``မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော် တွင် ကုမ္ပဏီဝန်ထမ်းများနှင့် ရေနံစိမ်းသယ်ယူသူများ အပြန်အလှန်ခိုက်ရန်ဖြစ်၍ ဆိုင်ကယ်(၈)စီးကို ဖျက်ဆီးခြင်းခံရ´´

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ငနောင်မုန်းရေနံမှော် (စိန်တံခွန် လက်ယက်တွင်း တူးဖော်ရေး) ကုမ္ပဏီမှ လုံခြုံရေး ၀န်ထမ်များ နှင့် ရေနံစိမ်းမှောင်ခို သယ်ယူ ရောင်းဝယ်သူများ. ဇွန်(၂၂)ရက်နေ့ ည(၈၁၅)နာရီခန့် အချိန်တွင် အပြန်အလှန် ရိုက်နက်၍ အထိကရုံးဖြစ်ကြောင်း၊ ရေနံမှောင်ခိုသယ်ယူရောင်းဝယ်ရခြင်းမှာ ၎င်းရေနံမှော်အတွင်း ၌ ထွက်ရှိသော ရေနံစိမ်းတစ်ပေပါလျှင်(၈၂၀၀၀ိ)ကျပ်ဖြင့် စိန်တံခွန်ကုမ္ပဏီသို့ မဖြစ်မနေ ပြန်လည်ရောင်းချပေးသွင်း ရကြောင်း၊ ကုမ္ပဏီ၏ ပြင်ပ(ဈေးကွက်တွင်) ရေနံစိမ်းတစ်ပေပါလျှင် (၁၂၀၀၀၀ိ)ကျပ်ဖြင့် ဈေးပေး၍ ၀ယ်ယူနေကြကြောင်း ဒေသခံတစ်ဦး က ပြော၍ မြန်မာပို့စ် မှသတင်းရရှိသည်။ ဖြစ်စဉ်မှာ မင်းလှမြို့၏အနောက်တောင်ဘက် မိုင်(၃၀)ခန့်ရှိ ဓါတ်ကုန်းကျေးရွာအနီးရှိ ငနောင်မုန်းရေနံမှော်လုပ်ကိုင် ခွင့်ရ စိန်တံခွန် လက်ယက်တွင်း တူးဖော်ရေးကုမ္ပဏီ ၀န်ထမ်းများဖြစ်ကြသော ဦးမောင်လွင် ပါ လုံခြုံရေး(၁၄)ဦးသည် ဇွန်(၂၂)ည (၈း၁၅)အချိန်ခန့် ကင်းလှည့်နေစဉ် ရေနံစိမ်း(၅)ဂါလံဝင် ၁၀ ဘူးကို တင်ဆောင်လာသော ဆိုင်ကယ်များနှင့် ပက်ပင်းတွေ့ဆုံကြသည်ဆို၏။ ဆိုင်ကယ်ဖြင့်သယ်ဆောင်လာသူ ကိုအောင်ဇော်ထွန်း(ရေနံမမြောက်ရွာသား)နှင့် အမည်မသိ သူ နှစ်ဦးတို့သည် လုံခြုံရေးများတားဆီးခြင်းအား လက်မခံဘဲ အပြန်အလှန် ရိုက်နက်ကြကြောင်း၊ ရေနံစိမ်းသယ်ဆောင် လာသူ ကိုအောင်ဇော်ထွန်း ၏ နောက်စေ့တွင် နှစ်လက်မခန့် ပေါက်ပြဲသွားကြောင်း၊ စိန်တံခွန်ရေနံ လုံခြုံရေးဝန်ထမ်း ကိုသန်းနိုင်အေး၏ ညာဘက်ခြေသလုံးပွန်းပဲ့ဒဏ်ရာရရှိ၍ ကိုဟန်ဇော်ထွန်း၏ ညာလက်ခါးတွင် လေးခွဖြင့်ထိမှန်၍ ဒဏ်ရာများ ရရှိကြောင်း အဆိုပါ ဒဏ်ရာရရှိသူများကို ရဲဆေးစာဖြင့် ရေနံမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ထားကြောင်း သက်ဆိုင်ရာ မှစုံစမ်းသိရှိသည်။ အဆိုပါ ဇွန်(၂၂)ရက်ည(၈း၃၀) အချိန်ခန့်တွင် ရေနံစိမ်းသယ်ဆောင်လာသူ ကိုအောင်ဇော်ထွန်း ကို စိန်တံခွန်ရေနံကုမ္ပဏီလုံခြုံရေးများက ရိုက်နက်တိုက်ခိုက်လိုက်ခြင်းကြောင့် ဒဏ်ရာရရှိသွားကြောင်း သတင်းကို ရေနံမြေအတွင်းရှိ ရေနံစိမ်းတူးသူများက ကြားသိရသောအခါ ဆိုင်ကယ်အစီး(၃၀)ဖြင့် အမည်မသိသူများ (၃၀)ဦးခန့် တို့သည် အခင်းဖြစ်ပွားရာ ဓါတ်ကုန်းရွာတွင်းသို့ စုဝေးရောက်ရှိလာကြပြီး တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် ထပ်မံတိုက်ခိုက်ကြရန် လူစုလူဝေးဖြစ်လာကြသည်ဆို၏။ ထိုအချိန်တွင် ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝင်းနိုင် ဦးစီး၍ ရဲအင်အား(၁၀)ဦး၊ ရေနံမရွာ အရှေ့ကျောင်းဆရာတော် ဦးပညိန္ဒ၊ ဓာတ်ကုန်းရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသီရိဘ၀ါရ တို့နှင့် ဦးသန်းထွန်း ပါ ရပ်မိရပ်ဖ အဖွဲ့တို့ ရောက်ရှိလာပြီး တားဆီးထိမ်းသိမ်း၍ ၎င်းည(၉း၃၀)နာရီခန့်တွင် လူစုကွဲသွားခဲ့ကြောင်းသိရသည်။ အခင်းဖြစ်ပွားပြီး နောက်နေ့ ဇွန်(၂၃)ရက် နံနက်(၈း၃၀)နာရီတွင် စိန်တံခွန်ကုမ္ပဏီက အကြောင်းကြား၍ စခန်းမှူး ရဲအုပ် ဇော်ဝင်နိုင် နှင့်အဖွဲ့၊ ရေနံမကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာလှိုင် နှင့် ဓါတ်ကုန်းကျေးရွာ ဆယ်အိမ်မှူး ဦးသိန်းလွင် တို့ သွားရောက်၍ စစ်ဆေးကြသည်သိရ၏။ အခင်းဖြစ်ပွာစဉ် ညက ကုမ္ပဏီဝန်ထမ်းများ စီးနင်းသော မော်တော်ဆိုင်ကယ်(၇)စီး နှင့် ပိုင်ရှင်မသိဆိုင်ကယ်(၁)စီး အဖျက်အဆီးခံထားရ၍ ပျက်ဆီးနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဆို၏။ အဆိုပါ ဖြစ်စဉ်နှင့်ပါတ်သက်၍ နစ်နာသူများမှ တိုင်ကြားလာပါက ရေနံမ ရဲစခန်းမှူး ရဲအုပ်က အရေးယူဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာနှင့် ဒေသခံများထံမှ စုံစမ်း၍ မြန်မာပို့စ် က သတင်းရရှိသည်။
 

0 comments: