သတင်းစာပညာ စပ်မိစပ်ရာ အလုပ်သင်ဆင်းနေတဲ့ သတင်းသင်တန်းသားတစ်ယောက်က မေးလာတာနဲ့ စပ်လျဉ်းပြီး ဒီအကြောင်းပြောဖို့လိုတယ်လို့ စိတ်ကူးမိလို့ပါ။

သတင်းစာပညာ စပ်မိစပ်ရာ
အလုပ်သင်ဆင်းနေတဲ့ သတင်းသင်တန်းသားတစ်ယောက်က မေးလာတာနဲ့ စပ်လျဉ်းပြီး ဒီအကြောင်းပြောဖို့လိုတယ်လို့ စိတ်ကူးမိလို့ပါ။
(၁) ဂျာနယ်ဆိုတဲ့ အသုံးအနှုံးကို အရင်ကြည့်ရအောင်။ ဂျာနယ်ဆိုတာ
- Academic အသိုင်းအ၀ိုင်းအတွက် ရည်စူးထုတ်တဲ့စာစောင် (ဆေးဘက်ဆိုင်ရာ၊ သိပ္ပံပညာရပ်ဆိုင်ရာ စသဖြင့်)
- လုပ်ငန်းကိုင်ငန်းတွေမှာ ငွေကြေးမှတ်တမ်း
- စာပေမဂ္ဂဇင်း
- သတင်းစာ
- ပုဂ္ဂိုလ်ရေးမှတ်တမ်း
- လုပ်ငန်းမှတ်တမ်း (ဥပမာ- ဆောက်လုပ်ရေးအင်ဂျင်နီယာတွေ လုပ်ငန်းခွင်ရုံးမှာ လုပ်ငန်းဖြစ်ထွန်းတိုးတက်မှု မှတ်တမ်းတင်ရတဲ့ log book ကိုလည်း ဂျာနယ်လို့ ခေါ်လို့ရတယ်။)
(၂) သတင်းစာ၊ ဂျာနယ်တွေမှာ ကဏ္ဍခွဲတဲ့ကိစ္စ
ပြောရရင် တွေ့မြင်နေရတဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ ကဏ္ဍခွဲတာမှာ အတော်များများ ရောထွေးနေတယ်။ တကယ်တန်းမှာ ရှင်းရှင်းလေး။ သတင်းနဲ့ အတွေးအမြင်ပဲ။
သတင်းမှာဆိုရင် Hard News ခေါ် သတင်းထူး၊ သတင်းဦး၊ လတ်တလောဖြစ်ရပ်သတင်းနဲ့ ရသစွက်ထားတဲ့သတင်း ရသသရုပ်ဖော်သတင်း Feature ပဲ။
အတွေးအမြင်နှင့် ခွဲခြမ်းစိတ်ဖြာခြင်း Opinion & Analysis ကဏ္ဍအောက်မှာ Editorial အယ်ဒီတာ့အာဘော်၊ ကာတွန်း၊ ပေးစာ၊ ကော်လံ၊ Op-eds သူ့အတွေးသူ့အမြင်၊ Review ရီဗျူး စသဖြင့် ပါမယ်။ ဒီအပိုင်းက သတင်းမဟုတ်ဘူး။
မြန်မာလိုမှာက သတင်းဆောင်းပါးဆိုတဲ့အသုံးအနှုံးသုံးတော့ ဆောင်းပါးကလည်း ဆောင်းပါးဖြစ်ပြီး သတင်းဆောင်းပါးဆိုတာက သတင်းအရှည် သို့မဟုတ် နှိုက်နှိုက်ချွတ်ချွတ် ရေဆုံးမြေဆုံးတူးဆွထားတဲ့ in-depth တွေလိုလို၊ Feature လိုလိုနဲ့ ရောထွေးမှုတွေ ဖြစ်လေ့ရှိတယ်။ ကျွန်တော့်သဘောအရ သတင်းနဲ့ ဆောင်းပါးကို တွဲမသုံးစေချင်ဘူး။ ဆောင်းပါးကို Opnion & Analysis ကဏ္ဍနဲ့ပဲ သီးသန့်ထားစေချင်တယ်။ ဒီလိုပြောရတာလည်း ကိုယ်ပိုင်အယူအဆတစ်ခုရှိလို့ပါ။ ဆောင်းပါးဆိုတဲ့စကားလုံးက ဆောင်းပါးရိပ်ခြေ (စောင်းပါးရိပ်ခြည်- ဖြည့်စွက်)ကနေ ဆင်းလာတယ်လို့ ယူဆလို့ပါ။ မြန်မာစွယ်စုံကျမ်းမှာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလည်းဆိုတာတော့ မကြည့်ဖြစ်သေးပါ။ သဘောတရားကွာတယ်ဆိုရင် ပြောစေချင်ပါတယ်။
ဒီနေရာမယ် စပ်မိလို့ ပြောရရင် In-depth တို့၊ Investigative တို့ဆိုတာက သတင်းကို အချိန်ပေးပြီး ရေဆုံးမြေဆုံးလိုက်ထားလို့ မီးမောင်းထိုးပြတာပဲဖြစ်တယ်။ ဒါတွေဟာ သတင်းပါပဲ။
(၃) Interview အင်တာဗျူး
ဂျာနယ်လစ်တွေပြောတဲ့ အင်တာဗျူးဆိုတာကတော့ အချက်အလက်တွေကိုမေးတာလည်းရှိတယ်။ အတွေးအမြင်နဲ့ ခွဲခြမ်းစိတ်ဖြာခြင်း Opinion & Analysis တို့ကိုမေးတာလည်းပါတယ်။ အများစုက ရောထွေးနေတတ်တယ်။
(၃) ပိုရှုတ်ထွေးသွားစေတဲ့ အရေးအသားတွေ
ဒီလိုစကားလုံးဆိုင်ရာ ပြဿနာရှိနေချိန်မှာပဲ သတင်းဆိုပြီး သတင်းဇာတ်ကောင်တွေရဲ့ အာဘော်တွေလွန်ကဲနေတဲ့ (၀ါ) မမျှတတာ၊ ဘက်လိုက်တာတွေအပြင် သတင်းရေးသူ အာဘော်တွေပါတဲ့ ဟာတွေကြောင့်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ကုန်ပါတယ်။ အဲဒါကတော့ သတင်းရေးသူကိုယ်တိုင်နဲ့ အယ်ဒီတာတွေက ဘယ်ဟာက အချက်အလက်လဲ၊ ဘယ်ဟာက အထင်အမြင်လည်းဆိုတာကို ခွဲထုတ်တတ်ဖို့လိုပါတယ်။ ဇကာတိုက်ထားတတ်ဖို့လိုပါတယ်။
 

0 comments: