ်စားစရာမြေတွေ မကျန်တော့လို့ ခိုင်းနွားတွေကို ရောင်းစားနေရပါတယ်။ ကျွန်တော်တို့တောင်သူတွေအတွက် ယခုအထိ ဘာလျှော်ကြေး နှစ်နာကြေးမှ မပေးကြပါဘူး၊ မိသားစုက (၈)ဦးရှိတော့ စားဝတ်နေရေး တော်တော်ကို ကြပ်တည်းနေကြရပါတယ်။ ကျွန်တော့်လိုဘဲ အခြားမြေယာအသိမ်းခံရတဲ့ တောင်သူတွေအများကြီး နစ်နာဆုံးရှုံးမှုဖြစ်နေရပါတယ်ခင်ဗျာ..။´ ဟု တောင်သူ ဦးအောင်မြိုင်မှ မြန်မာပို့စ် သို့ ပြောသည်။ ``ကျွန်တော်ကတော့ ကြာကန်ကျေးရွာအုပ်စု လေးအိမ်ကျေးရွာမှ လက်လုပ်လက်စား ယာကူလီ ကိုကြွားဖြစ်ပါတယ်။ ယခုလို မြေပဲ၊ နှမ်းစိုက်တဲ့ ယာမြေတွေအများအပြားအသိမ်းခံလိုက်ရတော့ တောင်သူကြီးတွေလည်း ခိုင်းနွားတွေကိုတောင် ရောင်းစားနေရပြီလေ။ ဒီလိုဆို ကျွန်တော့်တို့ ယာကူလီတွေလည်း အလုပ်လက်မဲ့ ဖြစ်ပြီး စားရေးသောက်ရေးကို တော်တော်ခက်ခဲနေရပါတယ်ခင်ဗျာ..´´။ ဟု ယာကူလီ ကိုကြွားမှ မြန်မာပို့စ် သို့ ပြောဆိုသွားပါသည်။ ``ကျွန်တော်ကတော့ ညောင်ကန်တိုက်နယ် ပုဂံမျှော်ကျေးရွာက တောင်သူ ဦးအော် ဖြစ်ပါတယ်။ ဒီရထားလမ်းတွေကို ကျွန်တော်တို့ ရွာဘက်တွေမှာလည်း အများကြီးအသိမ်းခံလိုက်ရပါတယ်။ မြေအသိမ်းခံလိုက်ရယုံမကပါဘူး။ ယခု လို သူတို့ စက်ကြီးတွေနဲ့ တူးပြီး စွန့်ပစ်မြေပုံတွေကိုလည်း ကျန်တဲ့ ယာမြေတွေအပေါ် ပုံထားကြပါတယ်။ မီးရထားလမ်းက မနှစ်ကစပြီး ဒီနှစ်ဆိုရင် (၂)နှစ်ရှိနေပါပြီ။ ဘယ်ကမျှ လျှော်ကြေးမပေးကြပါဘူး၊ ရထားလမ်းဖောက်ဖို့ ယာမြေတွေကို သက်ဆိုင်ရာမြေစာရင်းဌာနက လာရောက်မြေတိုင်းတာကြပါတယ်။ အဲဒီတုန်းကလည်း မြေအသိမ်းခံရတဲ့အပြင် မြေယာ တိုင်းတာရေးအတွက်ဆိုပြီး တစ်ဧက (၁၅၀၀)ကျပ်လည်း ပေးလိုက်ရပါသေးတယ်။ ဒါကြောင့် ဆရာတို့ သတင်းမီဒီယာသမားများနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း တို့အနေနဲ့ သက်ဆိုင်ရာကို အမြန်ဆုံး တင်ပြဆောင်ရွက်ပေးစေလိုပါတယ်ခင်ဗျာ..´´ဟု တောင်သူ ဦးအော် မှ မြန်မာပို့စ် သို့ ပြောသည်။ နယ်မြေခံတောင်သူ(၉)ဦးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တွေ့ဆုံပွဲတွင်လည်း အသီးသီးထပ်မံ ရင်ဖွင့်၍ အကူအညီတောင်းခံသွားကြောင်း၊ ယာမြေအသိမ်းခံရသူတောင်သူ(၃၅)ဦးခန့်၏ ယာမြေဧကပေါင်း(၅၀)ခန့် ရှိကြောင်း၊ မြေယာသိမ်းခြင်းနှင့်ပတ်သက်၍ လယ်ယာမြေများနှင့် အခြားမြေများ မတရားသိမ်းဆည်းခံရမှု စစ်ဆေးရေးကော်မရှင်သို့ အမြန်တင်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းမှ ဖြေကြားကြောင်း မြန်မာပို့စ် မှ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

0 comments: