``မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းပေးရန် နယ်လှည့် (၁၂)ပွဲဈေးသည်များနှင့် ဒေသခံဈေးသည်(၇၂)ဦးတို့မှ သာသနာရေးဝန်ကြီးထံသို့တိုင်ကြား´´

နိုဝင်ဘာ(၁၄)ရက်နေ့တွင် မန်းရွှေစက်တော်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား အများပြည်သူ ယုံကြည်လေးစားခြင်းခံရသူများကို ဒီမိုကရေစီစနစ်ကျစွာဖြင့် ရွေးကောက်ပွဲပြုလုပ်ကျင်းပပြီး အသစ်ပြန်လည် ဖွဲ့စည်းပေးပါရန် နယ်လှည့်(၁၂)ပွဲဈေးသည်များနှင့် ဒေသခံဈေးသည်(၇၂)ဦးတို့မှ သာသနာရေးဝန်ကြီးထံသို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်တစ်ဝန်းလုံးမှ ဘုရားပုထိုးစေတီများရှိ ဂေါပကအဖွဲ့အချို့၏ စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီမှုများကို ထိမ်းသိမ်းနိုင်ရန်အတွက် ဂေါပကစဉ်းမျဉ်းများကို ပြင်ဆင် ရေးဆွဲနေကြောင်း နိုဝင်ဘာ(၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများ နှင့်တွေ့ဆုံပွဲတွင် သာသနာရေးဝန်ကြီးမှ ရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။ ထို့ကြောင့် မန်းရွှေစက်တော်ဂေါပကကို ပြင်ဆင်ဖွဲ့စည်းပေးရန် တောင်းဆိုကြကြောင်း၊ အုပ်ချုပ်ရေး ဌာနဆိုင်ရာ အကြီးအကဲများပါဝင်ဖွဲ့စည်းထားသည့်အချိန်ကာလမှ စတင်၍ ရွှေစက်တော်ဘုရားပွဲတော်၏ အစဉ် အလာများကို ထိမ်းသိမ်းမှုအားနည်းလာခြင်း၊ ခရိုင်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာဆိုင်ရာများမှ စီမံခန့်ခွဲမှု အများဆုံး လုပ်ပိုင်ခွင့်များကိုယူနေကြကြောင်း (ဥပမာ..။ ။ နှစ်စဉ်လေလံ စည်းကမ်းများအား ဖောက်ဖျက်ပြီး အချို့လေလံနေရာ ကောင်းသောလုပ်ငန်းများအား ချန်လပ်၍ယူထားခြင်း၊ တည်းခိုဆောင်(တည်းကျောင်း)နေရာ များအား ဌာနဆိုင်ရာအဆင့်ဆင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များအားလုံး၏အမည်များဖြင့်ယူ၍ မတန်တစ်ဆ အမြတ်ငွေတင်ပြီး အဆင့်ဆင့်ရောင်းစားနေကြခြင်း။ တည်းကျောင်းငှါးရမ်းခများကို တစ်ခန်းလျှင် ထောင်ဂဏန်း ခန့်သာ ဈေးနှုန်းများကို သတ်မှတ်ထားသော်လည်း ဘုရားဖူးလာပြည်သူများစည်ကားစွာ လာရောက်ချိန်များတွင် တစ်ခန်းလျှင် သိန်းဂဏန်းကျော်သည့်အထိ ဈေးတက်၍တောင်းယူနေခြင်းကိုမတားဆီး မထိမ်းသိမ်းနိုင်ခြင်း။ အချုပ်ဆိုရလျှင် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ သဘောကျ ခရိုနီဂေါပက ခရိုနီစီးပွားရေး ဈေးဆိုင် များသာ နှစ်စဉ်ထာဝရကြီးစိုးနေခြင်း။)ဖြစ်ကြောင်း နယ်လှည့်(၁၂)ပွဲဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းကိစ္စများအား နှစ်စဉ် သတင်းမီဒီယာများမှ ရေးသားဖော်ပြခဲ့သော်လည်း ဘာမျှအကြောင်း မထူးကြောင်း၊ မန်းရွှေစက်တော်ဘုရားပွဲတော်သည် နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အထိ ရက်ရှည်ပွဲတော်ကျင်းပသည်၊ တစ်နှစ်လျှင် ဘုရားပွဲတော်၏ အလှူငွေရရှိမှုမှာ ငွေကျပ်သိန်းပေါင်း နှစ်ထောင်ခန့်ရရှိကြောင်း ဂေါပကတစ်ဦးမှပြော၍ သိရှိ ရသည်။ ထို့ကြောင့် မန်းရွှေစက်တော်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား အသစ်ပြန်လည်ရွေးချယ် ဖွဲ့စည်း ပေးပါရန် ပြည်ထောင်စုဝန်ကြီး သာသနာရေးဝန်ကြီး နေပြည်တော်သို့ ဦးအေးကို(ဆင်းဂေါင်းကျေးရွာ) နှင့် ဦးနေမျိုးကျော်(စကုမြို့) နှစ်ဦးမှ ဦးဆောင်၍ ဈေးသည်စုစုပေါင်း(၇၂)ဦးတို့၏ လက်မှတ်များဖြင့် နိုဝင်ဘာ(၁၄) ရက် နေ့က အမြန်ချောစာဖြင့်တင်ပြီးကြောင်း ဦးနေမျိုးကျော်(စကုမြို့) က ပြောသည်။
 

0 comments: