Showing posts with label ကျွန်တော်၏ အရိပ်သုံးပါး. Show all posts
Showing posts with label ကျွန်တော်၏ အရိပ်သုံးပါး. Show all posts

`မကွေးတိုင်းဒေသကြီး မှ စာပေဟောပြောပွဲများနဲ့ စာပေဆုများ´



ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ

အမှတ်စဉ်(၂) ၁၃-၁၂-၂၀၁၁ `မကွေးတိုင်းဒေသကြီး မှ စာပေဟောပြောပွဲများနဲ့ စာပေဆုများ´

ဒီနေ့ နံနက် (၅)နာရီကျော်မှ အိပ်ယာထဖြစ်ပါတယ်။ ထုံးစံအတိုင်း ဘုရားရှစ်ခိုး၊ ဆိုင်ဖွင့်ပါတယ်။ အဲ ဒီနေ့မှ ညပိုင်းမှာ ကြည့်ဖြစ်တဲ့ အင်တာနက်သတင်းမှာ ကချင် KIO နှင့် မြန်မာစစ်တပ်တို့ရဲ့ စစ်ဆင်ရေးအား သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းခြင်း။ သတင်းကို တော်တော်စိတ်ဝင်စားလို့ ပြန်ဖွင့်ကြည့်မိပါတယ်။ ညကလိုပါဘဲ။ ထူးခြားမှု မရှိသေးပါ။ မြန်မာသတင်းမှာ တရားဝင်မထုတ်ပြန်သေးပါဘူး။ သတင်းကိစ္စ ထက် ကိုယ့်အတွက် ၀တ်မပျက် ရွတ်နေကြ ပရိတ်ကြီး နဲ့ ပဌာန်း အကျဉ်း၊ အကျယ် တို့ကို ရွတ်ဆိုရပါတယ်။ ပါးစပ်က တရားစာဆို၊ လက်တစ်ဖက် နဲ့ မျက်စေ့က အင်တာနက်ကို ဖွင့်နေမိပြန်ပါတယ်။ ငါ့ အိုင်တီဆိုဒ်က လူငယ်တွေများ သူငယ်ချင်းအဖြစ်လက်ခံထားလားလို့ ဆို ကြည့်မိပြန်ပါတယ်။ အင်တာနက်က သတင်းများကို ဖတ်နေရပြန်တယ်။ ချယ်ရီမြို့နယ်တော် အင်တာနက်လမ်းညွှန်ဆိုဒ်ကို အသစ်တွေရတယ်။ ဖတ်ချင်နေတဲ့ ဆရာအောင်သင်းရဲ့ ရသစာတမ်းတွေကို တစ်ဝကြီးဖတ်လိုက်ရပါတယ်။ ကျွန်တော်လို ဖတ်ချင်တဲ့သူများကို ထပ်မံ လမ်းပြလိုက်ပါရစေ..။ http://cherrymyodaw-directory.blogspot.com/ ဆိုဒ်ပါခင်ဗျာ။

အင်တာနက်ထဲက စာဖတ်၊သတင်းတွေကို ကြည့်ရင်းနဲ့ ဈေးရောင်းကောင်းအောင်လည်း နေ့စဉ် ရွတ်ဆိုနေကြ ပုတီးစိတ်နေကြ စရဏကျင့်စဉ် ဘာဝနာကိုလည်း ပွားများရပါသေးတယ်။ ကျွန်တော်က ဈေးဆိုင်ထိုင်ပြီး ဈေးရောင်းနေသူပါ။ အဲ တော်တော်လေးကြာတော့ ဧည့်သည်ရောက်လာပါတယ်။ အတွေးအမြင် မဂ္ဂဇင်းမှာ ပင်တိုင်ဆောင်းပါးတွေ ရေးသားနေသူ စာရေးဆရာသန်းထွန်း(စကု) ဆိုသူပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲက သူတို့ စကုမြို့မှာ စာပေဟောပြောပွဲ လုပ်ပြီးကြောင်း။ ဟောပြောသူများကတော့ ဆရာအော်ပီကျယ်၊ ဆရာဇော်မြင့်(သဘာဝပတ်ဝန်းကျင်) နဲ့ ဆရာမ သန်းမြင့်အောင် တို့ သုံးဦးဟောကြတယ်။ ဆရာဇော်မြင့်(သဘာဝပတ်ဝန်းကျင်) က ဒေါက်တာထွန်းလွင်(မိုး/ဇလ ညွှန်မှူး(ငြိမ်း) မလာနိုင်လို့ လူစားထိုးတာ ကို သက်ဆိုင်ရာမှ လူစားထိုးတဲ့ စာရေးဆရာကို ဟောပြောခွင့်မပြုကြောင်း သိရပါတယ်။ ဆရာအော်ပီကျယ် ကပဲ အဲဒီဆရာရဲ့ ကိုယ်စား နှစ်ကြိမ် နှစ်ခါ ဟောလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ``ပွင့်လင်း မြင်သာတဲ့ခေတ်ကို မရောက်သေးပါဘူးဗျာ..။ မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲ နေပြီသာ အထက်ကပြောနေကြတာပါ၊ အောက်ခြေ က လုံးဝ ဘာမှ ပြုပြင်ပြောင်းလဲခြင်း မရှိသေးပါဘူးဗျာ..´´ လို့ သန်းထွန်း(စကု) က ညီးညူပြောဆိုနေပြန်ပါတယ်။ အဲ စာရေးဆရာတစ်ယောက်ကို ဘယ်လောက်ငွေကန်တော့လဲ မေးကြည့်တယ်။ စာရေးဆရာ တစ်ယောက်ကို ကန်တော့ငွေ (၇၀၀၀၀ိ) စီ ကန်တော့လိုက်ကြောင်း သိရပါတယ်။ `` အင်း စာရေးဆရာတွေလည်း ဇာတ်မင်းသားတွေလို ကြေးများမှ အလေးထားတာ ဖြစ်နေကြပါပြီ..။´´ လို့ ဆရာသန်းထွန်း(စကု) က ဒုတိယ အကြိမ် ထပ်မံ ညီးညူနေပြန်ပါတယ်။

ဆရာ သန်းထွန်း(စကု) က ညီးညူပြတာမှန်ပါတယ်။ ကျွန်တော်တို့ နယ်တွေမှာ စာပေဟောပြောပွဲ တစ်ပွဲ ဖြစ်မြောက်ဖို့ ကြိုးစားရတာ မလွယ်ကြပါဘူး။ ရံပုံငွေကိစ္စ၊ ပွဲမိန့်ကိစ္စ၊ ဖိတ်ကြားရေးကိစ္စ၊ နယ်ခံ စာပေလူငယ်များလိုချင်တဲ့ စာရေးဆရာများ နဲ့ ဖြစ်အောင်၊ ရအောင်စီစဉ်ရပါတယ်။ ဟောပြောပွဲ ပြီးသွားပြန်တော့လည်း အစိုးရကို ထိကပါး ရိကပါး စကားတွေများ ဟောတဲ့ဆရာတွေက ပြောသွားခဲ့ရင် ဒေသအုပ်ချုပ်ရေး လူကြီးတွေရဲ့ စိတ်ဆိုးခြင်း၊ အပြစ်ပြောခြင်းကို ကျင်းပပေးတဲ့ ဟောပြောပွဲကော်မတီလူကြီးများ ခံကြရပါတယ်။ ဆရာတွေ ဟောပြောသွားတာက တစ်ညလေးပါ။ နယ်ခံ ကြီးမှူးကျင်းပတဲ့ ကော်မတီတွေမှာတော့ တစ်နှစ်လောက်ခံကြရပါတယ်။ ကျွန်တော်တို့ မကွေးမြို့ မှာ ဆိုရင် ၂၀၀၆ ခုနှစ်က စာပေဟောပြောပွဲမှာ ဆရာနှစ်ယောက်က ဖောက်ပြီး ချက်အောက် ညစ်ညစ်ငြမ်းငြမ်းစကားတွေထည့်ပြောသွာလို့ မကွေးမြို့မှာ လေးနှစ်လောက်ကို ပွဲမိန့်မရဘူးဖြစ်သွားခဲ့ရပါတယ်။ ဒါကြောင့် နယ်တွေက စာပေဟောပြောပွဲ လုပ်ရတာ မလွယ်ပါဘူးလို့ ပြောရတာပါ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာပြည်မှာ စာပေလွတ်လပ်ခွင့် မြန်မြန်သာရပါစေလို့ ဆုတောင်းလိုက်ရပါတယ်။ အဲ ညနေ(၄) နာရီထိုးတော့ ကျွန်တော်သွားနေကြ ၀ိပဿနာ တရားစခန်း အာစိန္နကံပြုဖို့ ပြေးပါတယ်။

ညနေ(၅)နာရီမှာ ဆရာ မကွေးဝင်းမြင့်၊ဧည့်သည် ခေတ္တရာမန်းသန်းမြင့် နဲ့ ဆရာတင်လင်းဇော်တို့ ရောက်လာကြပါတယ်။ ကျွန်တော်တို့ ထိုင်နေကြ စွဲမက် လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းဖွဲ့ကြပါတယ်။ ကိုကိုလတ်(ဆည်မြောင်း) လည်း ရောက်လာပါတယ်။ ဆရာတင်လင်းဇော် က ဒီဇင်လာ ၁၅/၁၆ ရက်နေ့၊ ချောက်မြို့နယ်၊ ရွာကို စာကြည်တိုက် စာအုပ်လှူဒါန်း ဟောပြောပွဲကိစ္စ တိုင်ပင်ကြပါတယ်။ဆရာ ကိုကိုလတ်(ဆည်မြောင်း)၊ ဆရာ နေခြည်(မကွေး) တို့က မလိုက်နိုင်ကြပါ။ ကျွန်တော်နဲ့ ဆရာတင်လင်းဇော် တို့နှစ်ဦးသာ လိုင်းဘတ်စ်ကားနဲ့ သွားကြဖို့ အကြောင်းပြန်ပါတယ်။ မကွေးမြို့၊ မြို့တော်ခန်းမ မှာ ဒီဇင်ဘာလ(၂၉)ရက်နေ့ ကျင်းပမဲ့ ၁၃၇၃ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ပန်းဖလက် ယနေ့ဝေငှကြပါတယ်။ ဆရာ နေ၀င်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာ ညိုထွန်းလူ၊ ဒေါက်တာ ထွန်းလွင်( မိုလေ၀သ ညွှန်မှူး-ငြိမ်း) တို့ ဟောပြောကြမှာပါ။ ဒီစာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် စာပေ၀ါသနာရှင် ကိုအောင်လွင်တို့ လူငယ်တစ်စုက အထူးကြိုးစားဆောင်ရွက်ပေးကြပါတယ်။ မကွေးမြို့နယ်စာနယ်ဇင်း အဖွဲ့ကလည်း ဘဏ္ဍာငွေရှာဖွှေရေးအတွက် စာရေးဆရာ၊ ဗေဒင်ဆရာ မြန်မာပြည်ဆရာဟိန်း တို့ကို တာဝန်ပေးထားကြပါတယ်။

ညနေ စကားဝိုင်းမှာ ၂၀၀၈ ၊ သူရဇ္ဇ မဂ္ဂဇင်းထဲက မေတ္တာရှင်ဆရာတော် အင်တာဗျုး ခေတ်သစ်လူငယ် များအတွက် ၀ိပဿနာ ဆောင်းပါးမိတ္တူကိုဖတ်ကြပါတယ်။ ခေါင်းစဉ်က (မြန်မာတွေ ဘာ့ကြောင့် မချမ်းသာကြတာလဲ) ဆိုတဲ့ အကြောင်းပါ။ သြစတြေးလျှ နိုင်ငံ ဆင်စနီမြို့မှာ မေတ္တာရှင်ဆရာတော် တရားဟောရောက်ခဲ့စဉ် မြန်မာတချို့ နဲ့ ဆရာတော် အင်တာဗျူး မေး မြန်းပြောဆိုထားကြတဲ့ ဆောင်းပါးဖြစ်ပါတယ်။ လူငယ်တိုင်း ဖတ်ပြီး လက်ကိုင်ထားပြီး ကျင့်သုံးသင့်ပါတယ်။ စာရေးသူနဲ့ ယနေ့လူကြီးတွေလည်း ဖတ် မှတ် လိုက်နာသင့်ကြပါတယ်။ နောက် ဆွေးနွေးဖြစ်ကြတာက မန္တလေးဂေဇက်မှာ ဖော်ပြထားတဲ့ (ရွှေမန္တလေး ထုတ်ဝေသူ ဦးမျိုးမင်းမင်း ကဒီလိုတဲ့လား) သတင်းအကြောင်းကို ပြောကြပါတယ်။ မန္တလေးကလာတဲ့ ဧည့်သည်စာရေးဆရာ ခေတ္တရာမန်းသန်းမြင့်ကိုလည်း ပြလိုက်ပါတယ်။ ကိစ္စကတော့ မန္တလေးစာပေသမားများအတွက် ကူညီထောက်ပံ့ရေး ရန်ပုံငွေ ငွေစာရင်းရှင်းတမ်း ကို မကြေနပ်လို့ ရင်ဖွင့်ထားတာပါ။ သတင်းရင်းမြစ်ကိုတာ့ လျှပ်တစ်ပြက်ဂျာနယ် ကိုဖော်ပြထားပါတယ်။

ည(၈)နာရီ မြန်မာ့ရုပ်မြင်သံကြားသတင်းက မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ဆုရွေးချယ်ရေးမှ သတင်ထုတ်ပြန်ပါတယ်။ တစ်သက်တာစာပေဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုများ ကိုကြေငြာသံကြားလိုက် ရပါတယ်။ ကိုယ်နဲ့ ရင်းနှီးသူ စာရေးဆရာ မြေလတ်မင်းလွင် က ၀ထ္ထုတိုပေါင်းချုပ်(မိန်းမလှကျွန်းက လွမ်းပုံရှင်) စာပေဗိမာန်ဆု ပထမဆုရရှိကြောင်း ကြားလိုက်မိပါတယ်။ ၀မ်းသာမိပါတယ်။ ၀မ်းသာကြောင်း မြေလတ်မင်းလွင်ထံ ဖုန်းဆက်ပါတယ်။ ဖုန်းက ခေါ်မရလို့ နောက်တစ်နေ့ နံနက်စောစောမှ ဆက်ပြီး ၀မ်းသာဂုဏ်ပြုလိုက်ရပါတယ်။ ဘာလိုလိုနဲ့ မြေလတ်မင်းလွင် အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆု၊ ပခုက္ကဦးအုံးဖေစာပေဆု နဲ့ အခြားစာပေဆုများ စုစုပေါင်းဆု(၂၀) ပြည့်လောက်ပါပြီ..။ ကျွန်တော်တို့ မကွေးသားတွေထဲမှာ ရန်ကုန်မြို့ကိုတက်ပြီး ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ဝိုင်း နဲ့ စာပေလောက နဲ့ မြန်မာ အနုပညာဂီတ တီးဝိုင်းတွေ မှာ အောင်မြင်နေသူ မြေလတ်မင်းလွင် ဖြစ်ပါတယ်။ မကွေးသားတွေအတွက် စံပြဂုဏ်ပြုလိုက်မိ ပါတယ်။ သတင်းကြည့်ပြီး အိမ်က သားကြီးရောက်လာပါတယ်။ မကွေးမြို့ ကံသာအေးစေတီဘုရားပွဲတော်မှာ ရုံသွင်းကပြတဲ့ စွမ်းဇာနည်ဇော် ဇာတ်ပွဲကို သွားကြည့်ချင်ကြောင်းလာပြောလို့ လွှတ်လိုက်ရပါတယ်။ ဟိုဟာ မလုပ်နဲ့ ဒီဟာမလုပ်နဲ့လို့တော့ သားကြီးကို ဆုံးမမိလိုက်ပါတယ်။ ဒါပေမယ့် ယနေ့လူငယ်များကတော့…….. သိတော်မှုတဲ့အတိုင်းပါဘဲဗျာ..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁၊ ဒီဇင်ဘာလ(၁၄)ရက်။
READMORE
 

`ကျွန်တော်မျိုး ကျွန်က တစ်ယောက်တည်းသာ သခင်တွေက(၆)ဦးပါ´




ကိုယ့်အကြောင်း သူများအကြောင်း နှင့် ပတ်ဝန်းကျင်မှ အကြား အမြင်များ

အမှတ်စဉ်(၁) `ကျွန်တော်မျိုး ကျွန်က တစ်ယောက်တည်းသာ သခင်တွေက(၆)ဦးပါ´ ၁၂-၁၂-၂၀၁၁

ကျွန်တော် ဘာကောင်မှ မဟုတ်ပါ။ ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ကျွန်တော့်ကိုယ် ကျွန်တော် မညှာမတာ ပြန်လည် ဝေဖန်သုံးသပ်ကြည့်မိပါတယ်။ ကိုယ်ရည်သွေးမည် မဟုတ်။ ကိုယ့်အကြောင်း နဲ့ ကိုယ့်ပတ်ဝန်းကျင်၏ မြင်တွေ့သမျှတွေကို အရှိကို အရှိအတိုင်း ချပြရေးသားလိုက်ပါရစေ..။ အချိန်တွေကြာသွားရင်တော့ ကျွန်တော့် ဘ၀ မှတ်တမ်း သမိုင်းတစ်ခုအဖြစ် ကျန်ခဲ့မယ်ထင်မိပါတယ်..။ ကိုယ်ရေးအထ္ထုပတ္တိလည်းမဟုတ်လို့ ပတ်ဝန်းကျင် နဲ့ ပတ်သက်သော ကိစ္စတချို့အပေါ် သဘောထားအမြင်များ လွဲမှားမိခဲ့ရင်လည်း နာလည်ခွင့်လွှတ်ပေးတော်မူကြပါခင်ဗျာ….။

ဒီနေ့ ၁၃၇၃ ခုနှစ်၊ နတ်တော်လပြည့်နေ့ပါ။ ၁၀-၁၂-၂၀၁၁ နေ့။ ကျွန်တော့် မြေးမလေး ဖြိုးမြတ်သော်တာ ရက်တစ်ရာမွေးနေ့ကို ပြန်လည်စဉ်းစားမိပါတယ်။ မြေးမလေး ကို စတင် နာမည်ပေးတဲ့ မင်္ဂလာအခါတော်နေ့ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ မြေးမလေး နာမည်ကို စာရေးဖော် ဆရာနေခြည်(မကွေး) က တွက်ချက်ပြီး ရွေးချယ်ပေးတာပါ။ နာမည် အက္ခရာစာလုံးတွေကိုတော့ မိသားတစ်စုလုံး တိုင်ပင်ညှိနှိုင်း ရွေးချယ်ကြပါတယ်။ နောက်ဆုံး အတည်ပြုတဲ့နာမည် မဖြိုးမြတ်သော်တာ ဆိုတာကိုတော့ ကျွန်တော် အဘ ဆိုသူက ရွေးချယ်ပေးလိုက်ပါပြီ….။ မဖြိုးမြတ်သော်တာ အမည်တွင်စေသော်..။ အသက်တစ်ရာ ကျော်ရှည်ပါစေသော်..။ ဘုန်းကြီးလို့ သက်ရှည် ကျမ်းမာ ချမ်းသာ လို့ လောကီ လောကုတ္တရာ အတွက် ကောင်းမှု ကုသိုလ်ရှင်ကြီး ဖြစ်ပါစေသော်… လို့ ချစ်သော မြေးမလေးကို ဆုတွေ တစ်သီကြီး ပေးလိုက်မိပါတယ်….။ သြော် သား သမီးအချစ်၊ မြေးအနှစ် ဆိုတာ မှန်ပါပေတယ်။ ကျွန်တော့်ဘ၀မှာ မြေးဦးလေးက မောင်ဘုန်းနေခန့်၊ မြေးမလေးက မဖြိုးမြတ်သော်တာ လို့ မြေးနှစ်ဦးရခဲ့ပါပြီ..။ ဒီမြေးနှစ်ဦးဟာ နေတစ်စင်း၊ လ တစ်စင်း လို့ ကျွန်တော့် ဘ၀အတွက် ပြည့်စုံခဲ့ရပါပြီဗျာ…..။ ကျွန်တော်တို့ အဖေဘက်က အမျိုးတွေမှာ သား သမီး နှစ်ယောက် သာ ထွန်းကားခဲ့ပါတယ်။ ကျွန်တော့်မှာလည်း သားတစ်ယောက်၊ သမီးက တစ်ယောက် စုစုပေါင်း နှစ်ယောက်တည်းသာ၊ သား သမီးရှိပါတယ်။ ယခု မြေး နှစ်ယောက်ကတော့ သမီးက မွေးထားတဲ့ မြေးလေး နှစ်ဦးပါ။ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော့် သမီးကလည်း ဒီ မြေးလေး နှစ်ဦး သာ ကလေးယူတော့မယ်တဲ့။ ကျွန်တော့် သားကြီးကတော့ မိန်းမ မယူဘဲ နေသူပါ။

ဒီနေ့ ကျွန်တော့်အတွက် စီးပွားရေးကတော့ ဈေးရောင်းပါတယ်။ အမေထွား ပဲဆီ၊ နှမ်းဆီ ဆိုင်မှ ၀န်ထမ်းထွက်သွားလို့ ကိုယ်တိုင် ဆိုင်ထိုင်ပြီး ဈေးရောင်းနေပါတယ်။ ၀န်ထမ်းစားရိတ် လေးသောင်းသက်သာပြီး ကိုယ်ရတာပေါ့။ ဆီ ဆိုင်မှာ ဈေးရောင်းရင်း ပုတီးစိတ်ပါတယ်။ လောဘနဲ့ ဈေးရောင်းကောင်းအောင် သစ္စာမေတ္တာဆရာတော်(မင်းဘူး စက္ကိန်းတဲ) ခိုင်းတဲ့ ကျင့်စဉ်ကို ဇွဲနဲ့ နေ့စဉ် မပျက်မကွက် စွဲစွဲမြဲမြဲ စရဏ လုပ်ပါတယ်။ နောက်ပြီး လက်တော့ပ် ကွန်ပျူတာတစ်လုံးနဲ့ အင်တာနက်လိုင်းမှာ ပြည်တွင်း ပြည်ပသတင်း နဲ့ ဘလော့များစုံအောင်လည်ပါတယ်။ စာဖတ်ပါတယ်။ သတင်း ကို အဓိကထားပြီးကြည့်ပါတယ်။ အင်တာနက် သတင်းကို အားမရနိုင်ဘဲ ပြည်တွင်း သတင်းဂျာနယ်များကိုလည်း အားလုံးဖတ်ပါတယ်။ ၀ယ်၍ မဖတ်နိုင်ပါ။ အိမ်ကထီဆိုင်ရှေ့မှာ ဂျာနယ်များ ရောင်းပါတယ်။ အတွေးရိပ် စာပေ မှ မနက်ယူရောင်းပြီး မကုန်တာကို ညနေပိုင်းမှာ ပြန်ပေးပါတယ်။ တစ်ပတ် တစ်ခါ ငွေရှင်းရပြီး တစ်ပတ်မှာ ငွေနှစ်ထောင်လောက်တော့ အမြတ်ငွေရပါတယ်။

ဒီနေ့ ကျွန်တော့်အတွက် ဘာသာရေးကတော့ ညနေ(၄)နာရီ မှ (၅)နာရီအထိအချိန်ယူပါတယ်။ ပုည၀တီ မိုးကုတ်ဝိပဿနာ တရားရိပ်သာသို့ သွားပါတယ်။ တရားနာ၊ တရားငိုက် အဆင့်မှာသာ ရှိပါသေးတယ်။ လုံးဝ တရား မတွေ့သေးပါ။ ညနေ အပြန်မှာ စာရေးဆရာ သတင်းထောက် မိတ်ဆွေတွေနဲ့ စွဲမက် လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြပါတယ်။ အများအတွက် သတင်းများ နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရင်ဖွင့်ဖြစ်ကြပါတယ်။ တစ်နေကုန် အိမ်ကိစ္စ ရုံးကိစ္စတွေကို ခဏနားထားကြပြီး ဦးနှောက်ဆေးကြတယ်လို့ ဆရာကြီး မကွေးဝင်းမြင့် က ဆိုပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲ မှုများကို ကိုယ်သိသလောက် တစ်ဦးချင်းက ဖောက်သည်ကျပြီး စကားဝိုင်းဖွဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ NLD က ကျင်းပမဲ့ တိုင်းရင်းသားပညာရေးထောက်ပံ့ရေး ရံပုံငွေပွဲ ပွဲမိန့်မရဘူးတဲ့။ ဒါအပြင် NLD ပါတီ ရံပုံငွေပွဲ၊ ဈေးရောင်းပွဲတော်တွေလည်း လုပ်ခွင့်မရဘူး သိရပါတယ်။ အနုပညာရှင် အဆိုတော်တွေ ငါးဆယ်နဲ့ ကျင်းပဖို့ လက်မှတ်များတောင် ကြိုတင်ရောင်းထားကြောင်း ဂျာနယ်တစ်ဆောင် မှာဖော်ပြထားပါတယ်။ ရက်ရွှေ့ဆိုင်းကြောင်း သတင်း သိရပါတယ်။

မကွေးစာနယ်ဇင်း နဲ့ စာပေ၀ါသနာရှင် လူငယ်များ ဦးဆောင်ကျင်းပမယ့် မကွေးမြို့ စာပေဟောပြောပွဲ ဒီနှစ်တော့ ဖြစ်တယ်တဲ့။ ဒီိဇင်ဘာ(၂၉)ရက်နေ့ မကွေးမြို့ မြို့တော်ခန်းမ မှာ ည(၇)နာရီစတင်ပါမည်။ ဒေါက်တာထွန်းလွင်( မိုးလေ၀သ/ ညွှန်ကြားရေးမှူး(ငြိမ်း)၊ စာရေးဆရာ နေ၀င်းမြင့်၊ ဆရာမ ခင်ခင်ထူး၊ ဆရာ ညိုထွန်းလူ၊ တို့ ပါမယ် သိရပါတယ်။ ယနေ့ ဗီနိုင်းဆိုင်းဘုတ်ကိစ္စ၊ မြို့တော်ခန်းမ ခွင့်ပြုရေးအတွက် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ဒါကြောင့် ဒီနေ့ ဆိုင်းဘုတ်ကြော်ငြာများ စိုက်ထူဖြစ်ကြပါတယ်။ ဒီကိစ္စတွေကို စာနယ်ဇင်း အတွင်ရေးမှူး နေခြည်(မကွေး) တို့ အဖွဲ့က ဆောင်ရွက်ပြီးကြောင်း သိရပါတယ်။

ည(၇)နာရီမှာ ကိုယ့်အတွက် ဘုရားရှစ်ခိုးပါတယ်။ တရားမထိုင်နိုင်ပါ။ ဈေးဆိုင်ကို ည(၁၀)နာအထိ ဖွင့်ပြီး ရောင်းချနေရပါတယ်။ ယနေ့အတွက် ကျွန်တော်ရရှိတဲ့ ကုသိုလ် နဲ့ အကုသိုလ်များကို ချိန်ဆကြည့်မည် ဆိုရင် အကုသိုလ်က အချိန်များနေပါတယ်။ ဒါပေမယ့် အများအတွက်တော့ အကျိုးပြုမယ်တော့ ထင်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အင်တာနက် မှ ကြိုက်နှစ်သက်တဲ့ သတင်းများ ဆောင်းပါးများကို ဖတ်ပြီး လက်ဆင့်ကမ်းပါတယ်။ အိုင်တီ လူငယ်များ ဆိုဒ်ထဲမှာ ကိုယ်နှစ်သက်သော သတင်း၊ဆောင်းပါးများကို တင်ပေးပါတယ်။ စိတ်ကူးရရင်လည်း ကဗျာ လေးများကိုလည်း တင်ပြပေးလိုက်ပါတယ်။ အဲ အင်တာနက်သတင်း နဲ့ အားမရနိုင်ဘဲ ရေဒီယို နိုင်ငံခြားသတင်းများကိုလည်း ဖွင့်ပြီး နားထောင်မိပါတယ်။ ပြည်တွင်းသတင်းအတွက်လည်း ည(၈)နာရီမှာ ရုပ်မြင်သံကြားကိုလည်း ဖွင့်မိပြန်ပါတယ်။ အကြားအာရုံ၊ အမြင်အာရုံ၊ အတွေ့အာရုံ၊ အသိအာရုံတွေကြားမှာ ကျွန်တော် ဗျာများနေရပါတယ်။

ယနေ့ ဈေးရောင်းကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အသိဥာဏ်ထဲမှာတော့ ဘာတွေကိုမျှ အဖတ်မတင်ဘူး ထင်မိပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီး ဆုံးမတဲ့ အာရုံ(၆)ပါး ခိုင်းတာကို အလုပ်သမားရုပ်ကြီး ဖြစ်တဲ့ ကျွန်တော်တစ်ယောက်တည်း လိုက်ပြီး လုပ်နေရတော့ ဖတ်ဖတ်ကို မောနေပြီပေါ့။ အင်း ကျွန်တော်က တစ်ယောက်တည်းပါ။ ကျွန်တော့်ကို အလှည့်ကျ မပြတ်အောင် ခိုင်းနေသူတွေကတော့ မျက်စေ့၊ နား၊ ၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ ကျွန်တော့်မှာရှိနေတဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ပြင်ပ ဧည့်သည်ရန်သူတွေဖြစ်ကြတဲ့ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ တွေ့ထိစရာ၊ ကြံစည်တွေးတောစရာ တွေက တစ်ခုပြီး တစ်ခု ဒလဇတ် မပြတ် အကြားမရှိ ဆက်၍ ဆက်၍ ခိုင်းနေကြပါပြီ..။ သူတို့ခိုင်းတဲ့အတိုင်း ကျွန်တော်ကလည်း တစ်ခုပြီး တစ်ခု အပြေးလိုက်မိနေပါပြီ…။

ကျွန်တော်မှာတော့ သူတို့အားလုံးက ခိုင်းတဲ့အတိုင်းပဲ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ တွေ့ထိစိတ် ၊ ကြံစည်တွေးတောစိတ်တွေနဲ့ သာ လုံးချာလိုက်ပြီး အလှည့်ကျ နဘမ်းလုံးနေပါပြီ…….။ဒီလိုနဲ့သာ ည(၁၁)နာရီထိုးသွားပြီ.။ ဒါကြောင့် အမြန်အိပ်ယာထဲ ပြေးဝင်မိပါတယ်။ ဒါပေမယ့် အိပ်နေတာတောင် အိမ်မက်ထဲမှာတောင် မနားတန်း အတွေးလောဘစိတ် မောဟစိတ်တွေက ကျွန်တော်နောက်ကို လိုက်လာနေကြပါသေးတယ်ဗျာ..။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၁၊ ဒီဇင်ဘာလ(၁၃)။
READMORE