`ဂျာနယ် ပူပူ ဆူဆူလေး…´

`ဂျာနယ် ပူပူ ဆူဆူလေး…´
ဂျာနယ်ရုံးခွဲ သတင်းတာဝန်ခံ၊ ဖြန့်ချိရေးတာဝန်ခံဘ၀ရဲ့ အဖြစ်စုံ သနှစ်စုံလေးတွေကို အနည်းငယ်ရင်ဖွင့်လိုပါတယ်။ သူများဂျာနယ်တွေက နယ်တွေကို ၂/၃ ရက်စောပြီးကြိုရောက်ကြပါတယ်။ ကျွန်တော်တို့ဂျာနယ်ကတော့ ဗုဒ္ဓဟူးနေ့ထွက် တာ ကြာသာပတေး / သောကြာနေ့မှ နယ်ကိုရောက်လာပါတယ်။ဂျာနယ်ထွက်ရက်ကနောက်ကျရတဲ့ အထဲမှာ ဂျာနယ်ထုတ်ကို ညထွက်တဲ့ကားကိုတင်ပို့ပေးတာ ဂိတ်မှူးကမေ့နေလို့ နောက်တစ်နေ့ နံနက်ကားနဲ့ပို့တော့ သောကြာနေ့၊ညနေမှရောက်ပါတယ်။ အဲဒီကားဂိတ်က တစ်မိန့်တစ်သံတည်း အဆင့်ဆင့်တာဝန်ပေးထားတဲ့ မန္တလေး၊မကွေးလိုင်း ကားဂိတ်(မကွေး)မှာပါ။ ဆက်ဆံရေးကတော့ ကျွန်တော်တို့အပေါ်မှာ ပြောဆိုတာတွေက အလွန်ညံ့ ပြီး ရိုင်းစိုင်းကြပါတယ်။ တစ်လောက မန္တလေးပြန်တဲ့ စာရေးဆရာ ဆရာတော်တစ်ပါးနဲ့ အယ်ဒီတာချုပ်တစ်ဦးကို ကျွန်တော်တို့အဖွဲ့က လိုက်ပို့ပါတယ်။ ဧည့်သည်များကို ကားဂိတ်ထိ လိုက်ပို့တဲ့အဖွဲ့ထဲမှာ ဆရာတော်တစ်ပါးနဲ့ သက်ကြီးစာနယ်ဇင်းဆရာများ လည်းပါကြပါတယ်။ ဂိတ်မှူးဖြစ်သူ ခရီးသည်စစ်ဆေးတင်နေသူတစ်ဦးက ရိုင်းပြစွာမေးမြန် ပြောဆိုခံလိုက်ရပါတယ်။ ကားဘေးမှာ ရပ်နေတဲ့ ကျွန်တော်တို့အဖွဲ့ကို လက်ညှိးငေါက်ငေါက်ထိုးပြီး..( ဒီဟာ တွေကဘယ်ကိုလိုက်ကြမှာလဲ..?) တဲ့ဗျာ..။(ယခင်ကလည်း ဂျာနယ်မှာ ဖော်ပြထားခဲ့ပြီး။) ဒါပေမယ့် ဒီလောက်ဆိုးတဲ့လင် ကို မကွာနိုင်ဘူး ဆိုတဲ့စကားလိုဖြစ်နေပါပြီ..။ ကျွန်တော်တို့ အယ်ဒီတာချုပ်ကလည်း ဒီကားဂိတ်နဲ့ပဲ အပတ်စဉ်ဂျာနယ် ထုတ်ကို ပို့ပေးနေပါတယ်။ ယခု တစ်နှစ်ပြည့်ပါတော့မယ်။ ကြာသာပတေး/ သောကြာနေ့တိုင်း ကျွန်တော်ကိုယ်တိုင် သွားသွားယူတာပါ။ ဂိတ်ကိုလည်း မကြာမကြာ ဂျာနယ်တစ်စောင် လက်ဆောင်ပေးပါတယ်။ ယူနေကျ ကျွန်တော်မျက်ခွက်ကြီးကို သူတို့သိနေကြပါတယ်။ ဒါကိုဘဲ မှတ်ပုံတင်ပြခိုင်းနေပါတယ်။ မိုးကလည်းရွာ ဂျာနယ်ကလည်း အရောက်နောက်ကြတဲ့တစ်ရက်မှာ ထုံးစံအတိုင်းဂျာနယ်ထုတ်ကို သွားယူပါတယ်။ ဂိတ်မှာ ပစ္စည်းပေးတဲ့ တာဝန်ခံကောင်လေးက တယ်လီဖုန်းပြောပြီး အခြားတစ်ဘက်နဲ့ကြူနေပါတယ်။ အချိန်(၁၀)မိနစ်လောက်ကြာ အောင် စောင့်ခဲ့ရပါတယ်။ အပတ်စဉ် ဂျာနယ်ထုတ်လာယူနေကျ ကျွန်တော်ကို မှတ်ပုံတင်ပြခိုင်းပြီး ပစ္စည်းထုတ်တဲ့ လက်ခံစာအုပ်မှာ ကိုယ်တိုင်နာမည်ရေးပါ၊ မှတ်ပုံတင်နံပါတ် ရေးပါ၊ ပြီးရင် လက်မှတ်ထိုးပါ ဆိုလာပါတယ်။ `ဟာ့ ငါ့တူရ ဦးက အပတ်စဉ်လာယူနေကျပါ။ မင်းတို့ဂိတ်ကိုလည်း ဂျာနယ်ဖတ်ဖို့ ပေးနေသူပါကွာ..။ မင်းမယုံလို့ မှတ်ပုံတင်စစ်တာ ငါပြပြီးပြီ..။ မင်းစာအုပ်ထဲမှာ မင်းဖာသာ ရေးမှတ်လေကွာ..၊ ပြီးရင် ငါ့လက်မှတ်ထိုးပေးမယ်လေ..။ ငါ့ဖာသာရေးတော့ မှတ်ပုံတင်နံပတ် မှားနဲ့ အမည်မှားရေးခဲ့ရင် မင်းဘယ်လိုလုပ်မလဲ..။ ငါ မရေးနိုင်ဘူး။ မင်းမှတ်ချင်မှတ်၊ မမှတ်ချင်နေပါ လို့ ´ ကျွန်တော်ကဆိုလိုက်ပါတယ်။ ဒါပေမယ့်မရပါ။ တစ်ဘက်ခန်းက အသက်ကြီးတဲ့ ဂိတ်မှူးတစ်ဦးဆီ ကောင်လေးက စစ်ကူသွားတောင်းပါတယ်။ အဲဒီဂိတ်မှူးကလည်း အသက်ကြီးသော်လည်း ကြားဖြန်မပေးပါဘူး။ သူကလည်း လေပေါက်ဆိုးဆိုးနဲ့ ` ကျွန်တော်တို့ဂိတ်က အထက်လူကြီးတွေခိုင်းတဲ့ အတိုင်းလုပ်ရတာ၊ ပစ္စည်းလိုချင်ရင် ကျွန်တော်တို့ ပြောတဲ့အတိုင်း စာအုပ်ထဲမှာကိုယ်တိုင်ရေးပါ၊ လက်မှတ်ထိုးပေးပါ၊ ထုံးစံအတိုင်းဘဲ´ လို့ ဘုဆတ်ဆတ်ပြောပါ တယ်။ ကျွန်တော်လည်း စိတ်မဆိုးပါဘူးဆိုပေမယ့် ကျွဲမြည်းတိုပါတယ်။ ဒါပေမယ့် ဂျာနယ်တွေက အချိန်မှီ ဖြန့်ချိရမှာဆိုတော့ အရှုံးပေးပြီး ယူလာခဲ့ရပါတယ်။ (သြော် ငါတို့က မင်းတို့ရဲ့တရားခံတွေမဟုတ်ပါဘူး..၊ မင်းတို့ကားဂိတ်ကို အမြဲထမင်းကျွေး နေတဲ့ ထမင်းရှင်တွေပါကွာ..လို့ ရင်ထဲက စကားပြောနေရပါတယ်..။)
ဂျာနယ်တွေကိုယူပြီး မြို့ပေါ်ကဂျာနယ်ရောင်းတဲ့ဆိုင်တွေကို (မကုန်ရင်ပြန်ပေး) စနစ်နဲ့ တစ်ပတ်တင်ပေးထားပါတယ်။ အသစ်ပေး အဟောင်းရှင်းစနစ်ဖြစ်ပါတယ်။ ဂျာနယ်ဆိုင်များက `ရှင်တို့ဂျာနယ် ကြေညာထားတဲ့ ဗုဒ္ဓဟူးနေ့ မထွက်နိုင်ရင်လဲ သောကြာနေ့သာ ပြောင်းလိုက်ပါရှင်..။ ကျွန်မတို့မှာ ဟိုကလာမေး ဒီကလာမေးနဲ့ ပြန်လွှတ်ရတာ သိပ်ကို အားနာဖို့ကောင်းလှပါပြီ..´။ လို့ ပြောကြပါတယ်။ ကျွန်တော်မှာ ဆိုင်ကယ်တိုက်ထားတဲ့ ညာခြေတစ်ဖက် ထော့နင်း ထော့နင်းနဲ့ အားတင်းပြီး ဂျာနယ်ပို့နေရတာပါ။ ဂျာနယ်ဆိုင်တွေက ကျွန်တော့်ရင်ဝကို စုံကန်သလို အပြောခံလိုက်ရပြန် ပါတယ်။ အင်း သူတို့ပြောတာလဲ ဟုတ်ပေသားပဲလေ..။ ဗုဒ္ဓဟူးနေ့ထွက်ဖြစ်ရင် အခြားဂျာနယ်တွေကနည်းပါတယ်။ ဒါကြောင့် မရောင်းရတဲ့ဂျာနယ်ပြန်ပေးရင် နည်းတာ အမှန်ပါ။ ဂျာနယ်ထွက်ရက်နောက်ကျရင်တော့ ပြန်ပေးခံရတဲ့ ဂျာနယ်တွေ ပုံနေပြီသာမှတ် ပေရော့..။ အင်း.. ကြိုးစားပန်းစားနဲ့ ကိုယ်တိုင်လိုက်ပို့ထားပြီး မရောင်းရလို့ ပြန်ဝင်များတော့လည်း ဂျာနယ်တိုက်အတွက် ရင်မောရပြန်ပါတယ်။ ဂျာနယ်ကို လပေးကြိုယူသူ ဆရာတစ်ဦးဆီရောက် ပြန်ပါတယ်။သူပေးပို့ထားတဲ့ သတင်းအကြောင်း အရာတစ်မျိုး တည်းကို တစ်ပုဒ်ပဲဂျာနယ်မှာ ဖော်ပြပေးလို့ ကျန်တဲ့ သတင်းနှစ်ပုဒ်ကို မပါလာလို့ ရန်လုပ်နေပြန်ပါတယ်။(သူ့ကို တောင်းပန်၍ပြန်ထွက်ခဲ့ပါတယ်။) နောက် ဆရာတစ်ဦးရဲ့ အိမ်သို့ဝင်ခဲ့ပါတယ်။ အဲဒီဆရာကလည်း အယ်ဒီတာချုပ်လာတုံးက ကျွန်တော်ဂျာနယ်စောင်ရေ (၂၅/၃၀) ဖြန့်ပေးပါမယ် ဆိုတဲ့ဆရာပါ။ သူ့အိမ်ကို အပတ်စဉ် ဂျာနယ်သွားပို့ပါတယ်။ သူ့ဆောင်းပါတွေကို ဂျာနယ်မှာသုံးပေးစဉ်ကတော့ ပြောတဲ့အတိုင်း ဂျာနယ်တွေကို ဖြန့်ပေးပါတယ်။ သူ့ဆောင်းပါး တွေလည်း မပါတော့ ဂျာနယ်(၂၅)စောင်က နေ(၂၀)၊(၁၅)၊(၁၀)၊(၅) စောင်အထိ လျှော့လျှော့သွားပါတယ်။ ပိုဆိုးတာက ဂျာနယ်ပို့သူကျွန်တော့်ရဲ့ ရင်ဝကို ဆောင့်ကန်သလို စကားနဲ့ ဆိုလိုက်ပြန်ပါတယ်။ ` ခင်ဗျားတို့ ဂျာနယ်က အလကားပေးတာတောင် ယူမယ့်သူတွေက ရှောင်ဖယ်ဖယ်ဖြစ်နေကြတယ်..´။ တဲ့ဗျာ..။ကောင်းရော..။ ပြီးတော့ ရုံးခွဲ သတင်းတာဝန်ခံ ကျွန်တော်က သူ့ဆောင်းပါးတွေ မသုံးစေချင်လို့ အယ်ဒီတာချုပ်ကို ဂတုံးကတိုက် လုပ်တယ်တဲ့။ စာမူတွေကို အကုန်ပို့မပေးဘူး ထင်တယ် လို့ အခြားမိတ်ဆွေများကို မကောင်းသတင်းပြောဆိုပြန်သတဲ့။ ဖြစ်မှဖြစ်ရပလေ..။(ကိုယ်က အခမဲ့ ၀ါသနာနဲ့ လုပ်နေသူပါဗျာ..။)
ဟော တစ်ပတ်(၁၀) စောင်၊ လက်ဆောင်(၂) စောင်ပို့တဲ့ မြို့က ဆရာတွေကလည်း သူတို့မြို့က သတင်း၊ ဆောင်းပါး စာမူတွေမပါလို့ ဖုန်းနဲ့ တစာစာ ဂျီကျပြောဆိုကြပြန်ပါတယ်။ ဂျာနယ်တွေကိုပို့တာ အမြန်ချောက တစ်ပတ်ကြာလို့ ရောင်းလို့ခက်တဲ့အကြောင်း၊ ငွေလွှဲခ ဈေးများကြောင်း စာ ခဏခဏရေးသားပေးပို့ပြန်ပါတယ်။ (ဆရာတို့ဆီကို အမြန်ချောပို့ ၅၅၀ိ/ နဲ့ လက်စောင်ရောဆိုရင် အရှုံးးခံပြီး ပို့ပေးနေရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဂျာနယ် ပြန့်နှံ့ရေးကိုသာ အဓိကထားရပါ ကြောင်း သူတို့သိအောင် ပြောရပါတယ်။) နောက်အုပ်စုဖြစ်တဲ့ ဂျာနယ်တစ်ဆောင်မှ မ၀ယ်ကြပဲ လက်ဆောင်ရရင်သာ ယူကြတဲ့ ဆရာတွေကလည်း သူတို့ပို့ထားတဲ့ သတင်း၊ ဆောင်းပါများ မပါလာလို့ အခေါက်ခေါက်အခါခါဂျီကျပြီး ပြောဆိုနေကြပြန် တယ်။ ပထမတော့ အားနာလို့ လက်ဖက်ရည်ဆိုင်ကို ခေါ်ပြီး ဧည့်ခံလို့ ချော့ပါသေးတယ်။ နောက်တော့ သူတို့ရဲ့ ဂျီကျတာကိုမခံနိုင်တော့ပါ။လာတဲ့သူတွေကို ဂျာနယ်ရုံးခွဲမှာပဲ ဂျာနယ်တစ်စောင်စီ လက်ဆောင်ပေးပြီး ချော့လိုက်ရပါတယ်။( စာမူရွေးတာ အယ်ဒီတာချုပ်အလုပ်ပါ။ ကျွန်တော်က မေးလ်ပို့ပေးသူပါဗျာ..။)
ဂျာနယ်မှာ ရံဖန် ရံခါ စာရေးတဲ့ ဆရာကြီးတစ်ဦးထံ ဂျာနယ်လက်ဆောင်သွားပေးပါတယ်။ သူ့ဆောင်းပါတွေ အားလုံမပါသေးလို့ ကျွန်တော့်ကိုမေးပါတယ်။ ဆရာ့ဆောင်းပါးတွေက တော်တော်ရှည်နေပါတယ်။ တိုတိုရေးပေးပါလို့ အဖြစ်မှန်ကို ပြောခဲ့မိလို့ သူ့အိမ်သွားတိုင်းကော်ဖီတိုက်နေကြ၊ ယခုတော့ ရေနွေးကြမ်းတောင်မသောက်ရတော့ပါ။ (ရေနွေးမဆူ သေးဘူးတဲ့..။) အဲဒီအိမ်ကအထွက်မှာ မဆလ ခေတ်တုံးက တရားသူကြီးလုပ်ခဲ့သူ ကျွန်တော့်ဦးလေးနဲ့ လမ်းမှာ တွေ့ပါတယ်။ ကျွန်တော့်ကို ဘာလုပ်နေတာလဲ မေးပါတယ်။ ကျွန်တော်ကလည်း ၀ါသနာပါတဲ့ ဂျာနယ်သတင်းတာဝန်ခံ၊ ဂျာနယ်ရုံးခွဲဖွင့်ပြီး ယခု ဂျာနယ်တွေကို လိုက်ပို့နေပါကြောင်း ဖြေပါတယ်။ မင်းသတင်းတာဝန်ခံ လခက ဘယ်လောက်ရလဲ။ ရုံးဖွင့်တာက လခဘယ်လောက်ရလဲ မေးပါတော့တယ်။ ကျွန်တော်က ၀ါသနာပါလို့ စေတနာဝန်ထမ်း အလကားလုပ်နေပါတယ်.. လို့ပြောလိုက်မိပါတယ်။ (မင်းကို ဦးလေးတစ်ယောက်အနေနဲ့ ပြောမယ်.။ မင်းက အရင်စီးပွားရေးလုပ်ငန်းများမှာ အောင်မြင်သူတစ်ဦးဖြစ်ခဲ့တာပါ။ မင်း အရင်လို စီးပွားရေးတွေကို ပြန်လုပ်ပါကွာ..။ ၀ါသနာပါတာကိုဖြုတ်ချလိုက်ပါ။ ဒီခေတ်ကြီးထဲမှာ ငွေမရပဲ လုပ်နေတာ မင်းတစ်ယောက်သာ ငါမြင်ဘူးတယ်.။ မင်း အိမ်ကမင်းကို မပြောရဲလို့၊ ငါ့ကို အပြောခိုင်းနေတာကြာပါပြီ..။ မင်း ကိုကြည့်ပြီး မင်းသားသမီးတွေက မျက်ရည်ကျ နေကြတယ်ငါ့တူရယ်။ စီးပွားရေးတွေကို ဇောက်ချပြီး အရင်ကလို မင်းပြန်လုပ်စမ်းပါ ငါ့တူရာ..၊) တဲ့ ။ လမ်းလယ်ခေါင်းကြီးမှာ ဦးလေးတရားသူကြီးဟောင်းက မိုးရွာရွာမှာ ထီးဆောင်းပြီး တရားချနေပြန်ပါတယ်..။ ကျွန်တော်ကလည်းနေပူပူ၊မိုးရွာရွာထဲမှာ ဂျာနယ်ပို့ဖို့ ပြေးပြေးလွှားလွှား သွားလာနေရတာကို မောရ ပန်းရမှန်းမသိ၊ ထာဝရပျော်ရွင်ကြေနပ်နေသူပါ။ လူအထင်သေးတာ အထင်ကြီးကြတာတွေကို လုံးဝမမှုပါ။ လူဆိုတာ ကိုယ်ယုံကြည်ရာ ၀ါသနာပါတာ တစ်ခုခုကို လုပ်နေရရင် ကျွန်တော်လိုပဲ ဘ၀မှာပျော်နေကြမယ်ထင်ပါတယ်။ ဒါပေမယ့်ဗျာ…ဦးလေးရဲ့ပြော စကားကြောင့် အဆိုတော် ဓနုဖြူစိုးသိန်း သီးချင်းကိုသာ အော်၍ဆိုပြီး ဂျာနယ်ရုံးခွဲသို့ ပြန်လာခဲ့ပါတော့တယ်..။
( ``စာရေးကြီးလို့၊ အဝေး အနီးက အများတကာခေါ် ကလေးအနှီးကိုင်ကာလျှော်..သွေးမကြီးနိုင်ပါသနော်..။ ရုံးမှာနေ..မျက်နှာမရ၊ အိမ်မှာနေ မျက်နှာမလှ၊ ကျုပ်ဘ၀ ဒုက္ခပါပဲနော်…၊ ကျုပ်ဘ၀ ဒုက္ခပါပဲနော်…´´။)

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel `ဂျာနယ် ပူပူ ဆူဆူလေး…´ ini dipublish oleh shwelannwelanwinkyi pada hari Friday, September 9, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan `ဂျာနယ် ပူပူ ဆူဆူလေး…´
 

0 comments: