( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ မကွေးတိုင်းဒေသကြီး




( ဒုတိယအကြိမ်)အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ
မကွေးတိုင်းဒေသကြီး
(၈-၃-၂၀၁၂) နေ့ နံက်(၉)နာရီ မှ ညနေ(၄)နာရီအထိ မကွေးမြို့ မြို့တော်ခမ်းမ တွင် (ဒုတိယအကြိမ်) အိမ်ထောင်စု စားဝတ်နေရေး ဘက်စုံလေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်းသတင်းရရှိသည်။ ယင်းအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်(၆၄)ဦး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်(၄)ဦး၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ(၄၇)ဦး၊ အထွေထွေ အုပ်ချုပ်ရေးမှူး(၁၈)ဦး၊ ကမ္ဘာ့ကုလသမဂ္ဂကိုယ်စားလှယ် အလှူရှင်နှင့် တာဝန်ရှိသူများ(၁၄)ဦး၊ ဖိတ်ကြားထားသော လုပ်ငန်းရှင်(၂)ဦး။ သတင်းနှင့် စာနယ်ဇင်းမှ(၁)ဦး၊ NGO အဖွဲ့များမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ(၂၈)ဦး၊ စုစုပေါင်း (၁၈၉) ဦးတက်ရောက်ကြောင်း သိရသည်။
ယင်း အခမ်းအနားအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း မှ အမှာစကားပြောကြားဖွင့်လှစ်၏။ ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ မိတ်ဆက်အမှာစကားပြောကြား၍ မှတ်တမ်း ဓာတ်ပုံများရိုက်ပြီး အစည်းအဝေး ပထမပိုင်းကို (၁၅)မိနစ် ခေတ္တရပ်နားသည်။ ဒုတိယအကြိမ် ပြန်လည်ကျင်းပရာတွင်ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ IHLCA နည်းပညာယူနစ်ကို ဦးဥာဏ်လင်း က ဆင်းရဲနွမ်းပါးမှု အခြေအနေလေ့လာတင်ပြ ချက်များကို တင်ပြဆွေးနွေးသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ မှ (အလုပ်သမားများလုပ်ခ၊ ၀န်ထမ်းများလခ တိုးပေးရေးကိစ္စများ)မှ သိလိုသည်များကို စတင်မေးမြန်းဆွေးနွေး၍ တက်ရောက်လာသူ (၃) ဦးတို့မှလည်း သိလိုသည်များ အား ဆက်လက်မေးမြန်းဆွေးနွေးကြသည်။ နေ့(၁၂)နာရီ တွင် အစည်းအဝေးကို မိနစ်(၃၀) ခေတ္တရပ်နား၍ နေ့လည်စာထမင်းဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ယင်းဆွေးနွေးပွဲအား တတိယအကြိမ်ပြန်လည်ကျင်းပရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွင့်ဖြိုးမှုအစီအစဉ် IHLCA နည်းပညာ ယူနစ်မှ (ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင်ဆိုင်ရာ သတင်းအချက်အလက်) အကြောင်းအရာများကို ဒေါ်မျိုးနွယ် နှင့် ဒေါက်တာဒေါ်စန်းကြည်တို့က အသေးစိတ် တင်ပြဆွေးနွေးကြ၏။ တက်လာကြသူများထဲမှ ပါမောက္ခချုပ်(၂) ဦးနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့က သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးကြပါသည်။ ထို့နောက် အစည်းအဝေးကို ခေတ္တ (၁၅)မိနစ် ခေတ္တရပ်နားပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို စတုထ္ထအကြိမ်ပြန်လည် ကျင်းပရာတွင် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် IHLCA နည်းပညာယူနစ်မှ အရည်အသွေးနှင့် နည်းပညာဆိုင် ရာအချက်အလက်များကို ဦးဥာဏ်လင်းက အသေးစိတ် ရှင်းလင်းတင်ပြဆွေးနွေးသည်။ ထို့နောက် IHLCA နည်းပညာယူနစ်များအား အသုံးပြုနိုင်မှုကို ဒေါ်မျိုးနွယ် မှ ဆက်လက် ရှင်းလင်းတင်ပြသည်။တက်ရောက်သူများထဲမှ အပြန်အလှန်မေးမြန်းဆွေးနွေးကြပါသည်။ထို့နောက်ကမ္ဘာ့ကုလ သမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်ရုံးမှ ဌာနေကိုယ်စားလှယ် ဦးမင်းထွဋ်ယဉ် မှ ကျေးဇူးတင်စကားပြောကြား၏။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/စီးပွားဝန်ကြီး ဦးမြင့်နိုင် မှ နိဂုံးချုပ် အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲအား ညနေ(၄)နာရီတွင် အခမ်းအနားကို ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

ဝိုင်းကြည်အောင်

မြန်မာပို့စ် သတင်းဂျာနယ်မှ ကူးယူဖော်ပြပါသည်။
 

0 comments: