ဒုက္ခကို အရောင်ဆိုးရခြင်းအကြာင်းတရားများ

ဒုက္ခကို အရောင်ဆိုးရခြင်းအကြောင်းတရားများ
ရွှေလမ်းငွေလမ်းဝင်းကြည်

ဘ၀ဆိုတာ ဒုက္ခသစ္စာပါလို့ ဘုရားအဆူဆူဟောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တတွေဟာ မနက်ဖြန်ကောင်းနိုးနိုးနဲ့ အကြောင်း၊အကျိုးကို မဆင်ချင်မိကြပဲ အချိန်တွေသာကုန်လွန်ခဲ့ကြရပါတယ်။ အရွယ်သုံးပါးမှာ တတိယအရွယ်ကို ရောက်လာ ခဲ့ကြပြီ။ ဒါပေမဲ့ ယနေ့အထိ ဘာတရားမှ မဆင်ချင်နိုင်သေးပါ။ (ကိစ္စများမြောင် လူတို့ ဘောင်ဝယ်..)လို့ ဆရာတော်ကြီးများ ဟောကြပေတာကို။
ကြိုတင်၍၀န်ခံတောင်းပန်ထားပါရစေ။ ယခုစာရေးသူနှင့် တရားဆွေးနွေးသူတို့မှာ ပုထုဇဉ် များသာဖြစ်ကြပါတယ်။ ပုထုဇဉ် ဆိုတာရှာရှည်တယ်။ ဖြစ်ကြောရှည်ပါတယ်။ ဘုရားဟောပါ။ စာရေးသူတို့ နားလည်သလောက်ကို ရေးသားဆွေးနွေးခြင်းပါ။ လိုအပ်တာ အမှားပါတာများ ရှိခဲ့ရင် ခွင့်လွတ်ကြပါဗျာ..။
မိတ်ဆွေ။ ။ စာရေးဆရာ ကျွန်တော်တို့တတွေ ငယ်စဉ်ကအစ ယခု အသက်အရွယ် အထိ ကိုယ့်ကိုယ်ကိုရော သူတစ်ပါးတွေရော သတ္တ၀ါအားလုံးအပေါ်ကို အန္တရာယ်ကင်း ဘေးရှင်းကြဖို့ ကျန်းမာ ချမ်းသာစွာနဲ့ ဘေးဒုက္ခအပေါင်း ကင်းဝေးကြစေဖို့ မေတ္တာပို့ ဆုတောင်းလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီမေတ္တာတွေက မတားဆီးနိုင်ကြဘူးလား ၊ သတ္တ၀ါတွေမှာ ဘေးဒုက္ခ ခံစားနေကြရတယ်။ ဒီလို ဒုက္ခတွေ ဘာကြောင့် ဖြစ်ပေါ်ခံစားနေကြရပါသလဲ။
စာရေးသူ။ ။ မိတ်ဆွေ၊ကိုရင်မောင်၊ ဒီအကြောင်းတွေကို ကျွန်တော် သိသမျှ ၊ ဖတ်ဖူးသမျှ ကြားဖူးသမျှတွေကို ဥာဏ်မီသလောက်တော့ စုံစုံလင်လင် ရှင်းလင်းပြပါ့မယ်၊ ဘုရားဟောထားတဲ့ (သက္ကပညာသုတံမှာရေးထားပါတယ်။)မိုးကုတ်ဆရာတော်ဘုရားကြီး ကလည်းထပ်မံ ရှင်းလင်းအောင် ဟောကြားထားပါတယ်။ အဲဒီ တရားတွေထဲက မှတ်မိသမျှ ကျေးဇူးပြုပြီး ပြောကြားပေးပါ့မယ်။
ကျွန်တော်တို့ ရှင်တော်ဂေါတမ၊ ဗုဒ္မရှင်တော်မြတ်ဘုရားပွင့်တော်မူလာတဲ့ အချိန်အခါမှာ သိကြားမင်းက မြတ်စွာဘုရားကို လျှောက်ထားမေးမြန်းတော်မူခဲ့တယ်။ အဲဒီအကြောင်းကို ပြောမယ်။
မိတ်ဆွေ။ ။ နေပါအုံး၊ စာရေးဆရာ။ ဗုဒ္မ မြတ်စွာ ဘုရားပွင့်တော်မူလာခဲ့စဉ်က သိကြားမင်းက လျှောက်ထားတယ်ဆိုတော့ ဒီသိကြားမင်းဟာ ဘုရားမပွင့်မီကတည်းက ရှိနေတဲ့ သိကြားမင်းပေါ့နော်။
စာရေးသူ။ ။ သိပ့်မှန်တာပေါ၊ ဘုရားမပွင့်မီ ကာလ သာသနာပ အချိန်မှာ သိကြားမင်းဖြစ်နေတာ၊ သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ သတ္တ၀ါတွေကို (ဘေးဒုက္ခတွေ ဖြစ်ပေါ်စေတဲ့မူလ လက်သည် အကြောင်းတရား) သံသယ မေးခွန်းတွေကို မေးချင်နေတယ်။ သာသနာပ အချိန်အခါက ဒိဌိဆရာကြီးတွေကို မေးတယ်၊ တန်ခိုးကြီးတဲ့ နတ်မင်းတွေကို မေးတယ်။ မိုးပျံ မြေလျှိုးတဲ့ ဈာန်ရ ရသေ့ ပုဂ္ဂိုလ်တွေကို မေးတယ်။ မည်သူကမ မှန်ကန်တဲ့ အဖြေကို မပေးနိုင်ကြပါဘူး၊ ဘာကြောင့် အဖြေ မပေးနိုင်ကြသလဲ ဆိုရင် သာသနာပ အချိန်အခါကြီး ဖြစ်နေလို့ပဲ၊ သာသာနပ အချိန်အခါဆိုတာ ဘယ်လောက်အထိ ကြောက်စရာ ကောင်းသလဲ။ သာသနာ ဆိုတာ ဗုဒ္မရဲ့ အဆုံးအမတွေနဲ့ အလုပ်လုပ်နေတဲ့ အချိန်ဟာ သာသနာ တည်နေတာပဲ။ သေတဲ့ အချိန် ဗုဒ္မအဆုံးမတွေကို အလုပ်မလုပ်နိုင်တဲ့ အချိန်တွေမှာ သာသနာ မတည်ဘူးတဲ့။ သာသနာ မရှိဘူး။ အဓိကတော့ အလုပ်လုပ်နေတဲ့ အချိန်တိုင်းဟာ သာသနာ တည်နေသာပဲ။ တို့ကွာ သာသနာတွေ အများကြီး ကျန်သေးတယ်ဆိုတာက ကိုယ့်အတွက် ပြောတာ မဟုတ်ဘူး၊ နှစ်တွေကို ရေတွက်ပြီး ပြောနေခြင်းသာ ဖြစ်ပါတယ်။ ကိုယ့်အတွက် ကိုယ်သာ ပြောကြစမ်းပါ။ ကိုယ်နဲ့ ဆိုင်တာကို အသုံးချကြစမ်းပါလို့ သတိပေးပါရစေနော်။ ကိုင်းကိုင်း သိကြားမင်းက လျှောက်တော်မူလို့ သိကြားမင်း သောတာပန် တည်သွားတဲ့ မေးခွန်းကို နားထောင်ကြည့်ရအောင်။
သိကြားမင်း။ ။ အရှင်ဘုရား၊ လူတွေ ၊ နတ်တွေ ဗြဟ္မာတွေဟာ ကိုယ့်ကိုယ်ကို မေတ္တာပို့ကြပါတယ်။ နေ့တိုင်း ညတိုင်းလည်း ကျန်းမာရေး၊ ချမ်းသာရေးကို အလိုရှိစွာ ဆုမွန်ကောင်းများ တောင်းကြပါတယ်။ စားမှု သောက်မှု၊ နေမှု ထိုင်မှုတွေလည်း သင့်တော်တာတွေ စားသောက် နေထိုင်ကြပါတယ်။ ကျန်းမာရေးတွေကိုလည်း အထူးဂရုစိုက် နေထိုင်ကြပါလျှက်နဲ့ ဟိုရောဂါဖြစ်၊ ဒီရောဂါဖြစ်၊ အန္တရာယ်မကင်း၊ ဘေးမရှင်းကြဘဲ ဒုက္ခတွေ ပင်လယ်ဝေပြီး ဒုက္ခ မျိုးစုံတွေ ဖြစ်နေကြရတာ အဘယ်သို့ ကြောင့်ပါလဲ အရှင်ဘုရား။
ဘုရားရှင်၊ ။ “က္ကုသာ” ဆိုတဲ့ မနာလို ညူစူစောင်းမြောင်းခြင်း စိတ်ဓါတ်ရယ်၊“ မစ္ဆိရ ” ဆိုတဲ့ ၀န်တို နှမြောတတ်ခြင်းဆိုတဲ့ စိတ်ဓါတ်ရယ်။ ဒီနှစ်မျိုး ကို သတ္တ၀ါတွေရဲ့ စိတ်ထဲမှာ ရှိနေကြလို့သာ ရောဂါတွေ ၊ ဘေးဒုက္ခတွေ ဖြစ်နေကြရတယ်။
သိကြားမင်း။ ။ မှန်လှပါဘုရား၊ “က္ကုသာ”၊ “မစ္ဆိရ” ဆိုတဲ့ ဒီစိတ်နှစ်မျိုးဟာ ဘယ်သို့သော အကြောင်းတရားတွေ ကြောင့် ဖြစ်လာရပါလည်း အရှင်ဘုရား။
ဘုရားရှင်။ ။ ချစ်ခြင်းဆိုတဲ့ လောဘ၊ မုန်းခြင်းဆိုတဲ့ ဒေါသ တွေကို အခြေခံပြီး ဖြစ်လာတာပဲ အသင်သိကြား၊ ဥပမာ မိမိသားသမီးကို ဆုံးမ၍ မရတာနဲ့ သူတစ်ပါး၏ သားသမီးကို မုန်းလိုက်ကြသေးတယ်။ မိမိ သားသမီးကြတော့ ချစ်၍ အပြစ်မမြင်ကြဘဲ အပေါင်းအသင်းမှားယွင်းသွားလို့ပါလို့ ဖုံးကွယ်ပြီး သူတစ်ပါး သားသမီးကို ဒေါသနဲ့ မုန်းလိုက်တယ်။ ဒီကောင် သေတာ ကောင်းပါတယ်လို့ စိတ်ဆိုး၊ စိတ်ယုတ်တွေ ထွက်ပေါ်လာတော့တာပဲ၊ ချစ်ခြင်းကြောင့် မိမိ သားသမီးကို ပျက်စီးစေမယ့် နှမြောဝန်တိုတဲ့ “မစ္ဆိရ”စိတ်၊ မုန်းခြင်းကြောင့် တစ်ဖက်လူကို မနာလို ညူစူ စောင်းမြောင်းတဲ့။“က္ကုသ”စိတ်၊ ဒီစိတ်ယုတ်မာ နှစ်ခု ဖြစ်ပေါ်လာကြတယ်။
သိကြားမင်း။ ။ ဒီချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ အကြောင်းတရားကို ဘယ်က ဖြစ်လာပါသလဲ အရှင်ဘုရား။
ဘုရားရှင်။ ။ အသင်သိကြား၊ ချစ်ခြင်း၊ မုန်းခြင်း ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းခံမှာ ဆန္ဒက ဖြစ်ပေါ်လာပါတယ်၊ချစ်စရာ ၊ မုန်းစရာတွေကို ရွေးပေးတာဟာ ဆန္ဒပဲ။ ချစ်ဖို့၊ မုန်းဖို့ မဖြစ်ခင်၊ ဆန္ဒက ကြိုတင် စီစဉ် နေရာ ချထားပေးတယ်။ ဥပမာ။ ဘယ်သူ့ကိုတော့ ချိုချိုသာသာ ချစ်ခင်စွာ ဆက်ဆံရမယ်၊ ဒီလူ ကိုတော့ ခက်ထန်ထန် တစ်ခါတည်း မုန်းအောင် ပြောပြစ်မယ်ဆိုတဲ့ စိတ်က ကြိုတင်ဗိုလ်လုပ်ပြီး ဖြစ်ပေါ်နေတာဟာ ဒီဆန္ဒပဲ ဖြစ်တယ်။
သိကြားမင်း။ ။ မှန်လှပါဘုရား ဆန္ဒ ဖြစ်ပေါ်စေတဲ့ အကြောင်းတရား ဘယ်က လာပါသလဲ ဘုရား။
ဘုရားရှင်။ ။ အသင်သိကြား၊ “၀ိတက်” ဆိုတဲ့ အကြောင်းတရားက လာပေတယ်။ “၀ိတက်” ဆိုတာ (၁) ကာမ၀ိတက်၊ (၂) ဗျာပါဒ ၀ိတက်၊ (၃) ၀ိဟိံသ၀ိတက် တို့ ဖြစ်ပေတယ်။
(၁) ကာမ၀ိတက် = ကြိုတင်စီစဉ် တွေးတွေ ကြံစည်သော စိတ်
(၂) ဗျာပါဒ၀ိတက် = လက်တွေ့ တွေ့ဆုံပြီး လိုအပ်သလို ပြောဆို ဆက်ဆံတတ်သောစိတ်
(၃) ၀ိဟိံသ၀ိတက် = လက်တွေ့ သုံးနေသော်လည်း စိတ်ထဲက မကျေမနပ် ဖြစ်ပေါ်နေသော စိတ်တို့ ဖြစ်ကြပေတယ်။
သိကြားမင်း။ ။ မှန်လှပါဘုရား ဒီ “၀ိတက်” (၃)ပါးကို ဖြစ်ပေါ်စေတဲ့ အကြောင်း တရား လက်သည်ဟာ မည်သူ ဖြစ်ပါသနည်း အရှင်ဘုရား။
ဘုရားရှင်။ ။ အသင်သိကြား၊ ၀ိတက်ဖြစ်စေတဲ့ အကြောင်းတရား လက်သည်ကတော့ “ပပဉ္စ” တရားကြောင့်ပဲ ဖြစ်တယ်။ “ပပဉ္စ” ဆိုတာ “ တဏှာ၊ မာန၊ ဒိဌိ” တို့ကို ဆိုလိုတယ်။ “ပပဉ္စ တရား” ဆိုတာ သံသရာကို ချဲ့ထွင်ခြင်းတွေပဲ၊ သံသရာကို ချဲ့တတ်စေသောအကြောင်းတရားတွေကို ပေါင်းစုလို့ ခေါ်ရရင်တော့ “သဠယတန” လို့ခေါ်တယ်။
“သဠယတန” ဆိုတာ (၁) မျက်စိ (၂) နား ၊ (၃) နှာခေါင်း၊ (၄) လျှာ၊ (၅) ကိုယ် (၆) စိတ်၊ ဆိုတဲ့ ဒွာဒ (၆)မျိုးနဲ့ အာရုံများကို ဖြစ်ပေါ်စေတဲ့ (၁) အဆင်း၊(၂) အသံ (၃) အနံ့၊ (၄) အရသာ၊ (၅) ထိတွေ့မှု ဖဿ၊ (၆) ကျန်တွေးစရာများ ။ ဒီ (၆)မျိုး ကို အကြောင်း တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာတဲ့ အကျိုးတရားများ ဖြစ်ကြတယ်။ (၁) မြင်စိတ်၊ (၂) ကြားစိတ်၊ (၃) နံစိတ်၊ (၄) စားစိတ်၊ (၅) ယားနာ ကောင်းစိတ် (၆) တွေးတော ကြံစည်စိတ် ဖြစ်ပေါ်လာတယ်။ ဒီစိတ်တွေ ဖြစ်ပေါ်လာတာကို “ ပပဉ္စ” တရားလို့ ခေါ်တယ်။
သံသရာကို ရှည်အောင် တဏှာ၊မာန၊ ဒိဌိတွေ ထပ်ဖြစ်ပေါ်လာခြင်းကြောင့် “ပပဉ္စ” လို့ ခေါ်တယ်။ ဒီ“ပပဉ္စ” တရားတွေကြောင့် “ ၀ိတက်” တွေ ဖြစ်တယ်၊ “၀ိတက်” တွေ ကြောင့် ဆန္ဒတွေဖြစ်တယ်၊ အဲဒီ ဆန္ဒတွေကြောင့် ချစ်ခြင်း၊ မုန်းခြင်းတွေ ဖြစ်တယ်။ ချစ်ခြင်း ၊ မုန်းခြင်း တွေကြောင့် က္ကုသ၊ မစ္ဆိရ ဆိုတဲ့ မနာလို ၀န်တိုမှုတွေ ဖြစ်ကြရမယ်။ ဒီ“က္ကုသ”၊ “ မစ္ဆိရ” ကြောင့် လူတွေ ၊ နတ်တွေ ၊ ဗြဟ္မာတွေ၊ သတ္တ၀ါတွေကို အန္တရာယ်မကင်း၊ ဘေးမရှင်းကြဘဲ ရောဂါ ဆန်းတွေ တဝေေ၀နဲ့ ဒုက္ခတွေ ပင်လယ်ဝေမတတ် ခံစားနေကြရတယ်။ အသင်သိကြားမင်း၊ ဒီတရားတွေဟာ တစ်ခု ဖြစ်ပြီးမှ တစ်ခု ပျက်သွားတာပဲလို့ စိတ်ထဲမှာ ဖြစ်ပျက်ရှုနေနိုင်မှသာ အန္တရာယ်ကင်း ဘေးရှင်း၍ ဒုက္ခတွေချုပ်ပျောက်လို့ နိဗ္မာန်ကို မျက်မှောက်ပြုနိုင်လိမ့်မည် အသင်သိကြားမင်း။

သိကြားမင်း။ ။ သာဓု၊ သာဓု၊ သာဓု

စာရေးသူ။ ။ ကဲ ၊ မိတ်ဆွေ ကိုရင်မောင်ရေ ဒုက္ခတွေ ပင်လယ်ဝေအောင် အရောင်ဆိုးပေးကြတဲ့ တရားတွေကို မြင်ပြီ မို့လား၊ ဘုရားရှင် ဟောကြားခဲ့တဲ့ သာသနာ အဆုံးအမနဲ့ အညီ နီးစပ်ရာ ၀ိပဿနာ တရားစခန်းများဆီသို့ သွားကြပါစို့၊ ကျွန်တော်တို့အားလုံးအနာသိလျှင် ဆေးရှိရမည် မဟုတ်ပါလား။

ရွှေလမ်းငွေလမ်း ၀င်းကြည်
(11-7-97)နေ့ ရေးသားသည်။
ဓမ္မပဒေသာ ဘာသာရေးမဂ္ဂဇင်း တွင်ဖေါ်ပြပြီး။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ဒုက္ခကို အရောင်ဆိုးရခြင်းအကြာင်းတရားများ ini dipublish oleh shwelannwelanwinkyi pada hari Friday, May 15, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ဒုက္ခကို အရောင်ဆိုးရခြင်းအကြာင်းတရားများ
 

0 comments: