``ချောက်မြို့နယ် အတွင်းမှ မြေနုကျွန်းအငြင်းပွား၍ နှစ်ဘက်အပြန်အလှန် လေးခွများဖြင့် ပစ်ပေါက်နေခြင်းကြောင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ အမြန်ကွင်းဆင်း၍ ခွဲဝေပေးရ´´

ချောက်မြို့နယ် စလင်းတောင်အုပ်စု၊ စလင်းတောင်ကျေးရွာနှင့် ၀င်္ဂဘာကျေးရွာ နှစ်ရွာတို့သည် မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ) ပေါ်တွင် နှစ်ဘက်ကျေးရွာအုပ်စုဖွဲ့၍ခိုက်ရန်ဖြစ်ကြသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်လဘာ(၂၇)ရက်နေ့တွင်အဆိုပါမြေနုကျွန်းပေါ်၌ စလင်းတောင်ရွာမှ တောင်သူ(၁၀၀)ဦးခန့်တို့က ထွန်ယက် စိုက်ပျိုးနေစဉ် ၀င်္ဂဘာကျေးရွာရှိ ရွာသူ/ရွာသားများမှ လေးဂွ/ခဲများဖြင့် စတင်ပစ်ပေါက်၍ ရွာနှစ်ရွာ နှစ်ဘက် အပြန်အလှန် လေးခွများဖြင့် ပစ်ပေါက်ပွဲကြီးဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး သို့လိပ်မှု၍ နိုဝင်ဘာ(၂၈)ရက်နေ့ စာအမှတ်၄၃-၁၆/ဦး ၆(၁၅၇၉)ဖြင့်ပေးပို့တားဆီခဲ့ကြောင်း၊ အထက်ပါပြဿနာများ ဆက်လက်မဖြစ်ပွား ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေးရှု၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာများသို့ အကြောင်းကြားထားကြောင်း သိရသည်။ အဆိုပါ မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ) အငြင်းပွားမှုကို ဖြေရှင်းပေးရန် ၎င်းကျွန်းပေါ်သို့ နိုဝင်ဘာ(၂၈)ရက်နေ့ နေ့(၁၁)နာရီအအချိန်ခန့်တွင် ချောက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များ သွား ရောက်ခဲ့ကြောင်း၊ ၎င်းကော်မတီ၌ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်သက်၊ ချောက်မြို့နယ်မြေစာဦးစီးဌာန ဦးစီးမှူး ဦးသက်နိုင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းဇော်အောင်၊ မြို့နယ်တိ/မွေး/ကု ဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ အောင်ဆန်းလင်း တို့နှင့် စလင်းတောင်ကျေးရွာကိုယ်စားပြု ရပ်မိရပ်ဖ ဦးသာချိုပါ(၅)ဦး၊ ၀င်္ဂဘာကျေးရွာ ကိုယ်စားပြု ဦးဝင်းထိန်ပါ(၅)ဦးတို့ တွေ့ဆုံညှိနှိုင်းကြောင်း၊ အဆိုပါလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှ ယခင် နှစ်ကတိုင်းတာ ဖော်ထုတ်သတ်မှတ်ပေးခဲ့သော အမျှော်လိုင်းအား တိုင်းတာဖော်ထုတ်ပြီး အစိုဓာတ်မခန်းခြောက်မီ စိုက်ပျိုးသွားနိုင်ကြရန် လုပ်ပိုင်ခွင့်ချထားပေးမည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက်ကျူးကျော်စိုက်ပျိုးခြင်း မပြုကြ ရန်နှင့် မလိုလားအပ်သော ခိုက်ရန်ဖြစ်ပွားမှုများထပ်မံဖြစ်ပွားပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ နှစ်ဘက် တောင်သူများကို အသိပေးထားသည်။ ၀င်္ဂဘာရွာမှ ဦးဝင်းထိန်ပါ (၅)ဦးတို့က ယခုခွဲဝေပေးသော ယခင်နှစ်မှ အမျှော်လိုင်းဖြင့်ခွဲဝေသတ်မှတ်ဖြင်းကို လက်ခံ နိုင်ခြင်းမရှိကြောင်း ပြောဆို၍ ၎င်းကွင်း အတွင်းမှ ၀င်္ဂဘာကျေးရွာသို့ ပြန်သွားခဲ့ ကြောင်းသိရသည်။ အထက်ပါကိစ္စအား မြေယာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သက် မှ မကွေးခရိုင် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့ရာ မကွေးခရိုင်အုပ်ချုပ်ရေးမှူးက မြေနုကျွန်းခွဲဝေတိုင်တာမှုကို ဆက်လက် ဆောင်ရွက်ခိုင်းကြောင်း၊ ထို့ကြောင့် နေ့(၁၂)နာရီမှ ညနေ(၄)နာရီအချိန်ခန့်အတွင်း အဆိုပါကွင်းဆင်းဆောင်ရွက် ချက်များအရ ချောက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးအမှတ်(၃၆/၂၀၁၃)ဖြင့် ဆွေးနွေးကြသည်။ မြေနုကျွန်းကွင်းအမှတ်-၂၄၇၉(ခ)အား ပြန်လည်ဖော်ထုတ်တိုင်းတာချက်အရ ပေါ်ထွက် လာသည့် ယခင်နှစ်အမျှော်လိုင်း၏ မြောက်ဘက်ဧရိယာ(၃၆)ဧကအား နည်းဥပဒေ ၁၀၅(ခ)အရ စလင်းတောင် ကျေးရွာရှိ တောင်သူများသို့ ဆောင်သီးနှံများအချိန်မီ စိုက်ပျိုးရန် ချထားပေးကြောင်း၊ ယခင်နှစ် အမျှော်လိုင်း၏ တောင်ဘက်ကျန်ရှိသော စိုက်ပျိုးနိုင်သော မြေနုကျွန်းဧက(၃)ဧကခန့်အား လယ်ယာမြေနည်းဥပဒေ- ၁၀၆(ဃ) အရ ၀င်္ဂဘာကျေးရွာ တောင်သူများ ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးရန် ချထားပေးကြောင်းသိရသည်။ မြေနုကျွန်းကွင်းအမှတ်-၂၄၇၉(ခ)သည် စလင်းတောင်ရွာ ကုန်းတွင်းနှင့် ဆက်စပ်ပေါ်ထွန်းနေသော ကမ်းပါးယံမြေမှာ ၁၉၆၂/၆၃ ခုနှစ်ကြေးတိုင်ဦးစီးဌာနမှ ကုန်းတွင်းနယ်နိမိတ်အဖြစ် မှတ်တမ်းတင်ထားသော်လည်း လက်ရှိအနေအထားအရ နှစ်ပေါင်းများစွာကပင် ကမ်းပါးပြို၊ ကမ်းရံမြေနုအဖြစ်ပေါ်ထွန်းနေသဖြင့် ၀င်္ဂဘာကျေးရွာ ရပ်မိရပ်ဖများက မြေနုကျွန်းအဖြစ်သတ်မှတ်လိုခြင်းမှ ပြဿနာအစပျိုးနေခြင်းအတွက် ၎င်းကို မြေအမျိုးအစား ခွဲခြားသတ်မှတ်နိုင်ရန် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ဆက်လက်တင်ပြထားပါကြောင်း လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦး က ပြောသည်။ ယခင်နှစ်၂၀၁၂/၂၀၁၃ က ချောက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး မြို့နယ်မြေစာရင်းဌာန မြို့နယ်မှူးဦးစီးမှူး ဦးခင်မောင်စန်း ( အငြိမ်းစားပေးခံရသူ)သည် မြေယာဥပဒေ မှ (အနီးစပ်ဆုံး)ဆိုသောစကားရပ်ဖြင့် မြို့နယ် မြေစာရင်းဦးစီးမှူး တစ်ဦးတည်းက(တစ်ဖက်သတ်ဆုံးဖြတ်၍) နှစ်စဉ်အမြဲတန်းပေါ်နေသော မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ)ကို(မူလရှိ အမျှော်လိုင်း)ကိုအတည်မပြုဘဲ ၀င်္ဂဘာရွာအား ခွဲဝေပေးခဲ့ကြောင်း စလင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ကပြောသည်။
 

0 comments: