ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး



ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 7 Day News ဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် ရန်ကင်းတရားရုံးတွင် တရားစွဲတင်ထားရာ အမှုစွဲတင်ချိန် တနှစ်ပြည့်လုသည်အထိ တရားလိုတင်ပြသော ပုဒ်မများဖြင့် တရားစွဲရန် သင့်မသင့်ကို တရားရုံးက ဆုံးဖြတ်ချက် မချမှတ်သေးကြောင်း သိရသည်။
ထိုအမှုကို စောင့်ကြည့်နေသည့် ပြည်တွင်းသတင်းထောက်တဦးက “ပြီးခဲ့တဲ့ ၇ ရက်နေ့က တရားသူကြီးက စွဲချက်၊ လျှောက်လဲချက်တွေကို ကြည့်ရှုပြီး စွဲချက်ပါ ပုဒ်မတွေနဲ့ တရားစွဲတင်သင့် မတင်သင့် ဆုံးဖြတ်ချက်ချဖို့ တရားလိုရော တရားခံရော နှစ်ဖက်စလုံးကို ခေါ်ထားတာပါ။ ဒါပေမယ့် ထက်ထက်မိုးဦးက တရားရုံးကို မလာဘူး၊ သူ့ရှေ့နေပဲ လာရောက်ပြီး နောက်ရုံးချိန်း ပြန်ခေါ်ပေးဖို့ လျှောက်လဲသွားတယ်” ဟု ပြောသည်။

ဆီဒိုးနားဟိုတယ်တွင် ၂၀၁၀ ပြည့်နှစ် မေလ ၁၉ ရက်နေ့က ပြုလုပ်သော ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေဦးမျိုးက “တရားရုံးက ဆင့်ခေါ်တာကို သုံးကြိမ်အထိ တရားရုံးကို မလာဘဲ နေနိုင်ပါတယ်။ သုံးကြိမ်နောက်ပိုင်းမှာတော့ မျက်ကွယ်မှာ တရားသူကြီးက ဆုံးဖြတ်ချက်ချနိုင်သလို၊ ၀ရမ်းလည်း ထုတ်နိုင်ပါတယ်။ တရားသူကြီး ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒီအမှု ဒီလောက်ကြီး ကြာနေတာကိုက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ပျက်ယွင်းနေတာကို ပြတာပဲ။ မင်းသမီးအမှုမို့ ကြာနေတာလည်း ဖြစ်နိုင်တယ်။ သာမန်နာကျင်စေမှုတွေမှာ ဒီလောက် ကြာလေ့မရှိပါဘူး” ဟု ပြောသည်။

အဆိုပါ နာကျင်စေမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန်လ ၃ ရက်နေ့တွင် နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် ထက်ထက်မိုးဦးကို တရားစွဲခဲ့သည်။

“လာမယ့် ၂၄ ရက်နေ့ဆို အမှုတင်ထားတာ တနှစ်ပြည့်ပြီ။ ရုံးချိန်းကလည်း အခါ ၂၀ လောက်ချိန်းပြီးပါပြီ။ အခုထိ တရားစွဲတင်သင့်မသင့် မဆုံးဖြတ်နိုင်သေးဘူး” ဟု ရန်ကုန်ရှိ သတင်းထောက်တဦးက ပြောသည်။

ထက်ထက်မိုးဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးရုံတခု၌ ယခုနှစ် ဇန်နဝါရီလထဲတွင် သမီးတဦး မွေးဖွားခဲ့ပြီး လာမည့် ၁၅ ရက်နောက်ပိုင်းတွင် ရန်ကုန်သို့ ပြန်မည်ဖြစ်ကြောင်း ထက်ထက်မိုးဦးနှင့် နီးစပ်သူတဦးက ပြောသည်။

ထက်ထက်မိုးဦးအပေါ် စွဲဆိုထားသည့် ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံး ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေတွင် ပြဌာန်းထားသည်ဟု ရန်ကုန်မြို့မှ ရှေ့နေတဦးက ဆိုသည်။

ထက်ထက်မိုးဦးဘက်မှ ရှေ့နေဦးစိန်မြင့်က လိုက်ပါဆောင်ရွက်ပေးနေပြီး သတင်းထောက်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ ဦးသန်းထွန်းအောင်မှာ ကွယ်လွန်သွားသဖြင့် အမျိုးသမီးရှေ့နေတဦးက ဆက်လက် ဆောင်ရွက်ပေးနေကြကြောင်း သိရသည်။

ရန်ကင်းမြို့နယ် တရားသူကြီးက ယမန်နှစ် ဇူလိုင် ၁၃ ရက် တရားခွင်တွင် ထက်ထက်မိုးဦး၏ ကိုယ်ရေးရာဇ၀င်ကို တောင်းယူခြင်း၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခြင်းတို့ ပြုလုပ်ခဲ့ပြီး ထက်ထက်မိုးဦးဘက်မှ ငွေကျပ် ၁၀ သိန်းဖြင့် အာမခံရယူထားသည်။

မတ်လ ၇ ရက်နေ့က တရားရုံးသို့ ထက်ထက်မိုးဦး မလာရောက်ခဲ့သဖြင့် မတ်လ ၂၁ ရက်နေ့သို့ ပြောင်းလဲချိန်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါအမှုကို တရားရုံးက အများပြည်သူ ကြားနာခွင့်မပြုဘဲ အမှုဖြစ်ပွားပုံကို ဖော်ပြခဲ့သော ဂျာနယ်တချို့ကိုလည်း စာပေစိစစ်ရေးက ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့သည်။

ဧရာဝတီ သတင်းမှ တဆင့်ကူးယူတင်ပြပေးပါသည်။
၂၀၁၁၊ မတ်လ(၁၀)ရက်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး ini dipublish oleh shwelannwelanwinkyi pada hari Thursday, March 10, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ထက်ထက်မိုးဦးအမှု တရားမစွဲနိုင်သေး
 

0 comments: