မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၀)




Shade40
မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၀)
၂၁-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ၀ိုင်းဖွဲ့ပေါင်းဆုံဖြစ်ကြပါတယ်။ လက်ရွေးစင် အအေးဆိုင်ဆိုသော်လည်း ရေနွေးကြမ်း(လိုသလောက်) နဲ့ ကော်ပြန့်ကျော်၊ ကော်ဖီမစ်၊ တီးမစ်များနဲ့ ဆီချက်ခေါက်ဆွဲများလည်းရတော့ ကျွန်တော်တို့ SHADE စာပေ၀ိုင်းအတွက် အဆင်ပြေကောင်းမွန်ပါတယ်။ SHADE စာပေ၀ိုင်း(၄၀)ကြိမ်မြောက်ဖြစ်ပါတယ်။ ယခုနေရာသစ်မှာ မကွေးမြို့လယ်ကျတော့ လူစုံတက်စုံ လာရောက်ကြပါတယ်။ ဧည့်သည်တော်အသစ် တက်ရောက်သူများကတော့ စာရေးဆရာ ဦးမြင့်သူ(မကွေး)၊ ပန်းချီဆရာ ကိုအေးငြိမ်း၊ ကားပိုင်ရှင် ကိုဇော်တို့ ဖြစ်ကြပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာ ဇော်မင်းကြည်၊ကာတွန်းဆရာမောင်အေး(မင်းဘူး) (ခ) ဖရဲသီး၊ ပန်းချီဆရာမင်းသူ၊ ပန်းချီဆရာ မြင့်ဇော်ဦး၊ ဆရာနေခြည်(မကွေး)၊ ဆရာ တက္ကသိုလ်ရည်ရွယ်၊ ဆရာလူဦးဇင်(မကွေး)၊ ဆရာဇော်မြင့်ဇော်(ဗန္ဓရ)၊ ပန်းချီဆရာ ဒီဇိုင်းဆရာ ကိုနိုင်ဝင်းနဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်(၁၇-၈-၂၀၁၁)နေ့က SHADE ဂျာနယ်က တစ်ပတ်နားလိုက်တော့ မကွေးမြို့မှာ ရုံးကဂျာနယ်အပိတ် ခံရတယ်လို့ ကောဠ ဟာဠတွေထွက်နေ ပြောနေကြတော့ SHADE ကို စာဖတ်သူတွေက တော်တော်အာရုံစိုက်ပြီး မေးနေကြပါတယ်။ နေ့စဉ်ထုတ်သတင်းစာများရဲ့ အချပ်ပိုတွင် SHADE ဂျာနယ်ကြော်ငြာကလည်းပါလာပြီး ဂျာနယ်က ထွက်မလာတော့ SHADE မကွေးရုံးခွဲကို ဖုန်းနဲ့ တစ်မျိုး၊ လူကိုယ်တိုင်တစ်သွယ် အမေးခံနေရပြန်ပါတယ်။ ယခုလို SHADE ဂျာနယ်အပေါ် သံယောဇဉ်ကြီးကြတဲ့ SHADE စာဖတ်သူများကို အထူးကျေးဇူးတင်ရှိပါကြောင်း SHADE စာပေ၀ိုင်းတော်သားများက အထူးမှတ်တမ်းတင်လိုက်ရပါတယ်။ ( SHADE ဂျာနယ်ကို ရုံးကပိတ်တာ လုံးဝမဟုတ်ပါ ကြောင်း၊ ဖြေရှင်းပေးလိုက်ပါတယ်။ ရန်ကုန်ကအယ်ဒီတာအဖွဲ့ စာရေးဆရာ အောင်မှူးဝေ ၏ သတင်းပေးပြော ကြားချက်အရ.. (အယ်/ချုပ်တို့ လင်မယား စကားများနေလို့ ဟု ကြားသိရပါ၏။)
ဒီတစ်ပတ် စာပေ၀ိုင်းနေရာသစ်မှာ SHADE စာပေ၀ိုင်းတော်သားများကတော့ ဟိုဟာ နည်းနည်း ဒီဟာနည်းနည်း စုံလို့ စေ့လို့ ပြောဆိုကြပါတယ်။ ဆရာ မကွေးမြင့်ကလည်း (လေကိုရှူ၍ အပန်းဖြေပါ) ခေါင်းစဉ်နဲ့ ပြောဆိုသွားပါတယ်။ ပန်းချီဆရာ ကိုမင်းသူကလည်း ဟိုစာအုပ်ကလေးဖတ် ဒီစာအုပ်ကလေးဖတ်နဲ့ ကိုယ့်ကိုယ်ကို ဆရာကြီးဖြစ်ပြီးထင်ပြီး ရပ်ကွက်ထဲမှ သားအမိ(၃)ယောက် ကို ညတိုင်း ဗွီဒီယို ကြည့်ကြည့်နေလို့ ဆုံးမမိခဲ့ကြောင်း၊ ကြည့်ချင်လို့ကြည့်တာ မဟုတ်ပါကြောင်း၊ အိမ်မှာ စားစရာမရှိလို့ ကလေးတွေက ထမင်းမတောင်းအောင် မပူဆာအောင်..၊ လာကြည့်ကြောင်း ပြန်ပြောဆိုခံခဲ့ရပြီး ကိုယ်ကဆရာမဖြစ်တော့ဘဲ သူတို့က ကျွန်တော့်ဆရာတွေပြန်ဖြစ်သွားပါကြောင်း။ သြော် ဟုတ်ပေသားပဲ..။ ကိုယ်က ဆရာ မဖြစ်ဘဲ ဒီကလေးမလေးသားအမိသုံးယောက်ကသာ ဘ၀ပေးအသိနဲ့ ငါ့ကိုပြန်ပေးတဲ့ ဆရာများ ဖြစ်သွားရပါကြောင်း..။ ဆရာအမျိုးမျိုးရဲ့ ဆရာဌိကာကျမ်း နည်းပညာစုံများအား (နေပူပူမှာ ထီးဆောင်းပြီး ပြောနေကြပါတယ်။) မှတ်ချက်- စကားဝိုင်း စားပွဲမှာ နေရောင်က ထိုးနေ၍ မျက်နှာပူနေရခြင်းဖြစ်ပါ၏။ ကာတွန်း ဖရဲသီးကလည်း စာပေ၀ိုင်းပြီးလို့ စားသောက်ကြတဲ့အခါမှာ ဖရဲသီး ဖျော်ရည်ကို မစားမသောက်ရန် ရှောင်ပေးဖို့ မေတ္တာရပ်ခံနေပြန်ပါတယ်။ ဒီတစ်ပတ်စာပေ၀ိုင်း(၄၀)ကြိမ်က တော့ ဒီမျှနဲ့သာဖော်ပြလို့ ကျန်ခဲ့တဲ့ SHADE စာပေ၀ိုင်း(၃၈)ကြိမ် အား ပြန်လည်ဖော်ပြခွင့်ပြုပါရစေ…။ SHADE စာပေ၀ိုင်းရဲ့ ထူးခြားတဲ့ အလှူဒါနပွဲလေး ကျန်နေခဲ့လို့ပါ…..။
၇-၈-၂၀၁၁၊ တနင်္ဂနွေနေ့၊ နေ့(၁၂)နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ရန်ကျော်ရပ်၊ သုခိတာလမ်းနဲ့ ပိတောက်လမ်းကြား FOREVER လက်ဖက်ရည်ဆိုင် ဥယျာဉ် မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်း(၃၈)ကြိမ်ပါ။ ဧည့်သည်တော်သုံးဦးကတော ကဗျာဆရာ ဇေယျ၊ သတင်းထောက် ခေတ္တရာမန်းသန်းမြင့်၊ ကာတွန်းဆရာ မောင်အေး(မင်းဘူး) (ခ) ဖရဲသီး တို့ ရောက်လာပါတယ်။ Shade စာပေ၀ိုင်းတော်သားများကတော့ ဆရာ မကွေးဝင်းမြင့်၊ ဆရာ တက္ကသိုလ်ရည်ရွယ်၊ ဆရာနိုင်ယုဝေ ၊ဆရာတင်လင်းဇာ် နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။ ဆရာ မကွေးဝင်းမြင့်နဲ့ ခေတ္တရာမန်း သန်းမြင့်တို့ က ဒီနေ့ နေပြည်တော်သို့ သွားရန်ကိစ္စ ခရီးစဉ်ကိုဖျက်ပြီး SHADE စာပေ၀ိုင်း ကို သံယောဇဉ်ကြီးစွာနဲ့ မပျက်အောင် လာခဲ့ရပါကြောင်း သိရပါတယ်။ ဒါကြောင့် ဆရာကြီး မကွေးဝင်းမြင့်တို့အား Shade စာပေ၀ိုင်းတော်သားများက အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
ဆရာ မကွေးဝင်းမြင့်က စတင်ပြောဆိုပါတယ်။ `` လေးစားအပ်ပါသောစာပေမိတ်ဆွေများခင်ဗျား.. ဒီတစ်ပတ်တော့ မြန်မာ့ရိုးရာ မြန်မာ့ဓလေ့ အတိတ် နိမိတ်အကြောင်းကို တင်ပြဆွေးနွေးချင်ပါတယ်။ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာနိမိတ်ထွန်း ဆိုစကားအတိုင်း ကျွန်တော်တို့မြန်မာလူမျိုးများ အတိတ်ကောင်း နိမိတ်ကောင်းများကို လက်ခံယုံကြည် ကြပါတယ်။ ဒါကြောင့် မိတ်ဆွေအချင်းချင်း ဆုံတွေ့ကြတဲ့အခါ `မင်္ဂလာပါခင်ဗျား´၊ `ကျန်းမာပါရဲ့လားခင်ဗျား´ လို့ နှုတ်ဆက်လေ့ရှိကြပါတယ်။
ရှေးပညာရှင်များက အတိတ်နိမိတ် ဆိုတာကတော့ အဖြစ်အပျက်တစ်ခုကို ထောက်ပြပြီး နောင်အခါ မည်သို့ဖြစ်နိုင်မည်ဆိုတာကို တွက်ဆပြောဆိုခြင်းဖြစ်ပါတယ်။ တဘောင်ဆိုတာကတော့ နိမိတ်စကားပါပဲ။ ဥပမာ ပြောရရင် လူတစ်ယောက်ဟာ အမှုအခင်းတစ်ခုထဲမှာ ပါဝင်ပတ်သက်နေလို့ တရားရုံးမှာ ရင်ဆိုင်နေရပါတယ်တဲ့။ ဒါနဲ့ ရတက်မအေးဖြစ်တာကြောင့် ဗေဒင်ဆရာဆီကို သွားပြီး သူ့အမှု နိုင်၊ မနိုင်ဗေဒင်ဟောခိုင်းပါသတဲ့။ ဗေဒင်ဆရာကလည်း သူ့မွေးရက် ခုနှစ် ရက်လတွေကို မေးပြီးဗေဒင်တွက်နေတဲ့အချိန်အခါမှာ အလွန်ကျက်သရေမင်္ဂလာရှိတဲ့ စည်ဗျောသံနဲ့အတူ မောင်ရှင်လောင်း(၃)ပါး ရွှေထီးဆောင်းပြီး ခန်းခန်းနားနား လှည့်လာတာကိုမြင်လိုက်ရတော့ ဗေဒင်ဆရာက အတိတ်ကောင်း နိမိတ်ကောင်းပဲ။ ဟောဟိုမှာ ရွှေထီးဆောင်းလာတာလေ။ လူတစ်ယောက်မှာ ကံဇာတာအမြင့်ဆုံးအချိန်ဟာ ရွှေထီးဆောင်း တဲ့အချိန်ပေါ့။ ဒါကြောင့် ခင်ဗျားရဲ့ အမှုက မုချနိုင်မယ်လို့ ဟောလိုက်ပါသတဲ့။ ဗေဒင်ဆရာ ဟောလိုက်တဲ့အတိုင်း သူ့အမှုနိုင်ပါသတဲ့။
နောက်တစ်ခု နိမိတ်ကောက်ပုံလေး တစ်ခုကို ဆက်လက်တင်ပြချင်ပါသေးတယ်။ ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ယောက်ဟာ သူ့ခင်ပွန်း အောက်ပြည်အောက်ရွာ အလုပ်လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပြီတဲ့။ စာလည်း မလာ လူကြုံစကားလည်း မပါးတော့ သူ့ယောက်ျားအသက်ရှင်လျှက်မှ ရှိပါသေးလားမသိ၊ သားသမီးများနဲ့ စားရေး သောက်ရေး ဆင်းရဲဒုက္ခရောက်နေပါသတဲ့။ ဒါကြောင့် ရွာဦးကျောင်းဆရာတော်ဆီကို ရေလှူပြီး ဗေဒင်သွားမေးဖို့ ရေအိုးကလေး ရွက်ပြီး ထွက်လာခဲ့သတဲ့။ ကျောင်းအ၀င်ဝလည်းရောက်ရော ရွာဦးကျောင်းဆရာတော်က ကျောင်းလှေကားမှ ဆင်းလာတာ မြင်လိုက်ရတော့ ကတိုက်ကရိုက် ဆရာတော်ဆီကို အသွား ခလုတ်တိုက်ပြီး ရေအိုးကွဲပါသတဲ့။ ရေအိုးကွဲသွားတော့ ခေါင်းခုလုပ်ယူလာတဲ့ လုံချည်လေးကို အသာကောက်ယူပြီး ချုန်းပွဲချ ငိုကျွေးပါသတဲ့။ ရွာဦးကျောင်းဆရာတော်က ``ဟဲ ဒကာမ ဘာပြုလို့ငိုနေရတာလဲ´´ ဟုမေးတော့ `တပည့်တော်မရဲ့ခင်ပွန်းသည် အောက်ပြည်အောက်ရွာ အလုပ် လုပ်ဖို့ထွက်သွားတာ ၃/၄နှစ်ကြာပါပြီဘုရား..။ ဘာအကျိုးအကြောင်းမှလည်းမသိရ။ အသက်မှရှိသေးရဲ့လား၊မသိလို့ ဆရာတော်ဆီကို ရေလှူလာရင်း ဗေဒင်မေးချင်လို့ လာတာပါဘုရား..။ ခုတော့ ရေအိုးက ကျကွဲသွားတော့ တပည့်တော်မတို့ ကွဲပြီပေါ့ဘုရား..။´
``ဟဲ့ ဒကာမ ဒီနေရာမှာ အဲဒီလို နိမိတ်မကောက်ရဘူးလေ။ အခု ကျကွဲသွားတဲ့ရေအိုးဟာ မြေကြီးနဲ့လုပ်ထားတာ မဟုတ်လား။ အဲဒီ မြေရေအိုးဟာ မြေပေါ်မှာ ပြန့်ကျဲပြီး သူ့နေရာသူ ပြန်ရောက်သွားပြီလေ။ သွား သွား နင့်ယောက်ျားလည်း ခုလောက်ဆိုရင် အိမ်ကိုပြန်ရောက်နေရော့မယ်။ ´´အိမ်ပြန်ခိုင်းလိုက်သတဲ့။ ဟုတ်ပါတယ်၊ အဲဒီ ဒယိကာမ အိမ်ပြန်ရောကတော့ သူ့ယောက်ျားလည်း အိမ်မှာရောက်နေပါပြီတဲ့။ ဗေဒင်ပညာ လက္ခာဏာပညာ နိမိတ်ကောက်ပညာ တွေဟာ အင်မတန် နက်နဲတဲ့ ပညာရပ်များဖြစ်ပါတယ်။ ကမ္ဘာ့သိပ္ပံပညာရှင်များကလည်း သီးခြား ဘာသာရပ်တစ်ခု အနေနဲ့ ထားရှိပြီး မည်သို့မျှမှတ်ချက်မပေးကြပါဘူး..။ ဟု ဆရာ မကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်။
ဆရာတင်လင်းဇော်ကလည်း ဒီတစ်ပတ်မှာ ရသစာတမ်းများ ကို တင်ပြဆွေးနွေးလာပါတယ်။ ၂၀၀၈၊ ဇူလိုင်လထုတ်တဲ့ စာရေးဆရာ နေမျိုး ရေးသားသော (ဇာတိရပ်ရွာ ပြန်ရောက်တဲ့အခါ) ရသစာတမ်းများစာအုပ်ထဲမှ (ဆင်းရဲခြင်းဖြင့် စီးပွားရှာသူ) ရသစာတမ်းကို အကျယ်တ၀င့် တင်ပြပြောဆိုပါတယ်။ `ဆင်းရဲသားတစ်ယောက်ကို ကျွန်တော်တွေ့ဘူးတယ်။ သူဟာဆင်းရဲသားတစ်ယောက်ဆိုတာ မြင်တာနဲ့သိနိုင်တယ်လေ.. ဆိုပြီး ရသစာတမ်းကို စထားပါတယ်။ ဒီရသစာတမ်းက ခေါင်းစဉ်ကိုက စိတ်ဝင်စားပြီး စဉ်းစားစရာဖြစ်နေပါတယ်။ ဆရာနေမျိုး ရေးထားတာ တော်တော် လေးနက်ကောင်းမွန်ပါတယ်။ ဆင်းရဲသားတစ်ယောက်က `ဟယ်လို..ကောင်းသောညနေခင်းပါခင်ဗျာ..´။ လို့ စတင်နှုတ်ဆက်စကား ဆိုတာရယ်..။ သူ့ အမူအယာနဲ့ သူ့လေသံဟာ တကယ်ကိုကျိုးကျိုးနွံနွံပါပဲ ခင်ဗျာ..ဆိုတာရယ်..။ ဒီမြို့ထဲက လမ်းဘေးရေအိုးစင်ဟာ ကျွန်တော်မသောက်ဘူးတာ မရှိသလောက်ပါပဲ..ဆိုတာရယ်..။ ဆင်းရဲလေလေ ကျွန်တော်ဟာ စီးပွားဖြစ်လေလေ ဆိုတာရယ်။ ကျွန်တော့်ရဲ့ ဘဏ်က အလွန်ဝေးတဲ့ ဒေသတစ်ခုမှာပါ….။ ကျွန်တော့်ဘဏ်ကို ကျွန်တော်တောင် တစ်ခေါက်သာ ရောက်ဖူးသေးတယ်။ တစ်ခေါက်ရောက်ဖူးရင် လုံလောက်သွား တာပါပဲ..၊ ဆိုတာတွေဟာ ဘာကိုဆိုလိုချင်တာလဲ?၊ ဘဏ်ဆိုတာ နိဗ္ဗာန် ကိုများ တင်စား ထားတာလား?။ အလိုကြီးရင် အရနည်းပြီး၊နည်းနည်းလိုချင်သူတွေဟာ များများရနေတာလား?။ မလိုချင်မှ ရတယ်ဆိုတာကိုများ ပြောချင်နေတာလား..?။ ဒီရသစာတမ်းကို ဖတ်ရင်း ဖတ်ပြီး စဉ်းစား တွေးတော စရာတွေ တစ်ပုံတစ်ခေါင်းကြီး ကျန်နေခဲ့ပါတယ်။ အဲ နောက်ဆုံးပိတ်မှာ (ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူးသို့…) လို့ မှတ်ချက်ရေးပြီး အဆုံးသတ်ထားပါတယ်။ ဒါဆို ကမ္ဘာကျော်သူဌေးကြီး ဟောင်းဝပ်ဟူး အကြောင်းကို ကျွန်တော်တို့သိဖို့လိုလာပြန်ပြီ..။ အဲဒီစာမပါခဲ့ရင် ကျွန်တော်အထက် က စဉ်းစားခဲ့သလို ကောက်ချက်ချ ယူလို့ရမယ်ထင်ပါတယ်..။ ယခုတော့ နောက်ဆုံး မှတ်ချက်စာတမ်း ကြောင့် စာရေးသူ ဆရာနေမျိုး ကိုယ်တိုင်ရှင်းပြမှ ဘာကို ဆိုလိုပြီးပြောချင်တာလဲ ဆိုတာကို သိရမယ်ထင်ပါတယ်..။ ကျွန်တော်တို့ Shade စာပေ၀ိုင်းတော်သားများနဲ့ စာဖတ်သူများထဲမှ နားလည်သူများရှိနေရင်လည်း ရှင်းလင်း ပြောဆို ရေးသားပေးကြပါခင်ဗျာ..။ ဟု ဆရာတင်လင်းဇော် က ပြောဆိုဝေဖန် တောင်းဆိုမှုပြုသွားခဲ့ပါတယ်..။
ဒီတစ်ပတ် Shade စာပေ၀ိုင်းမှာ အထူးအစီအစဉ်တစ်ရပ်(ကျန်းမာရေး ထောက်ပံ့ငွေ)ပေးအပ်တဲ့ အလှူဒါနပွဲ ကျင်းပဖြစ်ပါတယ်။ SHADE စာပေ၀ိုင်းတော်သား တက္ကသိုလ်ရည်ရွယ် (ခ) ကဗျာဆရာ ညီဇေယျ ရဲ့ မိခင်ကြီး မျက်စိခွဲစိတ်ကုသရေးအတွက် SHADEဂျာနယ် အယ်ဒီတာချုပ် ဦးသာဇော်ရဲ့ ကိုယ်စား ဆရာကြီး မကွေးဝင်းမြင့် မှ ကျန်းမာရေး ထောက်ပံ့ငွေ(၃၀၀၀၀ိ) သုံးသောင်းကျပ်အား တက္ကသိုလ်ရည်ရွယ် ထံ ပေးအပ်လှူဒါန်းပြီး ၀မ်းမြောက် ၀မ်းသာစွာနဲ့ Shade စာပေ၀ိုင်းတော်သားများက သာဓု သုံးကြိမ်ခေါ်ဆိုကြပါတယ်..။
စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADE စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၀) ini dipublish oleh shwelannwelanwinkyi pada hari Thursday, September 15, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့မှ SHADE စာပေ၀ိုင်း(၄၀)
 

0 comments: