`` မကွေးမြို့၌ ဆန္ဒပြခွင့်ပြုမပေးသော်လည်း မီဒီယာအင်အား(၁၀၀)ကျော်ဖြင့် ဆန္ဒပြ´´




၂၀၁၄ မေ(၇)ရက် နံနက်(၉)နာရီမှ နေ့(၁၀း၄၅)နာရီအထိ မကွေးမြို့၌ မီဒီယာလွတ်လပ်ခွင့် ရရှိရေးနှင့် ဖမ်းဆီးထားသောသတင်းထောက်များပြန်လွှတ်ပေးရေးအတွက်  ဆန္ဒပြခွင့်ပြုမပေးသော်လည်း မီဒီယာအင်အား(၁၀၀)ကျော် ဖြင့် တီရှပ်အနက်ရောင်များဝတ်ဆင်ပြီး ဆန္ဒပြကြောင်း သတင်းရရှိသည်။

          အဆိုပါ မီဒီယာလွတ်လပ်ခွင့် ရရှိရေးနှင့် ဖမ်းဆီးထားသောသတင်းထောက်များပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြခွင့် ကို ယူနတီဂျာနယ်သတင်းထောက် တင်ရွှေ(မင်းဘူး) မှ သက်ဆိုင်ရာသို့ ဆန္ဒပြခွင့်တရားဝင်တင်ပြတောင်းခံ လျှောက်ထား ခဲ့ကြောင်း၊ သက်ဆိုင်ရာမှ ငြင်းပယ်ခဲ့ကြောင်း၊ မူလစတင်စဉ်က ဆုံးဖြတ်ချက်အတိုင်း ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ မေ(၇)ရက်နေ့မှာ ဆန္ဒပြမည်ဟု တင်ရွှေ(မင်းဘူး)က ပြောသည်။

``ခွင့်ပြုချက်မရလို့ ပုဒ်မ(၁၈)နဲ့ဖမ်းရင်လည်း လုံးဝအာမခံမယူဘဲ အဖမ်းခံပြီး ဆန္ဒပြသွားမှာပါ´´ ဟု တင်ရွှေ(မင်းဘူး)က  ပြောသည်။

          ၎င်း တင်ရွှေ(မင်းဘူး)၏ မင်းဘူး၊စကု၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ နတ်မောက်မြို့မှ မီဒီယာအဖွဲ့များ၊ မကွေးသတင်းသမားအချို့၊ ရန်ကုန်မြို့မှ DVBသတင်းသမားအချို့နှင့် သြစတေးလျှနိုင်ငံမှ DVBသတင်းထောက်နှစ်ဦးကို ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)အဖွဲ့နှင့် မကွေးတိုင်းဒေသကြီးNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် တို့က ဦးဆောင် ပံ့ပိုးကူညီကြောင်း၊ နံနက်(၉း၁၅)နာရီအချိန်တွင် ရွာသစ်ရပ်ကွက်၊ ၁၅လမ်းရှိ ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) အဖွဲ့ရုံးမှ ၁၅လမ်းမြောက်ဘက်သို့ စတင်ထွက်လာကြပြီး နတ်မောက်လမ်းသို့အရောက်မှာ မကွေးမြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ် မြင့်အောင်နှင့်အဖွဲ့က ခွင့်ပြုချက်မရ၍ တားဆီးကြောင်း၊ သို့သော် ၎င်းဆန္ဒပြအဖွဲ့သည် နတ်မောက်လမ်းပေါ်မှ အနောက်သို့ ဆက်လျှောက်လာကြောင်း၊ (မီဒီယာလွတ်လပ်ခွင့် ချက်ခြင်းပေး၊ ချက်ခြင်းပေး။)၊ (ဖမ်းဆီးထားသောသတင်းထောက်များ ချက်ခြင်းလွှတ် ချက်ခြင်းလွှတ်။)၊ (ထောင်ချထားသော DVBသတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ချက်ခြင်းလွှတ်) ဆိုသော ကြေးကြော်သံများ နှင့် ဆိုင်းဘုတ်ကြီး/ငယ် (၁၀၀)ကျော်တို့ကိုင်ဆောင် လျှက် ဆက်လက် ထွက်လာကြသည်၊ ဗိုလ်ချုပ်လမ်းသို့အရောက်တွင် ၎င်းလမ်းမအတိုင်း တောင်ဘက်သို့ဆက်လက် ထွက်လာပြီး ပြည်တော်သာလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအရောက်မှာ ပြည်တော်သာလမ်းအတိုင်း အနောက်ဘက်မြို့မဈေးသို့ ဆက်လက်ချီတက်လာကြသည်။ 

          ပြည်တော်လမ်းနှင့် မြို့မဈေးကြီးအရှေ့ဘက် (ဘုရားလမ်းဆုံ)အရောက်မှာ မကွေးရဲမှူးက ၎င်းအဖွဲ့အား သံဆူးကြိုးများကာရံ၍ တားဆီသည်။ သို့သော်၎င်းအဖွဲ့သည် မြို့မဈေးအရှေ့ဘက်(ဘုရားလမ်းအတိုင်း) တောင်ဘက်သို့ ချီတက်လာကြသည်။ ဘုရားလမ်းနှင့် မီးသတ်စင်လမ်းဆုံအရောက်မှာ မီးသတ်စင်လမ်းအရှေ့ဘက်သို့ကွေ့၍ မကွေးတိုင်းဒေသကြီးအစိုးရရုံးသို့သွားရာလမ်းတွင်လည်း ရဲတပ်ဖွဲ့ဝင်အင်အားချထား၍ လမ်းပိတ်ထားသည်။

``ဒီဆန္ဒပြပွဲကို တရားဝင်ခွင့်ပြုချက်မပါဘဲ ဆန္ဒပြကြလို့ တရားဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမှာပါ´´ ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ် က  ပြောသည်။

          ၎င်း မီးသတ်စင်လမ်းနှင့် ဘုရားလမ်း လမ်းဆုံတွင် ဆန္ဒပြအဖွဲ့ခေါင်းဆောင် တင်ရွှေ(မင်းဘူး) နှင့် မကွေးတိုင်း ဒေသကြီးNLD ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် တို့က ယနေ့ဆန္ဒပြရသော သဘောထားထုတ်ပြန်ချက်အား ဖတ်ကြား ကြသည်။ ထို့နောက် ၎င်းလမ်းဆုံ ဘုရားလမ်းမှ တောင်ဘက်သို့ ချီတက်ပြီး ရာဇမုနိဘုရား၏ တောင်ဘက်လမ်းမှ အရှေ့သို့ တက်လာကြသည်။ လွတ်လပ်ရေး ပန်းခြံ၏တောင်ဘက်အရောက်တွင် တိုင်းဒေသကြီးတရားလွှတ်တော်ရုံး/ခရိုင်/ မြို့နယ်တရားရုံးများသို့သွားရာလမ်းဆုံများ၌ ရဲတပ်ဖွဲ့ဝင်များက တားဆီးထားသည်။

          ရာဇမုနိဘုရား၏ အရှေ့ဘက်လမ်းအ တိုင်း အရှေ့အရပ်သို့ချီတက်လာရာ လမ်းငါးသွယ်ဈေးရှိ အ၀ိုင်းလမ်းဆုံမှ မကွေးတက္ကသိုလ်သွားသောလမ်းအတိုင်း တောင်အရပ်သို့ဆက်လက် ချီတက်လာကြပြီး မကွေးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးအရောက်၌ ၎င်းတို့၏ သဘောထားထုတ်ပြန်ချက်အား ဖတ်ကြားပြီး ထောင်ချထားသော (DVBသတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့အား ချက်ခြင်းလွှတ်) ဆိုသော ကြေးကြော်သံများ အော်ဟစ်တောင်း ဆိုကြသည်။

          ၎င်းနေရာမှ မြောက်ဘက်သို့ပြန်လည်ချီတက်ပြီး လမ်းငါးသွယ်အ၀ိုင်းမှ ဗိုလ်ချုပ်လမ်းမသို့ ပြန်လည်ချီတက်လာ သည်။ ဗိုလ်ချုပ်လမ်းမ မြောက်ဘက်အတိုင်းချီတက်လာပြီး နတ်မောက်လမ်းအရှေ့အတိုင်းသွား၍ ရွာသစ်ရပ်ကွက် ၁၅ လမ်းအတိုင်းတောင်ဘက်အတိုင်း ပြန်လည်ဝင်ရောက်ပြီး နေ့(၁၀း၄၅)နာရီအချိန်ခန့်တွင် ရွာသစ်ရပ်ကွက်၊ ၁၅လမ်းရှိ ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) အဖွဲ့ရုံးသို့ ပြန်လည်ဝင်ရောက်၍ ဆန္ဒပြပွဲပြီးဆုံးကြောင်း နေ့(၁၂)နာရီအချိန်ထိ ကနဦး သတင်း ရရှိသည်။ 

          အဆိုပါရုံးရှေ့တွင် သတင်းထောက် နတ်မောက်သား(မြွေဟောက်) (ခ)ကိုဇော်ဝင်း ဆိုသူမှ `` ယခုလိုဘဲ မေ(၁၈)ရက်နေ့မှာ ကျွန်တော်တို့ နတ်မောက်မြို့မှာလည်း ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကျွန်တော်ဦးဆောင်ပြီး ဆန္ဒပြမှာ ဖြစ်ပါတယ်။ အားလုံး နတ်မောက်မြို့သို့ လာရောက်ကြပါရန် ဒီနေရာကနေ ဖိတ်ကြားပါတယ်ခင်ဗျာ..။´´ ဟု နတ်မောက်သား (မြွေဟောက်) (ခ)ကိုဇော်ဝင်း ဆိုသူမှ အသံချဲ့စက်ဖြင့်အော်ပြောသည်။

၎င်းတို့ စုရပ်ရုံးရှေ့တွင် အဖွဲ့ခေါင်းဆောင်များ ၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး)မှ ကိုမောင်မောင်စိုးနှစ်ဦး၊ ကိုသန်းထွန်း အောင်၊ ကိုခင်မောင်ချို၊  မီဒီယာခေါင်းဆောင် ဦးတင်ရွှေ နဲ့ ကျွန်တော်နေမျိုးကျော် တို့က မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းမည်ဖြစ်ကြောင်း ဖိတ်ခေါ်သည်။ ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုကြောင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးက အရေးယူ မည်ဆိုသောကိစ္စအား မေးမြန်းရာ..

`` ကျွန်တော်တို့ဘက်ကတော့ ရှေ့နေ ရှေ့ရပ်တွေအများကြီးရှိပါတယ်၊ သူတို့တရားစွဲဆိုခြင်းဟာ မတရားတဲ့ဥပဒေ ပုဒ်မတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆက်လက်ပြီး တရားဥပဒေအတိုင်းရင်ဆိုင်ဖြေရှင်းသွားမှာပါ၊ ဦးတင်ရွှေကိုယ်တိုင်က သူ့ကို ပုဒ်မ(၁၈)နဲ့အရေးယူရင် သူ့မှာအပြစ်မရှိတဲ့အတွက် အာမခံလုံးဝမယူဘူးပြောထားတာပါ။´´ဟု ကိုနေမျိုးကျော် က ပြောသည်။

မှတ်ချက်။  ။ နောက်ဆက်တွဲ သတင်းနှင့် သတင်းထုတ်ပြန်ချက်အသံဖိုင်ဖြည်ပြီးရင် ထပ်မံပေးပို့ပါမည်။
ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
 

0 comments: