ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ချီတက်နေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်အဖွဲ့ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးက နိုဝင်ဘာလမှ စတင်ပြီးလျှပ်စစ်မီတာခတွေတိုး တာက လုပ်ငန်းရှင် ၄၀၀၀ ဦးပဲထိခိုက်တယ်။ အခြားနိုင်ငံတကာတွေနဲ့စာရင် ယခုတိုးထားတဲ့မီတာခ ဈေးနှုန်းက နဲနေပါသေးတယ်၊ ပြည်သူတွေကို မထိခိုက်ပါဘူးတဲ့၊ အံ့သြကုန်နိုင်ဖွယ်။ ဆရာအော်ပီကျယ် ရေးတဲ့ကာတွန်း (ဒီလှိုင်း)ဂျာနယ်ထဲမှာပါတဲ့ (လောက်စာလုံး တစ်လုံး ငါးကျပ်ကနေ တစ်ဆယ်တိုးတာ ဘာမှမဖြစ်လောက်ပေမယ့် အဲဒီလောက်စာလုံးတွေကို ရောင်းစားနေသူက လျှပ်စစ်နဲ့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ၀ယ်စားနေရတာဗျ..။) တဲ့။ မီတာခတိုးတဲ့ကိစ္စကို လွှတ်တော်က မေးမြန်းချက်ကိုလဲ ယခု နှစ်ဆတိုးလိုက်တဲ့ မီတာခတွေကို ပြန်လည်ပြင်ဆင်ပြီး လျှော့ချပေးစရာ အကြောင်း မရှိဘူးလို့ဖြေပါတယ်။ သွားလေသူ..အဲ ယခင်လျှပ်စစ် ၀န်ကြီးတစ်ပါးတုန်းကလဲ လျှပ်စစ်နဲ့ ပတ်သက်ပြီး ကျုပ်လောက်သိတဲ့ တတ်တဲ့သူဘယ်သူမှမရှိဘူး၊ လျှပ်စစ် ဓာတ်အားတွေပိုနေလို့ နိုင်ငံခြားကိုရောင်းစားတာပါ၊ ဘယ်သူတွေက တားတားဆီးဆီး ဘယ်အဖွဲ့တွေကပြောပြော လျှပ်စစ်ဓာတ်အားတွေ အများကြီးထွက်မဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးကို ဆက်လုပ်မယ်လို့ လူသိရှင်ကြားပြောပြီး မကြာပါဘူး ၀န်ကြီးရာထူးကနေ ငါသိ ငါတတ် တစ်ဇောက်ကန်းပြောလို့ပြုတ်သွားခဲ့တာ အများအသိပါ။ ယခု လက်ရှိ လျှပ်စစ်ဝန်ကြီးကလဲ မီတာခတွေ ဆက်ပြီးတိုးကောက်နေပါပြီ၊ ပြည်သူလူထုမပြောပါနဲ့ ဘယ်လွှတ်တော် ကိုမှ ကြိုတင်ညှိနှိုင်းပြီး ချပြဆွေးနွေးတာ မကြားလိုက်ရပါလား..?၊ ပြည်သူတွေကရွေးချယ်တင်မြှောက်ပေး လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေနဲ့ လွှတ်တော်နာယက၊ ဥက္ကဋ္ဌကြီးတွေကလဲ ဒီလိုပဲ လက်ပိုက်ကြည့်နေကြတော့မှာလား..?။ အစိုးရက ပြောတော့ အတ္တကိုဗဟိုပြု (အဲ..မှားလို့) ပြည်သူလူထုကို ဗဟိုပြုသတဲ့၊ အောက်ကနေ အထက်တဲ့၊ ယခုတော့ အာဏာရှင်က အာဏာရှင်ဆန်ဆန် အထက်အမိန့်အရဆို လုပ်ချလိုက်ပြန်ပြီနော်…။ ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး..၊ ယခုတစ်မျိုး တော်တော်ကြာတစ်မျိုးနဲ့ ပြောကို မပြောချင်တော့ပါဘူး…။
``ပြည်သူများကို ခိုင်လုံတဲ့အကြောင်းအကျိုးနဲ့ရှင်းလင်းပြီး ကြိုတင်အသိပေးခြင်းမရှိဘဲ ဓာတ်အားခ များတိုးမြှင့်ခဲ့ခြင်းဟာ(အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့အငွေ့အသက်မကုန်သေးဘူးလို့ပဲပြောရမှာပဲ) ဟု ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)က နိုဝင်ဘာ(၄)ရက် ပြည်သူ့လွှတ်တော်ဝန်းအတွင်းမှာ မီဒီယာများနဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။
ယခု ပြည်သူလူထုတွေ လျှပ်စစ်မီတာခတိုးလို့ ကုန်ဈေးနှုန်းတွေတက်လာတာကိုခံနေကြရပါပြီ..။၂၀၀၇ ခုနှစ်မှာ စွမ်းအင်နဲ့ပတ်သက်ပြီး ဓာတ်ဆီ/ဒီဇယ်ဈေးနှုန်းတက်လာလို့ လူထုဆန္ဒပြရာကနေ ၂၀၀၇ သံဃာ့အရေး တော်ပုံကြီးဖြစ်ခဲ့ရတာ အများအသိပါ။ ယခုလဲ မီတာခတိုးကောက်တဲ့အတွက် တစ်နိုင်ငံလုံးက ပွက်လောညံ ကုန်နေပါပြီ..။ လွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေထဲက ပယ်ဖျက်ပေးဖို့တင်ပြထားတဲ့ ပုဒ်(၁၈)ကို ဖြုတ်ပေးရင် ဒီမီတာခတိုးတဲ့ကိစ္စကို အများပြည်သူလူထုအားလုံးက ဆန္ဒပြကြတော့မယ်ထင်ပါတယ်။ စာရေးသူလဲ ရှေ့ဆုံးက ချီတက်လို့ (နေရောင်ခြည်စွမ်းအင်ရ) ဆိုလာပြားကြီးခေါင်းပေါ်ကိုတင်ပြီး ဆန္ဒပြလိုက်မယ်..။(မပစ်ဘူး၊ မဖမ်းဘူး ဆိုရင်ပေါ့)။
ပြည်သူတွေခင်ဗျာ.. မီတာခတွေတိုးကောက်လို့ ကုန်ဈေးနှုန်းတွေတက်လာနေတဲ့ ဒဏ်တွေကိုခါးစီးပြီး ခံနေရချိန်မှာ နိုင်ငံတော်သမ္မတအတွက် လစဉ်/လခ(၁၅)သိန်း၊ လွှတ်တော်ဥက္ကဋ္ဌများ(၁၂)သိန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများက လခ(၃)သိန်းကနေ(၆)သိန်းထိ နှစ်ဆတိုးယူကြဖို့ နိုဝင်ဘာ(၄)ရက် အမျိုးသား လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က တင်သွင်းပြီး ကန့်ကွက်သူမရှိ ဆွေးနွေးကြရန် အတည်ပြုနေကြတာကို သိလိုက်ကြားလိုက်ရပါတယ်။ သြော် သူတို့ခင်ဗျာ.. ယခုတိုးမဲ့ မီတာခနဲ့ ၀င်ငွေအခွန်ရှောင်..အဲ နိုင်ငံတော် အခွန်ဆောင်ဖို့အတွက် တိုးပေးလိုက်ရတာဖြစ်မှာပါလေ..။ ယူလိုက်ကြပေါ့ ။ ပြည်သူအသံ လွှတ်တော်အသံ ၊ ပြည်သူတို့အကျိုးအတွက် လွှတ်တော်ကအမြန်ဖော်ဆောင်ရွက်..။ ဆိုသော်လည်း ပြည်သူတွေရဲ့ လည်ပင်းကို ဆင်းနင်းသတ်မဲ့ ကုန်ဈေးနှုန်းကြီးစေတဲ့ လျှပ်စစ်မီတာခတိုးတဲ့ကိစ္စကိုတော့ လွှတ်တော်အဆင့်ဆင့်က ရေငုံနှုတ်ပိတ်နေကြရက်တယ်နော်..။ သမ္မတကြီး ဦးသိန်းစိန် ပြောပြောနေတဲ့ မြန်မာပြည်တွင်းမှာ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ဆင်းရဲသားပပျောက်ရေး စီမံကိန်းကြီးကိုများ အမှန်တစ်ကယ် လက်တွေ့အကောင်အထည် ဖော်နေကြပြီလားဗျာ…၊(ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြလေးရဲ့စကားကို အငှါးသုံးပြီး) ပြောကို မပြောချင်တော့ ပါဘူး…..။
0 comments:
Post a Comment