ကိုင်ချင်အုံးဟဲ့ “ဟန်းဖုန်း“

ကိုင်ချင်အုံးဟဲ့ -ဟန်းဖုန်း ။
ရွှေလမ်းငွေလမ်းဝင်းကြည်

ကိုသာဦးဟာ တောသားတစ်ဦးပါ။ မြို့နဲ့(၂)မိုင်ကွာရွာမှာနေပါတယ်။လုပ်ငန်းကတော့ နွားကျောင်းသား။ခေတ်သစ်နွားမွေးမြူရေးသမားပေါ့။ သူ့နွားခြံမှာ နို့စားနွားမ(၁၀)ကောင်၊ အသားစားနွားအကောင်(၂၀)ရှိပါတယ်။ သူ့ရဲ့ ပညာအရည်အချင်းက (၁၀)တန်း ငါးနှစ်ကျပါ။ တောသားဆိုပေမယ့် အထင်မသေးလိုက်ပါနဲ့။ ယခုခေတ်ဂျာနယ်စုံတွေကို နွားကျောင်းရင်း အမြဲဖတ်တယ်။ ဇနီးမြို့ကိုသွားတိုင်း ဂျာနယ်တွေ အ၀ယ်ခိုင်းတယ်။ ဂျာနယ် သတင်းတစ်ပုဒ်မှာ နိုင်ငံခြားက တောင်သူ လယ်သမား၊ နွားကျောင်းသား၊ သူတောင်းစားတွေတောင် ဟန်းဖုန်းတွေ ကိုင်နိုင်တဲ့ သတင်းကို ကိုသာဦး သိပ့်သဘောကျနေတယ်။ ဟန်းဖုန်းက မြို့နဲ့ (၃)မိုင် ပတ်လည်အတွင်းမှာ စကားပြောလို့ရတယ် ဆိုတော့ သူလိုချင်နေပြီ။ ရွာထဲက ရွာသူကြီးသား ဆေးကျောင်းသားကလည်း ရွာပြန်လာတိုင်း (ဟန်းဖုန်း) တကိုင်ကိုင်နဲ့၊ မြို့ပေါ်က ပဲဝယ်၊ နှမ်းဝယ်လာကြတဲ့ ပွဲစားတွေကလည်း (ဟဲလို--ဟဲလို)နဲ့ လူထူထူရှိတိုင်း (ဟန်းဖုန်း) တကိုင်ကိုင် ဖြစ်နေကြတာကိုလည်း သူအားကျနေမိပါတယ်။ (အုန်းခင်ရယ် မလေးရှားက ငါ့ညီ သာထူးက နင့်ဆီ ငွေမှန်မှန်ပို့အောင် ဆက်သွယ်ဖို့ ဟန်းဖုန်းလေး ၀ယ်ပေးစမ်းပါ မိန်းမရယ်--နော်-နော်)။ သူ့ရဲ့ ဇနီး နာမည်က မအုန်းခင်။ ဂေါင်းရွက်ဗျက်ထိုးဈေးသည်၊ နေ့ပြန်တိုးပေးပြီး ငွေချေးပါတယ်။ သားသမီး မထွန်းကားတာ အိမ်ထောင်သက်(၆)နှစ်တောင် ကြာခဲ့ပါပြီ။ နံနက်ပိုင်းမှာ မယားက မြို့တက် နွားနို့ပို့၊ အပြန် ဈေးဗန်းခံတောင်း အပြည့်နဲ့ဈေးဝယ်လာပါတယ်။ နေ့လည်ခင်းမှာ ရွာထဲ ဈေးလည်ရောင်းတယ်။ တောရွာမှာ သီးနှံပေါ်ပေး၊ ပဲပေး၊ နှမ်းပေးနဲ့ ကြိုတင်ဝယ်ပြီး ငွေချေးတယ်။ မြို့ပေါ်မှာ လက်လုပ်လက်စားဈေးသည်တွေကို နေ့ပြန်တိုးနဲ့ ငွေချေးတယ်။ မအုံးခင်က အာကြမ်း၊ လျှာကြမ်း ဆိုတော့ ချေးထားတဲ့ ငွေတွေ မပေးဘဲ နေရဲတဲ့သူ တစ်ယောက်မှ မရှိကြပါဘူး။ ရုပ်ကလည်း မင်းသမီး ခိုင်သင်းကြည် ဆိုဒ်၊ အပြောအဆိုကလည်း ကြမ်းတဲ့နေရာမှာ အမေဂျမ်းကတောင် အရှုံးပေးရတယ်။ သူ့အတွက် စီးပွားရေး အဆင်ပြေမယ် ဆိုရင်တော့ ချွဲတဲ့ နေရာမှာ တယောက ဆရာ ခေါ်လောက်ပါတယ်။ ဒါကြောင့် သူတို့ လင်မယား တောသူဌေး လူချမ်းသာ စာရင်းဝင် ဖြစ်နေတာပေါ့။
ကိုသာဦးမှာ သူကိုင်ချင်တဲ့ (ဟန်းဖုန်း)ရောဂါကို သူ့ဇနီး မအုန်းခင်ထံ ရင်ဖွင့်ပူဆာနေတာ ခဏခဏပါ။ မအုန်းခင်က အမျိုးမျိုးကန့်ကွက်ခဲ့သော်လည်း ကိုသာဦးက ဟန်းဖုန်း ကိုင်ရဖို့ နေ့စဉ် နားပူ နားဆာ လုပ်နေခဲ့ပါတယ်။ တစ်နေ့မှာ မအုန်းခင် နွားနို့ပို့နေကြ မြို့က လက်ဘက်ရည်ဆိုင်ပိုင်ရှင် ဦးဘိုင်ကလေး လျှောက်ထားတဲ့ (ဂျီအက်စ်အမ်)ဖုန်းရတယ်။ မထုတ်နိုင်လို့ မအုန်းခင်ထံ ဈေးပေါပေါနဲ့ ပေးချင်သလောက်ပေးပါ ဆိုပြီး ရောင်းတယ်။ မအုန်းခင်ကလည်း သူ့ယောက်ျား ဟန်းဖုန်းရောဂါ ထနေတော့ ၀ယ်ခဲ့တယ်။ သူ ဒီလောက်တောင် ဟန်းဖုန်းကို ကိုင်ချင်နေတာ မသာနဲ့ နားဒေါင်း မလိုက်မှန်းသိပေမယ့် မျက်စိမှိတ် ၀ယ်ပေးလိုက်တယ်။
ကိုသာဦးမှာ သူများတွေလို ကားစီးပြီး လူထူထူရှိတိုင်း ဟန်းဖုန်းတကိုင်ကိုင် မလုပ်နိုင်ပါ။ နွားကျောင်းသားဆိုတော့ နွားစီးပြီး ဟန်းဖုန်းကိုင်လို့ ဟဲလို--ဟဲလို ဟဲ့ နွားမ ဘယ်သွားနေတာလဲ ဒီဘက်ကို ပြန်လာခဲ့စမ်း။ ငါ တယ်--ဒီနွားမတော့ အမဲသား ဖြစ်သွားတော့မှာပဲ---။ ရွာထဲက ကိုသာဦးကို ကြည့်ပြီး လူထူးလူဆန်းဖြစ်နေကြပါတယ်။ နွားစီးပြီး လက်တစ်ဖက်က ဟန်းဖုန်းကိုကိုင် နားမှာကပ်၊ လက်တစ်ဘက်က ဒုတ်တစ်ချောင်း(နကန်)ကို ပါးခုံးပေါ်မှာ စမတ်ကျကျ တင်ပြီး နွားအုပ်ရဲ့ အလယ်မှာ တင့်တယ် ထယ်ဝါ ခမ်းနားစွာနဲ့ ရွာထဲကို ၀င်လာနေပါတယ်။ သူ့ရင်ထဲမှာတော့ စိတ်ကြီးဝင်နေတာ အမှန်ပါ။ ဒီရွာမှာ ငါလိုလူ ဇမ္မူရှိသေးလားကွ။ အားလုံးက ၀ိုင်းအကြည့်ခံနေရပြီ။ ရွာထဲ ၀င်လာတာနဲ့ ဟန်းဖုန်း တကိုင်ကိုင်လုပ်ပြီး တစ်ရွာလုံးကြားအောင် ဖုန်းအော်ဆက်တော့တာပဲ။
(ဟဲလို---ဟဲလို--မလေးရှားက သာထူးလား--မင်းအစ်မ အုန်းခင် စိုက်ထုတ်ပေးထားတဲ့ ငွေ(၆)သိန်းက (၂)သိန်းပဲ ရောက်သေးတယ်။…………….) ဟဲလို---ဘာရယ် မနက်ဖြန် (ရိုးမဘဏ်)ကို ငွေ(၂)သိန်း ထပ်ပြီး ပို့လိုက်မယ်။--ဟုတ်လား--ကျေးဇူးပါပဲ ငါ့ညီရယ်--ဟဲဟဲ အရေးတကြီးအကြောင်းထူးထူး မထူးထူး ငါ့ဆီကို အမြဲဖုန်းဆက်ကွာ..အေးအေး..ဒါပဲ..ဒါပဲ။
ကိုသာဦး(ဟန်းဖုန်း)ကိုင်လို့ (၆)လအကြာမှာနွားကြောင်းရင်း ကျပျောက်သွားခဲ့ပါတယ်။ သူ နွားကြောင်းခဲ့တဲ့ စားကျက်တွေ အနှံ့ လိုက်ရှာသော်လည်း မတွေ့ခဲ့ရပါ။ သူ့ဇနီး မအုန်းခင်မှာ သက်ဆိုင်ရာက ရွာလူကြီးနဲ့ ရဲစခန်းတွေဆီကို အပြေးသတင်းပို့ အကြောင်းကြားထားရတာ ပေါ့။ ဗေဒင်မေး၊ နတ်မေး၊ ဓါတ်ဆင်၊ ဓါတ်ရိုက် စုံအောင် လုပ်နေရပါတယ်။ တစ်ပါတ်လောက်ကြာတော့မှ သူတို့ နွားခြံထဲက နွားချေးရွှံ့ဗွက်အောက် ဒီဖုန်းရောက်နေတာကို ပြန်တွေ့ ခဲ့ရပါတယ်။မအုန်းခင်မှာ ရင်ဘတ်စည်တီးလို့ ငိုကြီးချက်မ ဖြစ်ရပါပေပြီ၊ ဒီ(ဂျီအက်စ်အမ်)ဟန်းဖုန်း တန်ဖိုးက ပေါ့သေးသေးမှ မဟုတ်တာ၊ အစိုးရ သွင်ဈေးက (၁၅)သိန်း၊ ဟန်းဆက်က တစ်သိန်း၊ ဖုန်းရတဲ့ ဖုန်းရှင်၊ ကံရှင် ကိုယ်ဘိုင်လေးကို ပေးရတာက (၅)သိန်းအမြတ်ပေး ၀ယ်ရတာ။ အောင်မလေး--စုစုပေါင်း (၂၁)သိန်း ကြီးများတောင် ကျခံထားရတာ။(မှတ်ချက် ။ အဲဒီအချိန်က ဂျီအက်စ်အမ်ဟန်းဖုန်း၏ ကာလ ပေါက်ဈေး ဖြစ်ပါသည်။) ထုတ်တဲ့ နေရာတုန်းက ကုန်သည် ပွဲစားတွေက (၂၅)သိန်းပေးနေတာကို မရောင်းခဲ့မိတာ မှားပါပြီတော်။ မဖြစ်ဘူး၊ မဖြစ်ဘူး၊ ဒီဖုန်းစုတ်ကြီးကို စတင် ထုတ်ပေးတဲ့ ဆက်သွယ်ရေးရုံးကို ပြေးမှ ဖြစ်မယ်။ မအုံးခင်တစ်ယောက် ဗျစ်တောက်ဗျစ်တောက် ပြောဆိုပြီး မြို့သို့ အမြန်ပြေးတက်လာခဲ့ပါတယ်။
ရုံးကို ရောက်တော့ ကဒ်အသစ် တန်ဘိုးက တစ်သိန်းကျပ်၊ အမြန်ကြေးက(---)ကျပ်တဲ့။ ဟန်းဆက်ကလည်း လုံးဝ သုံးမရတော့ဘူးတဲ့။ ဟန်းစက်က(၁)သိန်းကျပ်ကနေ(၁၀)သိန်းကျော်အထိရှိသတဲ့။မအုန်းခင်မှာ ရုံးက ဂျီအက်စ်အမ်ကဒ်ကိုင်တဲ့ စာရေးကိုချိုထံ အလုပ်အပ်နှံထားခဲ့ရပါတယ်။ မြို့ကို နွားနို့ပို့၊ဈေးဝယ်လာတိုင်း ကိုချိုဆီကို ဟန်းဖုန်းကိစ္စ ရပြီလား၊ရပြီလား ၀င်ဝင်မေးရတာအမောပါပဲ။ ကိုချိုကလည်းနာမည်လိုက်ပါပေတယ် မျက်နှာကိုက ထာဝရအမြဲချိုနေတာကို မအုံးခင်သတိပြုနေမိပါတယ်။

(၄)လခန့်ကြာသောအခါ…ဟန်းစက်အသစ်ကလေးတစ်လုံးကိုသာဦးထံရောက်ရှိလာပါတယ်။
မြို့မှာရောက်နေတဲ့ သူရဲ့ဇနီးမအုန်းခင်ကနေ လူကြုံနဲ့ပို့ပေးလိုက်တာပါ။
““ကိုသာဦး ရော့ခင်ဗျားဟန်းဖုန်း..၊ မအုန်းခင်ကမကြာခင် ဖုန်းဆက်ပါ့မယ်တဲ့။ ””
ထိုလူပြောသွားသည့်အတိုင်း..ကိုသာဦးရဲ့လက်ထဲက ဟန်းဖုန်းမှ အသံမည်လာပါတယ်။ ဖုန်းခေါ်သံက ထူးထူးခြားခြား ကလေးငယ်လေးတစ်ဦးရဲ့ ဟက်ဟက်ပက်ပက် ခွက်ထိုးခွက်လန်ရယ်နေတဲ့အသံများကိုကြားနေရပါသည်။ကိုသာဦးမှာ အိမ်ထောင်သက်(၆)နှစ်လုံးလုံး ကလေးလိုချင်နေခဲ့တာကြာပါပြီ။ ဒီဖုန်းခေါ်သံက ကလေးရယ်သံဆိုတော့ကိုသာဦးရဲ့ရင်ထဲမှကလေးလိုချင်နေတဲ့ဝေဒနာဟာတစ်ရေးနိုးလာပြန်ပါပေပြီ…။ ကလေးရယ်သံလေးကို သိပ့်သဘောကျနေမိလို့ ဖုန်းကိုတော်တော်နှင့်နားမထောင်ဖြစ်ပါ။
ကလေးရအောင် မွေးမပေးနိုင်တဲ့မအုံးခင်ကိုလည်း သူစိတ်တိုနေပါသည်။ငါဖိုတာမဟုတ်ဘူး၊အုန်းခင်ဖိုနေတာပဲဖြစ်ရမည်..။မဖြစ်ဘူး၊ မဖြစ်ဘူး ဒီကိစ္စကို သူနဲ့ငါ ဘယ်သူက ဖိုနေတာ၊မြုံနေတာလဲ သိရအောင် ဆေးစစ်မှဖြစ်တော့မယ်။ ဒီမိန်းမ ဖိုနေတာဆိုရင်တော့လား…ငါ..ငါနောက်မိန်းမယူမှဖြစ်မယ်။ ဒါလဲသဘာဝမကျသေးပါဘူးလေ။ ငါတို့ဘိုးစဉ်ဘောင်ဆက်မှာ တစ်လင်တစ်မယားစနစ်နဲ့နေလာခဲ့ကြတာကို၊ ငါတစ်ယောက်ထဲနဲ့ အမျိုးဖျက်ဖြစ်သွားရင်ဘယ်ကောင်းပါ့မလဲ..။ ကိုသာဦးစိတ်ကူးယဉ်ပြီးစဉ်းစားနေလိုက်တာ..ကလေးရယ်သံနဲ့ဖုန်းခေါ်သံဟာ အကြိမ်ပေါင်းများစွာဆက်မည်နေပါတယ်။ နောက်ဆုံးမနေသာတော့၍ ကိုသာဦးသူ့ရဲ့ ဟန်းဖုန်းကို ဖွင့်လို့နားထောင်လိုက်ပါတော့တယ်..။
တစ်ဘက်မှ ဖုန်းခေါ်ဆိုနေသူသည် သူ၏ဇနီးမအုံးခင်ဖြစ်ပါတော့သည်။
““ဟလို..ဟလို ငယ်ငယ်တုံးကလိုပဲ ကိုကိုသာ..လို့ခေါ်လိုက်ပါရစေနော်…။ဘာမဆို ကိုကိုသာ လိုချင်တာ မှန်သမျှ ကျမဖြစ်အောင် လုပ်ပေးခဲ့တာပါ။ ယခုပဲ ကြည့်လေ ကိုကိုသာ ကိုင်ချင်တယ်ဆိုတဲ့ (ဂျီအက်စ်အမ်) ဟန်းဖုန်းကို ရအောင် ဈေးရောင်းပြီး ၀ယ်ပေးခဲ့တယ်လေ။ ပျက်တယ်ဆိုတော့လည်း အသစ်ရအောင် (၄)လအတွင်း ရအောင် ကြိုးစားပေးခဲ့တာပါ။ ကိုကိုသာ ကိုင်ချင်တဲ့ (ဟန်းဖုန်း)ကို ကိုကိုရဲ့ နားက တစ်ဖ၀ါးမှ မခွာဖြစ်အောင်သာ ကိုင်ပြီး နေရစ်ခဲ့ပါတော့၊ အစစအရာရာ ကိုကိုသာ အတွက်ဆိုရင် ကျမက ဘာမဆို တာဝန်ကျေခဲ့ရသူပါ။ ကျမအတွက် လိုချင်နေတာကိုတော့ တာဝန်မကျေတဲ့သူဟာ ကိုကိုသာ ဖြစ်နေပါပြီ။ ကျမ ဘာလိုချင်နေတယ်ဆိုတာ ကိုကိုသာ အသိဆုံးပါ။ ဒါပေမယ့် ကိုကိုသာ ကျမလိုချင်တာကို ရအောင် လုပ်မပေးခဲ့နိုင်ပါဘူး။ ယခုတော့ ယခုတော့ ကျမလိုချင်နေတာကို ရနေပါပြီ။ အဲဒါ ဘာလဲဆိုတော့ ကန်တော့ပါရဲ့--ကန်တော့ပါရဲ့ နားနဲ့ မနာ၊ ဖ၀ါးနဲ့သာ နာတော်မူလိုက်ပါ ကျမမှာ ကျမမှာ ဆက်သွယ်ရေးရုံးက ကိုချိုနဲ့ --ကိုချိုနဲ့ ကိုယ်ဝန်(၃)လ --(၃)လ----) ဖုန်းလိုင်းကျသွားပါတယ်။ ကိုသာဦး ဒေါသနဲ့ မအုန်းခင် ဖုန်းကို အကြိမ်ကြိမ် ပြန်ခေါ်နေပါတယ်။ အခြားတစ်ဖက်မှ---
( “ လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်---) ။

ရွှေလမ်းငွေလမ်း ၀င်းကြည်
(16-5-2009) ည 93း0 ရေးသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ကိုင်ချင်အုံးဟဲ့ “ဟန်းဖုန်း“ ini dipublish oleh shwelannwelanwinkyi pada hari Saturday, May 16, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ကိုင်ချင်အုံးဟဲ့ “ဟန်းဖုန်း“
 

0 comments: