မြို့နယ်တစ်မြို့နယ်သို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် သိန်းတစ်ထောင် အသုံးပြုခြင်းအစ ပြဿနာ

နိုဝင်ဘာ(၂၉)ရက် နံနက်(၁၀း၃၀ မှ နေ့ ၁၂)နာရီအထိ မကွေးမြို့၊မြင်သာရပ်၊ မဲထီးလမ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် မကွေးတိုင်းဒေသကြီး NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဗဟို ကော်မတီဝင်များ နှင့် တိုင်း/ခရိုင်/မြို့နယ်((၂၅)မြို့နယ်အလုပ်အမှုဆောင်များတွေ့ဆုံ၍ အထူးအစည်းအဝေး ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တောင်တွင်းကြီး မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီးNLD ဗဟိုကော်မတီဝင် (၉)ဦး နှင့် တိုင်း/ခရိုင်/မြို့နယ် ဥက္ကဋ္ဌ အတွင်းရေးမှူး ကိုယ်စားလှယ်များ စုစုပေါင်း(၅၅)ဦးတက်ရောက်သည်။၎င်း အစည်းအဝေးဆုံးဖြတ်ချက်မှ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်နာယက သူရဦးရွှေမန်း နှင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သုံးဦးဖြင့် တွေ့ဆုံရန်တောင်းဆိုခြင်းအား မကွေးတိုင်းNLD ပါတီကထောက်ခံကြောင်း NLDပါတီ ဗဟိုသို့ သ၀ဏ်လွှာပေးပို့မည်ဟုသိရသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် မြို့နယ်တစ်မြို့နယ်၌ သိန်းတစ်ထောင် အသုံးပြုခြင်းကိစ္စကို အကျယ်တစ်ဝန့် ဆွေးနွေးကြသည်။ ထိုအကြောင်းကို တောင်တွင်းကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ရှင်းလင်းသည်။ ၎င်းရှင်းလင်းချက်မှ ကောက်နှုတ်ဖော်ပြပါမည်။ မြို့နယ်တစ်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် သိန်းတစ်ထောင်အသုံးပြုခြင်းကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အမိန့်ကြော်ငြာစာ ၈၂/၂၀၁၃ ဖြင့် ယခုလ နိုဝင်ဘာ(၁၅)ရက်နေ့က (ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ ကို ထုတ်ပြန်ထားကြောင်း၊ ယခုနှစ် ၂၀၁၃/၂၀၁၄ ဘတ်ဂျက် မတ်လကုန်အတွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊ ၎င်းငွေကို သတ်မှတ်ဘတ်ဂျက်အတွင်းမကုန်လျှင် ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွက် အသုံးပြုရန် လေးလအချိန်သာရှိ၍ အရေးတစ်ကြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် အသုံးပြုရာ၌ အခက်အခဲများ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်းသိရသည် ယခု NLDပါတီအစည်းအဝေးတွင် တင်ပြသွားသော ဆောမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ကြံခိုင်ရေးပါတီက ယခုရရှိသော ငွေသိန်းတစ်ထောင်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များကိုပြုလုပ်ပေးမည် သို့သော်၎င်းကျေးရွာမှ ပါတီဝင်အင်အား ၅၀% အဆိုပြုလွှာ တင်ရမည်ဆိုသော ကိစ္စကို တိတိကျကျ အထောက် အထားစုံဖြင့် လွှတ်တော်နာယက သူရဦးရွှေမန်းထံသို့လိပ်မှုပြီး တိုင်းကြားနိုင်ကြောင်း၊(ဆောမြို့နယ်NLDပါတီ ဥက္ကဋ္ဌ က အထောက်အထားစုံလင်စွာဖြင့် တင်ပြထားပါကြောင်း ဖြေဆိုသည်။) ပါတီတွေက အမျိုးမျိုး ရှိကြပြီး မြို့နယ်တစ်မြို့နယ်အတွင်း၌ ပါတီတစ်ခုတည်းထဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာရှိသော နေရာများတွင် ၂၀၁၅ အတွက် နိုင်ငံရေးအကျိုးအမြတ်ရအောင် ယခုလို ပြုမှုနိုင်ပါကြောင်း၊ ဤ သိန်းတစ်ထောင်ငွေသည် ပါတီစည်းရုံးရေးအတွက် ပြုလုပ်ခွင့်မရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နေရာများတွင် ကော်မတီဖွဲ့၍ လက်ရှိ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီက တင်ပြလာသောဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာတစ်အုပ်စုလျှင် ငွေကျပ်သိန်း(၅၀)သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ အချို့မြို့နယ်များတွင် မြို့နယ် /ရပ်ကျေး အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းရာတွင် ပါတီတစ်ခုတည်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အကြိုက်ဖွဲ့စည်းထားကြောင်း၊ ဒါကြောင့် တောင်တွင်းကြီးမြိုနယ်မှာ ပါတီစုံနှင့် ရပ်မိ ရပ်ဖများ ပါဝင်နိုင်အောင် ပြန်လည်ဖွဲ့စည်းပေးရန်တောင်းဆိုပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အသုံးပြုခွင့်သတ်မှတ်ထားသော လုပ်ငန်းများမှာ (၁)သောက်သုံးရေရရှိရေးလုပ်ငန်းများ။ (၂) ကျေးလက် တံတား/လမ်းများပြုပြင်ဆောက်လုပ်ခြင်းလုပ်ငန်းများ။ (၃) ပညာရေးဆိုင်ရာ အဆောက်အဦးပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ။ (၄)ကျန်းမာရေးဆိုင်ရာ အဆောက် အဦးပြုပြင်တည်ဆောက်ခြင်း။ (၅)မြို့နယ်အတွင်း ပြည်သူလူထု၏ အမှန်တကယ်လိုအပ်ချက်ဖြစ်သော အခြား လုပ်ငန်းများ ဟု ငါးမျိုးသတ်မှတ်ပေးထားပါကြောင်း၊ ယခု နှစ်၂၀၁၃/၂၀၁၄ ဘတ်ဂျက်အတွင်း ပြုလုပ်ပေး ရန် ကျန်သောကျေးရွာအုပ်စုများအနေဖြင့် နောင်နှစ်များမှာ ပါဝင်ရရှိအောင် မြို့နယ်/ရပ်ကျေးဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု့အဖွဲ့များက ကြိုတင်စီမံချက်များရေးဆွဲထားပြီး နှစ်စဉ် သြဂုတ်လအတွင်း သက်ဆိုင်ရာများထံ တင်ပြတောင်းခံနိုင်ပါကြောင်း၊ သိန်းတစ်ထောင်သုံးစွဲခြင်း ဥပဒေ နည်းဥပဒေများ ကို တောင်တွင်းကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က အသေးစိတ် ရှင်းလင်းပြောဆို၍ မိတ္တူများ ဖြန့်ဝေ ကြောင်း သတင်းရရှိသည်။
 

0 comments: