ငလျင်ကြောင့် ကမ္ဘာ့ဝန်ရိုး ရွှေ့ပြီး ဂျပန်ကျွန်း ၈ ပေ ရွေ့လျားသွားခဲ့



ငလျင်ကြောင့် ကမ္ဘာ့ဝန်ရိုး ရွှေ့ပြီး ဂျပန်ကျွန်း ၈ ပေ ရွေ့လျားသွားခဲ့
Friday, 25 March 2011 14:10 Editor
E-mail Print PDF

အပျက်အစီးများလွန်းခဲ့သော ဆူနာမီမဟာရေလှိုင်းကို ဖြစ်စေခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ဂျပန်ပင်မကျွန်းကို ၈ ပေ (၂ ဒသမ ၄ မီတာ) ရွေ့လျားစေခဲ့သည်။ ကမ္ဘာ့ဝန်ရိုး လည်ပတ်မှုမှာလည်း ရွှေ့သွားခဲ့သည်။

“အခုလောလောဆယ် သိရသလောက်တော့ GPS တိုင်းတာရေးဌာနဟာ ၈ ပေ ရွေ့သွားခဲ့ပါတယ်။ ဂျပန် ဘူမိတိုင်းတာရေး သတင်းဌာန Geospatial Information Authority - GSI ရဲ့ မြေပုံကို ကြည့်တော့ ရွှေ့လျားသွားခဲ့တဲ့ မြေထု ပုံစံဟာ အတော်လေး ကျယ်ပြန့်တဲ့ နယ်မြေဒေသကြီး တစ်ခုလုံးမှာ ဆင်တူနေပါတယ်။” အမေရိကန် ဘူမိဆာဗေးဌာန၏ ဘူမိရူပဗေဒပညာရှင် ကန်းနက်ဟဒ်နာ့က ပြောပြခဲ့သည်။

ငလျင်နှင့် ဆူနာမီရေလှိုင်း မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးပုံ (NASA)

ငလျင်နှင့် ဆူနာမီရေလှိုင်း မဖြစ်ပွားမီနှင့် ဖြစ်ပွားပြီးပုံ (NASA)

အီတလီအခြေစိုက် အမျိုးသား မီးတောင်ဗေဒနှင့် ဘူမိရူပဗေဒဌာန၏ အစီရင်ခံစာများအရ ၈ ဒသမ ၉ ပမာဏရှိ မြေငလျင်ကြောင့် ကမ္ဘာ့ဝန်ရိုးမှာလည်း ၄ လက်မ (၁၀ စင်တီမီတာ) ခန့် ရွှေ့သွားခဲ့ကြောင်း သိရသည်။

လူရာပေါင်းများစွာ အသက် ဆုံးရှုံးခဲ့ရသည့် ဂျပန်မြောက်ပိုင်း ကမ်းရိုးတန်း ငလျင်လှိုင်းကြောင့် ပေ ၃၀ အမြင့် ရှိသော ရေတံတိုင်း လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့ပြီး လယ်ကွင်းများကို ဖုံးလွှမ်းသွားခဲ့သည်။ မြို့များကိုလည်း ရေအောက်ဆွဲယူ နှစ်မြှုပ်ပစ်ခဲ့သည်။ နေအိမ်များကို အဝေးပြေး လမ်းမကြီးများသို့ ဆွဲယူသွားခဲ့၏။ မော်တော်ကားများနှင့် လှေသမ္ဗာန်များကိုလည်း ကလေးကစားစရာများကဲ့သို့ မြှောက်ပင့် ဆော့ကစား ပစ်လိုက်သည်။ လှိုင်းလုံးကြီးအချို့မှာ မီယာဂိကျွန်းဆွယ် ကုန်းတွင်းပိုင်း ခြောက်မိုင် (၁၀ ကီလိုမီတာ) အထိ ရောက်ရှိခဲ့သည်။

သမိုင်းတွင် အင်အားအပြင်းဆုံး ငလျင်လှိုင်းဖြစ်ပြီး နောက်ဆက်တွဲ ဆူနာမီရေလှိုင်းမှာ ပစိဖိတ်သမုဒ္ဒရာ တ၀ှမ်းလုံးသို့ ကူးစက်သွားခဲ့သည်။ ကနေဒါအနောက်ပိုင်း၊ အမေရိကန်၊ ချီလီနိုင်ငံများအထိ နိုင်ငံ ၅၀ တွင် ဆူနာမီ သတိပေးနှိုးဆော်ချက်များ ပဲ့တင်ထပ်သွားခဲ့၏။ ငလျင်လှိုင်းငယ် ၁၆၀ ကျော်ကို ၂၄ နာရီအတွင်း ဆက်တိုက် ဖြစ်စေပြန်သည်။ ၁၄၁ လှိုင်းမှာ ငလျင်ပမာဏ ၅ မက်ဂနီကျု အနည်းဆုံးရှိနေခဲ့သည်။

သမုဒ္ဒရာများနှင့် တိုက်ကြီးများအောက်၏ မြေလွှာထုအောက်မှ ကျောက်ဖြာလွှာ tectonic plates များ ၁၈ မီတာခန့် အံလွဲချော်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အရှည် ၂၅၀ မိုင် ( ကီလိုမီတာ ၄၀၀) နှင့် အကျယ် မိုင် ၁၀၀ (ကီလိုမီတာ ၁၆) ခန့် မြေလွှာထု ဧရိယာ အကျယ်အ၀န်းမှာ စုတ်ပြဲ ပေါက်ကွဲ ထွက်သွားပြီး ငလျင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့ခြင်းပင် ဖြစ်ကြောင်းကို ဘူမိရူပဗေဒပညာရှင် ရှန်ဇောင်ချန်က ဆိုပါသည်။

ပစိဖိတ်သမုဒ္ဒရာ “မီးကွင်း ring of fire” ဟု တင်စား ခေါ်ဝေါ်ထားသည့် တောင်ပစိဖိတ် သမုဒ္ဒဖက်ပိုင်းရှိ နယူးဇီလန်မှစပြီး ဂျပန်အထိ၊ အလက်စကားမှသည် တောင်မြောက်အမေရိကန် ကမ်းရိုးတန်းအထိ ရှည်လျားလှသော ငလျင်ကြောနှင့် မီးတောင်ရှင်များအကြားတွင် ဂျပန်နိုင်ငံ တည်ရှိနေလေသည်။

ယခုငလျင်မှာ ၂၀၁၀ ခုနှစ်တွင် ဟေတီနိုင်ငံကို ပျက်စီးစေခဲ့သည့် ငလျင်လှိုင်းထက် အဆ “ရာပေါင်း” များစွာ ကြီးမားလွန်းနေသည်ဟု ကိုလံဘီယာတက္ကသိုလ်၊ မြေကမ္ဘာစောင့်ကြည့်ရေး the LaMont-Doherty Earth observatory ဌာနမှ ဂျင်ဂဟာတီက ဆိုသည်။

ဂျပန်ငလျင်သည် ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားငလျင်နှင့် အင်အား တူညီနေသည်။ ထိုစဉ်က နောက်ဆက်တွဲ ဆူနာမီမဟာ ရေလှိုင်းကြောင့် အိန္ဒိယသမုဒ္ဒရာ တလျှောက်ရှိ နိုင်ငံ ၁၂ နိုင်ငံတွင် လူပေါင်း ၂ သိန်းခန့် သေကြေ ပျက်စီးခဲ့ရသည်။ “အခု ဆူနာမီနဲ့ အရွယ်အစားချင်း အကြမ်းဖျင်း တူညီတယ်လို့ နှိုင်းယှဉ်လို့ရပါတယ်” ဂဟာတီက ရှင်းပြသည်။ “၂၀၀၄ ခုနှစ်တုန်းကတော့ ကြိုတင် ပြင်ဆင်ထားမှု မရှိတဲ့ ဒေသတွေမှာ ဖြစ်ခဲ့တယ်။ အိန္ဒိယ သမုဒ္ဒရာတွင်းမှာ ခေတ်မီ ဆူနာမီရေလှိုင်း သတိပေး နှိုးဆော်ချက် စနစ်လည်းကိုလည်း မတပ်ဆင်ရသေးဘူး။ အဲဒါကြောင့် ပျက်စီးမှုက ပိုဆိုးရွားခဲ့ပါတယ်။”

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၊ ခရိုက်ချာ့ရှ်မြို့တွင် ဖြစ်ပွားခဲ့သည့် အင်အား ၆ ဒသမ ၃ ပမာဏရှိသည့် ငလျင်ဖြစ်ပွားခဲ့ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း ဂျပန်ငလျင်ဖြစ်ခဲ့ခြင်းပင်။ ထိုစဉ်က သမိုင်းဝင် အဆောက်အဦများမှာ လှုပ်ဖြိုခံခဲ့ရပြီး လူ ၁၅၀ အသက် ဆုံးရှုံးခဲ့ရသည်။ ငလျင် ၂ ခု ဖြစ်သည့် အချိန်ကာလနီးစပ်မှုကြောင့် ဆက်စပ်နေမှု ရှိနေသလောဟူ၍ မေးခွန်းထုတ်စရာပင်။ သို့သော် ပညာရှင်များကမူ နေရာ အလှမ်းဝေးခြင်းကြောင့် ဆက်စပ်မှု မရှိနိုင်ဟု ကောက်ချက်ပြုကြသည်။

“ဆက်စပ်နေမှုကတော့ အင်မတန် နည်းတယ်လို့ ကျနော်ထင်ပါတယ်။” ရို့ဒ်အိုင်လန်တက္ကသိုလ်မှ သမုဒ္ဒရာအင်ဂျင်နီယာဆိုင်ရာ ပါမောက္ခ စတီဖင်ဂရီလီက ရှင်းပြခဲ့သည်။

မောက္ခ ဘူမိရူပဗေဒသတင်း

Source: CNN
တဆင့်ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: