မကွေးမြို့မှ SHADE စာပေ၀ိုင်း



မကွေးမြို့မှ SHADE စာပေ၀ိုင်း
၂၇-၂-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့လည်(၁၂)နာရီမှ ညနေ(၃း၃၀)နာရီအထိ မကွေးမြို့၊ အချစ်ရွာဆိုင်မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ SHADE စာပေ၀ိုင်း (၁၆)ကြိမ်မြောက်ပါ။ ဒီတစ်ပတ် စာပေ၀ိုင်းကို ရောက်လာသူများကတော့ ပန်းချီဆရာများဖြစ်ကြတဲ့ ပန်းချီမင်းသူ၊ ပန်းချီသူရိန်မြိုင်၊ ပန်းချီ မြင့်ဇော်ဦး တို့နဲ့အတူ ဆရာနေခြည်(မကွေး)၊ ဆရာညီဇေယျ၊ ဆရာလွမ်းရ(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ဘိုမြင့်ရှိန်(မကွေး)၊ စာရေးသူတို့ဖြစ်ကြပါတယ်။
ပဏာမ အနေနဲ့ ပြီးခဲ့တဲ့အပတ်က စာရေးသူပြောကြားခဲ့တဲ့ မန္တလေးမီဒီယာ အုပ်စုနဲ့ ရွှေစက်တော် ခရီးစဉ် ဇာတ်သိမ်းပိုင်းကို ဆက်ပြောပါရစေ…။ မန်းအုပ်စုက လက်မညိမ်သူကတော့ အောင်မြင့်မြင့်(စစ်ကိုင်း)ဖြစ်ပါတယ်။ (၁)မိနစ်တခါလောက် သတင်းမှတ်တမ်း ဓာတ်ပုံရိုက်နေတာကိုပြောတာပါ။ မန်းရွှေစက်တော်ဘုရားကို ဘုရားဖူးလာသူတိုင်း အထူးစိတ်ရှည် တတ်ရပါမည်။ သည်းခံစိတ်ကို လက်ကိုင်ထားကြရပါမည်..။ စက္ကန့်(၃၀)မှာ တစ်ကြိမ် မနားတမ်း အဖြေပေးရပါမည်။ ရေနွေးသည်၊ ထမင်းသည်၊ ဟင်းသည်၊ အကြော်စုံသည်၊ ဆေးလိပ်သည်၊ ကွမ်းယာသည်၊အချဉ်ပေါင်းသည်၊ မှုန့်လက်ဆောင့်သည်၊ရေခဲချောင်းသည်၊ ဆတ်သားကင်သည်၊ ငှက်ကြော်သည်၊ ကြက်ကျော်သည် မှအစ အနိပ်သည်များ (မာဆပ်မဟုတ်ပါ) အဆုံး။ လူမျိုးတစ်ရာတစ်ပါး(မရေမတွက်နိုင်)၊ အမျိုးသမီး၊ အမျိုးသား၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ က စက္ကန့်(၃၀) မပြည့်မှီ တစ်ယောက်နှုန်းနဲ့ သူထက်ငါဦးအောင် ဘုရားဖူးများကို ဈေးရောင်းနေကြတာကို နယ်ခံများက ကြိုတင်ပြောထားပြီး သိထားရကြပါမည်။ ဘုရားဖူးများ တည်းကျောင်းပေါ်မှာ ၀ိုင်းဖွဲ့စကားပြောနေကြတာကို ပွဲပျက်သွားအောင် ဈေးသည်များက သောင်းကျန်းနေကြပါတယ်။ ဒီကိစ္စကို မန်းမီဒီယာအဖွဲ့ကို ကြိုတင်ပြောထားတော့ အဆင်ပြေပါတယ်။ အဆင်ပြေတဲ့အပြင် မန်းမီဒီယာအဖွဲ့က လာမျှဈေးသည်နဲ့ အနိပ်သည်တွေကို တစ်ယောက်ချင်းစီ အင်တာဗျူးလုပ်ကြ။ ဓာတ်ပုံရိုက်ကြ။ ကြံကြံဖန်ဖန် အနိပ်သည်တစ်ဦးချင်းကို ခေါ်ယူပြီး လက်ပေါက်၊ မပေါက် အစမ်းခိုင်းကြတယ်ဗျာ..။ ဘာကို အစမ်းခိုင်းတယ်ဆိုတာကိုတော့ မသိပါ။ အနိပ်သည် တစ်ယောက်ပြီးတစ်ယောက် (၅)မိနစ်တခါစမ်းပြီး မကြိုက်လို့ ပြန်ပြန်လွတ်နေတာ မြင်နေရပါတယ်။ ဒါလောက်ရှိကြတာ ဆရာအောင် ဆိုတဲ့ အနိပ်သည်နဲ့ကြမှ တက်တက်ကိုပြောင်သွားကြပါတယ်(ခေါင်းကဆံပင်တွေပါဗျာ) ။ အဲ အထူးအဆန်းတစ်ခုကတော့ ရေနွေးသည်ကလေးတွေဆီက ရေနွေးတွေကိုလည်း ဆူ မဆူ မြည်းကြည့်ပြီး သုသေသနလုပ်နေကြပါသေးတယ်။ မန်းမီဒီယာအဖွဲ့၏ သုတေသန စာတမ်းအရ (ရွှေစက်တော်ဘုရားပွဲတော်ကြီးမှာ အ၀င်(၁၀၀)ကျပ်ဖိုးရေနွေးကြမ်းသောက်ရင် အထွက်(၅၀၀)ကျပ်ဖိုးကုန် ပါကြောင်း)။ ရေနွေးတစ်ဘူးဝယ်သောက်၍ အိမ်သာတစ်ခါတက်(၁၀၀)ကျပ်နဲ့ အိမ်သာကိုငါးခါတက်ရလို့ ငွေ(၅၀၀)ကျပ်ကုန်ကျခြင်းကို ဆိုလိုကြပါတယ်။
စာရေးသူနဲ့ စာဖိုမှူး နှင်းဦး(မင်းဘူး) တို့ ညနေစာအတွက် ကြက်ရှာထွက်လာခဲ့ပါတယ်။ ရွှေစက်တော်ဘုရားပွဲတော်၊ သားစိမ်း၊ငါးစိမ်းဈေးက အောက်ဘက်သောင် မှာပါ။ ငါးခြောက် ငါးခြမ်းနဲ့ ဟင်းချက်စရာအစုံ ဟင်းသီးဟင်းရွက်သည်၊ များကိုတွေ့ရတယ်။ ထမင်း၊ဟင်းချက်စရာအစုံ ၀ယ်လို့ရပါတယ်။ ကျွန်တော်တို့အဖွဲ့အတွက် ညနေစာ ကြက်တစ်ကောင်နဲ့ အားလူးရောချက်ဖို့ဝယ်ပါတယ်။ မနက်ဖြန်အတွက်က ကြက်နှစ်ကောင် ၀ယ်ခဲ့ပါတယ်။ မီဒီယာအဖွဲ့က တစ်နေကုန် အထက်စက်တော်ရာ၊အောက်စက်တော်ရာ နေရာအနှံ့သို့သွားပြီး ဘုရားဖူးရင်း လိပ်ဥတူး( အဲ သတင်းထူးတွေ)ကိုယူနေကြ ပါတယ်။ ရွှေစက်တော်က စာရေးဆရာကောင်းသုတ(မင်းဘူး) ခေါ် ကြက်ခြေနီ တပ်ခွဲမှူး ဦးလှဝင်း ရဲ့ တပည့်အဖွဲ့ကလည်း စာဖိုမှူး နှင်းဦး(မင်းဘူး)နဲ့အတူ ကူညီကာ ၀ိုင်းလို့ ကျွန်တော်တို့ကို ထမင်း၊ ဟင်းများချက်ကျွေးကြပါတယ်။ ညရောက်တော့ ကျွန်တော်တို့ တည်းကျောင်းရှေ့က ကွတ်ပစ်ပေါ်မှာ မန်းမီဒီယာအဖွဲ့ကို ကဗျာဆရာ နှင်းဦး(မင်းဘူး) က ဖူးဖူးမှုတ်ပြီး ဧည့်ခံနေပြန်ပါတယ်။ (ဘာဂျာတစ်လက်နဲ့ သီးချင်းစုံကို မှုတ်ပေးတာကို ပြောတာပါနော်..။) ရှိတ်ဂျာနယ် အယ်ဒီတာချုပ် ကိုသာဇော်ကလည်း ဘာဂျာသံစဉ်နဲ့အကိုက် သီချင်းတွေကို စိတ်ပါဝင်စားစွာနဲ့ လိုက်ဆိုပေးနေပါတယ်။ ( သြော် အခုမှ အဆိုကောင်း၊ အမှုတ်ကောင်းသူ နှစ်ဦးကို ထူးကဲစွာ ကြားရ၊ မြင်ရပါတော့တယ်..။) ဘာဂျာအမှုတ်ကောင်းတဲ့ကဗျာဆရာ နှင်းဦး(မင်းဘူး) ကို ကဗျာဆရာ ကလင့်(မန္တလေး)က သူဝတ်ထားတဲ့အကောင်းစား ဂျာကင်အင်္ကျီကြီးကို သူကိုယ်တိုင် ၀တ်ပေးလို့ ဆုတော်ချပါတယ်။ ကြည့်နေသူအားလုံက သတင်းဓာတ်ပုံနဲ့ မှတ်တမ်းတင်ကြပါတယ်။ အားလုံးပရိတ်သတ်က လွမ်းစရာ ညများ ကုန်ဆုံးသွားမှာကို ကြောက်ပြီး ဆက်လက်အားပေးနားထောင်နေကြပါတယ်။
နံနက်စောစော သံဃာတော်အရှင်မြတ်များ ဆွမ်းခံကြွလာပါပြီ ခင်ဗျား လို့ ဓာတ်စက်ကလေးနဲ့ အော်ထွက်လာပါတယ်။ အိပ်ယာက အတင်းပြေးထပြီး သတင်းဓာတ်ပုံရိုက်၊ သတင်းယူနေသူကတော့ အောင်မြင့်မြင့်(စစ်ကိုင်း) ကိုယ်တော်ကြီးနဲ့ သန်းဖေသားပါ။ သံဃာတော်များနောက်က အညိုရောင် ၀မ်းဆက်နဲ့ဆိုတော့ အောင်မြင့်မြင့်(စစ်ကိုင်း)ပါ လှူဖွယ်ဆွမ်းတွေကို ရနေပါတယ်။ အကြော်သည်တွေကလည်း သံဃာတော်များကို အကြော်သက်စေ့နဲ့ ၀ယ်ယူဆွမ်းလောင်းဖို့ အော်ပြီးဈေးရောင်းကြတယ်။ အော်ပြီးဈေးရောင်းနေတဲ့ အကြော်သည်ကို သတင်းထောက် သန်းဖေသားက သွားပြီး အင်တာဗျူးနေတော့ ကိုယ်တော်ကြောင့် ဈေးဦးတောင်မပေါက်တော့ပါဘူးဆိုပြီး အကြော်သည်မလေးခမျာ…ငိုနေပါတယ်။ ဒါနဲ့ နှင်းဦး(မင်းဘူး)က အကြော်တွေကိုဝယ်ထား လိုက်ရပြီး အဖွဲ့ကို ထမင်းကြော်နဲ့ ပူးတွဲပြီး ကျွေးပါတော့တယ်..။ နံနက်ပိုင်း တစ်ချိန်လုံး အောက်စက်တော်ရာမှာ ဘုရားဖူးကြ၊ မန်းချောင်းရေ ကို အားပါးတရ ရေစိမ်ပြီး ချိုးနေကြပါတယ်။ လူကြီးတွေက ရေချိုးနေကြပြီး ကလေးတွေမချိုးရလို့ ကိုသာဇော်ရဲ့ ချစ်သမီးနှစ်ယောက်က ပြစ်တောက်ပြစ်တောက်နဲ့ စိတ်ကောက်နေကြပြန်တယ်။ ကဗျာဆရာ ကလင့်(မန္တလေး) က သမီးနှစ်ယောက်လုံးကို မန်းချောင်းထဲဆွဲခေါ်လိုက်မှ အားလုံးပျော်သွားကြပါတယ်။ (သြော် မန်းစက်တော်ဘုရား မန်းချောင်းရေဆိုတာ လူ့ဘ၀အတွက် ဘေးကင်းရန်ကါပြီးသား။ ဒါကြောင့် အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ခို လို့ စာဆိုကြတာ မဟုတ်ပါလားကွယ်။) ရေမိုးချိုးပြီး နေ့ထမင်းစားလို့ နေ့လယ် (၁၂း၃၀)နာရီမှာ မန်းရွှေစက်တော်ဘုရားက ပြန်ခဲ့ကြပါတယ်။ အပြန်ခရီးမှာတော့ အတွေးကိုစီနဲ့ပါ။ မောင်ဆူးမင်း(ချပ်သင်း)က သီချင်းတအေးအေးနဲ့ အဝေးတောတန်း၊ တောင်တန်းတွေကိုကြည့်ပြီးအပြန်ခရီးမှာ လွမ်းနေပါတယ်။ ဆရာကြီး နတ်မောက်ထွန်းရှိန်ကလည်း မန်းစက်တော်ရာအပြန် လမ်းမှာ သူ့ရဲ့မဟေသီကို တမ်းတ၊မှန်းဆပြီးလွမ်းနေပုံပေါ်ပါတယ်။ ဒီလိုနဲ့ အပြန်ခရီးမှာ ကျောင်းတော်ဘုရားကိုဝင်ပြီး ဖူးကြတယ်။ မင်းဘူးက နဂါးပွက်တောင်ကြီးကို ၀င်ကြည့်ကြပါတယ်။ မင်းဘူးစက္ကိန်းတဲဘုရားကိုလည်း ၀င်ဖူးကြပါတယ်။ စက္ကိန်းတဲတောင်တော်ပေါ်မှာ သတင်းသုံးနေထိုင်တဲ့ စာရေးဆရာ သစ္စာမေတ္တာဆရာတော်ဘုရားကြီးကို ၀င်ရောက်ဖူးမျှော် ပူဇော်ကန်တော့ခဲ့ကြပါတယ်။ မကွေးမြို့ကို ည(၆း၃၀)မှာ ပြန်ရောက်ပါတယ်။ စာရေးဆရာ သာကီနွယ်သွေး(မကွေး)ရဲ့ ကပ်ကျော်ကျောင်း မှာ ရေမိုးချိုးပြီး၊ခေတ္တနား၊ ညစာစားကြပါတယ်။ ည(၈)နာရီမှာ ရွှေမန်းသူမှန်လုံကားနဲ့မန်းမီဒီယာအဖွဲ့ မန္တလေးသို့ ပြန်သွားကြပါတယ်..။
(မှတ်ချက်။ မန်းမီဒီယာအဖွဲ့အား မကွေးမှ ရွှေစက်တော်ဘုရားသို့ အသွား၊အပြန်ခရီးစဉ်ကို ကုသိုလ်ဒါနပြု ဧည့်ခံသူမှာ စာရေးဆရာ ကိုကိုလတ်(ဆည်းမြောင်း) ဖြစ်ပြီး စုစုပေါင်းကုန်ကျစားရိတ်ငွေ (နှစ်သိန်းနှစ်သောင်း)ကျပ် ကုန်ကျသုံးစွဲခဲ့ပါကြောင်း SHADE စာပေ၀ိုင်းမှ အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။)
ဒီတစ်ပတ် SHADE စာပေ၀ိုင်းက မှတ်သားစရာ စာပေစကား တစ်ခုကတော့ ပန်းချီဆရာ ကိုမင်းသူ ပြောပြတာကို တင်ပြပါရစေ..။ လူတွေဟာ ဒေါသ၊ မောဟ၊ သောက၊ လောဘတွေနဲ့ ပုထုဇဉ်လူသားတွေသာများပါတယ်။ ဒေါသကင်းအောင် လုပ်မယ်ဆိုရင် အားလုံးကို သက်မဲ့တွေလိုသာ သဘောထားကျင့်သုံးရမည် ထင် ပါကြောင်း အစချီပြီး သူငယ်ငယ်က ဖတ်ပြီး စွဲနေခဲ့ရတဲ့ စာရေးဆရာ သာဓု ရဲ့ (အမီနာ) ၀ထ္ထုတိုလေးပါ။ အကိုကြီး နာမည်နဲ့ ဇာတ်လိုက်ရယ်၊ ကားဒရိုင်ဘာ ကုလားတစ်ဦးရယ်၊ အမီနာ ဆိုတဲ့ကုလားမလေးရယ်၊ သူ့ယောင်္ကျား ရေထမ်းသမား ကုလားတစ်ဦးရယ် စုစုပေါင်း ဇာတ်ဆောင်(၄)ဦးပါ။ ရန်ကုန်မြို့၊ ခြံဝိုင်းကျယ်ထဲမှာ အကိုကြီး နဲ့ ကုလားကားဒရိုင်ဘာတစ်ဦးတို့ အတူနေကြပါတယ်။ အကိုကြီးက လူပျိုးကြီးတစ်ယောက်ပါ။ စကားနည်းသူ၊ သည်းခံတတ်သူ ဖြစ်ပါတယ်။ အကိုကြီးရဲ့ခြံဝိုင်းရှေ့ လမ်းမပေါ်မှာ အမီနာ ဆိုတဲ့ ကုလားမလေးနဲ့ ရေထမ်းရောင်းနေတဲ့ကုလား လင်မယား နှစ်ယောက်က ကွမ်းယာဆိုင်ကလေး တစ်ဆိုင်လာဖွင့်ပါတယ်။အဲဒီ အကိုကြီးက သူတို့လင်မယားကို ကြည့်ပြီးသနားပုံပေါ်နေပါတယ်။ ဒါနဲ့ ``ဟဲ့ အမီနာ နင်တို့ကွမ်းယာဆိုကို လမ်းပေါ်မှာဖွင့်မနေနဲ့ ငါ့ ခြံဝိုင်းအတွင်းဝင်ပြီး နေရာယူပြီးဖွင့်ပါ။ နင်တို့ကွမ်းယာဆိုင်ကလဲ မဖြစ်စလောက်လေးပါလား..။ ဆိုပြီး အကိုကြီးက ကွမ်းယာဆိုင်အတွက် ငွေငါးကျပ်ကို ထုတ်ပေးပါတယ်။ အဲဒီတုံးက ငွေငါးကျပ်ဆိုတာ နည်းတာ မဟုတ်ပါဘူး။ ကွမ်းယာဆိုင်လေး အတွက် တော်တော်ပြည့်စုံသွားပါတယ်။ ဒီလိုနဲ့ အမီနာတို့လင်မယား အကိုကြီးခြံဝိုင်းကို ကန့်ပြီး ကွမ်းယာရောင်း နေပါတယ်။ တစ်နေ့မှာ အကိုကြီးက၊ ဆိတ်သားစားချင်လို့ သူ့ကားဒရိုင်ဘာကုလားကို ဆိတ်သားဟင်း( တစ်မတ်ဘိုး)ကို ချိုင့်ကြီးနဲ့ အမြဲလိုလို အ၀ယ်ခိုင်းပါတယ်။ ဒရိုင်ဘာကုလား နဲ့ အမီနာတို့ ကုလားလင်မယားက အမျိုးအနွယ်တူ ကုလားလူမျိုးတွေပါ။ တစ်နေ့မှာ ဒရိုင်ဘာကုလား၊ အပြင်က၀ယ်လာတဲ့ဆိတ်သားဟင်းချိုင့်ကို အမီနာ ကွမ်းယာသည် ကုလားမလေးက ယူကြည့်ပါတယ်။ သူတို့ ကုလားလို့ မေးကြ၊ပြောကြပါတယ်။ အမီနာက ``ဟယ် နင်တို့ဆိတ်သားဟင်းကလည်း တော်တော်ညံ့လိုက်တာ´´တဲ့ အပေါစား မဆလာတွေနဲ့ချက်တာဘဲ..။ ငါက လတ်လတ်ဆတ်ဆတ် မဆလာကို ကိုယ်တိုင်ကြိတ်ပြီး ဆိတ်သားဟင်းကို ကောင်းကောင်းချက်တတ်ပါတယ်ကွယ်…။ ဒါပေမယ့် အကိုကြီးက ငါတို့ချက်တဲ့ ဆိတ်သားဟင်းကို စားမှာ မဟုတ်ပါဘူးနော်..။ လို့ အမီနာ က ဒရိုင်ဘာကုလားကို ပြောပါတယ်။ ဒီစကားကို ဒရိုင်ဘာကုလားက သူ့ဆရာ အကိုကြီးဆီ မြန်မာလိုပြန်ပြောပြပါတယ်။(အကိုကြီးကတော့ သြော် အေးအေး၊ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ သူ့တပည့် ကုလားကပြောလို့ နောက်တစ်နေ့ နံနက် မျက်နှာသစ်ပြီးချိန်မှာ အကိုကြီးဆိုသူက `ဟဲ့ အမီနာ နင်တို့ဆိတ်သားဟင်းချက်ရင် ငါ့ကို တစ်ခွက်ပေးစမ်းပါ..´။ ဆိုတော့ အမီနာ ကုလားမလေးက သိပ်ကိုဝမ်းသာသွားပါတယ်..။ ဒါနဲ့ အမီနာ က ဆိတ်သားဟင်းကို ကောင်းကောင်းမွန်မွန်ချက်ပြုပ် ထားပါတယ်။ သူ့ယောင်္ကျား ရေထမ်းတဲ့ကုလားကိုလည်း ခွင့်တောင်းပြီး အကိုကြီးကို ဆိတ်သားဟင်းတစ်ခွက်ပေးပါ တယ်။ သူကိုယ်တိုင်သွားပြီး အမီနာက ကျွေးပါတယ်။အကိုကြီကလည်း အမီနာရဲ့ဆိတ်သားဟင်းကို သိပ်ကြိုက်ပါတယ်။ဒါပေမယ့် အကိုကြီးကတော့ ဘာစကားမှ ဖွင့်လို့မပြောပါ။ အဲလိုနဲ့ တစ်ရက်ချန် နှစ်ရက်ချန်လောက်ကို အကိုကြီးဆိုသူက `ဟဲ့ အမီနာဆိတ်သားဟင်းချက်ရင် ငါ့ကိုတစ်ခွက်ပေးစမ်း´ ဆိုပြီး ခဏ ခဏတောင်းနေပါတယ်။ ကြာလာတော့ အမီနာကုလားမက သူ့ယောကျာင်္းကို ပြောပါတယ်။ အကိုကြီးကလည်း ဆိတ်သားဟင်းကို ခဏ ခဏ တောင်းနေတာဘဲ။ ဒီမှာ အလုပ်တွေတစ်ဖက်နဲ့ လွယ်တာမှ မဟုတ်တာကို လို့ပြောတော့ ရေထမ်းသမားကုလားယောင်္ကျားက `နင်ပဲ အစကတော့ အကိုကြီးကို ဆိတ်သားဟင်းချက်ကျွေးချင်ပါတယ် ပြောတာမဟုတ်လား..´။ လို့ သူတို့ကုလားလင်မယားရဲ့ ပြောကြားတဲ့စကားကို ဒရိုင်ဘာကုလားကကြားသွား ခဲ့ပါတယ်။ ဒါနဲ့ ဒရိုင်ဘာကုလားက အမီနာရဲ့ ပြောစကားကို သူ့ဆရာဆီ ဘာသာပြန်ပြီး ပြောကြားပြန်ပါတယ်။(အကိုကြီးကတော့ သြော် အေးအေး။ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ နောက်တစ်နေ့ `ဟဲ့အမီနာ ဆိတ်သားဟင်းတစ်ခွက်ပေးစမ်းလို့ မပြောတော့ပါ။´ အကိုကြီးတို့ ဆရာတပြည့်နှစ်ယောက် ခြံထဲကနေ သူတို့အလုပ်သို့ ကားနဲ့ ၀င်ထွက်သွားလာနေကြပါတယ်။ ယခင်လိုပဲ ဆိတ်သားဟင်းကို တစ်မတ်ဘိုး ချိုင့်နဲ့ဆွဲပြီး အပြင်က၀ယ်စားနေကြပါတယ်။ ရက်တွေ အတော်ကြာလာပြန်တာ့ အမီနာ က သူ့ယောင်္ကျားကုလားကို ပြောပြန်ရော့..၊ ``အကိုကြီးကလည်း တစ်လလောက်ရှိသွားပြီ ဆိတ်သားဟင်းကို မတောင်းပြန်တော့ဘူးနော်…။ဘာပြုလို့လဲ မသိဘူးနော်..။ ယခုလိုသာ အပြင်ကဆိတ်သားဟင်း တွေကိုသာ ၀ယ်စားနေရတာ ဘယ်ကောင်းလိမ် မလဲနော်…´´။လို့ ပြောနေကြပါတယ်။ သူတို့ လင်မယားစကားကို ဒရိုင်ဘာကုလားက ကြားပြန်ပါတယ်။ ဒါနဲ့ သူ့ဆရာ အကိုကြီးကို ဒရိုင်ဘာကုလားက အမီနာလင်မယားရဲ့ ပြောစကားတွေကို ပြန်ပြောပါတယ်။ (အကိုကြီးကတော့ သြော် အေးအေး။ ပဲလို့ စကားတစ်ခွန်းသာပြန်ပြောပါတယ်)။ ဒါပေမယ့် နောက်တစ်နေ့ မျက်နှာသစ်ပြီးတော့ `ဟဲ့ အမီနာ နင်တို့ဆိတ်သားဟင်းချက်ရင် ငါ့ကို တစ်ခွက်ပေးစမ်းပါ..´။ အကိုကြီးဆိုသူက အမီနာကကျွေးမယ်ဆိုရင်လည်းစားမယ်။ မကျွေးချင်ပြန်ဘူးဆိုရင်လည်း မစားဘူးဆိုပြီး (သြော်..အေးအေး။ ပဲလို့) သာပြောပြီး အမီနာပြောစကားများကို လောဘ၊ဒေါသ မဖြစ်ဘဲ မခံစားဘဲ အမီနာကို အသက်မယ့်သူလို သဘောထားတယ် ကျွန်တော်ထင်ပါတယ်။ စာရေးဆရာ သာဓုကတော့ လူသားအားလုံး၊ လောဘ၊ဒေါသတွေ ကင်းရှင်းစေအောင် အကိုကြီးဆိုသူ ဇာတ်ကောင် ကိုတင်ပြီး၊ အမီနာ ၀ထ္ထုတိုကလေးကို ရေးတားလားဆိုတာကတော့ စာဖတ်သူများ ကိုယ်တိုင်က တွေးခေါ်ကြည့်နိုင်အောင် ကျွန်တော်ပြန်လည်တင်ပြပြောဆို ပေးခြင်းဖြစ်ပါတယ်ခင်ဗျား..။ စာရေးဆရာ သာဓု ရေးတဲ့ ဒီ အမီနာ ၀ထ္ထုတိုကလေးကို လွပ်လပ်စွာ နားလည်ခံစားနိုင်ကြပါစေ..။ လောကကြီးကို စိတ်ရှည်၊သည်းခံမှု တရားတွေနဲ့ အလှဆင်နိုင်ကြပါစေ..ဟု ပန်းချီဆရာကိုမင်းသူက ခံစားမျှဝေသွားခဲ့ပါတယ်…။
စိတ် အဟာရ ပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်

SHADE ဂျာနယ်၊ အတွဲ(၅)၊အမှတ်(၁၆)မှ ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စာပေ၀ိုင်း ini dipublish oleh shwelannwelanwinkyi pada hari Monday, March 7, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စာပေ၀ိုင်း
 

0 comments: