မကွေးမြို့က SHADE စာပေ၀ိုင်း(၄၄)






မကွေးမြို့က SHADE စာပေ၀ိုင်း(၄၄)
၁၈-၉-၂၀၁၁၊ တနင်္ဂနွေနေ့ နေ့(၁၂) နာရီမှ ညနေ(၃)နာရီအထိ မကွေးမြို့၊ ဗိုလ်ချုပ်လမ်း၊ (လက်ရွေးစင် အအေးဆိုင်) မှာ ပေါင်းဆုံ ၀ိုင်းဖွဲ့ကြပါတယ်။ ဒီတစ်ပတ် SHADE စာပေ၀ိုင်းက (၄၄)မြောက်ကြိမ်ပါ။ဧည့်သည်တော် မန္တလေးမြို့က ခေတ္တရာမန်း သန်းမြင့် ရောက်လာပါတယ်။ SHADE စာပေ၀ိုင်းတော်သားများကတော့ ဆရာကြီး မကွေးဝင်းမြင့်၊ ပန်းချီဆရာ ကိုမင်းသူ၊ ပန်းချီဆရာ သူရိန်မြိုင်၊ ပန်းချီဆရာမြင့်ဇော်ဦး၊ ဆရာဇော်မင်းကြည်၊ ဆရာတက္ကသိုလ်ရည်ရွယ် နဲ့ စာရေးသူတို့ ဖြစ်ကြပါတယ်။
ဆရာကြီး မကွေးဝင်းမြင့်က စတင်စကားဆိုပါတယ်။ ``လေးစားအပ်ပါသော စာပေမိတ်ဆွေများခင်ဗျာ..၊ ဒီတစ်ပတ် ရှိတ်စာပေ၀ိုင်းမှာ ဆွေးနွေးတင်ပြချင်တဲ့အကြောင်းအရာကတော့ `ဒေါသ´ပါပဲ။ ဒေါသကြောင့် ကြေကွဲစရာတွေနဲ့ ကြုံတွေ့ကြရပါတယ်။ ဒေါသကြောင့် ဘ၀တိုးတက် ကြီးပွားချမ်းသာရေး အဟန့်အတားဖြစ်ကြရပါတယ်။ အဲဒီဒေါသကို သတိကြီးစွာထားပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေကို ဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်တိုးတက် ကြီးပွားချမ်းသာကြပါတယ်။ လူရဲ့စိတ်ထဲမှာ ဒေါသဟာ အမြဲရှိမနေပါဘူး။ မကြေနပ်တာတွေကို မြင်ရ၊ ကြားရမှ ဒေါသစိတ်ဆိုတာ ဖြစ်ပေါ်လာတာပါ။ နွားနှစ်ကောင်း ဝှေ့တာကို မြင်ဘူးကြပါလိမ့်မယ်။ တစ်ကောင်နဲ့ တစ်ကောင် ဒေါသတစ်ကြီးနဲ့ ဝှေ့နေကြတာ။ ဦးခေါင်း ဦးချိုတွေမှာ သွေးသံရဲရဲ။ နောက်ဆုံးတော့ အားငယ်တဲ့ နွားကထွက်ပြေးတယ်။ အားကြီးတဲ့နွား ကျန်ရစ်ခဲ့တယ်။ အဲဒီအားကြီးတဲ့နွားကိုကြည့်လိုက်တော့ နွားဦးချိုမှာ သွေးသံရဲရဲနီပြီး တဆတ်ဆတ်တုန် လို့ နာကျင်ကျန်ရစ်ခဲ့ပါတယ်။ ပြိုင်ဘက်နွား ထွက်ပြေးသွားတော့ အဲဒီနွားမှာ ဒေါသ မရှိတော့ဘူး။
ဒေါသဆိုတာ ယမ်းနဲ့ မီးတွေ့မှ လောင်ကျွမ်းပါတယ်။ အဲသလိုပါဘဲ။ ဒေါသကို သတိတရားနဲ့ ထိမ်းသိမ်းမယ်ဆိုရင် ရပါတယ်။ ဥပမာ တစ်ခုပြောရရင်တော့ တောရကျောင်း ဆောက်တည်နေတော်မူတဲ့ ဆရာတော်ကြီးတစ်ပါးက သူဆွမ်းဘုန်းပေးပြီး ဆွမ်းကျန်များကို ခွေးနှစ်ကောင်အား ကျွေးပါတယ်။ အဲဒီခွေးနှစ်ကောင်ဟာ စားအိုးစားခွက် တစ်ခုစီနဲ့ ထည့်ကျွေးပေမယ့် ဖြောင့်ဖြောင့်တန်းတန်း မစားကြပါဘူး။ တစ်ကောင်နဲ့ တစ်ကောင် အစားမာန်ထနေကြတယ်။ နေ့တိုင်း ဒီလိုဖြစ်နေတော့ တုတ်တစ်ချောင်းနဲ့ရှာကိုင်ပြီး ဆွမ်းကျန်တွေ ကျွေးပါတယ်။ ဒါလည်းမရဘူး။ တစ်ကောင်နဲ့ တစ်ကောင် မာန်ဖီနေကြတော့ ဆရာတော်ကြီးကလည်း တုတ်ကြီးတစ်ချောင်းနဲ့ တဟဲ့ဟဲ့ နဲ့ ငေါက်နေတယ်။ မရဘူး ခွေနှစ်ကောင်က ကိုက်နေကြတာဘဲ။ ကြာတော့ ဆရာတော်ကြီးလည်း ဒေါသစိတ်ဝင်လာပါတယ်။ တဟဲ့ဟဲ့ကြားက ကိုက်ရမလားဆို ကိုင်ထားတဲ့ တုတ်ကို မြှောက်တဲ့ပြီး ရိုက်ဆုံးမဖို့ မြှောက်နေရင်းက ရုတ်တရက် သတိတရားလေး ဖြတ်ကနဲဝင်လာတယ်..။ (ဒီခွေးနှစ်ကောင်နော်..ငါရိုက်လိုက်ရ..၊ ငါပါသုံးကောင်ဖြစ်သွားတော့မှာဘဲ။) ဆိုပြီး သူ့စိတ်ထဲဝင်လာတဲ့ ဒေါသကို သတိကြီးစွာထားပြီး ပြန်ထုတ်လိုက်ပါသတဲ့..။ အဲဒီတော့ဗျာ.. ကျွန်တော်တို့ ပုထုဇဉ်လူသားတွေ ဒေါသကလေးများ ဖြစ်လာမယ်ဆိုရင်.. တစ်ကနေ..တစ်ရာအထိ ရေလိုက်ပါ။ သတိကလေးနဲ့ ဒေါသကို ထိန်းသိမ်းနိုင်ကြပါစေ..။ ဟု ဆရာမကွေးဝင်းမြင့်က ပြောဆိုသွားပါတယ်။
ဆရာခေတ္တရာမန်း သန်းမြင့်ကတော့ ရှိတ်ဂျာနယ် မှာ သတင်းအားနည်းနေပါကြောင်း၊ ကျန်နေတဲ့ အခြားမြို့နယ်များသို့ ယခုထက်ပိုမို ဖြန့်ချိစေလိုပါကြောင်း တို့ကို အကြံပြုပြောဆိုသွားပါတယ်။ ဆရာဇော်မင်းကြည်ကလည်း ရှိတ်ဂျာနယ်မှာ ဖော်ပြပေးတဲ့ ရှေးအကျဆုံး သရက်မြို့မှ ဂေါက်ကွင်း နဲ့ သရက်မြို့က သမိုင်းဝင် အထကကျောင်း သတင်းဆောင်းပါးကို ဖတ်ရလို့ အားရ၀မ်းသာ ဖြစ်မိပါကြောင်း၊ သတင်းဆောင်းပါးရှင် ဆရာအေးဝေ(သရက်) (ခ) ၀ရဇိန်(သရက်) အား အထူးကျေးဇူး တင်မိပါကြောင်း၊ ကျွန်တော်တို့ လူငယ်တွေအတွက် မသိသေးတာများကို ဆက်လက်ဖော်ထုတ်ရေးသား ပါရန် တောင်းဆို မေတ္တာရပ်ခံသွားပါတယ်။
ဒီတစ်ပတ်မှာတော့ ၁၉၉၅၊ သြဂုတ်လထုတ် ကြီးပွားရေးလမ်းညွှန်ဂျာနယ် စာအုပ်မှ ကွယ်လွန်သွားခဲ့သော ကလေးမြို့က(အထင်ကရ၊နာမည်ကြီးဆရာတော်ဘုရား) ကဗျာဆရာ မြဆင့်ချယ် ရေးသားဖော်ပြခဲ့တဲ့ သမိုင်းမှာ ကဗျည်းတင်ပြီး ပထဆုရ (ရထားအမေ) ဆိုတဲ့ကဗျာနဲ့ အထူးအမှတ်တရ ရွတ်ဆိုဂုဏ်ပြုလိုက်ပါတယ်..။
ရထားအမေ
*ရွှေတိဂုံဘုရားဖူး မသွားရရင်နေပါစေ
မသေခင်တစ်ခါတော့
ရထားစီးဖူးသွားချင်တယ်ဆိုတဲ့ အမေ။
အမေရေ…
ရထားစီးရဖို့ အောက်ပြည်အောက်ရွာသွား
ဒုက္ခများစရာ မလိုပါဘူးအမေ။
အဖေ့မွေးရပ်မြေ`ကလေး´က ပြေးထွက်လာမယ့်ရထားဟာ
အမေ့မွေးရပ်မြေ`နတ်ချောင်း´ဆီ ဦးတည်ခုတ်မောင်းဖို့
အသင့်ဖြစ်လို့နေပေါ့။
*တက်..အမေ..တက်တက်
သားလက်ကို မြဲမြဲကိုင်
ရထားခုံဖြူဖြူတွေပေါ် ရဲရဲထိုင်စမ်းပ။
အမေမှမဟုတ်
ရှင်ဘုရင်ကနေ သူတောင်းစားထိုင်
လွတ်လပ်စွာတက်စီး ခရီးနှင်နိုင်ပါတယ် အမေ။
*ကလေးမြို့သက်တမ်း နှစ်ထောင်ကျော်မှ
ပေါ်လာတဲ့ရထားဟာ
မိုးပေါ်က ကျလာတာ မဟုတ်ဘူး
မြေကြီးထဲက ထွက်ပေါ်လာတာ မဟုတ်ဘူး
ဘုရားသခင်က ဖန်ဆင်းပေးလိုက်တာလည်း မဟုတ်ဘူး အမေ။
ဟောသည်မြေက..
အဖေတွေ..အမေတွေ
သားတွေ…သမီးတွေ
ချွေးသီး ချွေးပေါက်တွေကို ရွှေလိုဥ
ပညာရှင်တွေက…ထုဆစ်
ခရီးတန်ဆာသစ်ဖော်သူတွေက ဖြန့်ဝေတော့
အမေရေ….
ရထားတဲ့ဗျ
ထိုင်နေရတာအားမရလို့ မတပ်ရပ်စီးချင်စီး
ထခုန်ပြီး နေလိုနေ
လမ်းခရီးမှာ တွေ့သမျှလက်ပြပြီး အော်ချင်အော်
အမေရယ်…ပျော်လိုက်စမ်းပ
ပျော်လိုက်စမ်းပ…အမေရယ်။
*ကလေး- နတ်ချောင်းကို
အဦးဆုံးခုတ်မောင်းမယ့်
ဟောသည်…ရထားဟာ
ဥရောပက သံလိုက်ရထားထက်လည်း အဖိုးတန်တယ်..
ဂျပန်က ကျည်းဆန်ရထားထက်လည်း အမျိုးမှန်တယ်…
ဂျပန် ဥရောပက ရထား…အလကား
ဟောသည်…ကလေး-နတ်ချောင်းရထားကမှ
အမေတွေနဲ့ ကျွန်တော်တို့ဘ၀တွေကို သယ်ဆောင်
လူမွှေး သူမွှေးပြောင်စေမှာပါ အမေ။
*ဟော မကြာခင်ဆို
အမေ့သားကြီး မှန်းမှန်းပြီးပြောနေရတဲ့
ဂန့်ဂေါကိုပဲ သွားမလား…
အမေ့သမီးကြီး`တုပ်ဖြူ´ရှိတဲ့
ပခုက္ကူကိုပဲ သွားမလား
ဘွားခနဲ…ဘွားခနဲ
ရထားသံလမ်းတွေ ရင်ခုံသံချင်းဆက်
ခရီးထွက်ရမှာ ကြောက်တဲ့ အမေဟာ
အိမ်မှာမှ နေတတ်ပါဦးမလား။
*ဟော… ဟိုမှာအမေ
အထင်ကြီးတစ်ခွဲသားနဲ့ မဟုတ်
ရိုးရိုးရုပ်လေးနဲ့ပါ အမေ
အမေ့သားကြီးလို ညိုမောင်းမောင်းနဲ့
ဖုန်တထောင်းထောင်း လူတွေအကြား
အားရပါးရ စကားပြောနေတာ
``ရထားဝန်ကြီး ဦးဝင်းစိန်´´…တဲ့
အမေတို့ ကျွန်တော်တို့ ဇိမ်ကလေးနဲ့ ခရီးသွားနိုင်ဖို့
သူမို့ လုပ်နိုင်တယ် အမေရယ်။
*ကြည့်စမ်းပါအုံးအမေ
ရထားလမ်း လုပ်အားပေးတုန်းက
အမနာပပြောသူတွေ
သွားပုပ် လေလွှင့် ပြောသူတွေလည်း
ခုတော့မှ သဘောပေါက်
ချွေးပေါက်ပေါက် ကျရကျိုးနပ်…
အောင်မယ်…ရထားကြီးနဲ့တောင်
အမှတ်တရ ဓာတ်ပုံတွေတွဲရိုက်ဖို့
ဓာတ်ပုံဆရာတွေကိုလက် လိုက်လိုက်ဆွဲနေကြတယ်အမေ။
*ဟောသည် ရထားလမ်းဟာ
ဂျပန်ခေတ်ကလို ချွေးတပ်ဆွဲ စေခိုင်းခဲ့တာမဟုတ်
အင်္ဂလိပ်ခေတ်ကလို အာဏာနဲ့ စေခိုင်းခဲ့တာမဟုတ်
ဒါ…တို့လုပ်ကိုလုပ်ရမယ်လို့ ယုံကြည်
အားနဲ့ မာန်နဲ့
လုပ်အားကိုယ်စီ ပေးဆပ်ခဲ့ကြတာပါအမေ။
*ဒါဟာ…
ကျွန်တော်တို့ယုံကြည်စွာ ၀တ်ဆင်ခဲ့တဲ့
မော်ကွန်းသမိုင်းလည်းဖြစ်တယ်။
အမေရေ….
ဟောသည်ရထားဟာ
လူတွေ…ကုန်စည်တွေကိုတင်
တင်ဆောင်လာတာ မဟုတ်ဘူးအမေ။
*ယဉ်ကျေးမှုတွေ
စည်းလုံးညီညွတ်မှုတွေ
စည်ပင်ဖွံ့ဖြိုးမှုတွေ…ကို
တနင့်တပိုး သယ်ဆောင်လာလို့
ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက်
မဆုံးတဲ့ခရီးရှည် ခုတ်မောင်းပေးနေတယ်ဆိုတာလည်း
အမေ့အသည်းထဲ မြဲအောင်မှတ်
အလှရိုက်ဓာတ်ပုံတစ်ပုံလည်း မဟုတ်ဘူးအမေ။
*မေနဲ့ဖေရေ…
မေနဲ့ဖေ ပျိုရွယ်စဉ်ကလို
ကလေး-နတ်ချောင်းခရီးကို
လှည်းကြီးတအီအီစီးလို့
အချိန်တွေ မနည်းကြီးပေးပြီး
အနီးကလေးတွေကို
အဝေးကြီး မဖြစ်စေတော့ပါဘူးအမေ။
ကလေးမြို့က ထမင်းပေါင်း
နတ်ချောင်းမှာ ပူပူနွေးနွေးစား
နတ်ချောင်းက သပြေပန်း
ကလေးမြို့ဘုရားခန်းတွေမှာ အညွန့်တလူလူနဲ့
နတ်ချောင်းသားနဲ့ ကလေးသူ
နတ်ချောင်းသူနဲ့ ကလေးသား
အောင်သွယ်တော်ရထားလည်း ဖြစ်လိမ့်မယ်။
*အမေရေ…..
ရထားတွေဟာ
ဘူတာနဲ့ ခရီးလမ်းတွေကို ဖြတ်သန်းခဲ့သလို
အမေတွေဆိုတာလည်း
ဘ၀ခရီးကြမ်းများစွာကို ဖြတ်သန်းခဲ့၊
ပျော်ရွင်မှု ဘူတာတွေမှာလည်း ရပ်နားခဲ့
ဒီလိုနဲ့ မျိုးဆက်သစ်တွေဖြစ်လာ
တိုင်းပြည်လည်း သစ်သထက်သစ်လာပေါ့။
*အမေရေ..
ကျွန်တော်တို့ ဘ၀တွေ
ရ-ထားသင့်သမျှတွေ ရ-ထားစေဖို့
``ရထား´´လာပြီအမေ…
ရ…ရထားကြီးပျော်ပျော်စီးနိုင်ဖို့
ရထားကြီးလာပြီအမေ…
အမေတွေလာပြီအမေ။
*ဘ၀တွေမှာ ကြားနေခဲ့ရတဲ့
ထပ်ပြန်တလဲလဲ ကျယ်လောင်သံတွေထဲ
ကျယ်လောင်သံတွေ ထပ်ပြန်တလဲလဲမှာ
ဒီအသံသာ အချိုးမြိန်ဆုံး..
ဒီအသံသာ အင်အားအသစ်ကို ဖြစ်စေဆုံး..
ဒီအသံသာ ယုံကြည်စိတ်အချရဆုံး…
ဒီအသံသာ ဘ၀တွေကို ကျေနပ်စေရဆုံး…
ဂျုံး ဂျက်ဂျက်…ဂျုံးဂျက်ဂျက်
ဂျုံးဂျက်ဂျက်..ဂျုံးဂျက်ဂျက်ဂျက်
ဂျုံးဂျက်ဂျက်..ဂျုံးဂျက်ဂျက်ဂျက်..နဲ့
ဘ၀ဂ်လျံထွက်မဲ့- ရ- ရထားသံပါအမေ။ ။
မြဆင့်ချယ်
မှတ်ချက်။ ။ ပခုက္ကူ-ကလေးရထားလမ်းနှင့် ပတ်သက်၍ စာပေပြိုင်ပွဲတစ်ရပ် ကလေးမြို့တွင် ကျင်းပခဲ့သည်ဟုဆိုပါသည်။ ဖော်ပြပါ ကဗျာပြိုင်ပွဲတွင် ပထဆုရ ကဗျာဖြစ်ပါသည်။ (အယ်ဒီတာ-ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊ တွဲ(၄)အမှတ်(၉)။ ၈/၁၉၉၅)

စိတ် အဟာရပြည့်ဝအောင် SHADE ဂျာနယ်ကိုဆောင်လို့ ဘ၀အတွက် သုတ၊ရသစုံတဲ့ SHADEစာပေ၀ိုင်းသို့ သွားကြပါစို့..။

ရွှေလမ်းငွေလမ်းဝင်းကြည်

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel မကွေးမြို့က SHADE စာပေ၀ိုင်း(၄၄) ini dipublish oleh shwelannwelanwinkyi pada hari Tuesday, September 27, 2011. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan မကွေးမြို့က SHADE စာပေ၀ိုင်း(၄၄)
 

0 comments: