` မကွေးမြို့နယ် ပဌနဂိုရ် MPPE စွမ်းအင်ဝန်ကြီးဌာန မှ နှစ်(၃၀)ကြာသိမ်းဆည်းခဲ့သော ယာမြေများအား မူလပိုင်ရှင် တောင်သူများထံသို့ပြန်လည်ပေးအပ်ပွဲမှာ တောင်သူများမှ ကျန်(၆၃.၁၆)ဧက ကိုထပ်မံတောင်းခံ´

မကွေးတိုင်းဒေသကြီး မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် နှင့် မြေယာကော်မတီအဖွဲ့သည် နိုဝင်ဘာ(၁၆)ရက် နေ့ နံနက်(၁၁ နာရီမှ ၁၂း၃၀)နာရီအချိန်အတွင်း စွမ်းအင်ဝန်ကြီးဌာန၏ ပဌနဂိုရ် ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနှ (MPPE) အစည်းအဝေးခမ်းမမှာ စွမ်းအင်ဝန်ကြီးဌာန၏ မကွေးမြို့နယ်၊ ပဌနဂိုရ် ပင်မရေနံသိုလှောင် ဖြန့်ဖြူးရေးဌာနမှ (၁၉၈၄)ခုနှစ်မှ (၂၀၁၂)ခုနှစ်ထိ နှစ်ပေါင်း(၃၀)ကြာ သိမ်းယူထားခဲ့သော ယာမြေများအား မူလပိုင်ရှင် တောင်သူများ၏ လက်ဝယ်သို့ ပြန်လည်ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း မဇ္ဈိမ မှ သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် ၏ ပြောကြားချက်များမှ ကောက်နုတ်တင်ပြပါသည်။ `ကျွန်တော်တို့နိုင်ငံသည် လက်ရှိအခြေအနေမှာ ပုဂ္ဂိုကကဏ္ဍကိုကူးပြောင်းခဲ့ပြီဖြစ်တဲ့အတွက် စီမံကိန်းမြေဧရိယာ ပိုသော ယာမြေများကို စွမ်းအင်ဝန်ကြီးဌာန စီမံကိန်းက ပြန်ပေးခြင်းဖြစ်ပါတယ်။ အမှန်တစ်ကယ်အသိမ်းအဆည်းခံထားရတဲ့ တောင်သူတွေရဲ့လက်ဝယ်သို့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် စိုက်ပျိုးချိန်မှီအောင်၊ ဆက်စပ်နေတဲ့ တောင်သူအချင်းချင်း အညင်းမပွားဖို့ရယ်၊ ယခုလက်ရှိ မြေယာဥပေဒေနဲ့လည်း ညီညွတ်အောင် ခရိုင်မြေယာကော်မတီက လာရောက်ပြီး ပြန်လည်ခွဲဝေပေးအပ်ခြင်းဖြစ်ပါတယ်။ တောင်သူတစ်ဦးချင်းရဲ့ မြေယာတွေကို စီမံကိန်းလုပ်ငန်းထဲမှာပါသွားတဲ့ ဧက နဲ့ ကျန်ရှိလို့ ပြန်ပေးတဲ့ ယာမြေဧကများကို မြေစာရင်းဌာန ဦးပိုင်စာရင်းအတိုင်းရှင်းလင်းဖတ်ကြားပေးပါ့မယ်။ အဲဒီစာရင်းမှာ ဦးပိုင်အမည်များ ကွဲလွဲခဲ့သည်ရှိသော် တစ်ဦးချင်းမှ ပြန်လည်တင်ပြနိုင်ပါတယ်။ စွမ်းအင်ဝန်ကြီးဌာန မကွေးမြို့နယ်၊ ပဌနဂိုရ် ပင်မရေနံသိုလှောင်ဖြန့်ဖြူးရေးဌာန MPPE မှ ယခင်(၁၉၈၄)ခုနှစ်က သိမ်းဆည်းခဲ့သော(၁၆၇.၂)ဧက ထဲက စက်ရုံ လမ်း အဆောက်အဦးဆောက်လုပ်သုံးစွဲခဲ့တဲ့ မြေယာဧက(၆၃.၁၆)ဧကကို နှတ်ပြီး ကျန်ရှိနေသောမြေယာဧက( ၁၀၄.၀၅) ဧကကို မူလပိုင်ရှင်ပေါက် တောင်သူများကို ပြန်လည်ခွဲဝေ ပေးမှာဖြစ်ပါတယ်။ ယခင် နှစ်ပေါင်း(၃၀)ကြာက သိမ်းယူစဉ်ကလည်း သက်ဆိုင်ရာဌာနမှ လျော်ကြေးပေးပြီး စာချုပ်စာရင်းများအရ မြေစာရင်းမှ ပြန်လည်ဖတ်ကြား တင်ပြခွဲပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းသုံးစွဲခဲ့ပြီးတဲ့ မြေဧက(၆၃.၁၆)ကိုတော့ ကျွန်တော်တို့အနေနဲ့ ပေးပိုင်ခွင့်မရှိပါဘူး..။´´ဟု မကွေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် မှ ပြောသည်။ ၎င်း စွမ်းအင်ဝန်ကြီးဌာနမှ (၁၉၈၃-၈၄)ခုနှစ်မှာ မကွေးမြို့နယ် ကွင်းအမှတ်(၁၇၉၉)နဲ့ (၁၈၀၀-ခ)ရှိယာမြေများ ဖြစ်သော ဘုရားကုန်းကျေးရွာ၊ ပေပင်စမ်းကျေးရွာ၊မြစ်သာစည်ကျေးရွာများမှ တောင်သူ(၄၁)ဦးပိုင်ဆိုင်သော ယာမြေများ (၁၀၄.၀၅)ဧကအား ပြန်လည်ခွဲဝေပေးသွားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။ ထို့နောက် တောင်သူ(၄၁)ဦး၏ မြေယာဧက(၁၀၄.၀၅)ကို မြေစာရင်းဌာနှ လက်ထောက်ဦးစီးမှူး ဦးသန်းတင်မှ တောင်သူတစ်ဦးချင်း၏ အမည် မြေယာဦးပိုင်အမှတ် နဲ့တွဲယဉ်၍ စွမ်းအင်ဝန်ကြီးဌာနမှ အသုံးပြုပြီးဧက နှင့် ကျန်ရှိသောမြေယာဧက များကို ဖတ်ကြားတင်ပြပေးကြောင်းသိရသည်။ ၎င်းနောက် ပြန်လည်လက်ခံရယူမည့် တောင်သူများထဲမှ တောင်သူ(၅)ဦး မှ စီမံကိန်းလုပ်ငန်းများမှာ အသုံးပြုထားသော (၆၃.၁၆)က အမှန်အပြည့်သုံးစွဲထားခြင်း မရှိကြောင်း၊ လက်ရှိ၎င်းကျန်မြေယာ များမှာ MPPE ၀န်ထမ်းများမှ နှစ်စဉ်သီးစားချ၍ လုပ်ကိုင်နေသောမြေများရှိနေကြောင်း၊ အချို့ သုံးစွဲထားသော အဆောက်အဦးများကို ပလပ်မြေနေရာများမှာ ပြောင်းရွှေ့ပေးစေလိုကြောင်း၊ တောင်သူများသည် ယခုသိမ်းဆည်းခံ ထားခဲ့ရသော မြေယာများမှာ (သီးနှံများစိုက်ပျိုးခြင်းမပြုလုပ်ခဲ့ရ၍) တစ်နှစ်လျှင် ငွေကျပ်သိန်းပေါင်း (၂၀၀၀)ကျော် ခန့် တောင်သူများအတွက် နှစ်စဉ်ဆုံးရှုံး နစ်နာခံခဲ့ရ၍ နှစ်ပေါင်း(၃၀)နှင့် ပြန်တွက်လျှင် တောင်သူများနှင့် နိုင်ငံတော်အတွက် ဆုံးရှုံးမှုတန်ဘိုးများမှာ သိန်းပေါင်းမြောက်များစွာဖြင့် ဆုံးရှုံးအနစ်နာခံခဲ့ရပါ၍ ယခုပေးအပ်ပွဲမှာ ပြန်လည်၍ မရရှိသေးကြသော တောင်သူများနှင့်အတူ ညီတူညီမျှ ပြန်လည်ရရှိကြအောင် ကျန်(၆၃.၁၆)ဧကအား ပြန်လည် ခွဲဝေပေးစေလိုပါကြောင်း၊ ယင်းကိစ္စကို တက်ရောက်လာသူတောင်သူများမှ စုပေါင်းလက်မှတ်ရေးထိုး၍ တောင်းခံသောစာကို စွမ်းအင်ဝန်ကြီးဌာနသို့ လိပ်မှု၍ မိတ္တူအား ခရိုင်အုပ်ချုပ်ရေးမှူးထံစာတင်ခဲ့ကြောင်း၊ မဇ္ဈိမ မှ သတင်းရရှိခဲ့ပါသည်။ ၀ိုင်းအောင်
 

0 comments: