မကွေးမြို့မှ SHADE စာပေ၀ိုင်း(၁၇)



မကွေးမြို့မှ SHADE စာပေ၀ိုင်း
၆-၃-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီမှ ညနေ(၃း၃၀)နာရီ အထိ အချစ်ရွာဆိုင်မှာ ၀ိုင်းဖွဲ့ဖြစ်ကြပါတယ်..။ နွေမိန်တပေါင်း ကာလကို ရောက်လာတော့ ရာသီဥတုက ပူလာပါတယ်။မကွေးမြို့ရဲ့မြောက်ဘက်အထွက်ဆိုတော့ ခရီးကလည်းလှမ်း၊ နေကလည်းပူလို့ စက်ဘီးသမား ဆရာများမလာနိုင်ကြတော့ပါ။ နောက်တစ်ပတ်ကျော် SHADE စာပေ၀ိုင်း(၁၉)ကြိမ်ကို၊(၂၀-၃-၂၀၁၁)၊တနင်္ဂနွေနေ့၊ကစပြီး SHADE ဂျာနယ် အယ်ဒီတာချုပ် ဦးသာဇော်ရဲ့အကြံပေး၊ ခွင့်ပြုချက်အရ၊ Shade ဂျာနယ်တိုက် မကွေးရုံးခွဲ မှာပြောင်းရွှေ့ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း ကြိုတင် မင်္ဂလာမောင်းခပ်လို့ အသိပေးထားပါရစေ..။ ရှိတ်စာပေ၀ိုင်းကို မလာချင်လို့အကြောင်းပြပြီး ခရီးဝေးနေသူများ၊ ဆရာကြီးလုပ်ပြီး သြ၀ါဒမပေးရလို့ မလာချင်သူများ၊ အချစ်ရွာသို့မလာရဲသူ ဆရာ၊ဆရာမများအတွက် လက်တို့ပြီးပြောကြားထားပါရစေ နော်..။ ရှိတ်စာပေ၀ိုင်းတော်သားများ ကတော့ စာပေ၀ိုင်းသို့ ရောက်လာသူတိုင်းကို တန်းတူ၊ရည်တူ စာပေနှင့်ပတ်သက်လို့ ရှိတ်စာပေ၀ိုင်းရဲ့စည်းကမ်းအတိုင်း အလှည့်ကျ၊ဖောက်သည်ချပြီး၊ ပြောရေးဆိုခွင့် ရှိကြပါတယ်။ ဥပမာ= စားကောင်း သောက်ကောင်း လေးများကို အရသာရှိရှိ စားသောက်ရတဲ့အခါမှာ၊ အချစ်ဆုံးမိတ်ဆွေများကို အမှတ်တရ၊သတိရနေကြသလို၊ ကိုယ်ဖတ်၊မှတ်လာရတဲ့ ရသ၊သုတနဲ့ပြည့်စုံတဲ့ စာကောင်း၊ပေကောင်းလေးတွေကိုလဲ ကျွန်တော်တို့ SHADE စာပေ၀ိုင်းမှာ လာရောက် မျှဝေခံစားပေးကြတဲ့ သဘော ထားပြီး ကြွရောက်ချီးမြှင့်အားပေး တော်မူကြပါခင်ဗျား..။ ဧည့်ဝတ်ပြုမယ့် အစားအသောက်များကတော့ ယခင်က၊ထုံးစံအတိုင်းပါ။ ယခုတော့ စွဲမက် လဘက်ရည်ဆိုင် ကနေ ရှိတ်ဂျာနယ် မကွေးရုံးခွဲအထိ လာရောက်ပို့ဆောင် ဧည့်ခံပေးကြပါမည်။ (SHADE ဂျာနယ် စာဖတ်ပရိတ်သတ်များ မည်သူမဆို မိမိကိုယ်တိုင်၊ကြွရောက် ဆွေးနွေး ပြောဆိုနိုင်ကြပါတယ်..။ SHADE စာပေ၀ိုင်းက လေးစားစွာနဲ့ ဖိတ်ခေါ်လိုက်ပါတယ်.။)
ရှိတ်စာပေ၀ိုင်း ကို အင်အားလျော့သွားမှာစိုးလို့ ကြော်ငြာနေတာနဲ့ စာရှည်သွားပါပြီ..။ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းကို ၀ိရိယ ရှိရှိနဲ့ နေပူပူမှာ စက်ဘီးစီးပြီး ပထမဆုံးရောက်လာသူကတော့ ဆရာဘိုမြင့်ရှိန်(အောင်လံ)ပါ။ နောက်ရောက်လာသူတွေ ကတော့ ဆရာနေခြည်(မကွေး)၊ ဆရာတင်လင်းဇော်၊ ပန်းချီဆရာများဖြစ်ကြတဲ့ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာ သူရိန်မြိုင်၊ ပန်းချီဆရာ မြင့်ဇော်ဦး၊ ကွန်ပျူတာလောကသား အိုင်တီ ကိုနိုင်ဝင်း နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာတင်လင်းဇော် ကတော့ ဆန်ရင်းနာနာဖွတ်ရမှာပါ ဆိုပြီး ရှိတ်ဂျာနယ်ကောင်းစေဖို့အတွက် စတင်ပြောဆိုလာပါတယ်။Shade ဂျာနယ်၊ အတွဲ(၅)၊အမှတ်(၁၅)က တက္ကသိုလ်တေဇာလင်း ရေးတဲ့ ပန်းရည်ဘဏ်တိုက် နှင့် ချစ်ဦးညို အမည်ဆောင်းပါးပါ။ ဒီဆောင်းပါးက သမိုင်းတင်မယ့် အခန်းဆက် ဆောင်းပါးတွေဖြစ်အောင် တက္ကသိုလ်တေဇာလင်းက ရှိတ်မှာ အပတ်စဉ်ရေးနေပါတယ်။ နောင်မှာ လုံးချင်းထုတ်မယ်လို့လည်း ကြားသိရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှိတ်ကဖော်ပြ လိုက်တာမှာ၊ ဆောင်းပါးရဲ့အစပိုင်း (စာရေးဆရာချစ်ဦးညို ကလည်း မိုးဝေမဂ္ဂဇင်း အမှတ်-၂၀၃ တွင်)ဟု အမှန်ကိုဖော်ပြထားသော်လည်း နောက်ဆုံးနားလေးမှာတော့ သမိုင်းပျက်သွားစေမယ့် မဟာအမှားကြီးဖော်ပြ ထားပါတယ်။(ဆရာချစ်ဦးညိုသည် `ပန်းရည်ဘဏ်တိုက်´ ကိုခံစားဖွင့်ဆိုရာ၌ မိုးလေ၀သ မဂ္ဂဇင်းသာမက) ဟု ရယ်စရာ သမိုင်းဖျက်စေမယ့်(မိုးဝေမဂ္ဂဇင်းကို မိုးလေ၀သ မဂ္ဂဇင်းဟု) အမှားကြီးဖြစ်နေပါတယ်။ ) ဒီကိစ္စကို ဆရာရွှေလမ်းငွေလမ်းဝင်းကြည်က SHADEစာပေ၀ိုင်းမှာ ထည့်ရေးပေးပါဆရာ။ နောက်တစ်ခုကလည်း ဆန်ရင်းကိုနာနာဖွတ်ရမှာပါဘဲ။ ရှိတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ကျွန်တော်တို့ မကွေးဆရာတွေရေးတဲ့ ဆောင်းပါးတွေကလည်း ရှည်လျား ထွေပြားပြီး စာမျက်နှာနေရာတွေ အပြည့်ထက်ကိုကျော်လို့ နေရာယူနေကြပါတယ်။ စာဖတ်သူများကို ပေးချင်တာက နည်းနည်းလေး၊ ရေးချင်တာတွေကများနေကြပါတယ်။ ဆိုလိုရင်းကိုမရောက်ပဲ လည်ထွက်နေပါတယ်။ တိုတို တုတ်တုတ်နဲ့ အနစ်ပါတဲ့ဆောင်းပါးကောင်းလေးများ ကိုသာ ရေးစေ၊ထည့်စေလိုပါတယ်။ ဥပမာ= ဆရာချိုတကူး(ကလေး) ရေးတဲ့ (လိုတာကို လိုသလောက် လိုတဲ့အချိန်ရနေရင်)ဆိုတဲ့ ဆောင်းပါး။ ဆရာစိုးဝင်းမြင့်(မန္တလေး) ရေးတဲ့ (ကျွန်တော်တို့တစ်တွေ အသိတရားဖြင့် သတိထားကာနေသင့်ပြီ) ဆိုတဲ့ ဆောင်းပါးတွေ လိုမျိုးကိုသာ ရေးသင့်ကြပါတယ်။
ပန်းချီဆရာ၊ ကဗျာဆရာ မြင့်ဇော်ဦးက တော့ ဒီနေ့တော့ ခွန်အားဖြည့်ပါ ဆိုတဲ့ ခေါင်းစဉ်လေးကို ပေးပြီး ဖတ်၊ မှတ်လာတာတွေကို ပြောပါရစေ ဟု စတင်ပြောဆိုလာပါတယ်…။
ကျွန်တော်နည်းနည်းလေး အချိန်ယူပြောပါရစေ.။ ကျွန်တော်ပေးထားတဲ့ ခေါင်းစဉ် အကြောင်းအရာလေးက ကျွန်တော့စကားဆုံးသွားရင် အဖြေပေါ်လာပါလိမ်မယ်..။ အဖြေပေါ်အောင်လည်း ကြိုးစားပြောဆိုပေးပါမယ်..။ ကျွန်တော်ပြောမယ့်အထဲမှာ ကဗျာက နှစ်ပုဒ်ပါ။ အဖွင့်၊အပိတ်မှာထည့်ပေးထားပါတယ်။ ကျွန်တော်ငယ်စဉ်ကာလက၊ အစ(၄)လုံး အလယ်(၃) အဆုံး(၅-၇-၂) ဆိုပြီး ကဗျာလင်္ကာပိုဒ်လေးတွေနဲ့ ကဗျာကို စတင်သင်ကြားရေးခဲ့ပါတယ်။ ပန်းချီမှာလည်း မူရင်းအရောင်းသုံးရောင်ရှိတယ်။ အနီး၊အဝေးကဘယ်လို စတဲ့ စည်းမျဉ်း၊စည်းကမ်းတွေနဲ့ သင်ကြားရေးဆွဲပြီး စာပေ၊ပန်းချီအနုပညာလုပ်ငန်းတွေ ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ကျွန်တော်တို့ဆယ်တန်း ကျောင်းသားဘ၀ကို ရောက်လာတော့ ရတု၊ရကန်၊လေးချိုး၊ဒွေးချိုး ခေတ်ကနေပြီး ဂန္ဓ၀င် မောင်ချိန့်တို့၊ မမတို့၊အောင်ဝေးတို့၊ထင်ရှုးပင်ရိပ် ဆရာသာနိုးတို့၊ စတဲ့ ဂန္ဓ၀င်အချစ်ကဗျာ(၁၀၀)တို့။ နောက်တော့ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မင်းလူတို့ စတဲ့ကျွန်တော်မမှတ်မိ၊ မသိခဲ့သေးတဲ့ ဆရာတွေက မော်ဒန်ဆိုတဲ့ကဗျာတွေ ကိုရေးသားလာပြန်ပါတယ်။ အဲဒီလိုဘဲ အဆိုတော်ခင်ဝမ်းတို့ကလည်း ကဗျာတွေကို သံစဉ်သွင်းပြီး သီဆိုပြလာပါတယ်။ အဆိုတော် စိုင်းထီးဆိုင်တို့ကလည်း ကဗျာသံစဉ်လေးတွေနဲ့ လှလှပပ နိုးဆော်သီဆိုလာကြပြန်ပါတယ်။ဂီတဆိုတာကလည်း လူမျိုးမရွေး၊ ဘာသာမရွေး တစ်ကမ္ဘာလုံး လူသားတိုင်းက လက်ခံလာကြတဲ့ဂီတအနုပညာပါဘဲ။ အဲဒီတုံးက စိုင်ထီးဆိုင်သီဆိုခဲ့တဲ့ သီချင်းလေးကို အမှတ်တရဆိုပြပါရစေ…။ (နေ၀င်ညကို ကူးဖြတ်ရဲမှ၊ ရောင်နီသာတဲ့၊ နေ့သစ်ကိုရောက်မယ်..။ ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ၊ တစ်ချိန်မှာ အောင်မြင်လွတ်မြောက်နိုင်မယ်လေ….။ သံသရာလမ်းဟာ မချောမွေ့တတ်တော့၊ ရင်ဆိုင်ရန်ခွန်အားပြည့်..၊ မိငယ်ရေ….။) ဒီသီချင်းလေးကတော့ နေ၀င်ညတွေကိုမဖြတ်ကျော်ခဲ့ပဲနဲ့ ရောင်ခြည်လာတဲ့နေ့သစ်ကို မရောက်နိုင်ကြသလို၊ အဟောင်းတွေက အသစ်မဖြစ်နိုင်ပေမယ့် အသစ်တွေကလည်း အဟောင်းတွေကို မပစ်ပယ်နိုင်ကြပါဘူး။ ဒါကြောင့် အဟောင်းသမားတွေကလည်း အသစ်တွေကို ကြိုဆိုကြရမှာပါ..။ အဲဒီတော့ ကဗျာရေးရာမှာပဲဖြစ်ဖြစ် ပန်းချီရေးရာမှာပဲဖြစ်ဖြစ် စည်းကမ်းတွေ၊ နည်းလမ်းတွေ၊ ကလနားတွေနဲ့ ရေးနေမယ်၊ ဖွဲ့နေကြမယ်ဆိုရင် ရေးတဲ့ကဗျာဆရာ ပန်းချီဆရာရဲ့ခံစားချက်တွေဟာ ပေါ့ရော့သွားလိမ်မယ်လို့ ကျွန်တော်ထင်မိပါတယ်။ ဘာပြုလို့လည်းဆိုရင်တော့ (၂၀၁၁ ခု၊ မတ်လထုတ် Youth မဂ္ဂဇင်းက ကဗျာဆရာ ရေနံ့သာမောင်ကျော်ညွှန့် ရဲ့(လိပ်ပြာမသန့်သူ) ဆိုတဲ့ ကဗျာလေးကို တင်ပြပေးပါရစေ..။ (ဗျိုင်းတစ်အုပ်က၊ လှိုင်းပုတ်တာကိုလန့်။ ချိုးတစ်အုပ်က ကြိုးလှုပ်တာလန့်။ စာတစ်အုပ်က ဖျာရုပ်တာလန့်။ သြော်..၊ လိပ်ပြာမသန့်၊ လိပ်ပြာလန့်၍၊ သွေးလန့်နေရရှာပါတကား..။) ဟာ ကောင်းလိုက်တာ ကဗျာဆရာရေးသွားတာလေးတွေ ကောင်းလိုက်တာလို့ ခံစားလိုက်မိပါတယ်။ ဒါပေမယ့်ဒီကဗျာမှာဆရာမောင်ကျော်ညွှန့် သူရေးချင်သလို ဆိုလိုရင်းကို ထိအောင် မရေးနိုင်ခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကိုယ့်လိပ်ပြာကို မသန့်လို့လန့်နေတယ်ဆိုရင် ဘာတွေကို လုပ်ခဲ့မိလို့၊ ဘာတွေကြောင့် မသန့်ရတာလဲ စတဲ့ ဒီကဗျာလေး အပေါ်မှာ လေးလေးနက်နက် စဉ်းစားမိခဲ့ပါတယ်။ နောက်တော့မှပဲ သြော်.. ကဗျာဆရာက ကာရံကိုငဲ့ပြီးရေးလိုက် ရတာပါလား လို့ ကောက်ချက်ချလိုက်မိပါတော့တယ်။ ဒီကဗျာအကြောင်း ထဲထဲဝင်ဝင်စဉ်းစား တွေးတောပြီး ခံစားနေတုံးမှာ ကျွန်တော့်သားတွေက DVD မှ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်ပါတယ်။ ဟစ်ဟော့သီချင်းပါ။ (လုပ်ခဲ့ပြီးတဲ့ ပုံစံ၊ ကျွန်တော်တို့ မလုပ်ပါ။ သူများတွေ တည်ထွင်တဲ့နောက်၊ ငါတို့မလိုက်ပါ။ မင်းသိရမယ့် အချက်…အချက်…။) ဟေး ဟား ဟား နဲ့ ဒီကောင်တွေသီချင်းကို နားမထောင်ချင်ပေမယ့် အနုပညာသမားတစ်ယောက်အနေနဲ့ ခံစားကြည့်ပေးမိလိုက်ပါတယ်။ သြော် ဟုတ်ပါ့လား သူများလုပ်တာတွေ ငါတို့မလုပ်ဘူး။ သူများတွေတည်ထွင်တဲ့နောက် ငါတို့မလိုက်ဘူး။ ငါတို့တည်ထွင်မယ် ဆိုတော့ ဒါသူတို့က ဟိုးတုံးက နာရီတွေ၊ စည်းဝါးတွေနဲ့သီချင်းတွေကို တော်လှန်နေတဲ့သီချင်းဘဲလို့ ကျွန်တော်သဘော ပေါက်သွားခဲ့ ပါတယ်။ ဒါနဲ့ ကျွန်တော်အတွေးတစ်ချက်ပွင့်သွားပြန်ပါတယ်။ ကဗျာဆရာတစ်ယောက်က ဘယ်လိုကာရံ၊ ဘယ်လိုသံစဉ်တွေနဲ့ရေးရမလဲ။ ဘယ်လိုအကြောင်းအရာ၊အချက်အလက်တွေကို အဓိကထားပြီး ခံစားရေးမလဲ။ ပန်းချီဆရာတစ်ယောက် အနေနဲ့ဆိုရင်လဲ အနီး၊အဝေးတွေ ပါဆက်တွေ၊ကွန်ပိုဇေးရှင်းတွေ၊ကာလာတွေကိုဖွဲ့ချိန်ပြီးမှ ရေးမလား။ အမြင်၊ အတွေ့အတိုင်းဘဲ ခံစားပြီးရေးရမလား။ စတဲ့ စဉ်းစားမိတာတွေကို ပန်းချီဆရာ အကိုကြီးမင်းသူကို ရင်ဖွင့်မေးမိပါတယ်။ အဲဒီတော့မှ အကိုကြီးမင်းသူကပြောပါတယ်..။ မဟုတ်ဘူးကွ မြင့်ဇော်ဦးရ၊ မင်းတွေးတောနေတာတွေကို ရှင်းသွားရအောင် ဒီကဗျာလေးကို ဖတ်ကြည့်စမ်းပါ။ ၂၀၀၇ ၊စက်တင်ဘာလထုတ်၊ ကလျှာမဂ္ဂဇင်းထဲက ကဗျာဆရာ မောင်သင်းဝေ ရေးတဲ့ (စားပွဲ) ဆိုတဲ့ကဗျာလေးပါကွာ..။ မင်း အသံထွက်ပြီးဖတ်ကြည့်လိုက်ပါလို့ ပြောပါတယ်။
*ကဗျာရေးမလို့ပါကွယ်၊ ငါ့စားပွဲကို ရှင်းလိုက်ကြပါ။ * လက်မ၊စင်တီမီတာနဲ့၊ တိုင်းထွာစရာ ပေတံများ၊ ဘေးဖယ်ထားလိုက်ကြပါ။ *ကမူး´ဆတ်´၊ မာ့က်စ်´ ပလေတို၊ ဆိုဖီစာအုပ်တွေမလိုပါဘူးကွယ်၊ ငါ့စားပွဲကို ရှင်းလိုက်ကြစမ်းပါ။ *ကဗျူပဒေသကျမ်း၊ က၀ိလက္ခဏသံပေါက်နဲ့၊ နောက်ဆုံးပေါ် ကဗျာအဘိဓာန်များ၊ ပြင်သစ်´ဂျာမန်´ အင်္ဂလန်´ အမေရိကန်က၊ ခုန်ပေါက်ကျော်လွှားလာတဲ့´လျှပ်ပေါ် လော်လည်တဲ့၊ စကားလုံးအသစ် အဆန်းများ၊ အားလုံးကို ဘေးဖယ်ထားကွယ်။ *ငါ့စာပွဲခင်း ဖြူလွှလွှမှာ၊ ထာဝရ သင်းကြည်တဲ့ အနီရောင်နှင်းဆီပွင့်များ၊ ဝေနေအောင်စိုက်ထားလိုက်ကြပါ၊ ဒါဆို လုံလောက်ပါပြီကွယ်..။
ဒီကဗျာလေးကို ဖတ်ကြည့်လိုက်တော့မှ ကျွန်တော်စဉ်းစားတွေးတောနေတာတွေကို ခေါင်းထဲမှာ တော်တော်ရှင်း သွားခဲ့ပါတယ်။ အနုပညာသမားဆိုတာ ဖြူစင်တဲ့ နှလုံးသားကို လက်ကိုင်ထားပြီး၊ ဖြူစင်တဲ့စေတနာများနဲ့ရေးကြမယ်ဆိုရင် ဖြူစင်တဲ့ ရသစာပေတွေ၊ ပန်းချီကားတွေပေါ်ထွန်းလာမှာပါ။ ဒါကြောင့် ခွန်အားဖြည့်ပါ လို့ပြောခဲ့တာပါ။ ဘယ်လို ခွန်အားဖြည့်ကြမည်လဲဆိုရင် ကျွန်တော်တို့မှာရှိနေတဲ့ အသိ၊ ကျွန်တော်တို့မှာ သိနေတဲ့အသိ၊ ကျွန်တော်တို့မှာ မြင်နေတဲ့ အမြင်တွေ၊ ကျွန်တော်တို့ဘ၀နဲ့ရင်းပြီး ရယူ ထားခဲ့တဲ့ အသိတရားတွေကို ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ထပြီး ရေးဖွဲ့ကြမယ်ဆိုရင် အများအတွက် အကျိုးပြုစေမယ့် ကောင်းတဲ့ကဗျာတစ်ပုဒ်၊ ကောင်းတဲ့စာတစ်ပုဒ်၊ ကောင်းတဲ့ပန်းချီကား တစ်ချပ်ဖြစ်လာအောင် ရေးသားကြပြီး ခွန်အားဖြည့်ကြပါ လို့ Shade စာပေ၀ိုင်းကတဆင့် ပြောကြားလိုက်ပါရစေခင်ဗျား..။
စိတ် အဟာရပြည့်ဝစေဖို့၊ ရှိတ်ဂျာနယ်ကို ဖတ်လို့၊ ဘ၀အတွက် သုတ၊ရသစုံတဲ့ ရှိတ်စာပေ၀ိုင်းသို့ သွားကြပါစို့..။
ရွှေလမ်းငွေလမ်းဝင်းကြည်

SHADE ဂျာနယ်၊ အတွဲ(၅)၊ အမှတ်(၁၇)မှ ကူးယူဖော်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စာပေ၀ိုင်း(၁၇) ini dipublish oleh shwelannwelanwinkyi pada hari Thursday, March 17, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စာပေ၀ိုင်း(၁၇)
 

0 comments: