``အထက်မင်းလှမြို့နယ် စုန်းရေနံမှော်(ဆင်းမကျေးရွာ) စိန်တံခွန်ကုမ္ပဏီမှ ရေနံလျှံတွင်း မီးလောင်ပေါက်ကွဲ အလုပ်သမား(၈)ဦးဒဏ်ရာရ၍ တစ်ဦးသေဆုံး´´

နိုဝင်ဘာ(၁၀)ရက်နေ့ ည(၁၀)နာရီခန့်မှ နိုဝင်ဘာ(၁၁)ရက် နေ့လည်(၁)နာရီခန့်အချိန်ထိ သရက်ခရိုင် မင်းလှမြို့နယ် အနောက်ဘက် မိုင်(၃၀)ခန့်ရှိ စုန်းရေနံမှော်(ဆင်းမကျေးရွာ) စိန်တံခွန်ကုမ္ပဏီလုပ်ကွက် တွင် ရေနံများလျှံထွက်သောတွင်း၌ ဂတ်စ်များကန်ထွက်လာပြီး ပေါက်ကွဲမီးလောင်ကြောင်းသတင်းရရှိသည်။ အဆိုပါ ပုဂ္ဂလိက စိန်တံခွန်ကုမ္ပဏီလုပ်ကွက် စုန်ရေနံမှော်တွင် ကိုယ်ပိုင်လက်တွင်(စက်ကူ) ရေနံတွင်း များကို လုပ်ကွက်ချပေးကြောင်း၊ နိုဝင်ဘာ(၁၀)ရက် ည(၁၀)နာရီခန့်တွင် ရေနံကျင်းပိုင်ရှင် ဦးကျော်ဝင်းပိုင် ရေနံလျှံတွင်းမှ ဂတ်စ်ဓာတ်ငွေ့များပန်းထွက်လာပြီး လေထုထဲတွင် မီးလောင်ပေါက်ကွဲမှုစတင်လောင်ကြောင်း၊ အဆိုပါမီးတောက်မှာ လုံးပတ်(၁၀)ပေခန့်၊ အမြင့်(၂၅)ပေအထိမြင့်တက်ပြီး အခြားဘေးရှိ မိုးကာဖြင့်ရေနံ လှောင်ကန်များပါ ကူးစက်လောင်ကျွမ်းကြောင်း၊ လူနေအိမ်များမရှိကြောင်း၊ မီးလောင်စဉ် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန် နှင့် မင်းလှမြို့၊ မင်းဘူးမြို့၊ မကွေးမြို့များမှ မီးသတ်ကား(၆)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၈)ဦး၊ အရံတပ်ဖွဲ့ဝင်(၁၅)ဦး၊ ကျေးရွာသူ ကျေးရွာသား လုပ်သားပြည်သူများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ကြောင်း၊ `` ယခုမီးလောင်တာက ရေနံကိုလောင်တာနဲ့ Gas ဂတ်စ်မီးတောက်ကိုလောင်နေတာ နှစ်ခုဖြစ်တော့ မီးသတ်ဆေးနှစ်မျိုးကို အလှည့်ကျသုံးရပါတယ်။ မီးတောက်ထဲကို မီးကာဝတ်စုံရဲဘော်တွေဝင်ပြီး ဂတ်စ်ကန် ထွက်နေ့တဲ့ရေနံတွင်းကို သစ်သားအဆို့လုပ်ပြီးရိုက်ထည့်ရတယ်။ ယခုမီးကာဝတ်စုံအဖြူတွေက မီးအပူချိန် (၁၂၀၀) ဒီဂရီစင်တီဂရိတ်ကို မိနစ်(၁၀)လောက်အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ မီးတောက်ထဲကို ဖြတ်ပြေးပြီး မီးငြိမ်းလို့ရပါတယ်။ ယခုမီးလောင်တာကို ရေဂါလံ(၈၀၀၀)ခန့်၊ Foam အမြူပ်ဆေးရည်ဂါလံ (၈၅)ဂါလံ၊ ဓါတုဗေဒပေါင်ဒါမှုန့်ခြောက်(DCP)မီးသတ်ဆေးဘူး(၂၅)ဘူးနဲ့ CO 2 မီးသတ်ဆေးဘူး(၂)ဘူးတို့ကို အသုံးပြုပြီး မီးငြိမ်းသတ်ခဲ့ရပါတယ်..။´´ဟု မီးသတ်တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်က ဗွီဒီယိုဖိုင်ဖြင့်ပြ၍ ရှင်းလင်းပြောကြားသည်။ နိုဝင်ဘာ(၁၀)ရက် ည(၁၀)နာရီခန့်စတင်လောင်သောမီးကို (၁၁)ရက်နေ့ နေ့လည်(၁၂း၄၅)အချိန်တွင် မီးလုံးဝငြိမ်းသွားကြောင်း၊ မီးလောင်မှုကြောင့် အလုပ်သမားအမျိုးသား(၆)ဦး အမျိုးသမီး(၂)ဦးတို့ ဒဏ်ရာရ၍ အသက်(၂၀)ခန့်ရှိ (အမည်မသိရသေး၊ စုံစမ်းဆဲ) လူငယ်တစ်ဦးသေဆုံးကြောင်း၊ ရေနံတွင်းတူးစင်တစ်ခု၊ တွင်းတူး ကလပ်ခုံစက် တစ်စုံ ကာလတန်ဘိုးငွေကျပ်(၃၅)သိန်းခန့်ဆုံးရှုံးကြောင်း၊ ရေနံတွင်းပိုင်ရှင်ဦးကျော်ဝင်း(၄၅)နှစ်၊ (ဘ)ဦးမောင်တင်စိန်၊ ဆင်မ ကျေးရွာ၊ မင်းလှမြို့နယ်အား မင်းလှမြို့မရဲစခန်းတွင် (ပ)၆၂/၂၀၁၃ ပုဒ်မ၂၈၅/၃၃၇/၃၃၈/ ၃၀၄(က)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က ပြောသည်။
 

0 comments: