``မကွေးမြို့တွင် မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းဖြင့် စာမေးပွဲများ ပြုလုပ် ပ.ဒု.တ ဆုများ(၃-၂-၁)သိန်း ဟုသိရ´´

ဇွန်(၁)ရက်နေ့တွင် မကွေးမြို့ မြို့ပတ်လမ်း မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း နှင့် မင်္ဂလာရန်အောင်ကျောင်းတွင် မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ) အရှင်ဇ၀န၏ တရားစာအုပ်များမှ မေးခွန်းများဖြင့် စာမေးပွဲဖြေဆိုကြရသည်ဟု သတင်းရရှိသည်။ စိတ်ပါဝင်စားကြသော တက္ကသိုလ်ပေါင်းစုံ၊ အထက်တန်း၊ အလယ်တန်း ကျောင်းသားများနှင့် မူလတန်းကျောင်းသား လူငယ် မောင်မယ်များကို အသက်(၁၄)နှစ်၏အထက် အကြီးတန်း နှင့် အသက်(၁၄)နှစ်၏အောက် အငယ်တန်းဟု ခွဲခြားဖြေဆိုရကြောင်း သတင်းရရှိသည်။ အဆိုပါစာမေးပွဲများကို မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ဆရာတော်၊ မင်္ဂလာရန်အောင် ဆရာတော်၊ ၀ါးဂွမ်းကျေးရွာ (ဘက)ဘုန်းကြီးကျောင်း ဆရာတော်၊ တောင်တွင်းမြို့မှဆရာတော်စသည့် သံဃာများအဖွဲ့က ဦးဆောင်၍ မကွေးမြို့ ရွှေရောင်လက်များ ပရဟိတ လူမှုအကျိုးဆောင်အဖွဲ့၊ ဖြူစင် အခမဲ့ဆေးခန်း ပရဟိတအဖွဲ့၊ ယဉ်ကျေးလိမ္မာ(မကွေး) အဖွဲ့တို့ က ကူညီပံ့ပိုး ဆောင်ရွက်ကြသည်ဟုသိရသည်။ မကွေးမြို့ မကွေးတိုင်းကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း ၌ ဇွန်(၁)ရက်နေ့ စနေနေ့ နံနက်(၉)နာရီမှ နေ့(၁၂)နာရီအထိ စာမေးပွဲမှာ (၁၄)နှစ်အထက် လူငယ်များကို မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)အရှုံးမရှိသောဒဿန (၂) မေတ္တာဖြင့်စီးပွားရှာခြင်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရန် တစ်လခန့် ကြိုတင်၍ အသိပေးကြေငြာထားသည်။ ဖြေဆိုရန်လျှောက်ထားသူ(၅၇၀)ဦး မှ လာရောက်ဖြေဆိုသူ(၃၄၄)ဦး ဖြေဆိုကြောင်းသိရသည်။ အလားတူ ဇွန်(၁)ရက်နေ့တွင် မကွေးမြို့ မင်္ဂလာရန်အောင်ဘုန်းကြီးကျောင်း၌ (၁၄) နှစ်အောက် လူငယ်များအတွက် မေတ္တာရှင်ဆရာတော် အရှင်ဇ၀န ရေးသားသော (၁)သရဏဂုံအစွမ်း အံ့မခန်း ဖြစ်ရပ်ဆန်းများ (၂) သီလအစွမ်း အံ့မခန်း စာအုပ်နှစ်အုပ်ထဲမှ မေးခွန်းများကို ဖြေဆိုကြရန် တစ်လခန့် ကြိုတင်၍ အသိပေး ကြေငြာထားသည်။ ဖြေဆိုရန် လျှောက်ထားသူပေါင်း(၅၆၉)ဦးမှ လာရောက်ဖြေဆိုသူ (၄၂၀)ဦးဖြေဆိုကြောင်းသိရသည်။ အဖြေလွှာများအားလုံးကို ဇွန်(၂)ရက် မှ (၃)ရက်နေ့အထိ စစ်ဆေး၍ ဇွန်(၄)ရက်နေ့တွင် ဖြေဆိုအောင်မြင်သူများ၏ စာရင်းကို ကြေငြာမည်ဟုသိရသည်။ ဖြေဆိုအောင်မြင်သူများကို အကြီးတန်းနှင့် အငယ်တန်း အုပ်စု(၂)စုအတွက် ဆုများကို သီးခြားစီချီးမြှင့်၍ ဆုငွေများကို အတူတူသတ်မှတ်ပေးမည်ဆို၏။ ပထမ ဆု ငွေကျပ်(၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု(၁)သိန်း၊ အထူးဆု (၃)သောင်းကျပ်ဖြင့်(၁၀)ဆု နှင့် အထူးဆု (၂)သောင်းကျပ်ဖြင့်(၁၀)ဆု ပေးမည်ဟုသိရသည်။ အဆိုပါဆုရသူ လူငယ်များကို (၉-၆-၂၀၁၃) နေ့မှာ မကွေးမြို့တွင် ရွှေပြည်သာ မေတ္တာရှင်ဆရာတော်((ရွှေပြည်သာ) အရှင်ဇ၀န ကိုယ်တိုင် ကြွရောက်၍ ဆုများကို ချီးမြှင့်မည် ဖြစ်ကြောင်း၊ ဆုရရှိသူ လူငယ်မောင်မယ်များ နှင့် စာမေးပွဲဖြေဆိုသူများအားလုံးသည် (၉-၆-၂၀၁၃) နေ့တွင် မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှာအခန်းအနားကျင်းပရန် စီစဉ်ထားကြောင်း၊ ဖိတ်စာများဖြင့် ထပ်မံဖိတ်ကြားပေးမည်ဖြစ်ကြောင်း၊ မကွေးမြို့ ရွှေရောင်လက်များ ပရဟိတ လူမှုအကျိုးဆောင်အဖွဲ့မှ ဦးတိုး (ဖုန်း-၀၉-၅၃၄၀၆၃၁) က မြန်မာပို့စ် သို့ပြောသည်။
 

0 comments: