``မကွေးမြို့ကားကြီးကွင်းရှိ ကားဂိတ်အသစ်(၂၆)ဂိတ် နေရာချထားရာ မညီမျှ၍ စည်ပင်သာယာရေးကော်မတီသို့ ကားဂိတ်များမှ ဆန္ဒပြမည်ဟုဆို´´

နိုဝင်ဘာ(၂၅)ရက်နေ့ နေ့လည်(၂ နာရီမှ ၃း၃၀ နာရီ)အချိန်ခန့်တွင် မကွေးမြို့ ရန်ဝေးရပ် ပြည်တော်သာ လမ်း နှင့် မဲထီလမ်းကြားရှိ မကွေးကားကြီးကွင်းမှ ရှေ့ဆောင်ကားဂိတ်နှင့် တွဲလျှက်ဖွင့်လှစ်သော အာကာသ ကားဂိတ်၌ ကားကြီးကွင်းအတွင်းမှ အသစ်ဆောက်သော(၂၆)ဂိတ်၏ နေရာချထားမှုကို လျှောက်ထားကြသော ကားဂိတ်များမှ ဂိတ်မှူး/ဂိတ်ပိုင်များ(၂၅)ဦးခန့်တို့က စည်ပင်သာယာရေးအဖွဲ့အား ကန့်ကွက်ကြောင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကြသည်။ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ (၁၀)ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာ အောက်တိုဘာ(၇)ရက်နေ့ နံနက်(၉)နာရီခန့်တွင် မကွေးမြို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိန်းရေး ယာဉ်ရပ်စခန်း၌ ကားကြီးကွင်းစနစ်တကျဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မော်တော်ယာဉ်ဂိတ်တာဝန်ခံများ ညှိနှိုင်းအစည်းအဝေးပြုလုပ် ကြောင်းသိရသည်။ ၎င်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကားဂိတ်များအတွက် (၁၅ ပေX ၃၀ ပေ) နှစ်ထပ်အဆောက်အဦး (၂၆)ခန်း နှင့် ဈေးဆိုင်များအတွက် ဆယ်ပေပတ်လည်ခန်း(၆၀)ခန်း ဆောက်လုပ်ရန် သတင်းစာမှ တင်ဒါခေါ်၍ ဆောက်လုပ်နေကြောင်း သတင်းရရှိသည်။ ၎င်း အစည်းအဝေး၌ ကားဂိတ်ဖွင့်လှစ်ရန် လျှောက်ထားသောဂိတ်(၇)ဂိတ်အား မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ လက်ခံရယူထားကြောင်းသိရ သည်။ ထို့နောက် ဂိတ်တစ်ခုအတွင်း၌ (၂)ဂိတ်တွဲလျှက် လက်ရှိပြေးဆွဲ၍ ဖွင့်နေရသော ကားဂိတ်များမှ မကွေးမြို့(မ.ထ.သ) ရုံးသို့ဆက်လက်လျှောက်ထားကြကြောင်းသိရှိရသည်။ အဆိုပါလျှောက်ထားကြသော ကားဂိတ်များမှ နိုဝင်ဘာ(၂၅)ရက်နေ့တွင် ကားဂိတ်သစ်များအားလုံး ဆောက်လုပ်၍မပြီးသေးဘဲ (မန္တလာမင်း ကားဂိတ်)ကို နေရာချထားပေးပြီး နိုဝင်ဘာ(၂၉)ရက်နေ့မှာ စတင် ဂိတ်ဖွင့်ပြေးဆွဲမည်ဖြစ်ခြင်းကို မကြေနပ်ကြသောကြောင့် မီဒီယာသမားများအား ဖိတ်ကြား၍ သတင်းစာရှင်းလင်း ပွဲပြုလုပ်ကြသည်ဆို၏။ ၎င်းကိစ္စကို နိုဝင်ဘာ(၂၂)ရက်နေ့က မကွေးမြို့နယ်စည်ပင်သာရေးရုံးသို့ ဂိတ်ပိုင်များ သွားရောက်မေးမြန်းခဲ့ရာ စည်ပင် သာယာရေးကော်မတီ ၏ ဆုံးဖြတ်ချက်အတိုင်း လျှောက်ထားသောဂိတ်(၇) ဂိတ်မှ မန္တလာမင်း ကားဂိတ်ပိုင်သို့ ဦးစားပေးနေရာချထားပေးသွားမည်ဖြစ်ကြောင်း၊ နောက်ကားဂိတ်များကိုလည်း စည်ပင်သာယာရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့်းစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အဖွဲ့ဝင်များ ဦးကျော်ဝင်း၊ ဦးဇေယျ နှင့် အတွင်းရေးမှူး ဦးနေမျိုးနိုင်(စည်ပင်အမှုဆောင် အရာရှိ)တို့က ဖြေဆိုသည်ဟု ပန်တော်ဦးဂိတ်မှူး ဦးမောင်အေး က ပြောသည်။ အလားတူ နိုဝင်ဘာ(၂၅)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ဂိတ်ပိုင်/ဂိတ်မှူး များမှလည်း ထိုကိစ္စအား ပွင့်လင်းမြင်သာမှုမရှိဘဲ မျက်နှာရှိရာ ဟင်းဖတ်ပါ၍ အထက်က အရှိန်အ၀ါအာဏာသုံးပြီး ပရက်ရှာပေး၍ မကွေးကားကြီးကွင်းအတွင်း လုံးဝမပြေးဆွဲရသေးသော မန္တလာမင်း ကားဂိတ်ကို ဦးဦးဖျားဖျား ဦးစားပေးပြီး နေရာပေး၍ ဂိတ်နှစ်ခန်းတွဲပေးထားခြင်း၊ ဆောက်လက်စဂိတ်များအားလုံးမပြီးသေးခင်မှာ နိုဝင်ဘာ (၂၉)ရက်နေ့ တွင် မန္တလာမင်းကားဂိတ်မှ ခရီးသည်ကားများစတင်ပြေးဆွဲမည်ဆိုသော ဖိတ်စာနှင့်ဗီးနိုင်းကြော်ငြာ များ ကပ်နေခြင်း တို့သည် လက်ရှိပြေးဆွဲနေသော လျှောက်ထားဆဲ ကားဂိတ်များအပေါ် ဂရုမစိုက်ရာကြပြီး တရားမျှတမှုမရှိ၍ စည်ပင်သာယာရေးကော်မတီအား လုံးဝမကြေနပ်ကြကြောင်း၊ မန္တာမင်းကား ဂိတ်ကို အခြား ကားဂိတ်များက မနာလိုဝန်တိုဖြင့် အချင်းချင်းတွေ တိုက်ထုတ်နေခြင်း မဟုတ်ပါကြောင်း၊ နေရာချထားရေး ကော်မတီမှာသာ တာဝန်ရှိပါ၍ ဆောက်လက်စ ကားဂိတ်များအားလုံးပြီးမှ နေရာချထား ပြေးဆွဲကြစေလိုကြောင်း၊ ထို့ကြောင့် ဤ ကိစ္စကို တရားမျှတစွာဖြင့် မဲစနစ်အတိုင်းဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယနေ့ တောင်းဆိုချက်အတိုင်း စည်ပင်သာယာရေးကော်မတီ က ပြုလုပ်မပေးခဲ့လျှင် အဆိုပါဂိတ်စတင် ဖွင့်မည့် နိုဝင်ဘာ (၂၉)ရက်နေ့တွင် ကားကြီးကွင်းအတွင်း၌ ဆန္ဒပြကြမည်ဟု တက်ရောက်လာသူ ဂိတ်မှူး/ဂိတ်ပိုင်များ အားလုံးက တညီးတညွတ်တည်း သုံးကြိမ်အော်ဟစ်၍ ပြောဆိုကြသည်။ ထိုကိစ္စကို မကွေးမြို့(မ.ထ.သ) ဥက္ကဋ္ဌ ဦးမြင့်စိုးအား မီဒီယာများမှမေးမြန်းရာ..`` ဒီကိစ္စကို နိုဝင်ဘာ(၇)ရက်နေ့က အစည်းအဝေးတက်ရပါတယ်။ ကားဂိတ်တွေအသစ်ဆောက်မယ် ဆိုတာကလွဲပြီး ကျန်တာ ကျွန်တော်ဘာမျှမသိရပါဘူး။ ဆောက်လုပ်ရေးကော်မတီမှာရော နေရာချထားရေးကော်မတီမှာရော ကျွန်တော့်ကို ဖိတ်ကြားခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်းမရှိခဲ့ပါဘူး။ ဒီ မန္တလာမင်းဂိတ်ချထားပေးလိုက်တာလဲ ကျွန်တော်မသိပါဘူး။ ဂိတ်ဖွင့်မဲ့ဖိတ်စာရောက်လာမှ သိရပါတယ်။ ကားဂိတ်ဖွင့်ဖို့လျှေက်လွှာတင်ရင် ကျွန်တော်က ထေက်ခံစာပေးရ ပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံမှသာ ဂိတ်ဖွင့်ဖို့ထောက်ခံပေးပါတယ်။ စည်ပင်ကိုတင်ထားတဲ့ ဂိတ်(၇)ခု လုံးကပြည့်စုံကြပါတယ်။ နောက်ထပ် (၂)ဂိတ်တွဲဖွင့်ပြီး လက်ရှိပြေးဆွဲနေတဲ့ဂိတ်တွေကလည်း ကျွန်တော်ဆီကို လျှောက်လာကြပါတယ်။ ကျွန်တော်တို့ရုံးကနေ စည်ပင်သာယာရေးကော်မတီကို ဆက်ပြီး တင်ပေးထားပါတယ်။ ယခုလိုဖြစ်နေတဲ့ကိစ္စမှာ ဒီကားဂိတ်တွေနဲ့ ကျွန်တော်က မိဘတစ်ယောက်ဖြစ်ပါတယ်။ အစက ကျွန်တော့်ကိုသာ စည်ပင်ကော်မတီက ခေါ်ပြီးညှိနှိုင်းတိုင်ပင်ရင် ဒီလောက်အထိမဖြစ်ပါဘူးဗျာ..။´´ဟု မကွေးမြို့(မ.ထ.သ) ဥက္ကဋ္ဌ ဦးမြင့်စိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ သတင်းစာရှင်လင်းပွဲအပြီးတွင် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးနေမျိုးနိုင် (အမှုဆောင် အရာရှိ)ထံသို့ သွားရောက်မေးမြန်းရာ…၊ `` ဒီကိစ္စကိုပြောရရင် အစကနေပြောမှရမယ်။ မန္တလာမင်းဂိတ်ကို အခြေခံပြီး ဒီဂိတ်သစ်အဆောက်အအုံတွေ ဖြစ်ပေါ်လာတာပါ။ အဲဒီဂိတ်က ကျွန်တော်တို့ဆီကို ထောက်ခံချက် ပြည့်ပြည့်စုံစုံနဲ့ လျှောက်ထားပြီးနေရာ တောင်းပါတယ်။ ကားကွင်းကြီးအတွင်းတောင်ဘက် ဂိတ်နှစ်ခုကြားလွတ်နေတဲ့ နေရာကို ကျွန်တော်တို့စည်ပင်က နေရာပေးပြီးဆောက်ဖို့စီစဉ်ခဲ့ပါတယ်။ အဲဒီတုန်းက အခြားဂိတ်တွေနဲ့ဆိုင်ခန်းတွေက ကန့်ကွက်ခဲ့ကြလို့ ကားကွင်း မြောက်ဘက်တန်းက နေရာအလွတ်မှာ မန္တလာမင်းဂိတ်ကို နေရာချထားပေးခဲ့ပါတယ်။ အဲဒီနေရာမှာ မန္တလာမင်း ကားဂိတ် ဆောက်လုပ်ဖို့ စတင်စီစဉ်ခဲ့ကြတာပါ။ အဲဒီအချိန်က မ.ထ.သ မှ ပေးပို့လာတဲ့ (၆)ဂိတ် အတွက်ပါ ဆောက်မယ်စီစဉ်ခဲ့တယ်၊ ဒီကိစ္စကို စည်ပင်ကော်မတီအဖွဲ့နဲ့တိုင်ပင်တော့ အခြားလက်ရှိ နှစ်ဂိတ်တွဲဖွင့်နေရတဲ့ ဂိတ်တွေအတွက်ပါ နေရာရရှိပါစေဆိုပြီး စည်ပင်ကော်မတီနဲ့ဆွေးနွေးပြီး ဂိတ်တွေ(၂၆)ခန်း ဆောက်ဖို့စီစဉ်ကြ ပါတယ်။ ကားကြီးကွင်းက စည်ပင်သာယာပိုင်မြေဖြစ်သော်လဲ စည်ပင်ကော်မတီသဘော နဲ့သာ မလုပ်ခဲ့ကြဘဲ အောက်တိုဘာ(၇)ရက်နေ့မှာ ကားဂိတ်အားလုံးကို အစည်းအဝေးခေါ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ တက်ရောက်လာကြတဲ့ ကားဂိတ်မှူး/ဂိတ်ပိုင်တွေရဲ့ရှေ့မှာဘဲ အစည်းအဝေးဆုံးဖြတ် ချက်များကို ကျွန်တော် ကိုယ်တိုင်ဖတ်ကြားပြခဲ့တာပါ။ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်ကို အောက်တိုဘာ(၁၇) ရက်နေ့က ဖြန့်ဝေခဲ့ပါ တယ်။ လက်ရှိ ကျွန်တော့်ဆီမှာ နေရာချထားပေးဖို့ ကားဂိတ် လျှောက်လွှာ(၇)ဂိတ် လက်ခံရရှိထားကြောင်း၊ ကားဂိတ်(၂၆)ခန်း နဲ့ ဈေးဆိုင်ခန်း(၆၀)ခန်းဆောက်မယ်။ ငွေစိုက်ပြီးဆောက်လုပ်နိုင်မယ့် ကုမ္ပဏီတွေကို သတင်းစာမှာ တင်ဒါခေါ်ပြီးဆောက်မယ်။ တင်ဒါအနည်းဆုံးဖြစ်တဲ့ အောင်ပဒေသာ ဦးဇော်ကိုနဲ့ SMG ကုမ္ပဏီ(၂)ခုကို ကန်ထရိုက်ပေးထားပြီးဆောက်နေပါတယ်။ ကားဂိတ်(၁၅ ပေX ၃၀ ပေ) တစ်ခန်း (၁၂၅)သိန်း၊ ဈေးဆိုင်ခန်း(ဆယ်ပေ ပတ်လည်)တစ်ခန်း (၁၅)သိန်း ကော်မတီက သတ်မှတ်လိုက်တယ်။ အရစ်ကျသုံးကြိမ်ခွဲ သွင်းရမယ်။ လက်ခံရရှိပြီး ကားဂိတ်(၇)ဂိတ်အတွက် ဆောက်လုပ်တဲ့အခန်းများကို စည်ပင်သာယာကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း နေရာချထားပေးမယ်။ နောက်ထပ်လျှောက်မယ့် ကားဂိတ်တွေကိုတော့ ခရီးစဉ်အတိုင်း မဲစနစ်ဖြစ်နဲ့ ဖြစ်ချင်ဖြစ်သွားမယ်၊ စည်ပင်ကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်သွားမယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားခဲ့တာပါ။ ဈေးဆိုင်ခန်းတွေကိုတော့ ရောင်းကုန် အလိုက် မဲစနစ်နဲ့ နေရာချထားကြမယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖတ်ကြားခဲ့ပြီးသားဖြစ်ပါတယ်။ ကားဂိတ်နေရာကို လျှောက်ရင် စည်ပင်သာယာရေးကော်မတီထံကို လျှောက်ရမှာပါ။ မ.ထ.သ ဥက္ကဋ္ဌ ဦးမြင့်စိုးထံသို့ ရောက်နေတဲ့ လျှောက်လွှာတွေ ကျွန်တော့်တို့ဆီကို မရောက်သေးပါဘူး။ ယခု ကျွန်တော်တို့ဆီ ရောက်လာတဲ့ မန္တာမင်းဂိတ်အပါ ဂိတ်(၇)ဂိတ်ကို စည်ပင်သာယာရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်နေရာချ ထားပေးသွားမှာဖြစ်ပါတယ်။ မည့်သည့်အထက်က ပရက်ရှာမျှ လုံးဝမရှိပါဘူး။ စည်ပင်သာယာရေးကော်မတီ ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်..။´´ဟု ဦးနေမျိုးနိုင်(အမှုဆောင်အရာရှိ၊ မကွေးမြို့စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး) က ပြောသည်။
 

0 comments: