
မင်းဘူး ဖေဖော်ဝါရီ ၁၈
နိုင်ငံတော်၏ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေရှိသည့် အများပြည်သူများအား ၀န်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ပြန်ကြားရေး ၀န်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနများသည် အများပြည်သူ စုဝေးနားခိုသည့် နေရာများတွင် စာပေရေချမ်းစင်များ ထူထောင်ဖွင့်လှစ်ပေးခြင်းဖြင့် အများပြည်သူကို ၀န်ဆောင်မှုပေးနေလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးစိုက်ရာ မြို့များတွင် စာပေရေချမ်းစင်(အကြီး)နှင့် စာပေရေချမ်းစင်(ငယ်)များ အောင်မြင်စွာ ဖွင့်လှစ်ပေးလျက်ရှိရာ အများပြည်သူများ အထူးစိတ်ဝင်စား လျက်ရှိသည်ကို တွေ့ရှိရသည်။
မင်းဘူးခရိုင် မင်းဘူးမြို့နယ် အဝေးပြေးကားကြီးကွင်းအတွင်း စာပေရေချမ်းစင်အကြီးကို နေ့စဉ် (ပိတ်ရက်မရှိ) ဖွင့်လှစ်ပေးထားပြီး၊ နေ့စဉ်ထုတ် သတင်းစာများအပါဝင် ၊အပတ်စဉ်ထုတ် ဂျာနယ်များ၊လစဉ်ထုတ် မဂ္ဂဇင်းများ၊ သုတ/ရသ စာအုပ်များကို အချိန်မှန် လဲလှယ် ဖြည့်ဆည်း ပေးနေသဖြင့် အဝေးပြေးကားကွင်းမှ ခရီးသွားပြည်သူများ ကားထွက်ချိန်စောင့်ဆိုင်းရင်း စာအုပ်/ စာစောင်များ ဖတ်ရှုနေရ၍ များစွာ ၀မ်းမြောက်ပျော်ရွှင်လျက်ရှိသည်။
အချို့ ခရီးသွားပြည်သူများသည် ဖတ်ရှုပြီး ဂျာနယ်/စာစောင်များကိုလည်း စာပေဒါနအဖြစ် စာပေရေချမ်းစဉ်တွင် လှူဒန်းထားရှိ ခဲ့သည်။
မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံးများအပါဝင် လူစည်းကာရာ နေရာများဖြစ်သော ဈေး ၊ဆေးရုံ၊ ငွေထုတ်ငွေချးဘဏ် နှင့် ကုန်တင်/ကုန်ချ ဆိပ်ကမ်းတို့တွင် စာပေရေချမ်းစင်(အငယ်)များ ဖွင့်လှစ်ပေးထားပြီး လစဉ် စာအုပ်စာစောင်များကို အသစ်လဲလှယ်ပေးလျက်ရှိသည်။
မင်းဘူးမြို့ မျက်စိအထူးကုဆေးရုံတွင် စာပေရေချမ်းစင်ဖွင့်လှစ်ပေးထားရာ လူနာစောင့် ပြည်သူများ ဖတ်ရှုအားပေးမှုများလာသဖြင့် တာဝန်ကျ ဆရာဝန်မှ ကုသိုလ်ဖြစ် စာပေရေချမ်းစင် (ပုံစံတူ)ပြုလုပ်၍ ဆေးရုံအပေါ်ထပ်နှင့် အောက်ထပ်ခွဲ၍ ထပ်မံတိုးပွားဖွင့်လှစ်ပေးလျက်ရှိသည်။
ကုန်တင်/ကုန်ချ ဆိပ်ကမ်းမှ အလုပ်သမားပြည်သူတစ်ဦးက ယခုလို အောက်ခြေလူထုဆီ အရောက် နိုင်ငံတော်မှ ၀န်ဆောင်မှုပေးနေတာ အရမ်းဝမ်းသာမိပါတယ်။ အားလပ်တဲ့အချိန်မှာ စာပေ ဖတ်ရှုနေရ၍ ဗဟုသုတ အသိပညာလည်းတိုးပွား ကိုယ့်အတွက်လည်း များစွာ အကျိုးရှိလို့ စီစဉ်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေကို အထူးကျေးဇူးတင်ပါတယ် ဟု ပြောကြားသည်ကို သိရှိခဲ့ရ၍ စာအုပ်အသစ်လဲလှယ်ရန် ရောက်ရှိလာသော ကျွန်တော်ပါ ရေချမ်းစင်မှ ရေအေးလေး တစ်ခွက်သောက်လိုက်ရသည့်ပမာ ရင်မှာ အေးမြ သွားခဲ့ရသည်။
တင်ထွန်းဦး (IPRD)
သတင်းပေးပို့သူ ဦးတင်ထွန်းဦး
0 comments:
Post a Comment