``ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆိုင်ခန်းမြေနေရာငှါးခများ အဆမတန်ဈေးတက်၍ မကွေးမြို့ရှိ ဆိုင်ခန်းပိုင်ရှင် (၂၅)ဦးမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အသနားခံစာတင်´´

နိုဝင်ဘာ(၁၃)ရက်နေ့တွင် မကွေးမြို့ ကန်သာရပ်ကွက် တောင်တွင်းကြီးလမ်းနှင့် မေတ္တာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးဆောက်လုပ်ရေးပစ္စည်းသိုလှောင်ရုံပိုင်မြေပေါ်၌ရှိသော ဆောက်လုပ်ရေးဆိုင်ခန်းတိုက်တန်း (၃၇)ခန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆိုင်ခန်းမြေနေရာငှါးရမ်းခများ အဆမတန်ဈေးတက်၍ ဆိုင်ခန်းပိုင် ရှင်(၂၅)ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ မြေငှါးရမ်းခဈေးနှုန်းများကို ပြန်လည် ပြင်ဆင် သတ်မှတ်ပေးပါရန်အသနားခံစာတင်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါဆိုင်ခန်း(၃၇)ခန်းအား ဆိုင်ခန်းတစ်ခန်းလျှင်(အနံဆယ်ပေ၊ အလျှားနှစ်ဆယ့်ငါးပေ)ကို မြေငှါးရမ်းခ လစဉ်/တစ်လ(၃၀၀၀ိ)သုံးထောင်ကျပ်ဖြင့် တိုက်ခန်းတစ်ခန်းတန်းဘိုးငွေကျပ် ၁၄၅၀၀၀၀ိ/(တစ်ဆယ်လေးသိန်းငါး သောင်းခွဲ)ကျော်ခန့်ပေးချေခဲ့ရပြီး ဆိုင်ခန်းအဆောက်အဦးအား အပိုင်ဖြစ်ကြောင်း၊ ၂၀၀၃၊ ဇန်န၀ါရီလ(၁)ရက်နေ့မှစ၍ ဦးကျော်သောင်း ဥက္ကဋ္ဌ ၀န်ထမ်းသက်သာချောင်ချိရေးကော်မတီ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ မကွေးမြို့ နှင့်ဆိုင်ခန်းရယူထားသူများ အသီးသီးတို့ထံစာချုပ်ပြီးအပ်နှံခဲ့ကြောင်း၊ သတ်မှတ်ပေးခဲ့သောဈေးနှုန်းအတိုင်း တစ်ခန်း(၃၀၀၀ိ) ဖြင့်မြေငှါးရမ်းခ များကို၂၀၁၃၊ စက်တင်ဘာလကုန်အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။ ၂၀၁၃ အောက်တိုဘာ(၁၅)ရက်နေ့တွင် မကွေးခရိုင်အင်ဂျင်နီယာမှူး ဒေါ်သူဇာညွှန့်မှ (ဆောက်လုပ်ရေး ဌာနပိုင်ဈေးဆိုင်ခန်းများ ငှါးရမ်းခတိုးမြှင့်တောင်းခံရန်ကိစ္စ)ဆိုသောစာထွက်လာကြောင်း၊ အထွေထွေမန်နေဂျာ (အုပ်ချုပ်ရေးမှူး) နေပြည်တော် နှင့် အင်ဂျင်နီယာမှူးကြီး မကွေးတိုင်းဒေသကြီးပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တို့မှ ညွှန်ကြားချက်စာအရ မကွေးခရိုင်အတွင်းရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(သက်သာချောင်ချိရေးဌာနပိုင် ဈေးဆိုင်ခန်းများအား)၂၀၁၃ အောက်တိုဘာလမှစ၍(တစ်စတုရန်းပေ=၁ပေX၁ပေ)ကို တစ်လလျှင်(၆၀ိ မှ ၁၂၀ိ) အတွင်းနှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ အထက်ပါဆိုင်ခန်းများ(၃၇)ခန်းကို တစ်စတုရန်းပေလျှင် (၈၀ိ)ကျပ်နှုန်းဖြင့် (အနံဆယ်ပေ၊ အလျှားနှစ်ဆယ့်ငါးပေ)ဆိုင်ခန်းတစ်ခန်းလျှင် မြေငှါးရမ်းခ တစ်လ(၂၀၀၀၀ိ) နှစ်သောင်းကျပ်နှုန်းဖြင့်ပေးရမည်ဖြစ်ကြောင်း၊ မြေငှါးခ တစ်လ(၃၀၀၀ိ)အစား(၂၀၀၀၀ိ)ကျပ်သို့ ဈေးနှုန်းတက် လိုက်၍ လခများကို(၃)လတစ်ကြိမ်ပေးသွင်းရမည်ဖြစ်ကြောင်း ဆိုင်ခန်းရှင်များထံ အကြောင်းကြားစာပို့ထား ကြောင်း သိရှိရသည်။ အဆိုပါကိစ္စအား မကြေနပ်ကြသောဆိုင်ခန်းပိုင်ရှင်(၂၅)ဦး၏ကိုယ်စား ကိုဇော်လွင်ဦးမှ ရင်ဖွင့်ပြောပြသည်။ ``ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံမြို့နယ်မှာ တစ်စတုရန်းပေကို(၆၀ိ)နှုန်းကောက်ခံပြီး ကျွန်တော်တို့ နယ်မြို့ တွေမှာ တစ်စတုရန်းပေ(၈၀ိ-၁၂၀ိ)နှုန်းထိ မကောက်သင့်ပါဘူး။ ရန်ကုန်မြို့မှာကောက်တဲ့ဈေးနှုန်းထက် နယ်မြို့ တွေကို လျော့ပြီးသတ်မှတ်ပေးစေချင်ပါတယ်။ ဒီမြေငှါးခဈေးနှုန်းတွေကို တက်မယ်ဆိုရင် ဆိုင်ခန်းရှင်တွေနဲ့ ဆောက်လုပ်ရေးဌာနက တာဝန်ရှိသူတွေ အပြန်အလှန်ကြိုတင်ညှိနှိုင်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အများလက် ခံနိုင်တဲ့ဈေးနှုန်းသတ်မှတ်ပြီး တစ်ပြည်လုံး တပြေးညီဈေးနှုန်းဖြစ်သင့်ပါတယ်။ ယခင်စစ်အစိုးရ လက်ထက်က (အနံဆယ်ပေ၊ အလျှားနှစ်ဆယ့်ငါးပေ)ဆိုင်ခန်းတစ်ခန်းလျှင် မြေငှါးခ(၃၀၀၀ိ)သာပေးရပြီး ယခု ဒီမိုကရေစီအစိုးရ အသစ်လက်ထက်မှာ တစ်လ နှစ်သောင်းကျပ်အထိ အဆမတန်ကြီးဈေးနှုန်းတိုးကောက်တော့ မြေငှါးခပေးရ တာနဲ့မတူဘဲ ဆိုင်လခပေးနေရသလိုမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(အဘ)ထံကို မြေငှါးရမ်းခဈေးနှုန်းများပြန်လည်ပြင်ဆင်ပေးပါရန် ဒီနေ့ နိုဝင်ဘာ(၁၃)ရက်နေ့ မှာ အသနားခံစာတင်ထားပါတယ်ဗျာ..။´´ဟု ဆိုင်ခန်းပိုင်ရှင် ကိုဇော်လွင်ဦးက ပြောသည်။
 

0 comments: