`(၁၀) တန်းစာမေးပွဲဖြေဆိုရက်မှာ မကွေးမြို့တွင် လျှပ်စစ်မီးများ မကြာခဏပြတ်တောက်´ ယခုတော့ မီးအလှည့်ကျဖြတ်ထား



(၁၂-၃-၂၀၁၂) နေ့မှစ၍ အခြေခံအထက်တန်းစာမေးပွဲများ အား မြန်မာတစ်ပြည်လုံးစတင်ဖြေဆိုကြသည်။ မကွေးမြို့မှာ စာမေးပွဲဖြေဆိုရက်များတွင် လျှပ်စစ်မီးများပြတ်တောက်မှု မကြာ မကြာ ဖြစ်သည်။ ထို့ကြောင့် (၁၆-၃-၂၀၁၂)နေ့က အရေးပေါ် လျှပ်စစ်မီးပျက်လျှင် တိုင်ကြားသတင်းပို့ရန် ဌာနသို့ ကိုယ်တိုင်သွားရောက်စုံစမ်း မေးမြန်းခဲ့သည်။
`ဟုတ်ပါတယ် မီးပြတ်တာ(၃)ရက်တောင် မကပါဘူး။ တစ်ပါတ်လောက်ရှိနေပါပြီ။ ရန်ကုန် L.C.T ကနေ `လုပ်ရှပ်´ဆိုရင် မန်းကျီးကန် ဓာတ်အားခွဲရုံမှ `လုပ် ရှပ်´(လျှပ်စစ်ဝန်အားလျှော့ခြင်း) ခိုင်းလို့ ကျွန်တော်တို့က ထိမ်းပြီးမျှအောင် မီးဖြတ်နေရတာပါ။ စာမေးပွဲပြီးသွားရင် အခြေအနေက တစ်မျိုးပြောင်းသွားမယ်ထင်ပါတယ်။ (၁၀)တန်းစာမေးပွဲဖြေဆိုချိန် မှာကို ထိမ်းပေးနေရတာ ထိမ်းလို့ မရဘူးဖြစ်နေပါတယ်။ ဒီထက်မှ ဆိုးလာရင် ABC အုပ်စုခွဲပြီး အလှည့်ကျပေးရမှာပါ။ ယခုဟာက ဗေထိဆိုရင် ကျေးရွာ၊ မြသလွန်၊ မြို့ရှေ့၊တပ်ရင်း တပ်ဖွဲ့ တွေကိုဖြတ်ရပါတယ်။ ယခုဆိုရင် မြို့အနောက်က နည်းနည်းကောင်းနေပါတယ်။ ဒါတောင် မြို့အနောက်လိုင်းကို အောက်ဝေးတွေ လျှော့ထားပေးရတယ်။ ယခုဟာက `လုပ်ရှပ်´တွေကများလာလို့ မီးအားနည်းလာ တာပါ။ အလှည့်ကျဖြတ်တာလည်း မဟုတ်ပါဘူး။ အလဲဗင်းလိုင်း တစ်လိုင်းလုံးကို လျှော့ချပေးရပါတယ်..။´ ဟု တာဝန်ကျ လျှပ်စစ်ဝန်ထမ်းတစ်ဦးမှ ရှင်းပြပါသည်။
`ကျွန်တော်တို့ အောင်ချမ်းသာရပ်ကွက် ရန်ဝေး၊ရန်နိုင်၊ ရန်ကျော်ရပ်ကွက် (၁၀)လမ်းမှာ ဆိုရင် နေ့ရော ညပါ လျှပ်စစ်မီးအချိန်ပြည့်မပေးနိုင်တာကို လနဲ့ချီပြီး ကြာခဲ့ပါပြီဗျာ..။ မကွေးမှာ အပူချိန်ကလည်းများ လာတယ်။ မီးမလာတော့ ရေစက်တွေကလည်း ရေမောင်းလို့ မရဘူး။ ရေမရတော့ ယခုလို နွေကာလကြီးမှာ မီးဘေးအန္တရာယ်ကို တော်တော်စိုးရိမ် နေကြရပါတယ်။´ ဟု ရပ်ကွက်တွင်းမှ အသက်(၅၅)နှစ်ခန့် အမျိုးသားတစ်ဦးက ညီးညူပြီး ပြောဆိုပါသည်။ `` ကျမတို့ ကံကိုက ဆိုးပါတယ်ရှင်.. မကွေးမြို့မှာ လျှပ်စစ်မီး ကောင်းနေတာ ကြာနေပါပြီ..။ ယခု ကျမတို့ ၁၀ တန်းစာမေးပွဲ ဖြေဆိုတဲ့ရက်မှ လျှပ်စစ်မီးက လာလိုက် မလာလိုက်နဲ့ မီးမလာတဲ့ ညဆိုရင် ဖယောင်းတိုင်မီးနဲ့ စာကြည့်မယ်ဆိုတော့လဲ မီးလောင်မှာကို ကြောက်ရသေးတယ်။ လျှပ်စစ်မီးက ယခုလိုမပြတ်ဘဲ နှစ်နဲ့ချီပြီး၊ကောင်းလာခဲ့ကြတော့ အရင်တုန်းက ဆောင်ထားခဲ့တဲ့ အင်ဗာတာနဲ့ ဗက်ထရီအိုးတွေကလည်း ပျက်ကုန်ပါပြီ..။ ဒါနဲ့ ရွာတွေမှာသုံးတဲ့ LCD မီးလုံးမီအိမ်လေးတွေကို သုံးတော့လည်း မျက်စေ့ပျက်ကုန်မှာ စိုးရပါတယ်။ ယခုလိုစာမေးပွဲရက်ကြီးမှာ မီးက မလာတော့ ကျမတို့ စာကြည့်ရတာ တော်တော်ဒုက္ခရောက်ကြရပါတယ်´´ဟု မကွေးမြို့ ရန်မျိုးနိုင်ရပ်ကွက်နေ (၁၀)တန်းစာမေးပွဲ ဖြေဆိုနေသူ ကျောင်းသူတစ်ဦးက ပြောဆို၍ သတင်းရယူခဲ့ပါသည်။
ယခုတော့ ဆယ်တန်းစာမေးပွဲလည်းပြီး မီးက ပိုဆိုးတယ်။ အလှည့်ကျလည်းမဟုတ် တော်တော်ကို ဆိုးနေပါတယ်။ နွေရာသီမှာ မီးမလာတော့ ရေကရှား မီးလောင်မှာကြောက်နေရတယ်။ မဲထည့်ခါနီးလို့ လျှပ်စစ်မီးဖြတ်ထားတယ်ထင်ပါတယ် လို့ အမျိုးသားတစ်ဦးက ပြောဆိုပါသည်။
 

0 comments: