မကွေးမြို့က SHADE စာပေ၀ိုင်း (၂၂)





SHADE (22)
မကွေးမြို့က SHADE စာပေ၀ိုင်း (၂၂)
၁၀-၄-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီ မှ ညနေ(၄)နာရီအထိ မကွေးမြို့၊ ရန်ကင်းရပ်ကွက်၊ သုခိတာလမ်း နှင့်ပိတောက်လမ်းကြား¬¬¬ Forever စားသောက်ဆိုင် ဥယျာဉ်မှာ ပေါင်းဆုံဝိုင်းဖွဲ့ဖြစ်ကြပါတယ်။ Shade စာပေ၀ိုင်း(၂၂)ကြိမ်ပါ။ နှစ်သစ်ကူး သင်္ကြန်အကြိုစာပေ၀ိုင်းဆိုရင် မမှားပါဘူး။ လာမယ့်(၁၇-၄-၂၀၁၁) တနင်္ဂနွေနေ့ နှစ်ဆန်းတစ်ရက်နေ့မှာတော့ အခါကြီးရက်မြတ်ဖြစ်လို့ တရားဘာဝနာများ အားထုတ်စေရအောင် ရှိတ်စာပေ၀ိုင်းကို တပတ်နားပေးပါတယ်။ ဒီနေ့လာရောက်ကြတဲ့ ရှိတ်စာပေ၀ိုင်းတော်သားများကတော့ ဘိုမြင့်ရှိန်(အောင်လံ)၊ ရေနံ့သာအောင်ချမ်းဇော်၊ ပန်းချီဆရာ မြင့်ဇော်ဦး၊ နေခြည်(မကွေး)၊ ဇော်မြင့်ဇော်(ဗန္ဓရ) နဲ့ စာရေးသူတို့ဖြစ်ကြပါတယ်။
ဆရာဘိုမြင့်ရှိန်(အောင်လံ) ကတော့ ပါလာတဲ့ရှိတ်ဂျာနယ်မှ ဆရာကြည်လွင်မြင့်(မုဒြရာ)ရဲ့(အရက်တစ်ခါတရံ သောက်ပြီး လေဖြတ်ခြင်း) ဆောင်းပါးကို ဖတ်ပါတယ်။ လစဉ်ထုတ် အင်္ဂလိပ်စာသင်ခန်းစာအုပ်တွေကို စာပေ၀ိုင်းမှာ လာဖတ်ပြနေပြန်ပါတယ်။ တစ်ခါတရံမဟုတ်ပါ စာပေ၀ိုင်းတိုင်းမှာ အင်္ဂလိပ်စာသင်ခန်းစာတွေကို ခဏ ခဏ ဖတ်ပြနေတော့ ၀ိုင်းတော်သားတွေက ခေါင်းရမ်းပြနေကြတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့် လာမယ့် ရှိတ်စာပေ၀ိုင်းကစပြီး ၀ထ္ထုများကိုဖတ်လာ ကြရမယ်။ စာဖတ်သူများရဲ့ ထင်မြင်ချက် သဘောထားကို ဆွေးနွေးပြောကြားကြရပါမည်လို့ အားလုံးက သဘောတူလိုက် ကြပါတယ်။ ရှိတ်စာပေ၀ိုင်းကို မထပ်စေရအောင် တစ်ပတ်ခြား ၀ထ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး(ရသစာတမ်း)၊ သတင်းဆောင်းပါး တို့ကို ကြိုတင်ချိန်းဆိုပြီး ပြောဆိုကြမည်လို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ရေနံ့သာအောင်ချမ်းဇော်ကလည်း ရှိတ်ဂျာနယ်က ဆရာကြည်လွင်မြင့်(မုဒြရာ) ရဲ့ (အရက်တစ်ခါတရံသောက်ပြီး လေဖြတ်ခြင်း) ဆောင်းပါးကိုဆွေးနွေးပါတယ်။ ဆရာက အရင်ဆောင်းပါးတွေလို အရှည်ကြီးမရေးတော့ဘဲ စာအရေးအသား တိုရှင်း လိုရင်းနဲ့ ကျစ်ကျစ်လစ်လစ် ရေးသားထားတာကို အတုယူရေးသားကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။ ဥပမာ အေးရွှေ(ကေတုမတီ) ရေးသားဖော်ပြတဲ့ လိုရင်း၊တိုရှင်း ဆောင်းပါးတွေလောက် ဆိုရင် ဂျာနယ်မှာ အခြားစာရေးသူတွေရဲ့ ဆောင်းပါးများကို များများ ဖော်ပြနိုင်ပါတယ်။
နေခြည်(မကွေး)ကတော့ ၂၀၀၉၊နှစ်ထုတ် ခံစားသူများအကြိုက်ဝထ္ထုတိုများစာအုပ်ထဲက စာရေးဆရာ မင်းခိုက်စိုးစံရဲ့ နဂါးမျက်စောင်းဝထ္ထု တိုတစ်ပုဒ်ကို ပြန်လည်ခံစားပြောကြားပြီး စာရေးသူဖော်ပြရေးသားချက်တွေကို အတုယူရန် ပြောကြားသွားပါတယ်။
ဇော်မြင့်ဇော်(ဗန္ဓရ) ကလည်း စာပေ၀ိုင်းကို မှီအောင် အပြေးတက်လာပါတယ်။ သူကတော့ စာရေးသူကို ပြင်းထန်စွာ နဂါးမာန်တင်းနေပါတယ်။ ပြဿနာကတော့ (မကွေးမြို့လုံးဆိုင်ရာ နွေရာသီမှာ လူငယ်(၁၅၀၀)ကို ယျဉ်ကျေးလိမ္မာ(၅)ရက် သင်တန်း) သတင်းကိစ္စပါ။ အရင်တခါစတင်တဲ့ အစည်းအဝေးပွဲ သတင်းတုံးကလည်း တလကြမှ ပါလာတယ်။ ယခုလည်း အတွဲ(၅)၊အမှတ်(၂၀)မှာ ပါမယ်လို့ကြိုတင်ပြောထားပြီး မပါတော့ သူအရှက်ကွဲရကြောင်း ကိုရင်ဖွင့်ပြီး ရှိတ်ဂျာနယ် မကွေးရုံးခွဲ တာဝန်ခံ စာရေးသူကို ဦးတည်ပြောကြားနေပါတယ်။ နောက်ပြီး ဆရာမောင်ဝံသရဲ့ ဆောင်းပါးနှစ်ပုဒ်ကိုလည်း ဖတ်ကြားပြသွားပါတယ်။
စာရေးသူကတော့ ၂၀၁၀၊ ဒီဇင်ဘာလထုတ်၊ ပေဖူးလွှာမဂ္ဂဇင်းမှ မောင်ရင်းမာ(ကျောင်းကုန်း) ရဲ့ (တိမ်တောက်ချိန်) ဆိုတဲ့ ရသစာတမ်းကို ခံစားပြောဆို ဆွေးနွေးခဲ့ပါတယ်။
ပန်းချီဆရာမြင့်ဇော်ဦးကတော့ ဒီနေ့ပွဲကို စာပေဟောပြောပွဲတစ်ခုက ဆရာအော်ပီကျယ် နဲ့ ဆရာမောင်သာချိုတို့ ပွဲမှာ ဆရာမောင်သာချိုက ဆရာအောင်ဝေးရေးတဲ့ (မြစ်ဆိပ်) ဆိုတဲ့ကဗျာလေးကို ရွတ်ဆိုပြပါတယ်။ အပြည့်အစုံ အတိအကျတော့ ဖြစ်ချင်မှဖြစ်မယ် လို့လည်း စကားခံပါတယ်။အဓိပ္ပာယ်လေးကကောင်းလွန်းလို့ပါ။ ကဗျာလေးကတော့
မြစ်ဆိပ်
အဲဒီနေ့ခင်းက ငါက နွားခြေရာတွေပေါ်ကိုတက်နင်း
နွားတွေက ငါ့ခြေရာကို ပြန်နင်းရင်း ဖုံတထောင်းထောင်းနဲ့
မြစ်ဆိပ်ကို ဆင်းသွားလိုက်ကြတယ်…။
နွားတွေက ဦးဆောင်နေတာလား.. လူတွေက ဦးဆောင်နေတာလား..
နှင်တံကိုထောက်မိလို့ နောက်ရွံ့လို့ကျန်ခဲ့တဲ့ ကမ်းပေါ်က သူ့ရုပ်ပုံ
မှုံရာက လင်းလာတော့ အိုမင်းပုံမြန်ဆန်လိုက်တာ…။
နောက်ဆုံးတော့…သူလည်း နွားတွေလို ရေဆင်းသောက်တာပါ…။
ဆရာအောင်ဝေး။
ဆရာမောင်သာချိုက သူခံစားပြီးပြောသွားတာကတော့ အများကြီးပါ။ ကဲဒါဆိုရင် ကျွန်တော်တို့ နိုင်ငံကို ခေတ်နောက်ကျပြီး ကျန်နေတယ်လို့ ပြောချင်တာလား။ ဒါဆိုရင် ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။အုပ်ချုပ်သူနဲ့ အုပ်ထိမ်းသူ မိဘ၊ဆရာသမားများမှာ တာဝန်ရှိသလား၊ အစိုးရမှာ တာဝန်ရှိပါသလား။ ဘယ်သူ့ကိုမှ ပုံမချစေလိုပါ။ မိမိကိုယ်သာ မိမိကောင်းအောင် တိုးတက်လာအောင်ကြိုးစားရမှာပါ။ အားလုံးမှာတော့ တာဝန်ကိုယ်စီ ရှိကြမည်ထင်ပါတယ်။ လူတိုင်း လူတိုင်းဟာ မိမိကိုယ်ကိုသာ ကောင်းအောင် တစ်ဦးချင်း တစ်ယောက်ချင်းကစပြီး တာဝန်သိတတ်မှု၊ တာဝန်ယူတတ်မှု၊ တာဝန်ထမ်းဆောင်မှု များနဲ့ မှန်ကန်တဲ့ စေတနာကို အရင်းခံထားကြပြီး ကြိုးစား အားထုတ်ကြမယ်ဆိုရင် တစ်ရပ်ကွက်လုံး၊ တစ်မြို့နယ်လုံး၊ ပြည်နယ် တိုင်းဒေသကြီးတစ်ခုလုံး တစ်နိုင်ငံလုံး တိုးတက်လာကြမှာပါ။ ဆရာအောင်ဝေး ကဗျာထဲကလို လူနဲ့ နွား ရေအတူ သောက်ရတဲ့ ဘ၀က လွတ်ကြမှာပါ..လို့ ပြောကြားသွားခဲ့ပါတယ်။

စိတ် အဟာရပြည့်ဝအောင် ရှိတ်ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသနဲ့ ပြည့်စုံတဲ့ ရှိတ်စာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့က SHADE စာပေ၀ိုင်း (၂၂) ini dipublish oleh shwelannwelanwinkyi pada hari Tuesday, September 6, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့က SHADE စာပေ၀ိုင်း (၂၂)
 

0 comments: