Showing posts with label အမြင်. Show all posts
Showing posts with label အမြင်. Show all posts

စင်ကာပူ အပြန်ခရီးလမ်းမှ ရောဂါဆိုးအကြောင်း

living together အပိုင်း ၁ စင်ကာပူ အပြန်ခရီးလမ်းမှ ရောဂါဆိုးအကြောင်း

အလွန်ပင် ယဉ်ကျေးသိမ့်မွေ့ ပြီး အနေအထိုင် အပြောအဆို၊ အပြုအမူတို့ များတွင် ကျက်သရေနှင့်မင်္ဂလာ ရှိသောကြောင့် မိန်းမတို့ ကုနြေ္ဒရွှေပေးလို့မရဆိုပါသည်။ အရှက်သိက္ခာ နှင့် နာမည်ဂုဏ်သတင်းတို့ တွင် အသက်ထက် တန်ဖိုးထားမြတ်နိုးကြသည်။ ယခု၂၁ ရာသစ်တွင် မိဘများသည် သူတို့၏စီးပွားရေးနှင့် ၀မ်းရေးင့် မိသားစု စားဝတ်နေရေးပြေလည်စေရန်အတွက် ဖခင်နှင့်မိခင်တို့သည် နေ့စဉ်လိုလို ကြိုးစား ရုန်းကန်ပြီး ၀င်ငွေရှာဖွေနေကြသည်။ ထို့သို့ မိဘများသည် သားသမီးများ ပညာရေးနှင့် စားဝတ်နေရေးတို့ အတွက် နေ့စဉ် ရုန်းကန် ရှာဖွေနေရသော်ငြားလည်း သားသမီးများသည် အချိန်တန်လျှင် သူငယ်ချင်း များနှင့် အပြင်ထွက်လည်ပတ်၊ အများနည်းသူ Shopping တွေထွက်ကြ၊ အသစ်အဆန်းများတွေ့ လျှင် ၀ယ်ကြ၊ ချစ်သူများနှင့်တွေ့ လျှင် သုံးဖြုန်းကြ၊ အသောက်စားတတ်သူများကလည်း အသောက် စားများနှင့် ကလပ်များတက်ကြ။ ထိုကဲ့သိုပြုလုပ်နေကြသော သားသမီးများကြောင့် မိဘများသည် သားသမီးများအတွက် ပူပန်ရသည်က တမျိုး၊ စီးပွားရှာရသည်က တမျိုးနှင့် ပူပန်နေရရှာသည်။ 

သားသမီးများကတော့ သူတို့ မိဘ၏ ရင်တွင်းအပူမီးများကို နားလည်လိမ့်မည် မဟုတ်ပေ။ထိုသို့ ဖြစ်ရပ်များကြားထဲတွင် အဆိုးဆုံးကိစ္စတရပ်ကတော့ မိန်းကလေးများ Living Together အတူတူနေထိုင်ပေါင်း သင်းနေကြခြင်းပါပဲ။ လက်ထပ် ထားခြင်းမဟုတ်သော်ငြားလည်း အိမ်ထောင်သည်များကဲ့သို ပြုမူနေကြခြင်းကို အဓိက ဆိုလိုပါသည်။

living togetherအပိုင်း ၂ စင်ကာပူ အပြန်ခရီးလမ်းမှ ရောဂါဆိုးအကြောင်း

ယနေ့ ခေတ်ကြီးတွင် ယောင်္ကျားလေးနှင့် မိန်းကလေး တူတူနေထိုင်သော အခါတွင် ကိုယ်ဝန်မရရှိစေရန် ဆေးအမျိုးမျိုးနှင့် ထိုးဆေးများလည်း နိုင်ငံတကာမှ ထုတ်လုပ်ထားတာတွေ ရှိပါသည်။ သို့သော် ထိုဆေးများ သုံးစွဲရခြင်း၏ ဆေးအာနိသင်နှင့်မိမိ ကျန်းမာရေးအတွက် ဘာဖြစ်လာမည်ဆိုသည့် ဆိုးကျိုးများကို နားလည်မှုမရှိပဲ သုံးစွဲမှီဝဲနေကြခြင်း ပင်ဖြစ်ပါသည်။ မိမိတို့ လူမပတ်ဝန်းကျင်းတွင် မိတ်ဆွေများလည်းတွေ့  ဖူးမှာပါ ရည်းစားရှိလျှက် AIDS ဖြစ်ခြင်း၊ ကိုယ်ဝန်ရရှိခြင်း၊ အရှက်ကြောင့် မိမိကိုယ်ကို သတ်သေခြင်း။ ကိုယ်ဝန်သားဆေးများ စား/ထိုးသည့်ကြားမှ ကိုယ်ဝန်ထွက်လာခြင်း။ တကိုယ်လုံးတွင် အနူကဲ့သို့ ဖြစ်ပေါ်လာပြီး အဖုများ ထွက်လာခြင်း။ တကိုယ်လုံးဖောယောင်ခြင်း။ ဖိုမ ဆက်ဆံရမှ ကူးစက်လာသော သုတ်ရည်ကြောင့် ဆိုးကျိုးများ ရရှိခြင်းနှင့် အခြားအခြားသော ရောဂါနှင့် ဖြစ်စဉ်ပေါင်းစုံ များသည် Living toghter နေထိုင်ခြင်းကြောင်နှင့် ဆေးများမှီဝဲ၊ ဆေးထိုးခြင်းကြောင့် ဖြစ်ပါသည်။

ယနေ့ ခေတ်တွင် နိုင်ငံတိုင်း နေရာတိုင်းတွင် လွပ်လပ်စွာ ပျော်ပါးခွင့်နေရာများ အမြောက်အများရှိ ပါသောကြောင့် ချစ်သူအတွဲများသည် လွယ်လင့်တကူပင် အိမ်ထောင် လင်မယားများကဲ့သို့ တူတူအိပ် နေထိုင် လျှက် ရှိကြပါသည်။ ထို့အပြင် မီဒီယာလောကာမှာလည်း Porn ဟုခေါ်သော အပြာရုပ်ရှင်များနှင့် အင်တာနက် sexual websites မှာသည် ထောင်သောင်းများစွာ ပေါ်ပေါက်နေသောကြောင့် လူငယ်များ ထိုစိတ်ဓာတ်ကိုနှိုးဆွမှု ဖြစ်စေသဖြင့် လူငယ် ဖိုနှင့်မ များသည် လက်တွေ့ စမ်းသပ်ချင် စိတ်များ တဖွားဖွားဖြစ်နေကြသည်မှာ မုချမလွဲပါ။ လူပျို အပျိုများကလည်း စိတ်ဆန္ဒကို အကောင်ထည်ဖော်လိုကြသလို၊ အိမ်ထောင်ရှင်များ ကလည်း မိမိ ဇနီးသည်/ခင်ပွန်းနှင့် ဝေးကွာသော အခါတွင် စိတ်၏သွေးသားတောင်းတမှုကြောင့် အိမ်ထောင်မှု ဖောက်ပြန်ကြတာလည်း အတော်ပင် များပါသည်။ ထိုကဲ့သို့ ကိစ္စများ သည် ပြည်တွင်းနှင့် ပြည်ပ တို့တွင် တူညီစွာဖြစ်ပေါ် လျှက်ရှိပါသည်။ နိုင်ငံခြားရုပ်ရှင်များ နှင့်ဇတ်လမ်းတွဲများ ကလည်း လူငယ်များ၏ စိတ်ဓာတ်များကို နေ့စဉ်ဖျက်ဆီးလျှက် ရှိသော်ငြားလည်း ပိတ်ပင်တားဆီးမှုမရှိ/တားဆီးမှုမပြုလုပ်သောနိုင်ငံများတွင်လည်း လွတ်လပ်စွာ ထိုအခွေများနှင့် ဇတ်လမ်းတွဲများကို လွပ်လပ်စွာ ၀ယ်ယူကြည့်ရှုနေကြပါပြီ။ (မြန်မာနိုင်ငံမှာ ဆိုလျှင်လည် လမ်းဘေးတိုင်း ၀ယ်ယူနိုင်ကြသည်ကို တွေ့ ရှိ ရပါမည်။)

living togetherအပိုင်း ၃ စင်ကာပူ အပြန်ခရီးလမ်းမှ ရောဂါဆိုးအကြောင်း

ထို့ အပြင် နိုင်ငံခြား တိုင်းပြည်များ ရောက်နေသော မြန်မာပြည်သူ ပြည်သားများ၏ လိင်မှု ဆိုင်ရာနှင့် Living Together ကိစ္စကို ဆက်လက်တင်ပြ ပေးပါမည်။ ယခု ၂၀၁၂ အထိ ပညာရှင်များ၏ ပြောကြားချက် အရ ပြည်ပရောက်နေသူများသည် လိင်မှုဆိုင်ရာနှင့် Living Together ကိစ္စတွင် ပိုမို စိတ်အားထက်သက်စွာဖြင့် ရာခိုင်းနှုန်းသည် ယခင် နှစ်တွေများထက် ပိုမိုလွန်ကဲစွာ များပြားလာသည် ကို ထောက်ပြ ဖော်ပြပြောကြားထားကြပါသည်။ ဥပမာ နိုင်ငံခြားတွင် ပညာသင်နေကြသော ကျောင်းသား၊ ကျောင်းသူများနှင့် အလုပ်လုပ်ကိုင်နေထိုင်ကြ သူများသည် သူတို့ အားလပ်ချိန်များတွင် ဆန့်ကျင်ဖက် လိင်ကိုသာ ဦးစားပေး စဉ်းစားပြီး အချိန်ကုန် ဆုံးစေလျှက်ရှိကြပါသည်။ ထိုစိတ်များကို နှုတ်ဖြင့် ဟုတ်ပါသလားမေးကြည့်လျှင် လူတိုင်းဝန်ခံမည့် မေးခွန်းမျိုး မဟုတ်ပါ။ အမြင်နှင့် အကဲခေတ်လျှင် လုံးဝအသိသာ ဖြစ်နိုင်ပါသည်။ ဥပမာတခုကိုကြည့်ပါ... မိသားစု တစ်စု သို့ မဟုတ် သူငယ်ချင်း တစ်စုတွင် ' အေးလှိုင် နင်ဒီနေ့ ငါတို့နဲ့  ဘုန်းကြီးကျောင်းလိုက်ခဲ့ပါလား ' ဟုခေါ်လျှင် တုန့် ပြန်မည့်စကား သည်' ဆောရီးပါ .ငါဒီနေ့ ငါ့ချစ်သူနဲ့ ချိန်ထားတာရှိလို့ သိုမဟုတ် အခြား Reason ရှင်းလင်းချက်ဖြင့် "ငါဒီနေ့ အရေးတကြီးကိစ္စရှိလို့ " စသည့်ပြောပြီး ငြင်းဆိုလိမ့်မည်ကို တွေ့ ရပါမည်။ ထိုအချက်တခုသည် သာဓက တချက်ဖြစ်သည်။

ပြည်ပရောက်မြန်မာ လူမျိုးများ၏ Living Together ကိစ္စွနှင့် အိမ်ထောင်ရေး ဖောက်ပြန်မှုများ စင်ကာပူနိုင်ငံ အကြောင်း စင်ကာပူနိုင်ငံတွင် မြန်မာလူမျိုး အများစုသည် လူမှုကျင့်ဝတ် များကို ဖောက်ဖျက်နေ ထိုင်လျှက် ရှိကြပါသည်။ အလားတူစွာပင် အဝေးေ၇ာက် မြန်မာအချင်းအချင်း ခေါင်းပုံ ဖြတ်အမြတ်ကြီးထုတ်။ ရန်လို။ ပြိုင်ဆိုင် ၊ မနာလိုမှု၊ ဂုန်းလျှော ဂုန်းတိုက်မှုများ၊ ရာထူးအရှိန်ဝါကြောင့် မြန်မာ လူမျိုးအချင်းချင်း မတူမတန်စွာ ဆက်ဆံနေကြခြင်း၊ ပညာအရည်ချင်း မိမိထက် နိမ့်သည်ကို နှိမ့်ချပြီး မိမိထက်မြင့်သည့်သူကို ကပ်ဖား နေခြင်း။ အိမ်ထောင်ရေး ဖောက်ပြန်ကြခြင်း၊ ရည်းစား အများပြား ထားပြီး ပြသနာများ ရှုပ်နေကြခြင်းနှင့် Living Together ကိစ္စကြောင့် နောက်ဆက်တွဲ ပြသနာ၊ လိင်မှုကိစ္စကြောင့် မိသားစု သားသမီးများကို လမ်းခွဲရခြင်းများသည် စင်ကာပူ ရောက်ရွှေမြန်မာများတွင် အများဆုံး နေ့စဉ် တကွ ဖြစ်ပေါ်နေသော အရာကိစ္စများဖြစ်ပါသည်။ ထိုကိစ္စများထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် Living Together ကိစ္စများကို အဓိက ဖော်ပြပေးပါမည်။

living togetherအပိုင်း ၄ စင်ကာပူ အပြန်ခရီးလမ်းမှ ရောဂါဆိုးအကြောင်း

စင်ကာပူသို့  မြန်မာလူမျိုး အများစုသည် နေ့စဉ် ဆိုသလို ရောက်ရှိလာကြပြီး ကျောင်းတက်သူများနှင့် အလုပ်ရှာဖွေသူများ။ လက်ရှိ အလုပ်ကိုင်နှင့်နေထိုင်သူများ။ စင်ကာပူနိုင်ငံသား ခံယူထားသူများ ဆိုပြီး အမြောက်များ ရှိပါသည်။ ထို့သို့ စင်ကာပူသို့ ရောက်ရှိလာသူများ ထဲတွင် ကျောင်းသားကျောင်းသူများသည် Polytechnic ကျောင်းများ။ Accounting နှင့် Business School များ။ Hotel & Tourism Management ကျောင်းတို့ကို လာရောက်တက်ကြ ပညာသင်ယူကြလျှက် ရှိသည်။ ထိုသူများသည် စင်ကာပူသို့ ရောက်ရှိလာပြီး လပိုင်း အနည်းငယ်အတွင်းမှာ ချစ်သူများ ကိုယ်စိရှာကြသည်။ ချစ်သူများကိုလည်း အပြိုင်အဆိုင် ထားကြသလို မိမိချစ်သူဟု တွဲနေသူနှင့် ကလပ်များကို အပတ်စဉ် ကြာသာပတေးနှင့် သောကြာနေ့ များတွင် Night Club (student entry free of charge= just present student ID) တက်ရောက်ကြလျှက် ရှိကြပြီး ကလပ်မှ မူးပြီးပြန်လာကြလျှင် Living Together နေထိုင်ကြခြင်း။ အဖွဲ့လိုက် မိမိတို့ အိပ်ခန်းတွင် Living Together နေထိုင်ကြခြင်းများဖြင့် ပျော်ပါး တတ်ကြပါ သည်။

နောက်ဆက်တွဲ ဇတ်လမ်းများကတော့ ကိုယ်ဝန်နှင့် မြန်မာပြည်သို့ ပြန်သွားရခြင်း၊ အချို့မှာ ဆေးရုံဆေးခန်းများသို့ သွားရောက်ဖျက်ချရခြင်းနှင့် မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် မြန်မာ မိန်းကလေးများ သတင်း သည် ဆေးရုံ ဆေးခန်း နယ်ပယ်လောကတွင် အလွန်ပင် နာမည်ကျော်ကြားလျှက်ရှိပါသည်။ (မယုံကြည်သူများ သွားရောက်စုံးစမ်းကြည့်ခြင်းဖြင့် သက်သေ ထူနိုင်ပါလိမ့်မည်။ စင်ကာပူနိုင်ငံသည် ငွေပေး တိုင်း စာရင်းဖျောက်မရသောကြောင့် မြန်မာနာမည်နှင့် IC/NIRC/FIN မှတ်ပုံတင်နံပါတ်များ ဆေးရုံဆေးခန်းများ စာရင်းနှင့် Computer System Record ထဲတွင် မုချ ရှိနေပါ သည်)။ ကျောင်းသားကျောင်းသူ များသည်လည်း ချစ်သူအတွဲများဖြင့် Living together တခန်းတည်းတွင် ဌားရမ်းနေထိုင်ကြသည်ကို မြန်မာ မိသားစုများကလည်း ငွေရလျှင် လက်ခံပြီး အခန်းဌားရမ်းထားကြပါသည်။

living togetherအပိုင်း ၅ စင်ကာပူ အပြန်ခရီးလမ်းမှ ရောဂါဆိုးအကြောင်း

အလုပ်သမားများနှင့် ချစ်သူများ စင်ကာပူတွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာလူမျိုးများသည် ထိုသူတို့ အလုပ်ပိတ်ရက်များတွင် ဆန့်ကျင်ဖက် လိင်များဖြင့် တူတူ နေထိုင်လျှက် ရှိကြပါသည်။ အိမ်ထောင် ရှိသော သူများကလည်း မိမိအိမ်ထောင်ဖက် ဝေးကွာနေသောကြောင့် အပျော်သဘောနှင့်ဟု အစတွင် တွဲလျှက် တူတူနေထိုင်ခဲ့ကြသော်လည်း အချိန်ကာလ ကြာမြင့်လာသည့်အခါ မြန်မာနိုင်ငံတွင် ကျန်ရစ်နေ ခဲ့သော မိသားစုနှင့် ကလေးကိုပင် စိတ်ထဲတွင် အရေး မပါတော့ပေ။ လစဉ်လည်း မိသားစု အတွက်ငွေမလွှဲနိုင် ပစ္စည်းများ မပို့နိုင်တော့ပေ။ လူပျို အပျို လူလွတ်များကလည်း မိဘများကို အစဉ် အမြဲထောက်နေ ကြသော်လည်း ထိုသူတို့ အတွက် အတွဲအဖော်များ ရရှိလာသောအခါ မိဘများကို လစဉ်ငွေလွှဲပို့ခြင်း ထောက်ပံ့ခြင်းများ မပြုနိုင်တော့သဖြင့် မိမိကို ကျွေးမွေးခဲ့ပြီး သား သမီးနိုင်ငံခြား ရောက်ရန် ပေါင်ရန်း ရောင်း ချပေးလိုက်ရသည့် ထိုမိဘများ ဘ၀မှ အလွန်ပင် သနားဖို့ ကောင်းလှပါသည်။ အမျိုးသားများ ကလည်း အပျော်သဘောနှင့် ဆိုသလို အချောင်ရလျှင် ရသလို အပျော် ရမ္မက် အတွက် ဖန်တီးရှာဖွေကြသလို မိန်းကလေးများကလည်း မိမိတို့ စင်ကာပူနိုင်ငံတွင် ငွေလည်ပတ်ချောင်လည်ရေးအတွက်နှင့် PR ( Parmenant Resident) အမြဲတမ်းနေထိုင်ခွင့် ရှိသည့်သူများ မည့်သည် အိမ်ထောင်ရှိသည်ဖြစ်စေ လူလွတ်ဖြစ်စေ မိမိအတွက် အခွင့်အလန်းများရှိလျှင် လက်ခံ တွဲဖက်နေထိုင် တတ်ကြသည်။

ထိုကဲ့သို့  နှစ်ဦးနှစ်ဖက် Living Together နေထိုင်ကြသောကြောင့် ထိုသူများနှင့် ပတ်သတ်ဆက်နွယ်နေသော မြန်မာပြည်တွင် ကျန်ရှိခဲ့သော မိသားစုနှင့် ကလေးများ ပညာရေး/စားဝတ်နေရေးနှင့် မိဘနှစ်ပါးများ အတွက် လစဉ်ငွေလွှဲ ငွေထောက်ပံ့ပေးခြင်း မပြုလုပ်နိုင်တော့ပဲ စင်ကာပူနိုင်ငံမှာ ဆန့်ကျင်ဖက်လိင် အမျိုးသမီး အမျိုးသားများ ပျော်မြူးပျော်ရွှင်စွာ နေထိုင်လျှက်ရှိကြသည်။ မိမိသည် သူတပါးထံမှ အချောင်လိုချင် သဖြင့် မိမိဘ၀ကိုရင်းခြင်း မပြုလုပ်ကြပဲ

living togetherအပိုင်း ၆ စင်ကာပူ အပြန်ခရီးလမ်းမှ ရောဂါဆိုးအကြောင်း

မိမိတကယ်မေတ္တာစစ်ရှိသော ဘ၀ကြင်ယာဖော်တွေ့ ရှိပြီး ဆင်းရဲချမ်းသာ အေးအတူ ပူအမျှနေထိုင်ခြင်းသည် မိမိ၏ စိတ်အား တကယ့်ပျော်ရွှင်ချမ်းမြေ့ သာယာမှု အနှစ်သာရ အစစ်ကို ရရှိပါလိမ့်မည်။ မည့်သည်အရာမှ သူတပါးထံမှာ မည်သည့်နည်းနှင့်မျှ သွေးဆောင်ဖြားယောင်း ပေးဆပ် ယူဆောင်ခြင်းမပြုသင့်ဟု ဗုဒ္ဒ၏ တရားတော် အဆိုအမိန့် များတွင် ပါရှိသလို အခြားသော ဘာသာတို့၏ ကျမ်းခံများတွင်လည်း ပါရှိပါလိမ့်မည်။

ထို့ အပြင် ယနေ့ ခေတ်သည် အွန်လိုင်းသည်လည်း အင်မတန် တိုးတက် နေသောကြောင့် Facebook၊ Twitter နှင့် Gtalk၊ VZO၊ Skype နှင့် Pfingo တို့ကို အသုံးပြုကာ Online Chatting များဖြင့် ဆန့်ကျင်ဘက် ဖိုနှင့်မများကို အွန်လိုင်းမှ ရှာဖွေပြီးချစ်သူများပြုလုပ်ကာ အပြင်မှာ ချိန်းကြ ပြီး ရက်အနည်းငယ်ကြာသောအခါ Living Together များပြုလုပ်သော လုပ်ရပ်များသည် စင်ကာပူရှိ မြန်မာများအတွက် ပေါ်ပြူလာ Popular and Famous ဖြစ်လာပြီး နာမည်ကျော်ကြားနေ ပါသည်။ ရည်းစားလက်ရှိ ရှိနေကြသော သူများကလည်း နောက်ထပ် ချစ်သူများကို အွန်လိုင်း ချက်တင် (Online Chatting ) မှတစ်ဆင့် ထပ်မံ ရှာဖွေကြ သည်။ နောက်ထပ်တွေ့ သော သူသည် အပြောလည်းကောင်းပြီး ရာထူးနှင့်ငွေပိုရှိ ဂုဏ်ပိုရှိလျှင် ပထမ ချစ်သူကို ခွာပြီး နောက်တစ်ယောက်ထံသို့ လိုက်သွားလေ့ရှိ သည်မှာလည်း အစဉ်အလာ တခုကဲ့သို့ ဖြစ် ပါသည်။ လေလှိုင်းတွင် ပြောချင်ရာပြောပြီး ယုံချင်ရာ ယုံသူများ သာဓက တခုပြောရလျှင် ကျွန်ုပ်နှင့် အွန်လိုင်းတွင် သိရှိသော အမကြီးတယောက်သည် ၈ နှစ်တိတိ ချစ်သူဖြစ်ခဲ့သော်ငြားလည်း မိမိချစ်သူတွင် ကလေး ၂ ယောက်ရှိသည်ကိုပင် မသိရှိခဲ့ပေ။ ထိုမျှ ပိရိစွာလိမ်လည်တက်သောသူအား နိုင်ငံခြားသွားရန် အတွက် ငွေများလည်းထောက်ပံ့ဖူးသည်ဟု သိရှိခဲ့ရပါသည်။ ထို့ ကြောင့် မိတ်ဆွေများအနေဖြင့် မိမိသည် Internet အသုံးပြုပြီး ချစ်သူရှာဖွေလျှင် ဒုက္ခအကြီးအကျယ်ရောက်မည်ကို သဘောပေါက် လက်မခံသေးပါက မိမိကိုယ်တိုင်စမ်းကြည့်ပါ။ ထို့သို့ စမ်းကြည့်လျှင့် တနေ့ အဖြေမှန်ပေါ်ပေါက်ပြီး နောင်တရခဲ့လျှင်

ဇတ်သိမ်းခန်းအားအောင်မြင်စွာပြီးဆုံးသွားပါပြီ

living togetherအပိုင်း ၇ စင်ကာပူ အပြန်ခရီးလမ်းမှ ရောဂါဆိုးအကြောင်း

ကျွန်ုပ်ဖော်ပြသော ဘလော့ပို့စ်ကို သတိပြန်ရကြည့်ပါ။
ထို့ကြောင့် Online သည် လူလိမ်လူညာများ လျှာရိုးမရှိသကဲ့သို့ မိမိအားဘ၀ဖျက်ဆီးရန် အတွက် လာရောက်ကြသော ဆန့်ကျင့်ဘက်လိင်များ ဖိုနှင့်မ များဟု မိမိစိတ်ထဲတွင် နားလည်သဘောပေါက်ထား သင့်ပါသည်။ မိမိသည် မိမိအရမ်း အယုံလွယ်ပါက သူငယ်ချင်းများ မိတ်မဖွဲ့ပါနှင့်။ သို့မဟုတ်ပါက မိကောင်းဖခင် သားသမီးမဟုတ် သူများနှင့် လျှာရိုးမရှိသော သူများနှင့် တဏှာ ရမ္မက် မုဆိုးများ ၏ ပြော ဆိုကောင်းမှုအောက်တွင့် မေ့မျော သွားပါလိမ့်မည်။ ထိုသို့ မေ့မျောသွားပါက ပြင်ပတွင် တွေ့ ရှိသောအခါ မိမိဘ၀သည် ရေတိမ်နစ်မည်ကိုသာ စဉ်းစားကြပေါတော့။ လူသားအားလုံး မိမိ၏ အပြုအမူ အနေအထိုင် အကျင့်စရိုက်များသည် မိမိတစ်ဦးထဲတင် သာမက မိမိအားမွေးထုတ်ခဲ့သော မိဘနှစ်ပါးနှင့် ဆွေးမျိုးအသိုင်းအ၀ိုင်းကိုပါ ထိခိုက်နိုင် အထင်သေးခံနိုင်ရပါသောကြောင့် အရာရာတိုင်းတိုင် ကိုယ်၊ နုတ်၊ စိတ် ထိုသုံး ပါးအား အစဉ်အမြဲ သတိဖြင့် မိမိဦးနှောက်ဖြင့် ထိန်းချုပ်တွေးတော လုပ်ဆောင်ရင်းဖြင့် အနာဂတ် ဘ၀လမ်းခရီးတွင် ပျော်ရွှင်ချောမွေ့ ဖြောင့်ဖြူးစွာဖြင့် ဘ၀၏ ကြင်ယာဖက် အစစ်မှန်များလည်းတွေ့  ရှိနိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့်....
တဆင့်ပြန်လည်ပို့ချပေးစေခြင်ပါသည်
ဗုဒ္ဓ၏ဓမ္မဆိုတရားမျာအား အားထုတ်နိုင်ကြပါစေ ရင်းနဲ့ကျွန်မနိဂုန်းချုပ်လိုက်ပါသည်။
မောင်လေး၏ ရင်တွင်းဖြစ်အားခံစားတင်ပြအပ်ပါသည်

တကျော့ပြန် than than

  • You and 7 others like this.
  • Whar Whar Htun ကျေးဇူးတင်ပါတယ်ရှင့် အခုလိုစာမျိုးကိုမျှဝေပေးပါ တကယ်ကျေးဇူးတင်ပါတယ်ရှင့် ကျွန်မလည်း ထပ်ဆင့်ဝေမျှပါရစေရှင့်
READMORE
 

ပြောကို မပြောချင်တော့ပါဘူး..(၁)

ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ချီတက်နေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်အဖွဲ့ ပြည်ထောင်စု လျှပ်စစ်ဝန်ကြီးက နိုဝင်ဘာလမှ စတင်ပြီးလျှပ်စစ်မီတာခတွေတိုး တာက လုပ်ငန်းရှင် ၄၀၀၀ ဦးပဲထိခိုက်တယ်။ အခြားနိုင်ငံတကာတွေနဲ့စာရင် ယခုတိုးထားတဲ့မီတာခ ဈေးနှုန်းက နဲနေပါသေးတယ်၊ ပြည်သူတွေကို မထိခိုက်ပါဘူးတဲ့၊ အံ့သြကုန်နိုင်ဖွယ်။ ဆရာအော်ပီကျယ် ရေးတဲ့ကာတွန်း (ဒီလှိုင်း)ဂျာနယ်ထဲမှာပါတဲ့ (လောက်စာလုံး တစ်လုံး ငါးကျပ်ကနေ တစ်ဆယ်တိုးတာ ဘာမှမဖြစ်လောက်ပေမယ့် အဲဒီလောက်စာလုံးတွေကို ရောင်းစားနေသူက လျှပ်စစ်နဲ့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ၀ယ်စားနေရတာဗျ..။) တဲ့။ မီတာခတိုးတဲ့ကိစ္စကို လွှတ်တော်က မေးမြန်းချက်ကိုလဲ ယခု နှစ်ဆတိုးလိုက်တဲ့ မီတာခတွေကို ပြန်လည်ပြင်ဆင်ပြီး လျှော့ချပေးစရာ အကြောင်း မရှိဘူးလို့ဖြေပါတယ်။ သွားလေသူ..အဲ ယခင်လျှပ်စစ် ၀န်ကြီးတစ်ပါးတုန်းကလဲ လျှပ်စစ်နဲ့ ပတ်သက်ပြီး ကျုပ်လောက်သိတဲ့ တတ်တဲ့သူဘယ်သူမှမရှိဘူး၊ လျှပ်စစ် ဓာတ်အားတွေပိုနေလို့ နိုင်ငံခြားကိုရောင်းစားတာပါ၊ ဘယ်သူတွေက တားတားဆီးဆီး ဘယ်အဖွဲ့တွေကပြောပြော လျှပ်စစ်ဓာတ်အားတွေ အများကြီးထွက်မဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းကြီးကို ဆက်လုပ်မယ်လို့ လူသိရှင်ကြားပြောပြီး မကြာပါဘူး ၀န်ကြီးရာထူးကနေ ငါသိ ငါတတ် တစ်ဇောက်ကန်းပြောလို့ပြုတ်သွားခဲ့တာ အများအသိပါ။ ယခု လက်ရှိ လျှပ်စစ်ဝန်ကြီးကလဲ မီတာခတွေ ဆက်ပြီးတိုးကောက်နေပါပြီ၊ ပြည်သူလူထုမပြောပါနဲ့ ဘယ်လွှတ်တော် ကိုမှ ကြိုတင်ညှိနှိုင်းပြီး ချပြဆွေးနွေးတာ မကြားလိုက်ရပါလား..?၊ ပြည်သူတွေကရွေးချယ်တင်မြှောက်ပေး လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေနဲ့ လွှတ်တော်နာယက၊ ဥက္ကဋ္ဌကြီးတွေကလဲ ဒီလိုပဲ လက်ပိုက်ကြည့်နေကြတော့မှာလား..?။ အစိုးရက ပြောတော့ အတ္တကိုဗဟိုပြု (အဲ..မှားလို့) ပြည်သူလူထုကို ဗဟိုပြုသတဲ့၊ အောက်ကနေ အထက်တဲ့၊ ယခုတော့ အာဏာရှင်က အာဏာရှင်ဆန်ဆန် အထက်အမိန့်အရဆို လုပ်ချလိုက်ပြန်ပြီနော်…။ ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး..၊ ယခုတစ်မျိုး တော်တော်ကြာတစ်မျိုးနဲ့ ပြောကို မပြောချင်တော့ပါဘူး…။ ``ပြည်သူများကို ခိုင်လုံတဲ့အကြောင်းအကျိုးနဲ့ရှင်းလင်းပြီး ကြိုတင်အသိပေးခြင်းမရှိဘဲ ဓာတ်အားခ များတိုးမြှင့်ခဲ့ခြင်းဟာ(အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့အငွေ့အသက်မကုန်သေးဘူးလို့ပဲပြောရမှာပဲ) ဟု ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)က နိုဝင်ဘာ(၄)ရက် ပြည်သူ့လွှတ်တော်ဝန်းအတွင်းမှာ မီဒီယာများနဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့ပါတယ်။ ယခု ပြည်သူလူထုတွေ လျှပ်စစ်မီတာခတိုးလို့ ကုန်ဈေးနှုန်းတွေတက်လာတာကိုခံနေကြရပါပြီ..။၂၀၀၇ ခုနှစ်မှာ စွမ်းအင်နဲ့ပတ်သက်ပြီး ဓာတ်ဆီ/ဒီဇယ်ဈေးနှုန်းတက်လာလို့ လူထုဆန္ဒပြရာကနေ ၂၀၀၇ သံဃာ့အရေး တော်ပုံကြီးဖြစ်ခဲ့ရတာ အများအသိပါ။ ယခုလဲ မီတာခတိုးကောက်တဲ့အတွက် တစ်နိုင်ငံလုံးက ပွက်လောညံ ကုန်နေပါပြီ..။ လွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေထဲက ပယ်ဖျက်ပေးဖို့တင်ပြထားတဲ့ ပုဒ်(၁၈)ကို ဖြုတ်ပေးရင် ဒီမီတာခတိုးတဲ့ကိစ္စကို အများပြည်သူလူထုအားလုံးက ဆန္ဒပြကြတော့မယ်ထင်ပါတယ်။ စာရေးသူလဲ ရှေ့ဆုံးက ချီတက်လို့ (နေရောင်ခြည်စွမ်းအင်ရ) ဆိုလာပြားကြီးခေါင်းပေါ်ကိုတင်ပြီး ဆန္ဒပြလိုက်မယ်..။(မပစ်ဘူး၊ မဖမ်းဘူး ဆိုရင်ပေါ့)။ ပြည်သူတွေခင်ဗျာ.. မီတာခတွေတိုးကောက်လို့ ကုန်ဈေးနှုန်းတွေတက်လာနေတဲ့ ဒဏ်တွေကိုခါးစီးပြီး ခံနေရချိန်မှာ နိုင်ငံတော်သမ္မတအတွက် လစဉ်/လခ(၁၅)သိန်း၊ လွှတ်တော်ဥက္ကဋ္ဌများ(၁၂)သိန်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများက လခ(၃)သိန်းကနေ(၆)သိန်းထိ နှစ်ဆတိုးယူကြဖို့ နိုဝင်ဘာ(၄)ရက် အမျိုးသား လွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က တင်သွင်းပြီး ကန့်ကွက်သူမရှိ ဆွေးနွေးကြရန် အတည်ပြုနေကြတာကို သိလိုက်ကြားလိုက်ရပါတယ်။ သြော် သူတို့ခင်ဗျာ.. ယခုတိုးမဲ့ မီတာခနဲ့ ၀င်ငွေအခွန်ရှောင်..အဲ နိုင်ငံတော် အခွန်ဆောင်ဖို့အတွက် တိုးပေးလိုက်ရတာဖြစ်မှာပါလေ..။ ယူလိုက်ကြပေါ့ ။ ပြည်သူအသံ လွှတ်တော်အသံ ၊ ပြည်သူတို့အကျိုးအတွက် လွှတ်တော်ကအမြန်ဖော်ဆောင်ရွက်..။ ဆိုသော်လည်း ပြည်သူတွေရဲ့ လည်ပင်းကို ဆင်းနင်းသတ်မဲ့ ကုန်ဈေးနှုန်းကြီးစေတဲ့ လျှပ်စစ်မီတာခတိုးတဲ့ကိစ္စကိုတော့ လွှတ်တော်အဆင့်ဆင့်က ရေငုံနှုတ်ပိတ်နေကြရက်တယ်နော်..။ သမ္မတကြီး ဦးသိန်းစိန် ပြောပြောနေတဲ့ မြန်မာပြည်တွင်းမှာ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ဆင်းရဲသားပပျောက်ရေး စီမံကိန်းကြီးကိုများ အမှန်တစ်ကယ် လက်တွေ့အကောင်အထည် ဖော်နေကြပြီလားဗျာ…၊(ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြလေးရဲ့စကားကို အငှါးသုံးပြီး) ပြောကို မပြောချင်တော့ ပါဘူး…..။
READMORE
 

လောကဇာတ်ခုံ နိမ့်တုံ မြင့်တုံ





ဓာတ်ပုံများအား http://komoethee.blogspot.com/ မှ ကူးယူဖော်ပြပါသည်။

လောကကြီးမှာ
တရားသံဝေဂတွေ ရနိုင်ကြပါစေ..။
READMORE
 

`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´



`အောင်ဘာလေထီ သိန်း(၁၅၀၀) ဆုဖြင့် မည်သူတွေ ချမ်းသာလာကြမည်နည်း´

အောင်ဘာလေထီ ကို(၂၇၇ကြိမ်)မှစ၍ သိန်း(၁၅၀၀) ဆုကြီး တစ်ဆုထပ်တိုးပြီး ယခင်ဆုသိန်း(၁၀၀၀) ဆု အပါ အခြားဆုများ ထပ်တိုးတယ်။ အက္ခရာလိုင်း (၃)လိုင်းထပ်တိုးတယ်။ (၂၇၆ကြိမ်)မှာ `က´ အက္ခရာမှ `မ´ အက္ခရာအထိ(၂၅)လုံးပါ။ (၂၇၇ကြိမ်)ကစပြီး`က´မှ `လ´အက္ခရာထိ(၂၈)လုံးတိုးထားတယ်။ ယခင်ထက် အက္ခရာ(၃)လိုင်း တိုးလိုက်တော့ ထီစောင်ရေ(၂၇)သိန်းတိုးလာပါ တယ်။ ၀ယ်အား(ထီထိုးအား)များလာရင်လည်း နောက်ထပ် အက္ခရာလိုင်းတွေကို ထပ်မံတိုးသွားမယ်လို့ ကြားသိရပါတယ်။ အစိုးရထုတ်ဈေးကတော့ ထီတစ်စောင်(၂၀၀)ကျပ်သာတဲ့။ အစိုးရက ထီဈေးနှုန်းမတက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်သားပြည်သူတွေကတော့ ထီဖွင့်ခါနီးရင် ထီတစ်စောင် (၄၀၀ိ/၅၀၀ိ)ကျပ် သေချာပေါက်ပေးပြီး ထိုးကြရမယ်ထင်ပါတယ်။ ယခုလဆန်းပိုင်းကို ထီတစ်စောင်(၃၀၀ိ/၃၅၀ိ)ထိုး နေရပါပြီ။ ထီဆိုင်သူဌေးကြီးများနဲ့ ထီလက်မှတ် ၀ယ်ယူခွင့်ရထားသူ (အခွင့်ထူးခံ) လူတန်းစားများသာ ပိုပြီး ပိုပြီး ချမ်းသာလာကြပါမည်။ အစိုးရထုတ်တဲ့ အောင်ဘာလေထီ ကို အပြင်မှ အမြတ်ပေးပြီး ကံစမ်းရတယ်ဆိုတာကိုက မကောင်းပါဘူး။ ဆင်းရဲနွမ်းပါးသူများ လျှော့ကျစေချင်ရင် အစိုးရထီကို အစိုးရက ထုတ်တဲ့ဈေးနဲ့ သာ ရောင်းပေးရပါမည်။ ထီဆုကြီး သိန်း(၁၅၀၀) ဆုနဲ့ တစ်လမှာ သူဌေးငယ်တစ်ဦး မွေးထုတ်မယ့် အစား အဲဒီထီသိန်း(၁၅၀၀) ဆုကြီးအစား လက်ရှိယူနစ်ဆု သိန်း(၁၀၀)ဆုများ အပြင် နောက်ထပ်သိန်း(၁၀၀) ဆုများ (၁၅)ဆုတိုးပေးလိုက်ရင်မကောင်းဘူးလား။ ဒါဆိုရင် တစ်လ တစ်လမှာ သိန်းတစ်ရာ ယူနစ်ဆုများ (၃၀) လောက်ဖြစ်သွားမယ်။ တစ်လ တစ်လမှာ သိန်း(၁၀၀)ဆုရကံထူးရှင်များ(၃၀)ဦးလောက် အိမ်တွင်းစီးပွားရေးလုပ်ငန်းလေး တစ်ခုခုကိုတော့ သေချာပေါက် ထူထောင်နိုင်ဖို့ အရင်းအနှီးများရသွားကြမယ်။ အဲဒီသိန်းတစ်ရာယူနစ်ဆုတွေထဲမှ အနည်းဆုံး တစ်သိန်းဆုရှင်တွေအများ ကြီးထွက်လာမယ်လေ..။ ယနေ့ခေတ် တစ်သိန်းဆု ဟာ မိသားစု တစ်စုရဲ့ မီးဖိုချောင်တော့ တစ်လလောက် အထောက်အကူရမယ်လို့ ထင်ပါတယ်။ ဒီအကြောင်းကို လက်ပွှေ့ထီရောင်းသက် အနှစ်(၃၀) လောက် ရှိသူတစ်ဦးက အကြံပေးပြောကြားတာပါ။ သူ ပြောတာကို သေချာစဉ်းစားကြည့်လိုက်တော့ ဟုတ်နေပါတယ်။ ထီ တစ်စောင် (၂၀၀) ကျပ်နဲ့လည်း ထီထိုးလို့ရမယ်၊ သိန်း(၁၀၀) ယူနစ်ဆုတွေကလည်း တစ်လ တစ်လ(၃၀)ဆု လောက်ဆိုရင် အောက်ခြေလူတန်းစားတွေအတွက်တော့ ချောင်လည်သွားကြမယ်ထင်ပါတယ်။ ယခုတော့ နှစ်လုံး သုံးလုံးကလည်း မြန်မာတစ်ပြည်လုံးမှာ ပိတ်ထားတယ်ဆိုပေမယ့် ပြန်ပြီးလုပ်တဲ့ နေရာတွေမှာ ထိုးလို့ရနေကြပြန်ပါပြီ..။

ဒါ ဘာကြောင့်လည်းဆိုတော့ အစိုးရ အောင်ဘာလေထီက အစိုးရထုတ်ဈေးနဲ့ ထီထိုးလို့မရဘဲ ဈေးကြီးနေလို့ပါ။ လူများများ ထီပေါက်မယ်၊ လစဉ် လစဉ် ထောက်ပံ့မှုရပြီး ပေါက်တဲ့ သူ အရေအတွက်များ များလာအောင် သိန်း(၁၀၀) ယူနစ်ဆုတွေကို များများထည့်ပေးရင်တော့ ထိုင်း နိုင်ငံက နှစ်လုံးထီ သုံးလုံးထီကို အောင်နိုင်ပါလိမ့်မည်။ သူတို့ထီလို (၅၀ိ)ဖိုးကအစ ဈေးနည်းနည်းနဲ့ ကြိုက်သလောက် ထိုးလို့ရအောင် အစိုးရအောင်ဘာလေထီကိုလည်း ဆောင်ရွက် စီမံသင့်ကြပါပြီ..။ ယခုတော့ဗျာ တစ်ခါလာလည်း မဲပြာပုဆိုး ဂျာနယ်အစောင်စောင်တွေက အောင်ဘာလေထီ ဈေးကြီးနေပြီ ဘယ်လောက်အော်အော် ဘယ်လောက်ရေးရေး ဘာမှ ထူးမလာကြပါဘူး။ အစိုးရအောင်ဘာလေထီ အခွန်ဌာနကလည်း ပြည်သူ့ငွေတွေနဲ့ လခယူပြီး ပြည့်သူ့ဝန်ထမ်းစစ်စစ်တွေက အစိုးရထုတ်တဲ့ အောင်ဘာလေထီ တစ်စောင် ထုတ်ဈေး(၂၀၀)ကျပ်နဲ့ အများပြည်သူ တစ်ဦးချင်းဆီကို မရောင်းနိုင်ပါဘူး လို့ လွှတ်တော်မှာ ပြန်လည်ဖြေကြား ထားတဲ့ အသံကို ကြားလိုက်ရပါတယ်။ အခြား ကုန်ဈေးနှုန်းများကို ခေါ်ယူညှိနှိုင်းပြီး ဈေးနှုန်းကိုထိမ်းထားနိုင်သလို ထီဈေးနှုန်းကိုလည်း ထိမ်းထားသင့်ပါတယ်။ ထီဈေးနှုန်းကို မထိမ်းနိုင်ဘူး ဆိုရင်တော့ အောင်ဘာလေထီ ဟာ ပြည်သူလူထု ကြီးပွားချမ်းသာရေးမဟုတ်ဘဲ ထီဆိုင်သူဌေးကြီးများနဲ့အတူ ထီတကယ်မရောင်းကြဘဲနဲ့ ထီထုတ်ယူခွင့်ပါမစ်များကို လက်ဝါးကြီးအုပ်၊ နှစ်ပြတ်၊ လပြတ်၊ တစ်သက်တာ နဲ့ ထုတ်ယူပြီး တဆင့်ပြန်လည်ရောင်းစားထားကြတဲ့ အခွင့်ထူးခံလူတန်းစား လူတစ်စုသာ ဆက်လက်ချမ်းသာသွားကြပါဦးမည်..။ ဒီမိုကရေစီခေတ်ကြီးကို တကယ်လျှောက်လှမ်းမယ်ဆိုရင် ပြည်သူလူထု ၀မ်းဝရေး ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို အောင်ဘာလေထီ ဌာနမှ ထိထိရောက်ရောက်ကူညီနိုင်အောင် ပြန်လည်ကြည့်ရှုသင့်ပါပြီ..။
READMORE
 

`` ဆင်းရဲနွမ်းပါးမှု တကယ်လျှော့ကျစေချင်ရင်´´


ဓာတ်ပုံ ပေါ်ပြူလာဂျာနယ်မှ ယူသုံးထားပါသည်။

``ကျွန်တော့် စာအုပ်အငှါးဆိုင်လေးကို စည်ပင်က လုပ်ငန်းလိုင်စင် ခွန် တစ်နှစ်အတွက် (၁၅၀၀၀ိ) နဲ့ စာရွက်စာတမ်းကြေး (၁၀၀၀ိ) တဲ့ဗျာ။ ယခင် မကြာသေးသောခေတ်က စည်ပင်လုပ်ငန်းလိုင်စင်(၃၅၀၀ိ)ပါ။ စည်ပင်ဆိုင်းဘုတ်ခွန်ကလည်း ယခင်ထက် သုံးဆလောက်ကို တက်သွားပါတယ်။ စည်ပင်က အခွန်တွေက လုပ်ငန်းလိုင်စင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ ဈေးကောက် စုံနေတာပါဘဲဗျာ..။ စိတ်ပျက်ပျက်နဲ့ အိမ်ပြန်တော့ လျှပ်စစ်ကလည်း မီတာခဈေးက တက်လိုက်ပြန်တယ်။ လက်ရှိတတ်ထားတဲ့ မီတာအဟောင်းက လယ်နေတာ နှေးလို့ဆိုပြီး မီတာအသစ်နဲ့လဲမယ်တဲ့။ မီတာလဲဖို့အတွက် တပ်ဆင်ခ တောင်းနေပြန်တယ်။ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ စောင့်ရှောက်ထားရတဲ့ မီတာကိုလည်း မီတာထိမ်းသိမ်းခ တစ်လ( ၁၀၀၀ိ) တဲ့ဗျာ..။ကျွန်တော့် သား သမီးတွေက အခြားတစ်နယ်မြို့တွေမှာ နေကြတာပါ။ ယခုသူတို့လည်း အိမ်ကို ခဏ အလည်ပြန်လာကြတယ်လေ..။ မီးရထားခ၊ သဘောင်္ခ၊ ကားခတွေကလည်း ဈေးတက်လို့ အဖေတို့ဆီကို အရင်လို တစ်နှစ်တစ်ခေါက် လာပြီး မကန်တော့နိုင်တော့ဘူးတဲ့ဗျာ..။ မှတ်ကရော့။ အဲ ပုဂ္ဂလိက ဓာတ်ဆီဆိုင်တွေကလည်း အရင်ဓာတ်ဆီတစ်ဂါလံ (၂၅၀၀ိ) ကနေ (၃၅၀၀ိ) တက်ပြီး ရောင်းကြတော့မယ်တဲ့။ အိမ်က ဆိုင်ကယ်တွေ ရောင်းပြီး အရင်ကလိုသာ စက်ဘီးလေးကို ပြန်စီးမှ ဖြစ်ပါတော့မယ်ဗျာ..။ အဲ ဆိုင်ကယ်ဆိုလို့ ကျွန်တော်တို့မြို့မှာ ဆိုင်ကယ် ဆပ်ပလိုင်းချက်တွေကလည်း တစ်ပါတ်မှာ (၈)ရက်လောက် လုပ်တယ်လေ..။ ကျွန်တော်တို့ ပြည်သူတွေကလည်း စည်းကမ်းမှ မရှိကြတာ.. ဆယ်ဦးမှာ ဆယ့်တစ်ယောက်လောက်က ဆိုင်ကယ်ဦးထုပ်မပါကြဘူးလေ။ ဆိုင်ကယ်တစ်စီးမှာ လူသုံးယောက်တောင် စီးနေကြတယ်။ ဒါကြောင့် ဒဏ်ကြေးငွေတွေကို အရင်ကထက် ထပ်ပြီး တိုးဆောင်ခိုင်းနေတယ်လို့ သိရပါတယ်ဗျာ..။ ဒါကတော့ စည်းကမ်းမရှိတဲ့သူတွေကို သက်ဆိုင်ရာက လုပ်တာ သဘာဝကြပါတယ်။

ယခု အစိုးရက လုပ်ဆောင်နေတဲ့ အများပြည်သူတွေအတွက် သဘာဝမကျတာကိုလည်း ပြောချင်ပါသေးတယ်။ ပိုက်ဆံရှိတဲ့သူတွေအတွက်တော့ ကားဟောင်းကနေ ကားသစ်တွေ ၀ယ်ခွင့်ပေးနေတယ်။ ကုန်သည်ကြီးတွေအတွက် နိုင်ငံခြား သွင်းကုန် ထုတ်ကုန် အခွန်များကို ကင်းလွတ်ခွင့် ပေးနေကြပါတယ်။ နိုင်ငံခြားအလုပ်သမား ဒေါ်လာစားတွေကိုလည်း ၀င်ငွေခွန် ကင်းလွတ်ခွင့်ပေးတဲ့ အမိန့်ထုတ်သံ ကြားလိုက်ရပါတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဈေးသည်များ၊ လုပ်ငန်းရှင်အသေးစားများကြတော့ ပြည်တွင်း ၀င်ငွေခွန်တွေကလည်း တစ်နှစ်ထက် တစ်နှစ်တိုးကောက်နေပါတယ်။ ဒီနှစ် ၀င်ငွေခွန်ကို မိမိဘာသာ အမှန် အကန် ဖြည့်ပေးပါ။ ကုန်ကျစားရိတ် နဲ့ မှီခို သား သမီးများ စာရင်းပြပေးပါ။ အဲလိုဆိုရင် အခွန်လျှော့ပေါ့နိုင်ပါတယ်လို့ အခွန်ရုံးက ပြောပါတယ်။ ဒါပေမယ့် အရင်နှစ်ကထက်တောင် ပိုကျသူတွေ များလာပါတယ်။ အဲ ပြည်သူတွေဆီကတော့ မီးရထားခ၊ ကားခ၊ သင်္ဘောခ၊ စာပို့ခ၊ မီတာခွန်၊ ရေခွန်၊ အမှိုက်သိမ်းခွန်၊ ၀င်ငွေခွန်၊ စည်ပင်သာယာက မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ ဈေးဆိုင်များလုပ်ငန်းလိုင်စင်ခွန်၊ ဆိုင်းဘုတ်ခွန်၊ ဘီးခွန်၊ လမ်းကြေး၊ တံတားကြေးနဲ့ ဈေးကောက်ခွန်တွေကို တိုး၍ တိုး၍ ကောက်ခံနေကြပြီးတော့ အစိုးရကနေ ကိုင်တွယ်နေကြတဲ့ အောင်ဘာလေထီ ကိစ္စမှာ ယခင်က နှစ်ကျပ်တန်ထီကို နှစ်ကျပ်နဲ့ ရောင်ခဲ့သလို ယခု အစိုးရကထုတ်တဲ့ဈေး (၂၀၀ိ) နဲ့ မရောင်းချနိုင်တာလည်း သဘာဝ မကျပါဘူး။ ဂျာနယ်တွေက ဘယ်လာက်ရေးရေး ယခုထိဘာမှ ထူးမလာပါဘူး။ ဆင်းရဲသားတွေက (ဆင်းရဲခြင်း လွတ်ကင်းအောင် ဖဲဝိုင်းကလဲ ထောင်မရ၊ နှစ်လုံ သုံးလုံးကလဲထိုးမရ) တော့ အစိုးရ အောင်ဘာလေးထီကိုသာ အားကိုးနေကြရပါတယ်။ ဒါကို ဟိုတစ်လောက သောင်းညွန့်(ဖျာပုံ) ရေးသားလိုက်တဲ့ ဆောင်းပါးကြောင့်ထင်ပါရဲ့ လောင်းကစား ဥပဒေ နဲ့ ငြိလို့ဆိုပြီး အပိုဆုတွေ၊ ကံစမ်းမဲတွေ မပေးရဘူး အမိန့်ထုတ်လိုက်တော့ ထီကုန်သည်ကြီးများနဲ့ ထီဆိုင်ကြီးတွေကတော့ ပိုပြီး ချမ်းသာ စီးပွားဖြစ် တွက်ချေကိုက် သွားကြပါတယ်။ ယခင်က အပိုဆု(သိန်း၅၀၀)ပါ ထီတစ်ဆောင်(၃၅၀ိ/၄၀၀ိ) ။ ယခု အပိုဆု မပါတော့လည်း (၃၀၀ိ) ပေးနေရတာပါဘဲ။ ယခု အောင်ဘာလေထီကို (၂၇၇ကြိမ်) မှစ၍ လက်ရှိသိန်း(၁၀၀၀)ဆုနှင့် အခြားဆုများ အပြင် အောင်ဘလေထီဆုကြီး(သိန်း၁၅၀၀) တစ်ဆုထပ်တိုးလိုက်ပြန်ပါပြီ..။ အစိုးရဈေးကတော့ ထီတစ်စောင်(၂၀၀) ကျပ်သာ ရောင်းချမယ်လို့သိရပါတယ်။ ဒါပေမယ် ထီဆိုင်ကြီးတွေကတော့ ယခင်အပိုဆုပေးခဲ့စဉ်ကလို ထီတစ်စောင် (၄၀၀/၅၀၀)ကျပ် ထိဈေးတင်ပြီး ရောင်းကြပါတော့မယ်။ အဲဒီ ထီဆိုင်ပိုင်ရှင် နဲ့ ထီထုတ်ယူခွင့် ပါမစ်ရတဲ့သူတွေကတော့ ပိုပြီးချမ်းသာလာကြပါတော့မယ်။ အစိုးရက ထုတ်ပေးတဲ့ထီကို ဈေးနှုန်းမတက်အောင် (ထီတစ်စောင် ၂၀၀ိ ကျပ်ထက်မပိုရ) လို့မကန့်သတ်နိုင်ကိုက သဘာဝအကြပါဘူး။ ကျွန်တော်ပြောချင်တာက အစိုးရ၀န်ကြီး ဌာနတွေ နဲ့ ပတ်သက်နေတဲ့ အောင်ဘာလေထီ၊ လောင်စာဆီများ၊ စားသုံးကုန်များ၊ အခြားအခွန်အခများ ကိုတော့ ဈေးမတက်သင့်ပါဘူးဗျာ…။

နိုင်ငံတော်သမ္မတကြီးမှ အဓိက လမ်းညွှန်ထားတဲ့ ` မရှိဆင်းရဲ နွမ်းပါးသူများ ပပျောက် လျော့ကျရေး´ ကို တကယ် ဖော်ဆောင်မယ်ဆိုရင် သမ၀ါယမဌာနနဲ့ စည်ပင်သာယာဌာနတွေက ငွေထုတ်ချေးပေးနေယုံနဲ့ မလုံလောက်ပါဘူး။ လူတိုင်း ရဲ့ အမှန်တကယ်ဝင်ငွေ၊ ထွက်ငွေကို ပြန်ကြည့်ပြီး အခွန်အခ သက်သက်သာသာ နဲ့ လုပ်ငန်းများ၊ ဈေးဆိုင်များကို ရေရှည်ရပ်တည် တိုးချဲ့ လုပ်ကိုင်စားသောက်နိုင်အောင် ၊ အလုပ်လက်မဲ့များမရှိအောင်၊ ကျွန်တော် စောစောက ပြောခဲ့တဲ့ အများပြည်သူလူထု အောက်ခြေကလူတန်းစားတွေမှာ ၀န်ထုပ် ၀န်ပိုးဖြစ်စေမယ့် အခွန်အခ ဈေးတွေကို တစ်နှစ်ထက် တစ်နှစ် တိုး၍ တိုး၍ တက်မနေကြဘဲ၊ နိုင်ငံတော်လည်း သင့်တင်မျှတမယ့် အခွန်ဝင်ငွေလည်းရ ပြည်သူတွေလည်း သက်သက်သာသာနဲ့ အခွန်ထမ်းဆောင်စေပြီး( ရှဥ့်လည်း လျှောက်သာ ပြားလည်း စွဲသာ) ဖြစ်စေချင်ပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေ၊ အာဆီယံနိုင်ငံတွေ နဲ့ နှိုင်းယှဉ်တွက်ကြည့်ပြီး မီတာခတွေ၊ အခွန်ဈေးနှုန်းတွေကို တိုးကောက်နေတယ် ထင်ပါတယ်။ ဒီလိုဆိုရင်လည်း ကျွန်တော်တို့ မြန်မာပြည်က ပြည်သူ ပြည်သား တစ်ဦးချင်းစီရဲ့ လခ နဲ့ ၀င်ငွေတွေကိုလည်း အခြားနိုင်ငံတွေလိုရသလား၊ ၀င်သလား ဆိုတာကိုလည်း ပြန်ကြည့်သင့်ပါတယ်။ တကမ္ဘာလုံးမှာ စီးပွားရေးကတ်ဆိုက်ပြီး စီးပွားရေးတွေကျနေသော်လည်း ကျွန်တော်တို့ ပြည်တွင်းမှာတော့ အစိုးရနဲ့ သက်ဆိုင်တဲ့ ဈေးနှုန်း၊အခွန်အခတွေက တော့ တစ်နှစ်ထက် တစ်နှစ် တက်၍ တက်၍သာ လာနေပါတယ်။ အဲဒါတွေကို သက်ဆိုင်ရာက ပြန်လည်စီစစ်ပြီး ဆောင်ရွက်ပေးစေချင်ပါတယ်ဗျာ..။

ကျွန်တော်တို့မြန်မာပြည်မှာက အောက်ခြေလူတန်းစားတွေက(၈၅%)လောက်ရှိမယ် ထင်ပါတယ်။ အောက်ခြေလူတန်းစားတွေကို စီးပွားရေး အကြပ်အတည်းဖြစ်အောင်လုပ်နေတာတွေကတော့ အထက်က ပြောခဲ့တဲ့ အခွန် အခတွေ ဖြစ်နေပါကြောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။ ဒါကြောင့် ဒီကိစ္စတွေအား ဆရာတို့ သတင်းမီဒီယာ သမားတွေကတဆင့် အစိုးရသိအောင် ပြောပေးကြစမ်းပါ ဆရာတို့ရယ်..။´´

ရွှေလမ်းငွေလမ်းဝင်းကြည်
READMORE
 

``စတုထ္ထမဏ္ဍိုင်ကို ချည်နှောင်ထားသေးသော အောက်ခြေမှ ကြိုးနီစလေးများ´´



``စတုထ္ထမဏ္ဍိုင်ကို ချည်နှောင်ထားသေးသော အောက်ခြေမှ ကြိုးနီစလေးများ´´



နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ စာနယ်ဇင်းများနှင့် သတင်းမီဒီယာများအား တိုင်းပြည်အတွက် စတုထ္ထမဏ္ဍိုင် အဖြစ် ထားရှိပြီး အားကိုးကြောင်း မိန်းခွန်းများမှာ ကြားသိနေရပါတယ်။ ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည်တိုးတက် ကောင်းစားရေး အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီးများ(၃)ခု အား စတုထ္ထမဏ္ဍိုင် ဖြစ်တဲ့စာနယ်ဇင်းသမားများမှတဆင့် (ပဉ္စမမဏ္ဍိုင်ဟု ခေါ်ဆိုနိုင်သော ပြည်သူများ)၏ အသံကို ကြားချင်ကြပါတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပြည်သူ့အသံ၊ လွှတ်တော်အသံ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ပြည်သူတို့ မျှော်လင့်ချက်၊ လွှတ်တော်က ဖော်ဆောင်ရွက်။ ဖြစ်စေရမည်ဟု ယခုနိုင်ငံတော်အစိုးရသစ်အဖွဲ့ နှင့် ပြည်သူ့လွှတ်တော်များမှသံဓိဌာန်ချမှတ်ပြီး အကောင်အထည်ဖော်၍ ဆောင်ရွက်နေ ကြပါတယ်ခင်ဗျာ..။ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို အလေးထားဆောင်ရွက်ပေးခြင်းဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ (ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး) အား ရပ်ဆိုင်းပေးလိုက်ခြင်းက သက်သေပြနေပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း နေပြည်တော် ပြည်သူလွှတ်တော်များ အတွင်းအထိ ပြည်တွင်း၊ပြည်ပမှ သတင်းထောက်များကို တံခါဖွင့်ထားပါတယ်။ ယခုဆိုလျှင် နေပြည်တော်မှာ ပြည်ပသတင်းဌာနများဖြစ်တဲ့ ဗီအိုအေ သတင်းဌာနနှင့် ဘီဘီစီသတင်းဌာနများမှ အခြေစိုက်သတင်းထောက်များကိုပါ နေထိုင်ခွင့်ပြုပြီး သတင်းယူနိုင်ရန် သတင်းလွတ်လပ်ခွင့် များကို ဖွင့်ပေးထားတာ ကမ္ဘာသိဖြစ်ပါတယ်။

သို့သော်.. အထက်ပိုင်းအဆင့်များတွင် ပြောင်းလဲနေသော်လည်း အောက်ခြေအဆင့်များမှာ ယခင်ကအတိုင်း အချို့နေရာများမှာ ပြုပြင် ပြောင်းလဲမှု မရှိကြသေးပါ။ အရာရာကိစ္စများမှာ အကြောက်တရားများ စိုးမိုးနေကြသည် ထင်ပါတယ်။ စာရေးသူ သတင်းသွားယူစဉ်က အဖြစ်မှန် သာဓက တစ်ခုကို တင်ပြပါရစေ….။

ကျွန်တော် ၂၀၁၁၊ အောက်တိုဘာလထဲမှာ သဘာဝဘေးဒါဏ်ကျရောက်နေတဲ့ ဒေသများကို သွားရောက်သတင်းယူခဲ့ ပါတယ်။ သတင်းဓာတ်ပုံများရိုက်ပါတယ်။ တာဝန်ရှိသူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ သတင်းမေးမြန်းပါတယ်။ ဘေးအန္တရာယ် ဖြစ်ပေါ်၍ ပျက်စီးနေသော ဓာတ်ပုံများကို သတင်းမှတ်တမ်းတင်နေစဉ် ကျွန်တော့်ကို တာဝန်ကျ လုံခြုံရေးရဲတပ်သား တစ်ဦး မှ အထက်အရာရှိထံ တွေ့ဆုံရန်ဆိုပြီး လာရောက်ခေါ်ပါတယ်။ လိုက်သွားခဲ့ပါတယ်။ အနီးစပ်ဆုံး ကယ်ဆယ်ရေးစခန်းတစ်ခု ကို ရောက်သွားပါတယ်။ ကံကောင်းချင်တော့ ကယ်ဆယ်ရေးစခန်းက ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ဘုရားမှာ ကျွန်တော်နှင့် ယခင်က ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ ဆရာရင်း၊ ဒကာရှင်း ဖြစ်နေပါတယ်။ ဆရာတော်မှ ကယ်ဆယ်ရေးစခန်းမှာရှိနေကြတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူရယ်၊ ကျွန်တော့်ကို ခေါ်လာသောရဲတပ်သားနဲ့ ကယ်ဆယ်ရေးအဖွဲ့ရှိ ပုဂ္ဂိုလ်များကို ကျွန်တော့အား မိတ်ဆက်ပေးပါတယ်။ ကျွန်တော့်ထံပါလာတဲ့ နိုင်ငံသားစီစစ်ရေးကဒ်၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင်ကတ် ၊ ဂျာနယ်တိုက်က သတင်းထောက် သတင်းယူရန် ဂျာနယ်တိုက်မှ ထုတ်ပေးထားသော ဓာတ်ပုံပါ လည်ဆွဲကတ် စတာတွေကို ထုတ်ပြပါတယ်။ ဒါနဲ့ ..စာရေးသူလည်း အိုကေပြီထင်လို့ ကယ်ဆယ်ရေးစခမ်းက ကျေးရွာအုပ်ချုပ်ရေးမှူးကို သိလိုသော သတင်းအချက်အလက် များကို မေးမြန်းပါတယ်။ အင်း… ဟုတ်ကဲ့ ခဏနေပါအုံး။ ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ပါရစေ.. ဆိုပြီးထွက်သွားပါတယ်။ ကျောင်းထိုင်ဆရာတော်ကိုကပ်ပြောသွားပါတယ်။ ဆရာတော်ဧည့်သည်ကို ခေတ္တထိမ်းထားပေးပါ ဆိုပြီး မှာသွားပါတယ်။ တော်တော်လေးကြာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူ ပြန်လာပါတယ်။ ဆရာတော်ရဲ့ မိတ်ဆွေဧည့်သည်လည်း ဖြစ်နေတော့ ကဲ.. သိလိုတာကို မေးပါလို့ သူကဆိုပါတယ်။ ကျွန်တော်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ မေးမြန်းပြောဆိုပြီး နောက်ဆုံးစကားတခွန်းနဲ့ သူက ကျွန်တော့်ကို နှုတ်ပိတ်လိုက်ပြန်ပါတယ်..။ (ဆရာ.. ကျွန်တော့်မြို့နယ်အုပ်ချုပ်ရေးမှူးကမှာလိုက် ပါတယ်..။ သိပ်ပြီး ဆိုးဆိုးရွားရွားကြီးတွေကိုတော့ မရေးစေချင်ပါဘူး..) တဲ့။

သြော် သတင်းမီဒီယာဆိုတာ အဆိုးမြင်သမားများမဟုတ်ကြပါ။ တိုင်းပြည်တိုးတက်ချမ်းသာဖို့အရေး အဆိုး အကောင်းများ၏ အဖြစ်မှန်များကို အကျိုးအကြောင်းခိုင်လုံစွာဖြင့် ပြည်သူ လူထုရဲ့အသံများအား(ဂျာနယ်များမှာ) ထုတ်ဖော်ရေးသားနေသူများသာ ဖြစ်ကြပါတယ်။ ဒါမှလည်း ယခုလို ကျရောက်ခံစားနေရတဲ့ သဘာဝဘေးဒုက္ခများအတွက် အချိန်မှီ လိုအပ်သည်များကို ၀ိုင်းဝန်းကယ်ဆယ်ကူညီ လှူဒါန်းဆောင်ရွက်နိုင်ကြမည် မဟုတ်ပါလား?။ တိုင်းပြည်တိုးတက် ကောင်းစားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးနေသော စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့သတင်းမီဒီယာများ ကို ၀ိုင်းဝန်းကူညီစေချင်ပါကြောင်း တောင်းဆိုလိုက်ရပါတယ်..။

ရွှေလမ်းငွေလမ်းဝင်းကြည်

မော်နီတာ သတင်းဂျာနယ်
အတွဲ(၁) အမှတ်(၇၇)
၂၀၁၁၊ နိုဝင်ဘာ(၆)ရက်ထုတ် တွင် ဖော်ပြထားပါသည်။
READMORE
 

အင်တာနက်ဆိုင်များ ဈေးကွက်ပျက်ကုန်ပြီ..



အင်တာနက်ဆိုင်များ ဈေးကွက်ပျက်ကုန်ပြီ..

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

အင်တာနက်ဆိုင်ထောင်မိတာတော့
(သားမှားပြီ..မေမေရဲ့၊သောကတွေကြွယ်..၊ ဒေါသတွေလွယ်…) လို့သာ ဟင်္သာတကိုထွန်းရင် သီချင်းကို အော်၍သာ ..ဆိုလိုက်ချင်ပါတော့တယ်ဗျာ…။အခွန်အခတွေကတစ်နှစ်ထက်တစ်နှစ်(၂)ဆတိုးကောက်ကြပါတယ်၊လုပ်ငန်းတွေကထိုးကျနေပါတယ်။မြန်မာပြည်ရဲ့မြို့တွေနယ်တွေမှာ အင်တာနက်ဆိုင်တွေ နေ့ချင်း၊ညချင်းပေါလာတာတော့ လူငယ်တွေအတွက်ဝမ်းသာစရာပါ..။

ဟိုတစ်လောက မန်းသူလေး အွန်လိုင်းပေါ်တက်လာပါတယ်။ ပခုက္ကူမြို့မှာ အင်တာနက်(၁)နာရီသုံးခ ငွေကျပ်(၁၀၀၀ိ)တဲ့..၊VZo ကင်ပရာကိုင်လိုက်တာနဲ့ အမ၊အမ (အဲဒါကိုသုံးရင် နောက်ထပ်တစ်နာရီ(၂၀၀၀ိ)ကျပ်ထပ်ပေးရမယ်တဲ့..။) သူကပြောပါတယ်။အင်း တောင်တွင်းကြီးမြို့မှာလဲ တစ်နာရီ(၁၀၀၀ိ)ကျပ်တဲ့။ အင်တာနက်ဆိုင်ရှားသေးတဲ့မြို့တွေက ဈေးတောင်းသလောက်ရကြမှာပေါ့လေ..။

ရန်ကုန်၊မန္တလေး၊မကွေးမြို့တွေမှာတော့ ဈေးတွေကျပျက်ကုန်ပါပြီ…။ တစ်နာရီ(၅၀၀ိ)ကျပ်ကနေ..တစ်နာရီ(၄၀၀ိ-၃၀၀ိ-၂၅၀ိ-၂၀၀ိ-၁၀၀)ကျပ်အထိ ဈေးတွေဒလဟောကို ထိုးချ၊ ထိုးကျနေကြပါပြီ….။ဒါကြောင့်လဲ ဂျာနယ်တွေမှာ(လက်ရှိအသုံးပြုနေဆဲ အင်တာနက်ဆိုင် တစ်ဆိုင်လုံး ရောင်းရန်..အပိုမီးစက်(၂)လုံး၊ အဲယားကွန်း(၃)လုံး၊ပစ္စည်းစုံပါသည်၊သင့်မဲ့ဈေးနှင့်အမြန်ရောင်းလိုပါသည်..)။ စတဲ့ကြော်ငြာတွေကို ခဏ ခဏဖတ်နေရတာပါနော်..။

ကျွန်တော်တို့ မကွေးမြို့မှာ အင်တာနက်ဆိုင်(၄၀)ခန့်ရှိပါတယ်..။ဆိုင်တွေနာမည်ကိုတော့ မပြောတော့ပါဘူး။ ဆိုင်သေး၊ဆိုင်လတ်၊ ဆိုင်ကြီး(၃)မျိုးလောက်တော့ ကွဲကြပါမည်။ အင်တာနက်ဆိုင်ကို (Adsl လိုင်းမပေါ်ခင်နဲ့၊ ပေါ်ပြီးစကာလမှ စောစောစဖွင့်ခဲ့တဲ့ဆိုင်တွေကတော့ ယခုလောက်ဆို အရင်းတော့ရလောက်ကြပါပြီ..။ ၂၀၀၉ ခုမှစဖွင့်တဲ့ဆိုင်တွေကတော့ မကြာခင်မှာ(အရုပ်ပြင်း) အရင်းပြုတ်ကုန်ကြပါတော့မည်..။ အဲဒီအထဲ ကျွန်တော်ကရှေ့ဆုံးကဖြစ်ပါတယ်..။ (အခြားစီးပွားရေးတွေနဲ့တွဲဖက်ပြီး တောင့်ခံနိုင်တဲ့ဆိုင်ကြီးတွေကတော့ ကျန်နေခဲ့ကြမယ်လို့ထင်ပါတယ်..။) အင်း..အဲဒီဆိုင်ကြီးတွေက လျှပ်စစ်မီး(၂၄)နာရီ မီးလာကြတယ်လေ..။ ဘယ်ကနေ ဘယ်လိုရကြတာလဲဆိုတာကတော့ ကာယကံရှင်တွေကလွဲလို့ ဘယ်သူကသိကြမှာလဲဗျာ..။ကျွန်တော်တို့ဆီမှာ.. မိုးကလဲကွက်ကြားရွာသလို..မီးကလဲကွက်ကြားလာနေကြတာ မဆန်းတော့ပါဘူးလေ..။ ဒါကြောင့် ညတိုင်း၊ညတိုင်း ဖယောင်းတိုင်မီးလေးကိုတွန်းပြီး..၊ မီးစက်ကလေးကိုမောင်းပြီး..၊ကိုလေးဖြူ သီချင်းလား..ဘာတဲ့..(အလင်းရောင်..အလင်းရောင်..အလင်းရာင်…………။)လို့လဲအော်ဟစ်မိပါတယ်…ဗျာ..။

““ဦးလေး၊ ဦးလေး..ကျမသုံးတဲ့(နံပါတ် ၁ စက်ပြီးပါပြီ..(၁၅)မိနစ်ဆိုတော့ ရော့(၅၀ိ)တဲ့..”””။

ဗျာ…ကျွန်တော်မျက်လုံးပြူးသွားပါတယ်…။

“ ဟေး..နာရီဝက်သုံးခ(၁၅၀)ကျပ်တော့ ပေးပါတူမကြီးရာ..ငါတို့မှာ နေ့ရောညပါမီးစက်မောင်း ရတာပါ ကွယ်..။ဒီဇယ်တစ်ဂါလံ(၃၀၀၀ိ)ပေးရတာပါ။ တူမကြီးတို့စားနေတဲ့ ဇီးထုတ်(၁)ထုပ်တောင်(၁၀၀ိ)တန်မရှိတော့ပါဘူး။ဇီးထုပ်တစ်ထုပ်ကို ၃၀၀-၄၀၀ိ ပေးရပါတယ်..။ ငါတို့ အင်တာနက်က ဇီးထုပ်တစ်ထုပ်လောက်တောင် တန်ဖိုးမရှိတော့ပါလားကွယ်….။“

““ ရှင်..ဦးဆိုင်ကသာ..မရတာ..ဟိုမှာ ကောင်းမွန်စူပါမားကတ်ပေါ်က ကျမတို့လို(Manber)တွေဆိုရင်..တစ်နာကို(၂၀၀ိ)ကျပ် ရပါတယ်..။ တကယ်ထဲ အဖြစ်သဲနေလိုက်တာ..အဲဒီဆိုင်ကိုပဲသွားတော့မယ်.. အင်တာနက်တွေ နက်ဝပ်ဂိမ်းတွေစက်အလုံး(၁၀၀)ကျော်ကိုရွေးပြီး ခေါင်းခေါက်သုံးလို့ရပါတယ်နော်..”””

ကျွန်တော်..ကျွန်တော်.. ခြေဖနောင့်ကို ဆောင့်ကာ ဆောင့်ကာ ပြောဆို၍ ထွက်သွားသော ကလေးမလေးကိုကြည့်ပြီး……

“ ဟောသည်မှာဗျာ…အင်တာနက် ပူပူနွေးနွေးလေး..စက်တစ်လုံးမှ ပြားသုံးဆယ်..” ဟုသာ အော်၍သာ ရောင်းလိုက်ချင်ပါတော့သတည်း…..။”

ရှိတဲ့သူတွေ..ပို၍ရှိနိုင်ကြပါစေ…..။ မွဲတဲ့သူတွေ..ဒီဘ၀က အမြန်လွတ်ကင်းနိုင်ကြပါစေ…။


ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ နိုဝင်ဘာလ၊(၁၆)ရက်၊ည(၈း၃၀)နာရီ ရေးပါသည်။
READMORE
 

မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ

မြန်မာပြည်မှ အမိန့်ရ အေးဓားပြ ပြင်ပ အထူးကုဆေးခန်းများ

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


အင်း… ဒီကိစ္စ ဒီအကြောင်းလေးကို မရေးချင်ပေမဲ့ ဘလော့မိတ်ဆွေ http://anam308.blogspot.com
အနမ်းရဲ့ ၀မ်းနည်းကြောင်းလေးကို ဖတ်ရလို့ ဇာတ်လမ်းတစ်ပုဒ် အဖြစ် ရွေးထုတ်တင်ပြလိုက်မိပါ တယ်ကွယ်။ ကျမ်းမာရေးအတွက် လူတိုင်းအထူး သံဝေဂယူကြစေချင်ပါတယ်။


ကျွန်တော့်ရဲ့ ညီလေးက လည်ချောင်းကင်ဆာနဲ့ အဆုတ်ရောဂါနှစ်မျိုး ခံစား နေရတာပါ။ ပထမအကြိမ် အဆုတ်ရောဂါက တစ်နှစ်တိတိဆေးထိုး၊ ဆေးစားနဲ့ ကုသလို့ ပျောက်ကင်းခဲ့ပါတယ်။ လည်ချောင်းကင်ဆာကိုတော့ မသေခင်(၂)လ အလိုကမှ သိခဲ့ရပါတယ်။ မစားနိုင်တာကတော့(၆)လလောက် ခံစားခဲ့ရပါတယ်။ ကင်ဆာလို့ ဆေးစစ်သိရချိန်မှာ ယခင်က အဆုတ်ရောဂါပါ ပြန်လည်တွေ့ရှိရပါတယ်။

နယ်မှာ ကုမရတော့ ဆရာဝန်ကြီးများညွှန်ကြားစာနဲ့ ပထမအကြိမ် မန္တလေးဆေးရုံကြီးကို သွားရောက်ကုသပါတယ်။ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြင်ပအထူးကုဆေးခန်းမှာဆိုတော့ အဲဒီဆေးခန်းကို သွားရောက်ပြသရပါတယ်။ လည်ချောင်းက အစာ၊ရေ လုံးဝမမြိုနိုင်တော့ ဗိုက်ခွဲပြီး ပိုက်တပ်ရမယ်၊ အစာသွင်းရမယ်၊ အားပြည့်လာရင် လည်ချောင်းကို ချဲ့မယ်။ပြီးရင် ဓာတ်ကင်ကြမယ် လို့ပြောပါတယ်။ ဒီပြင်ပအထူးကုဆေးခန်းမှာ စုစုပေါင်း ကုန်ကျငွေ(၆)သိန်း ကုန်ပါမည်။ (စားစရိတ်၊ကားခများမပါသေးပါ)။ ကုန်စရာငွေ မတတ်နိုင်ကြောင်း ရင်ဖွင့် ပြောရပါတယ်။ ဒါကြောင့် အဲဒီဆရာဝန်ကြီးက မန္တလေးတိုင်းဆေးရုံကြီးကို တက်ရန် လက်မှတ်ရေးထိုးပေးပါတယ်။ ငွေမတတ်နိုင်ကြောင်း ပြောလို့ တိုင်းဆေးရုံမှ စိုက်ထုတ် ကုသပေးရန် ပြောပါတယ်။ ဒါပေမဲ့ ဗိုက်ခွဲခါနီးမှာ ကျွန်တော့ညီက မခွဲရဲတော့ပါ။ ကြောက်တာရယ်၊ ခွဲပြီး(၂)လ (၃)လ နေရရင် မဖြစ်ဘူး ဆိုပြီး ပြန်ဆင်းလာခဲ့ပါတယ်။ မန္တလေးတိုင်းရင်းဆေးရုံကြီးကို ပြောင်း၍ တက်ရောက်ကုသပါတယ်။ အနည်းငယ် သက်သာလာ ခဲ့ပါတယ်။ သက်သာလို့ နယ်အိမ်ကိုပြန်ဆင်းလာခဲ့ပါတယ်။ အစာက ဆန်ပြုပ် ခပ်ကျဲကျဲ ကိုသောက်နိုင်လာပါတယ်။မန်းမှာ (၂၅)ရက်လောက်ကြာခဲ့ ပါတယ်။

အိမ်ပြန်ရောက်တော့ တစ်ပါတ်လောက်နေပါတယ်။ ရောဂါများ မသက်သာပြန်လို့ ရန်ကုန်မြို့ကိုဆင်းကုကြပြန်တယ်။ ပြသမဲ့ဆရာဝန်ကြီးက ပြင်ပ အထူးကုဆေးခန်းမှာဆိုတော့ သူရှိရာကို လိုက်လံပြသခဲ့ပါတယ်။ ဆရာဝန်ကြီးက ဒီပြင်ပဆေးခန်းမှာ လုပ်ရင် ငွေကုန်ကြေးကျများမယ်၊ ငွေ(၁၀)သိန်းလောက်ကုန်လိမ့်မယ်သိရပါတယ်။ ဒါကြောင့် ရန်ကုန် ဆေးရုံကြီးကို တင်ပေးလိုက်ပါတယ်။ အထူးကူညီပေးရန်စာလည်း ရေးပေး လိုက်ပါတယ်။ ငွေကုန်ကြေးကျလည်း တော်တော်သက်သာပါတယ်။ ဗိုက်ခွဲ၍ ပိုက်တပ်ပြီး အစာ၊ဆေးများကို သွင်းပေးပါတယ်။ တစ်ပါတ်လောက်ကြာတော့ ဆေးရုံကဆင်းပေးပါတယ်။ (၂၃)ရက်နေ့ ပြန်ပြသရန်ပြောပါတယ်။ မသက်သာရင် ရန်ကုန်(သို့မဟုတ်) တောင်ကြီးကို ပို့ပြီးကုပေးမယ် ပြောပါတယ်။ ဒါကြောင့် နယ်က အိမ်ကိုပဲပြန်လာပါတယ်။

အိမ်ပြန်ရောက်တော့ တီဘီဆေးကို ပိုက်ကပဲ နံနက်(၅)နာရီအချိန်မှန် နေ့စဉ်သွင်းပေးပါတယ်။ အစာကို တစ်ရက်(၄)ကြိမ် ပိုက်ကပဲ သွင်းပေးရပါတယ်။ (၄)(၅)ရက်အတွင်း လူကတော်တော်လေး မာလာပါတယ်။ ပြောနိုင်၊ဆိုနိုင်၊သွားနိုင်၊လာနိုင်ကြီးပါ။ အဲ တစ်ညနေမှာ ဗိုက်ဖေါက်တပ်ထားတဲ့ ပိုက်က ကျွတ်ထွက်လာပါတော့တယ်။ အစာတွေ အပေါက်က ပန်းထွက်လာပါတယ်။ အရေးပေါ် မော်တော်ဆိုင်ကယ်နောက်က တင်စီးပြီး မြို့ထဲက မိသားစုဆရာဝန်ဆေးခန်းကို သွားပါတယ်။ ဆေးခန်းကပိတ်ထားတာကို တွေ့ရပါတော့တယ်။ ဒါနဲ့ အဲဒီဆေးခန်းနဲ့ကပ်လျှက်(……..) နာမည်သုံးလုံးပါတဲ့ ပြင်ပအထူးကုဆေးခန်းကြီးကို အားကိုး တကြီးနဲ့ ၀င်လိုက်မိပါတော့တယ်။ ဆေးခန်းနာမည်ကိုတော့ မပြောလိုတော့ပါဗျာ..။

ဆရာဝန်ကို သွားခေါ်နေတာက တစ်နာရီလောက်ကြာမယ်။ ရောက်လာပြန်တော့ ဟိုလူငေါက်၊ ဒီလူငေါက်နဲ့ပါ။ ကဲလာ ခွဲရမယ်..ပြောပါတယ်။ လူနာ ဆေးခန်းကိုရောက်တာက ညနေ(၆)နာရီပါ။ ကုန်ကျငွေကို သိပါရစေ ဆိုတော့ (၃)(၄)သိန်းကျမယ်။ လုပ်မှာလား၊ မလုပ်ဘူးလား၊ မလုပ်ရင် တိုင်းဆေးရုံကြီးကိုသွား။ လာမဲ့အပါတ် အင်္ဂါနေ့မှ ခွဲရမယ်။ (၅)ရက်စောင့်နေရမယ်ဟု ပြောနေပါတယ်။ ဒါနဲ့ ငွေကိုရအောင်ရှာရမှာပဲ လူက အရေးကြီးပါတယ်။ ခွဲပါဆရာရယ် လို့တောင်းပန်ပြီးအပ်လိုက်ပါတယ်။ ဒါတောင် သူ့ရှေ့မှာ တစ်ယောက်ရှိနေသေးတယ်။ စောင့်ရပါဦးမယ်ပြောလို့ စောင့်နေရပါတယ်။ ည(၁၁)နာရီမှာ ကျွန်တော့်ညီကို ခွဲစိတ်ခန်းထဲကထွက်လာရပါတယ်။

လူနာမှာ အစာမစားနိုင်တာရယ်၊ အရင်ရန်ကုန်ဆေးရုံကြီးမှ ခွဲတဲ့ချုပ်ရိုးဖြီထားရတော့ အသား မကျက်သေးပါ။ အဲဒီဘေးက ဓါးတစ်ကြောင်းရာ ထပ်ခွဲရတာဆိုတော့ တော်တော်လေးကို ခံစားနေရပါတော့တယ်။ မျော့မျော့လေးသာ နေရပါတော့တယ်။ (အော် ..လူနာရဲ့ ခံနိုင်ရည်အားကို မကြည့်ပဲ သူတို့ ငွေရရေးကိုသာ အထူးအလေးထားကြတာကိုး) ဟု စဉ်းစားမိပါတော့တယ်ဗျာ..။ လူနာ မေ့ဆေးပြေတော့ သူတို့ဗိုက်ခွဲပြီးတပ်ပေးတဲ့ပိုက်ကနေ ဆေးသွင်းပါတယ်။ မရတော့ပါ။ ခဲရာခဲစစ် နာရီဝက် တစ်ခါသွင်းပါမှ နည်းနည်းသာ ၀င်ပါတော့တယ်။တာဝန်ခံဆရာမကိုသွားပြောတော့(ကျမတို့ဆေးခန်းမှာ ဒါမျိုးကေ့စ်မလုပ်ဘူးပါတဲ့။ ဗိုက်ကိုထပ်ခွဲပြီး အထဲကပိုက်ကိုပြန်ပြင်ရမည်ဟု ပြောပါတယ်။ မလုပ်ပါနဲ့ဗျာ..ငွေထပ်မကုန်သော်လဲ လူနာက ယဲ့ယဲ့လေးသာကျန်ပါတော့တယ်..ထပ်တော့ မခွဲပါရစေနဲ့လို့တောင်းပန်ရပါတော့တယ်..။)။ ခွဲပေးသော ဆရာဝန်ကြီးကလည်း တစ်ရက် တစ်ခေါက်လာကြည့်သော်လည်း လူနာကို လုံးဝကိုင်မကြည့်ပဲ ဆရာဝန်ကြေးငွေ(၂၀၀၀) ကျပ်ပေးရပါတယ်။ ပြောသွားတဲ့ စကားကလည်း (ကျူပ်တာဝန်က ခွဲပြီးပြီ.. ကျန်တာကို သမားတော် လာကြည့်လိမ့်မယ်…။) တဲ့ဗျာ….။ တစ်ရက်ထက် တစ်ရက် လူနာက အစာမ၀င်တော့ ပိုဆိုးလာပါတော့တယ်..။ အကြောင်းမထူးတော့ပါ။ အထူးကုဆေးခန်းက မလိုအပ်ပဲ ၀ယ်ထားရတဲ့ဆေးတွေနဲ့ ငွေတောင်းတဲ့ ဘောက်ချာစာရွက်တွေကသာ လူနာကို တစ်ကိုယ်လုံး လုံအောင် ခြုံလို့ပေးရင်ရပါတော့မည်….။အထူးကုဆေးခန်းက ဆေးဝယ်ရတဲ့ ဈေးနှုန်းတွေကလည်း အပြင်ဆေးဆိုင်တွေထက် တစ်ဝက်ပိုများနေပါတယ်။ (၃)ရက်မြောက်နေ့မှာ အခြေအနေ မကောင်းတော့ လူနာကို ဆေးရုံပေါ်ကအတင်းဆင်းခိုင်းလိုက်ပါတယ်..။ နေ့(၃)နာရီမှဆေးရုံကဆင်းပြီး အိမ်ရောက် တော့ ညနေ(၆း၃၀)နာရီမှာ ကျွန်တော့ညီလေး သေဆုံးသွားပါတော့တယ်…..။

ကျွန်တော် ဘယ်သူ့ကိုမှတော့ အပြစ်မဆိုချင်တော့ပါ။ ညီလေးရဲ့ ကံတရား..အကျိုးပေးကိုက ကိုယ်ချင်းစာစိတ်မရှိ၊(ငွေရရှိရေးကိုသာ အဓိကထားကြတဲ့) ဗြဟ္မာစိုရ်တရားခေါင်းပါးသူတွေ လောကမှ အမြန် လွတ်ထွက်သွားပြီ.. ဟုသာခံစားတင်ပြလိုက်ရပါသတည်း။


လူတိုင်း၊လူတိုင်း ကျမ်းမာနေစဉ် အသေတတ်၊ အနေတတ်စေမဲ့ တရားတွေဖြင့် နာယူ၊ ကျင့်ကြံ နိုင်ကြပါစေ….။



ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊အောက်တိုဘာလ(၁၉)ရက်၊နေ့(၁း၄၀)နာရီတွင် ရေးပါသည်။
READMORE
 

မန္တလေးမြို့ကြီးကို..ဘောင်းဘီဝတ်ပေးလိုက်တာ..မည်သူတွေလဲဗျာ…?

မန္တလေးမြို့ကြီးကို..ဘောင်းဘီဝတ်ပေးလိုက်တာ..မည်သူတွေလဲဗျာ…?

အက်ဆေး
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


အဘတောသားခေါ် ကျွန်တော် ဒီနှစ်ထဲမှာ မန္တလေးကို တစ်လ တစ်ခေါက်နှုန်းနဲ့ ရောက်ခဲ့ပါတယ်။ အား..ပါးပါး အရင်မန္တလေးနဲ့ ယခု မန္တလေး ဘာမှ မတူတော့ပါလားကွယ်။ မသွားတတ် မလာတတ်လို့ဘုန်းကြီးကျောင်းက တူမောင်တစ်ယောက်ကို လမ်းပြခေါ်ခဲ့ရ ပါတယ်..။ ကလေးနဲ့ ခွေးကအစ၊ လူငယ်၊လူလတ်၊ လူကြီးအဆုံးအားလုံးကို ပြောင်းလဲ သွားကြပါပြီ..။ စားပုံ၊ ၀တ်ပုံ၊ နေပုံ ၊ထိုင်ပုံ ၊ပြောပုံ၊ ဆိုပုံ၊ သွားပုံ၊ လာပုံကအစ အရာရာ ပြောင်းလဲ သွားကြပါပြီကော။

စူပါမားကတ်တွေထဲလည်းရောက်ပါတယ်။ အဘက အင်္ဂလိပ်စာမတတ်တော့ နာမည်တွေကို မပြောတတ်မရေးတတ်ပါဘူးဗျာ။ဟော်တယ်၊မိုဒယ်၊အင်း၊တည်းခိုခန်း၊ဧည့်ရိပ်သာ၊နာရီစင်၊ဈေးချိုကိုလည်း ရောက်ခဲ့ပါတယ်။ထမင်းဆိုင်ကြီး/ငယ် နဲ့လမ်းဘေးဆိုင်တွေကိုလည်း ရောက်ခဲ့ပါ တယ်။ အဲ လဘက်ရည်ဆိုင်ကြီးတွေကဆို အပြိုင်အဆိုင် ခုနှစ်ရက်၊ခုနှစ်လီ၊ အရုပ် အလတ် အမြတ်မရွေး အခမဲ့ စတုဒီသာကြွေးနေသလားတောင် ထင်မှတ်ရပါတယ်။

ယခင်က စက်ဘီးပေါတဲ့မြို့၊ ယခုတော့ တရုတ်ပြည်လုပ် မော်တော်ဆိုင်ကယ်တွေက တ၀ီဝီနဲ့ ဧရာဝတီမြစ်ထဲမှ လှိုင်းလုံးကြီးတွေထနေကြသလိုပါပဲ။ ဟ ဟ လမ်းဆုံလမ်းခွတွေကလည်း တရွီရွီနဲ့ ဘာဖြစ်ကြတာတုံးမေးရတယ်?။ အဘရေ ဦးထုပ်မပါတဲ့ ဆိုင်ကယ်တွေကို လိုက်တန်းပြေးတန်းကစားပြီး မရမက ယာဉ်ထိမ်းရဲတွေလိုက်ဖမ်းနေတာပါတဲ့။ အော် အများပြည်သူတွေကို အန္တရာယ်ကင်းရှင်းကြစေရအောင်လို့ပေါ့နော်..။ မဟုတ်ဘူးအဘရဲ့ သူတို့ကို တစ်လ တစ်လ သတ်မှတ်ပေးထားတဲ့ ရံပုံငွေကို မရ၊ ရအောင်ရှာကြရပါတယ် တဲ့။အော် တိုင်းပြည် မြို့ရွာသာယာအောင် အသက်ပေးလို့ ဆောင်ရွက်နေကြပါပြီလား…။

ဟေ့ ဟေ့ အိမ်တွေ တိုက်တွေ၊ဆိုင်တွေရဲ့ အိမ်ရှေ့ဥပစာမှာ အုတ်ဂူတွေ တစ်လုံးစီတည်ထားတာ ဘာတွေလည်းကွ။ ဟိုး ဟိုး အဘ အဘ အဲဒါ အုတ်ဂူမဟုတ်ဘူးဗျ..။ မီးစက်တွေ မီးစက်တွေပါ အဘရ။ ဟေ ဟေ ဒါဆိုရင်လည်း ပြီးရော့ ပြီးရော့ ..၊ စက်ကြီးတစ်ဆယ့်သုံးပါး ရွတ်စရာမလိုတော့တာပေါ့လူကလေးရယ်..။

ဟဲ့ ဟဲ့ မင်းတို့ မန္တလေးမှာ မြင်ရ၊ တွေ့လိုက်ရတာ အဘ စိတ်မချမ်းမသာ ဖြစ်လိုက်တာကွယ်…။ကောင်မလေးတွေ အင်္ကျီတောင် မ၀တ်နိုင်ရှာကြဘူးနော်..။ ထမီရင်ရှားကြီးတွေနဲ့၊ကျောပြောင်ကြီးတွေနဲ့ အောက်ကလည်း ဘောင်းဘီတို ပေါင်လည်ဝတ်ကြလို့၊ တစ်ချို့က ဘောင်ဘီဖင်ကြပ်ဝတ်ကြလို့၊ စကတ်တွေကလည်း အပြဲကြီးတွေနဲ့နော်..။ ဆံပင်တွေကလည်း နီကြောင်ကြောင်နဲ့ မီးဟပ်ခံထားရတာနဲ့တူတယ်။ရတနာပုံဈေးကြီးမီးလောင်တာလဲ ကြာပါပြီကွယ်..။ အင်း…နန်းဆန်တဲ့၊ မန်းဆန်တဲ့ မန်းသူလေးတွေရဲ့ယဉ်ကျေးမှု အလှအပလေး တွေများ ရတနာပုံဈေးမီးလောင်တဲ့အထဲများ ပါသွားကြလေပြီလားကွယ်….။

ရူး ရူး တိုးတိုးပြောပါ အဘရဲ့။ ဟီးဟီး အဘက မမြင်တတ်၊ မကြည့်တတ်သေးလို့ပါ။ အဘတို့ခေတ်မန္တလေးမဟုတ်တော့ပါဘူး။ ယခုမန္တလေးက ကိုရီးယားမန္တလေး၊ တရုတ်သူဌေးတွေ အခြေချတဲ့မြို့ဗျ။

အေးပါကွာ ငါတို့ခေတ်မှာတောင် ဆရာဇော်ဂျီက (ယခင်ခါ) ဆိုပြီးကဗျာနဲ့ မန္တလေးကိုလွမ်းခဲ့သေးတာပဲ…။

ယခင်ခါ

တန်ဆောင်းတော်ပြအိုးနဲ့
မြို့ရိုးမြင့် နီကြန်ကြန်
ကျုံးပတ်လို့ရံ။

မင်းမင့်တို့စံ၊ မွန်ပေသည့်မြို့ကျေး။
ခေါင်းလောင်းသံသာသာနဲ့
စည်ကြီးသံဝါ၀ါနဲ့
ယမန်ခါ သည်လိုညှင်းတယ်
မင်းသံတဲ့လေး။

ရွှေထီးက တ၀ါဝါ
ဝဲလက်ယာ ရွှေကျိုင်းနှင့်
သိုင်းဝင့်လို့လာ။

ဝန်ရှင်တော် မဟာ
ပြည်ရွာလုံ ရေအေး
ရွှေဘောင်းတင် ဆင်ကာနဲ့
ရွှေဝေါ ညင်သာသာနဲ့
ယခင်ခါ သည်လိုခင်းတယ်
မင်းဟန်တဲ့လေး။ ။

ဇော်ဂျီ

ကဲ ငါ့တူ ဆရာဇော်ဂျီရဲ့ လွမ်းခဲ့တဲ့ မန္တလေးနဲ့ ယခုငါတို့မြင်နေရတဲ့ မန္တလေးက ဘယ်လောက်ထိ ခေတ်ကာလတွေ ပြောင်းခဲ့ပြီိလည်းဆိုရင် မန္တလေးတစ်မြို့လုံး ဘောင်းဘီဝတ်သူတွေ လူတစ်ရာမှာ ခုနှစ်ဆယ်လောက်ဝတ်နေကြပြီ..တူမောင်ရေ…။မင်းအမြင်ပဲ။ ငါလည်းအမြင်သား..။ ဒါ..ဒါ..ဆိုရင် မန္တလေးမြို့ကြီးကို ဘောင်ဘီဝတ်ပေးလိုက်သူတွေမည်သူတွေလဲ?...။

ပြသာဒ်ဦးထုပ်နဲ့
ရှိုးထုတ်တဲ့ ရွှေမန်းသား။

အကြောင်းညီလို့ကတော့
ဆောင်းအမီ - ဘောင်းဘီဝတ်ဖို့
အားထုတ်မယ်ဗျား။……….။

ဘောင်းဘီဝတ် - နာရီစင် ကဗျာကိုရေးသားလိုက်တဲ့ ကိုငြိမ်း(မန္တလေး) က စတင်တာလား?။ မည်သူ..မည်ဝါတွေက မန္တလေးမြို့ကြီးကို ဘောင်းဘီဝတ်ပေးလိုက်ကြတာလဲဗျာ…..၀ိုင်းဝန်းပြီး အဖြေရှာပေးတော်မူကြပါခင်ဗျာ………?။


(မန္တလေး အနှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ကဗျာ) စာအုပ်အားဖတ်၍ ခံစားရေးသားမိပါသည်။

အက်ဆေး
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊စက်တင်ဘာလ(၇)ရက်၊ ည(၁၁း၂၂)နာရီတွင် ရေး၏။
READMORE
 

အကြောင်းမထူးတဲ့ပြောင်းဖူးပေါင်းနှင့် အထူးစားခဲ့ရတဲ့ လူးထမင်း

အကြောင်းမထူးတဲ့ပြောင်းဖူးပေါင်းနှင့် အထူးစားခဲ့ရတဲ့ လူးထမင်း

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

ကျွန်တော် ယခုတစ်လော တော်တော်ချူချာနေပါတယ်။ နေ့စဉ်လိုလိုဆေးသောက်ရပါတယ်။ အပျင်းထူတာလည်းပါမည်။ စားတဲ့ဆေးက ဘိုင်အိုဂျက်စစ် နံပါတ်တစ်ပါ။အိပ်တယ်။ အိပ်တော့ အိပ်မက်တွေမက်တာပေါ့ဗျာ..။ ငယ်ငယ်ဘ၀ က စားခဲ့ရတဲ့ပြောင်းဖူးပေါင်းလုစားကြတာ..၊ လူးထမင်းလုစားကြတာတွေကို အိပ်မက်ပြန်မက်ပါတယ်။ ကျွန်တော်ငယ်ငယ်ဆိုတာ (၁၆)နှစ်သားကိုပြောတာပါ။ ယခုမှ (၃၅) နှစ်..အဲ..အဲ..ပြောင်းပြန် ပြန်လိုက်ရင် ဦးအသက်(၅၃)နှစ် အမှန်ပါ..။ ဘလော့ဂါ ဆရာမောင်ကောင်း၊ ကိုလူပျိုကြီးတို့ လူငယ်ဘလော့ဂါတွေရဲ့စာကို ဖတ်ရင်းနဲ့သံဝေဂ ယူနေရပါတယ်။ ဒါကြောင့် သက်ငယ်စကား သက်ကြီး ကြားနာပြီး..မဟာဆန် ရေးခိုင်းထားတဲ့ ကြွေးကိုဆပ်လိုက်ရပါတယ်..။
လူကြီးဆိုတာ ငါ့သိ၊ငါ့တတ်၊ငါသာလျှင် ဆရာမြတ်လို့ ထင်နေသူတွေက အများသားကလား။အဲဒီအထဲမှာ ဦးလဲပါတယ်နော်..။ငါပြောတာနားထောင်ကြပါ။ ငါလုပ်သလိုတော့ မလုပ်ကြနဲ့ပေါ့..။ ဟဲ..ဟဲ..ဘာရေးရမှန်း မသိတော့ စကားတွေက ဘေးရောက်ကုန်ပါပြီဗျာ..။ အကြောင်းမထူးတဲ့ ပြောင်းဖူးပေါင်းနှင့် အထူးစားခဲ့ရတဲ့ လူးထမင်း အကြာင်းကို ပြန်ပြောင်း၍ ပြောပါရစေတော့ကွယ်…။
ပြောင်းဖူးပေါင်း….။ စောစောက ဦးတို့ငယ်ငယ် အညာမှာ ဆန်တွေရှားတယ်လေ..။မြန်မာလို(၁၃၂၉)ခုနှစ်ကထင်ပါရဲ့ကွယ်…။ပြောင်းဖူးအစေ့တွေကို ခြေနင်းမောင်းခွက်ကြီးထဲထည့်ပြီးထောင်းရပါတယ်။ တောရွာမှာဆိုတော့ လျှပ်စစ်မီးကလည်းမရပါ။ အဲဒီအချိန်က အမှုန့်ကြိုတ်စက်တွေကလည်းမပေါ်သေးဘူးကွယ်။ ထောင်းလို့ရတဲ့ ပြောင်းဖူးဆံမှုန့်တွေကို ဇကာအမျိုးမျိုးနဲ့ချရပါတယ်။ နောက်ဆုံးဇကာကတော့ ကြေးဒိုင်းဆံဇကာလေးနဲ့ချရပါတယ်. ပြောင်းဖူးအမှုန့်ကလေးတွေဟာ သနပ်ခါးအမှုန့်ကျနေအောင်ရပါတယ်။ အဲဒီ ပြောင်းဖူးအမှုန့်တွေကို မြေပေါင်းချိုင်အိုးနဲ့ပေါင်းရတာပါ။မြေအိုးနှစ်လုံးဆင့်ထားပါတယ်။ အောက်ကအိုးမှာ ရေနွေးအိုးပါ။ အပေါ်က အိုးကို အောက်မှာ အပေါက်အသေးလေးတွေဖေါက်ထားပါတယ်။ အပေါ်အိုးကို အင်ဖက်(သို့မဟုတ်)ငှက်ပျောဖက်များခင်းထားရပါတယ်။ ပေါင်းအိုးထဲမှာ စောစောက ပြောင်းဖူးအမှုန့်နုနုလေးတွေထည့်ပြီး နှစ်လုံးဆင့်ထာတဲ့မြေပေါင်းချိုင်အိုးကို မီးဖိုပေါ်တင်ရတာပါ။ အဲ မြေအိုးနှစ်အိုးအဆက်ကြားကို ရေနွေးခိုးအငွေ့လုံအောင် ပိတ်စသန့်သန့်ကို ဆန်မှုန့်နဲ့ကျစ်ပြီးပိတ်ထားရပါတယ်။ထမင်းချက်တဲ့ အချိန်ထက်တော့နည်းနည်းကြာအောင်ပေါင်းရပါတယ်။ အပေါ်က ပေါင်းအိုးရဲ့စလောင်းဖုန်းက အငွေ့တွေနဲ့အတူ ပြောင်းဖူးပေါင်းအနံ့လေးတသင်းသင်းနဲ့မွှေးပြီးထွက်လာပါတယ်။ ကြက်ပြီဆိုရင် ထမင်းအစား ပြောင်းဖူးပေါင်းနဲ့အစားထိုးစားကြရပါတယ်။ ငရုတ်သီးထောင်းရယ်။ အမဲရိုးဟင်းချိုအငွေ့တစ်ထောင်းထောင်းနဲ့တွဲလို့စားခဲ့ကြပါတယ်။ အရသာ ရှိလိုက်တာ လွန်ပါရော့ကွယ်။
အဲ ပြောင်းဖူးပေါင်းထက်ကောင်းတာက လူးဆံထမင်းက ပိုလို့တောင်အရသာရှိပါသေးဗျား။ယခုခေတ် လူငယ်တွေ လူးဆံထမင်းဆိုတာ ဘယ်လိုဟာလဲမေးကြလိမ့်မယ်နော်..။ လူးပင် ဆိုတာ နှံစားပြောင်းပင်လိုပါပဲ။ နှံစားပြောင်းပင်လောက် မတုတ်ပါဘူး။ စပါးပင်ထက်နည်းနည်းကြီးပါတယ်။ လူးပင်ကလည်း ပြောင်းခင်းတွေလိုပါပဲ။ လယ်မြေမှာ စိုက်လို့မရပါဘူး။ ကုန်းခေါင်ခေါင်ယာမြေမှာ စိုက်ပျိုးရတာပါ။ လူးဆံအနှံလေးတွေကို ချွေယူပြီး စပါးလိုပါပဲ နွားနဲ့နင်းပြီးနယ်ယူရတာပါ။ လေလာလာမှာ အမှော်တွေရယ်..မအောင်တဲ့လူးဆံပိန်တွေကို လှေ့ယူရပါတယ်…အောင်တဲ့လူးဆံလေးတွေကို စောစောက ပြောင်းဖူးထောင်းတဲ့မောင်းခွက်ထဲကိုထည့်ပြီး(သစ်သားကျည်ပွေ့)နဲ့တပ် ပြီး ထောင်းရပါတယ်။ လူးဆံရဲ့ အပေါ်အခွန်ကြွပ်အောင် ဖွတ်ရတာပါ။ ပြောင်းဖူးအစေ့တုံးကလို အမှုန့်မထောင်းရပါ။ စပါးလိုပါပဲ လူးစေ့ကိုဖွတ်လိုက်တော့ လူးဆံဖြူဖြူလေးတွေရလာပါတယ်။ အဲဒီ လူးဆံကို စောစောက ပြောင်းဖူးပေါင်းတဲ့ မြေအိုးနဲ့ပေါင်းရပါတယ်။ လူးဆံထမင်း(သို့)လူးထမင်းလို့ အညာမှာ ခေါ်ဆိုကြပါတယ်။ ရှေးရှေးက မြန်မာလူမျိုးတွေက ဒီလူးထမင်းကိုစားလာခဲ့ကြတာပါ။ ရှေးမြန်မာလူမျိုးတွေခွန်အားဗလကြီးကြတာ ဒီလူဆံကိုစားကြလို့ ထွားကြိုင်းကြတယ်ထင်ပါတယ်။
ကျွန်တော်တောင် ငယ်ငယ်က ဒီလူးဆံထမင်းကို သုံးလလောက်စားလာခဲ့လို့ ပေမှီ ဒေါက်မှီအရပ်မြင့်နေတာထင်ပါရဲ့ဗျာ…။အဲ ကြိုတင်ပြီးမေတ္တာရပ်ခံထားပါရစေနော်..။ ဒီလို လူးဆံမျိုးလိုချင်ပါတယ်ဆိုရင်တော့ ယခုခေတ်မှာ မရှိသလောက်ရှားပါးနေပါပြီခင်ဗျာ…..။
တူမကြီး မဟာဆန်နဲ့ တူမောင်ကိုမင်းညိုတို့ရေ…အညာသားအဆိုတော် ကိုမင်းယျာဆိုတဲ့ သီချင်းထဲကလိုပါပဲ..(မောင်တို့ အညာမှာ..တမာပင်တန်းတွေနဲ့ ထန်းပင်ထန်းတောတွေနဲ့..ရန်ကုန်သူရယ်..ရန်ကုန်သူရယ်..)…။
ဦးတို့ငယ်ငယ်ကလည်း…သူငယ်ချင်းသမီးရည်းစားတွေ..တရွာနဲ့တရွာခြားက လူးခင်းတွေထဲမှာ…အထူးကမြင်း….အင်း..အင်း.လူးထမင်းစားကြတာကို ပြောတာပါ..ဟဲ..ဟဲ…ဟဲ………...(ဒီနေရာမှာရပ်လိုက်ပါစေတော့နော်…)။

အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေကွယ်….။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု။ဇူလိုင်လ(၂၄)ရက်နေ့၊ည(၁၀)နာရီ ရေး၏။
READMORE
 

ကြီးပွားဘို့ ဆိုရာဝယ်.....

ကြီးပွားဘို့ ဆိုရာဝယ်…….

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လွန်ခဲ့တဲ့..၁၉၉၅ ခုနှစ်ကပါ……
လူတွေက ပြောနေကြတယ်၊ ကြီးပွားဖို့ထက် ထမင်းစားဘို့တောင် ခက်နေပါပြီ။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘယ်သွားရင် ကောင်းမလဲ၊ စတဲ့ မေးခွန်းတွေကို တစ်ဦး နဲ့ တစ်ဦး မေးဖြစ်ခဲ့ပါတယ်။ စာပေမဂ္ဂဇင်းတွေထဲမှာဖတ်ရတာကတော့ မြန်မာပြည်တွင်းမှာ ကုမ္ပဏီကြီးတွေ၊ အပြိုင်အဆိုင်ဖွင့်ကြတယ်။ဟော်တယ်တွေ၊ အင်းတွေ၊ စားတော်ဆက်တွေနဲ့ နိုင်ငံခြား သွားနိုင်ဘို့ အလုပ်ရှာတဲ့ အကျိုးဆောင် ကုမ္ပဏီတွေ ပေါ်နေကြပါတယ်။ နိုင်ငံခြားမှာလည်း မြန်မာပြည်ကရောက်လာသူအများစူမှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ပြီး ဒုက္ခရောက်နေတာတွေ.. စတဲ့ ဒီ အကြောင်းတွေကိုပဲ မဂ္ဂဇင်း၊ဂျာနယ်တွေထဲမှာ ပလူပျံနေတာကို ဖတ်ခဲ့ရပါတယ်။
“စာရေးသူတို့နိုင်ငံတော်ကြီးကို တိုးတက်ဖွံ့ဖြိုးလာအောင် ဈေးကွက်စီးပွားရေး၊ တံခါးဖွင့်ပြီး ဆောင်ရွက်နေကြတဲ့ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးထဲမှာ လုပ်စရာ မြေတွေလဲ အများကြီးပါ။ စားသုံးစရာ သယံဇာတတွေ၊ အလုပ်-လုပ်စရာ စက်ရုံ၊ အလုပ်ရုံကြီးတွေ၊ အများကြီးပါ၊ ဒါကိုပဲ မသုံးတတ်၊ မလုပ်တတ်ကြပြီး၊ နိုင်ငံခြားသွားမှ ဒေါ်လာရမယ်ထင်နေကြပါတယ်။ ခေတ္တမလေးရှား၊ခေတ္တတိုကျိုမှ အထင်ကြီးနေတတ်ကြပြီး၊ နိုင်ငံခြားသွားမှ ဒေါ်လာရမယ်ထင်နေကြပါတယ်။ ဘာကြောင့်နိုင်ငံခြားကို ထွက်ချင်ကြတာလည်းလေ့လာကြည့်တော့ မြန်မာပြည်မှာတစ်နှစ်လုပ်တာနဲ့နိုင်ငံခြားမှာ တစ်လစာလုပ်သလောက် ၀င်ငွေက ကွာခြားကြပါတယ်လို့ ဆိုကြပါတယ်။ နိုင်ငံခြားမှ ကုမ္ပဏီကြီးတွေ မြန်မာ့ပြည်တွင်းလာပြီး၊ ဖက်စပ်လုပ်နေကြတာကို အတုယူပြီး မျက်ခြေမပြတ်ဘို့ လိုမယ်ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က သံချပ်လို “ ၀က်သားတုံးကြီး ဒူးလောက် ပေါင်လောက်၊ သူများစားတာ မြင်ဘူးပါရဲ့” ဆိုနေ၍ မဖြစ်တော့ပါ။ ကိုယ်တိုင်၊ကိုယ်ပိုင် ကိုယ်စားနိုင်အောင် ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ကြဘို့ လိုနေပါပြီ။ နိုင်ငံပိုင် အလုပ်ရုံ၊ စက်ရုံ၊ လယ်ယာမြေတွေတို့လည်း ပုဂ္ဂလိက ဖက်စပ် လွှဲပြောင်း ပေးနေတဲ့အထဲမှာ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးတွေ ပါဝင်ပြီး နိုးကြား၊ ကြိုးစားကြပြီး ဦးဆောင် ဆောင်ရွက်စေချင်ပါတယ်။
ဒီလောက်တိုင်းပြည်တိုးတက်ဖို့ အဖက်ဖက်မှ ဆောင်ရွက်နေချိန်မှာ ကြီးပွားဖို့ထက် ထမင်းစားဖို့ ခက်နေပြီလို့ ပြောနေတဲ့လူတွေက ဘယ်သူတွေလဲ၊ ဘာဖြစ်နေကြတာလဲ၊ ဘာတွေ လုပ်နေကြတာလဲ၊ ကျွန်တော်လေ့လာရသမျှ တင်ပြပါရစေ။ စာရေးသူဟာ စီးပွားရေး ပါရဂူမဟုတ်ပါ၊ သာမန် လူသား တစ်ဦးပါ။ ပါတီ နိုင်ငံရေး ကင်းရှင်းသူ တစ်ယောက်ပါ၊ အတွေးအခေါ်အမှား စကားများ ပါခဲ့ရင်တော့ ခွင့်လွှတ်ကြပါ။ တိုင်းပြုပြည်ပြုဖြစ်အောင် အပြုသဘောနဲ့ ရေးသားခြင်းဖြစ်ပါတယ်။ဖါးခြင်းလည်းမဟုတ်၊ ကြွားခြင်းလည်းမဟုတ်ပါ..။
ကြီးပွားဘို့ထက် ထမင်းစားဘို့ခက်နေသူများကတော့ ၀င်ငွေထွက်ငွေ မမျှတ ဖြစ်နေရတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လက်လုပ်လက်စားများနဲ့ လစားနည်းဝန်ထမ်းများပါပဲ၊ လုပ်အားခ နေ့တွက်ခမှာ တစ်ရက် ၃၀ိ/- နှင့် အထက် သာ ရရှိကြပါသည်။ မိသားစုက နည်းလျှင် (၄)ယောက်၊ များရင်(၁၀)ယောက်၊ (၁၂) ယောက်ကြားမှာ အမျိုးမျိုးပါပဲ၊ အလုပ်လုပ်နိုင်တဲ့ အရွယ်များတဲ့ အိမ်တွေကတော့ အသက်ရှု ချောင်ကြပါတယ်။ တစ်ယောက်၊ နှစ်ယောက် လုပ်အားရှိတဲ့ အိမ်မှာတော့ မလောက်မင ဖြစ်နေကြတာကို တွေ့ရပါတယ်။ ကုန်ကျစရိတ်တွေကတော့ ကလေးများ ကျောင်းစရိတ်၊ ရပ်ရေး၊ ရွာရေး အလှူငွေ ကိစ္စများ၊ မီးဖိုချောင်သုံး စရိတ်များ၊ ဒီသုံးခုမှာပဲ ချာချာလည်နေကြပါတယ်။ နေဖို့၊ ၀တ်ဖို့ကတော့ လက်ရှိနဲ့ပဲ နေကြရပြီး “ ပိုမှဝယ်၊ လိုမှပေါင်” ကျန်းမာရေးမကောင်းတော့ဖြင့် မရှိမဲ့ ရှိမဲ့ အ၀တ်အထည် ပစ္စည်းလေးတွေ တက်တက်ပြောင်သွားကြတာပဲ။ ငွေ မရှိလို့ ချေးသုံးရင် အပြင်မှာ အတိုးက နေ့ပြန်တိုး၊ ငွေတစ်ဆယ် ( ၂)ကျပ် တိုး၊ ငွေ တစ်ရာ မရှိလို့ ချေးသုံးထားရင်း အတိုးက ( ၂၀ ) ကျပ် ကျနေတယ်။ရတဲ့ နေ့တွက်ခက(၃၀)ကျပ်။စုစုပေါင်းချေးထားတဲ့ငွေကများနေကြတော့ ဘာကျန်တော့မလဲဗျာ။(၁၉၉၅ ခုနှစ်က နေ့တွက်ခဖြစ်ပါ၏။)
အဲဒီတော့ ဘာတွေ ဖြစ်နေကြသလဲ ဘာတွေ လုပ်နေကြသလဲဆိုတော့ ဒေသတစ်ချို့နဲ့၊ ဌာနဆိုင်ရာ တစ်ချို့တွေမှာ အကျင့်စာရိတ္တပျက်ကြတဲ့ သတင်းတွေက ပလူပျံနေအောင် ကြားလာရတယ်။ ရပ်ကွက်အတွင်း ဒေသအတွင်း၊ ဌာနဆိုင်ရာအတွင်း ၊ မကောင်းသတင်းတွေ၊ ထွက်လာပြီး ပုဂ္ဂိုလ်ရေးရာ အကြည်ညိုတွေပျက်လာတော့တာပဲ။
မရှိလို့ မလှူ၊ မလှူလို့ မရှိတဲ့ ကျွန်တော်တို့ မြန်မာစကားပုံ တစ်ခုလဲရှိပါတယ်။ ယခုလည်း “ မရှိလို့မူမမှန်၊ မူမမှန်တော့ လူပါမကျန်” အရေးယူခံရတာတွေကလည်း အများကြီးပါ၊ ရှိပါလျှက်နဲ့ မတော်မတရား၊ အင်အားတွေ သုံးပြီး လောဘ အတောမသတ်နိုင်ပဲ နေရာတိုင်းမှာ သူ့မျက်နှာ စီးပွားရေးသမားတွေလည်း ဒုနဲ့ဒေး ရှိကြပါသေးတယ်။
ကြီးပွားဘို့ထက် ထမင်းစားဘို့ ခက်နေသူ လူများ၊ ဘာလုပ်ရင် ကောင်းမလဲ ဘယ်သွားရင် ကောင်းမလဲ၊ တွေးတော ငေးမော မနေကြပါနဲ့တော့၊ အဓိကလုပ်ရမှာက “ ရိုးသား ကြိုးစားပြီး အလုပ်-လုပ်ပါ၊ ဘယ်နိုင်ငံခြားမှ သွားစရာ မလိုပါ၊ မိမိတို့ နိုင်ငံတော်မှာ စီးပွားရေး တံခါးဖွင့်ပေး နေပါပြီ။ အမှန်လမ်းကို ရဲရဲလျှောက်ကြပါ။ ကျွန်တော်တို့ အဘိုးအဖွားများ ပြောသွားခဲ့ဘူးပါတယ်။ နံပါတ်(၁)-အလုပ်လုပ်ကြပါ။ နံပါတ်(၂) ချွေတာ စုဆောင်းပါ။ နံပါတ်(၃) အရင်းအနှီးပြုကြပါ။ ဆိုခဲ့ ပြောခဲ့ကြပါတယ်။ နိုင်ငံတော်မှလည်း နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ၊ လယ်ယာမြေ၊ အဆောက်အအုံ၊ တစ်စိတ်တစ်ဒေသများကို တစ်ဦးချင်း၊ လုပ်ပိုင်ခွင့်၊ ကုမ္ပဏီတွေကိုလွှဲပေးခြင်း၊ စုပေါင်းလီမိတက်ကုမ္ပဏီတွေ ချပေးနေတာလဲ ပြည့်သူများ သိကြမှာပါ။ မှတ်ချက်။ ။( အထက်နှင့် အောက် အဆင်ပြေအောင်ပေးနိုင်သူများ၊ အမျိုးတော်ကြသူ မျိုးချစ်ပုဂ္ဂိုလ်များသာ ရကြပါမည်။)
နိဂုံးချုပ်ဆိုရရင်တော့ မလောက်မင ဖြစ်နေရတဲ့ ဘ၀ထဲကပဲ၊ ရိုးသားကြိုးစားရှာပါ။ ချွေတာ စုဆောင်းကြပါ။ တတ်နိုင်သမျှ ကုမ္ပဏီတွေမှာ အစုရှယ်ယာဝင်ပြီး အရင်းအနှီးမတည်ထားကြပါ။ စားဘို့ မလောက်မင ဖြစ်ရတဲ့ အဓိက အကြောင်းအရင်းမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ (ဒီအကြောင်းက စီးပွားရေး နည်းပညာပိုင်းနှင့် ဆိုင်၍ မရေးတော့ပါ) ဒါကြောင့် တစ်ဦးချင်း၊ တစ်မိသားစုချင်း၊ဆင်ခြင်နိုင်ကြဘို့ အကြံပြုပါရစေ၊ ရှေးလူကြီးများ စကားပုံ ထားခဲ့တဲ့ “ အိမ်ကိုဖြို စားဖိုကလို့ ” စားဖိုဖြစ်တဲ့ မီးဖိုချောင်ကို နိုင်အောင်ထိမ်းသိမ်းကြဖို့ အိမ်ကို ဖြိုမယ့် စားဖိုချောင်ကို မနိုင်ခဲ့ပဲ နေခဲ့မိရင် မိမိရဲ့ မူလက ဖြူစင်နေတဲ့ စိတ်ဓါတ်ကလေး၊ မနောကလေးကို ဒုက္ခဆိုတဲ့ လောဘ၊ဒေါသ အရောင်အသွေး တွေကို ဆိုးကုန်ကြမယ်။မလုပ်သင့်မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြရမယ်။ အဲဒီကျမှ အိမ်ထောင်ဦးစီး၊ အိမ်ဦးနတ်ကြီးပါ ဒုက္ခထဲ ပြိုကျသွားမယ်။ မှီခိုတဲ့ မိသားစု တစ်စုလုံးလည်း၊ ဒုက္ခလှလှကြီး ခံစားသွားရမှာ အမှန်ပါပဲ၊ ဒီလို မဖြစ်ကြရအောင် ပျက်အစဉ်၊ ပြင်ခဏဆိုသလို မူမမှန်ဘဲ မကောင်းတဲ့ အယူအဆ၊အတ္တ လောဘ စိတ်တွေ ဖျောက်ကြပြီး မိမိတို့ ကျရာ နေရာ ဒေသ လုပ်ငန်းတွေမှာ ရိုးသားကြိုးစားမှုများနဲ့ ကိုယ်ချင်းစာ တရားကိုလက်ကိုင်ထားပြီး ခေတ်မီတိုးတက်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဖြစ် ၀ိုင်းဝန်း ဆောင်ရွက်သွားကြပါစို့။

“ သံတုတ္တိ ပရမ္မံ ဓနံ ” ရောင့်ရဲတင်းတိမ်ခြင်းသည် အမြတ်ဆုံး ဥစ္စာ ရတနာ………….။(ဗုဒ္ဓဘုရားရှင်၏တရာတော်)

လူသားအားလုံး ရောင့်ရဲတင်းတိမ်နိုင်ကြပါစေ……။
စာရေးသူ၏ တောင်စဉ်ရေမရ အိမ်မက်ကလေးတစ်ခုပါ ……..။


ရွှေလမ်းငွေလမ်းဝင်းကြည်
(6-30-2009) ည(၉)နာရီ။
၁၉၉၅ ခု၊ ဇန္န၀ါရီလ၊(၁၀)ရက်နေ့တွင် ရေး၏။
ကြီးပွားရေး လမ်းညွှန်ဂျာနယ်သို့ပို့ထားသောစာမူအား ပြန်လည်တင်ဆက်ပေးပါသည်။
READMORE
 

လုံကွဲတော့ လွဲကုန်ပြီ.....

“ လုံကွဲတော့ လွဲကုန်ပြီ ”

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်


ကျွန်တော်ငယ်စဉ်က အဂ္ဂိရတ်ဖိုထိုးတဲ့ ဆရာကြီး တစ်ယောက်ထံမှာ ဗေဒင်ပညာသင်ကြားခဲ့ပါတယ်။ ကျွန်တော့် ဆရာကြီးရဲ့ စကား အထူးအဆန်းများကိုလည်း ပြန်လည်ကြားယောင်တွေးတောနေမိပါတယ်။
“ င့ါတပည့်----ဆရာကြီးဟာ(၇)ရက်သားသမီးများရဲ့စီးပွားပျက်၊ ရာထူးပျက်၊ အိပ်ထောင်ရေးပျက်၊ အချစ်ရေးပျက်----စတဲ့ ပုထုဇဉ် အရူးလေး ၊ အရူးကြီးတို့ရဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနေရပါတယ်။ တနည်းအားဖြင့် အပူသည် ပွဲစားကြီးလို့လည်း ခေါ်နိုင်ပါတယ်။ အများတကာကတော့ ဆရာကြီး၊ ဆရာကြီးနဲ့ ခေါ်ဆို တိုင်ပင်ကြပါတယ်။ တိုက်ပုံ အင်္ကျီတကားကား၊ မျက်မှန်ကြီး တကားကားနဲ့ ဒီကဆရာကြီးမှာတော့ ကိုယ့်မိသားစုရဲ့ အိမ်တွင်းရေး၊ စီးပွားရေး အခက်အခဲကိစ္စတွေ့ကြရင် တိုင်ပင်စရာ လူမရှိဘူး။ ငါကလည်း ငါ့ရဲ့ ပညာမာနက ဖုံးလွှမ်းထားတော့ ငါ့ထက်တော်တဲ့သူ၊တတ်တဲ့သူ ငါ့ထက် အမျိုးချစ်တတ်တဲ့သူ ဒီဇမ္ဘူမှာ မရှိလောက်ဘူးလို့ ငါထင်နေခဲ့တာပဲ…”
စာရေးသူကျွန်တော်က ပြန်ပြောပါတယ်။
““ဒါပေါ့ ဆရာကြီးရယ် ဒီဇမ္ဘူမှာ အဂ္ဂိရတ်လောက၊ ဗေဒင်လောကမှာ ဆရာကြီး လောက်တော်တဲ့သူတတ်တဲ့သူ ဘယ်မှာ ရှိပါ့မလဲ။ ဟိုတစ်နေ့က သက်ဆိုင်ရာက သူတို့ကိုကျော်ဇောမှုနဲ့ ဖမ်းထားတဲ့ ရေနံကုန်သည်ကြီး လင်မယားကိစ္စတောင်မှ လွတ်မယ်ဆိုတဲ့ ရက်မှာလွတ်သွားခဲ့လို့ ဆရာကြီးနဲ့ ကျွန်တော် အာမခံ လက်မှတ်ရေးထိုးထုတ်ခဲ့ကြရတာ တပည့်အသိပါဆရာကြီးရယ်…”
ဆရာကြီးက သူ့ရဲ့ အလုပ် စားပွဲ အံဆွဲထဲမှ ငွေစက္ကူ အထုပ်လိုက် တစ်ထုတ်ကို ဆွဲထုတ်ရင်းက ကျွန်တော့်ကို ပြန်ပြောပါတယ်။
“ အေး ဟုတ်သားပဲ၊ သူတို့လင်မယားက လာပြီး ကန်တော့သွားတဲ့ ငွေ(၅၀၀၀ိ/-) ထဲက ရော့ငွေ ၁၀၀၀ိ/- ငါ့တပည့်ယူသွား၊ ဈေးကိုသွား၊ ဈေးထဲက ဖိုထိုးဖို့ လုံတွေ ဆိုဒ်စုံဝယ်ခဲ့၊ ဆေးဘက် လိုအပ်တာတွေ ဆရာ့ စာရင်းထဲမှာ ပါတဲ့ ဆေးပစ္စည်းအမယ်စုံအောင် ၀ယ်ခဲ့ကွာ၊ ရော့သွား-သွား”
ကျွန်တော် ဆရာကြီးပေးတဲ့ ဈေးစာရင်း စာရွက်ငွေကို ယူပြီး ဈေးသို့ ထွက်ခဲ့ပါတယ်။ ဈေးသို့ သွားနေရင်း လမ်းမှာ ဆရာကြီးရဲ့ အကြောင်းကို ပြန်စဉ်းစားမိပါတယ်။ ဆရာကြီးက အသက်(၆၀)၊ ယူထားတဲ့ နောက် မယားငယ်က အသက်(၂၅)နှစ်လောက်သာရှိပါအုံးမည်။ သားသမီးတွေက ဘုစုခရု အကုန်ပေါင်း(၇) ယောက်လောက်ရှိတယ်။ ဆရာကြီး အမြဲပြောနေကြ စကားက ကျုပ်က မိန်းမ မရှိရင် မနေတတ်ဘူး၊ ကျုပ်မိန်းမက သားယဉ်တယ်။ သူ့ကို တစ်ခါကျော်သွားမိတာနဲ့ ကလေးတစ်ယောက်ရသတဲ့---ဟဲ--ဟဲ--ဟဲ စဉ်းစားရင်း--
ကျွန်တော့်နောက်မှ---ပွမ်ပွမ်ဆိုတဲ့ ကားဟွန်းသံကြားမှ ကျွန်တော် နောက်လှည့်ကြည့်မိပါတယ်။ ကားဆရာကတော်တော်စိတ်ဆိုးနေပါတယ်။
“ရှေ့ကစက်ဘီးဆရာ၊ ဒီလောက် ကားဟွန်းသံပေးနေတာတောင်၊ ဘာတွေများ တွေးပြီး ပြုံးနေတာလဲ၊ ပြုံးပြုံးလေးနဲ့ မသာပေါ်သွားမယ်နော်”
“ဆောရီးပဲ…ကားဆရာရေ” ကျွန်တော်က တောင်းပန်၍ ပြောပြောဆိုဆိုနဲ့ ဈေးထဲဝင်ပြီး ဆရာကြီးမှာတဲ့ ပစ္စည်းများ၊ လုံများ ၀ယ်လို့ ဆရာကြီး ထံပြန်ခဲ့ပါတယ်။
“ ဆရာကြီး မှာတာတွေ အကုန်ပါ-ပါတယ်ခင်ဗျား”
ဆရာကြီးမှ
“ အေး--အေး--ဆေးအမယ်တွေ ဈေးက ၀ယ်လာတာ စုံပြီ မဟုတ်လား၊ ဖိုထိုးဘို့ လုံများလည်း ပြည့်စုံပါပြီ၊ ဆေးအမယ်မျာလည်း စုံလင်ပါပြီကွာ.. ဒို့ဆရာတပည့် လုံလောက်ရင်ဖြင့် ဖိုထိုးကြစို့၊ ကျမ်းစာကို ဆရာကြီးဆိုမယ်၊ င့ါတပည့်က ဆေးအမယ်အတိုင်း ကိုက်အောင် ထည့်ပေတော့-မသိတာရှိရင် မေးပါ“
ဆရာကြီးက ဆေးလိပ်တိုကို စိတ်ပါလက်ပါ တအားဖွာ၍အမည်မသိ အဂ္ဂိရတ်ကျမ်းစကား စာတစ်ပုဒ်ကို အလွတ်ဆိုပါတော့တယ်။
“ တစ်မနက်တွင်၊ ရက်မငင်၊ မျက်မြင်ဒိဌ၊ ရာဇတစ်လမ်း၊ အခန်းခန်းကို ဥာဏ်စွမ်းသလောက် ခုချက်ခြင်း ကောက်လိုက်မည်--ရေတွင်ပျော်ပါး၊ တူဖော်ကြွားတဲ့ နဂါးမင်း မာန်စွယ်၊ “ န၀” တန်ခိုးလွတ်တဲ့ သွပ်ဒဿ၊ တပေါင်းထား အကြောင်းအားဖြင့် ဆေးကိုပါယ်ဖျက်၊ ကြောက်ချဉ်စွက်၍၊ သတ္တက ဓါတ်၊ ရောစပ်ရက်ရုံ၊ ငှက်ဂဠုံ၊ မုံအထပ်ထပ်၊ တဆယ်သားပါအောင် စပ်၍ ညှပ်လွှာစုံရုံး ဖွဲတတင်းနှင့် ကျင်းတွင်အုံးသော် ၊ ထုံးသို့ ကြေမွ၊ အနိစ္စ စိတ်ချပါလေ။ အဂ္ဂိသေ၊ ပြဒါးသေတမတ်၊ဘော်နှင့်ဒဏ်ငွေ၊ ကောလီ ကြေအောင်၊ သရေချပ်ပြား၊ လေးထပ်ဖားနှင့် တအားကုန်နှိပ် ကိစ္စမြောက်မူ၊ ၄င်းနည်းတူပေါင်း စည်းယူ၊ ခြောက်မီးသာမြောက် ရလောက်သတ္တု၊ ရင်းတစုတွင်၊ ကရုလတွတ်၊ လျှပ်ရောင်ပတ်ဝန်း၊ ဓါတ်ရောင်စင်းဘော်လင်းတင်း ဟုတ်ခဲ့ပေါ့၊ ကျမ်းထုတ်တဲ့ ဥာဏ်က၀ိန်က စံယှဉ်ကာ ဇမ္ဘူရစ်ပါပဲ- များ ချစ်ဘို့ ဟိုနောင်နောင် ဆိုလောက်အောင် အခြေကောင်း စေဘို့၊ သူ့ဝဏ္ဏံ ရွှေကျောင်းကိုဖြင့် မသင်္ကာ၊ ပညာလောင်း လိုက်မယ်။ မှတ် --ဖရောင်း တင်ကြည့်။
ဆရာကြီး ရဲ့ တေးထပ်လား၊ကဗျာလား၊ ခွန်းထောက်လား မသိ၊ သူဆိုတာ ပြောတာများ ကို မသိတာမေး၍ ဆေးအမယ်များ ရောစပ်ရလို့ ပြာ လဲပေးရ၊ မီးသွေးများ ထည့်ပေးရ၊ ဖားဖိုဆွဲပေးရ မီးက မီးလုံ (၁၁)လုံး မြောက် ပြည့်ခဲ့ရပါသည်။
“ ကဲ --င့ါတပည့်ကြီး၊ မီး(၁၁)မီး စေ့ပြီလား၊ မီး(၁၁)မီး စေ့ဖို့ ဒီလုံ(၁၁)လုံး မြောက်မှာ ဆရာကြီးရဲ့ အနှစ်နှစ်အလလက ကြိုးစားစုဆောင်း ရှာဖွေ ရခဲ့တဲ့ ယခုဓါတ်ပစ္စည်းကို ခွဲကြည့်ရအောင် ၊ ဖိုဆွဲတာ လျော့တော့ မီးအောင်အောင်ထား ဒီ(၁၁)မီး အောင်တဲ့ လုံထဲက သွပ်တွေ မင်းတို့ ယခုခေတ်ကြီးထဲမှာလိုတရ ပီယဆေးပဲကွ-----မင်းဘာလိုချင်သလဲ ဒီသွပ်သေ ဓါတ်ကို ဆောင်ပြီး သွားရင် အကုန်လုံး လိုတာရမယ်ကွ..မှတ်ထား”
ကျွန်တော်.. ဆရာကြီးရဲ့ စကားကို သိပ်သဘောကျ ပီတိဖြစ်မိနေပါတယ်။ ဆရာကြီး ပြောသွားတဲ့ သွပ် အသေဓါတ် အဆောင်ထက်ပိုတာရှိပါသေးတယ်။ ဒီခေတ်ကြီးထဲမှာ အဆောင် အကောင်းဆုံးကတော့ (ငွေနဲ့အာဏာ) (အာဏာနဲ့ငွေ)--ပါ။ ဒီနှစ်မျိုးထက်ကောင်းသော အဆောင်၊ ဒီနှစ်မျိုးမပါဘဲနဲ့ လိုတာ ရမယ်ဆိုတဲ့ ဆရာကြီးရဲ့ သွပ်သေ ပီယဆေးကို ကျွန်တော် သိပ့်ကို ဆန္ဒအာသာပြင်းပြစွာလိုခြင်နေမိပါတယ်..။ ဘာကြောင့်လဲ ဆိုတော့ ဒီခေတ်ကြီးထဲမှာ တရားကို နတ်မစောင့်တော့ပါ၊ တရားကို နတ်ထက်ပိုတဲ့ လူတွေ၊ လတ်တဆုပ်စာလူတစ်စုက တနပ်စားဥာဏ်နဲ့ပဲ အရာရာနေရာတိုင်းမှာ လုပ်ကိုင်စောင့်ရှောက် ဆောင်ရွက်နေကြပါတော့တယ်။
တရားကို နတ်မစောင့်နိုင်ကြတော့ပါ၊ နတ်တဲ့ပိုတဲ့ အာဏာ ရှိတဲ့သူတွေ စောင့်နေကြလို့ အမှုတစ်ခု ဖြစ်ရင်တော့ ငွေမပါ၊သေရွာသို့သာ သွားနေကြရပါတယ် ။ “ ငွေပါရင် အမေ့ရွာတောင် မေ့သတဲ့” အမှုဖြစ်တဲ့သူတွေ၊ ထောင်ကျတဲ့သူတွေရဲ့ လောကထဲမှ ကြားရတဲ့ စကားများပါပဲ။
ဘုရား--ဘုရား၊ သစ္စာ အမှန်တရား ဆိုတာ၊ ဗုဒ္ဓတရားစာအုပ်တွေထဲမှာပဲ ထားကြတော့မှာလား?။ ယနေ့လောကီ လောကထဲမှာ လူတွေထဲမှာသစ္စာအမှန်တရားတွေ မရှိကြတော့ ပါကလား…”။ ကျွန်တော် ဖားဖိုကြီးကိုဆွဲနေရင်းက စဉ်းစားရင်း အတွေး နယ်လွန်သွားပါတယ်။
“ ဟေ့၊ ငါ့တပည့်ကြီး၊ မီးအေးလောက်ပြီ လုံချရအောင်၊ လုံချပြီး အထဲက ဓါတ်လုံးသွပ်တွေကို ကြည့်ကြရအောင်ကွာ၊ ”
“ ဟုတ်ကဲ့ ဆရာကြီး..လုံချပြီးပါပြီ၊ ဟာ…ဆရာကြီး လုံရဲ့ဘေးနားမှာ ကွဲအက်ကြောင်းကလေး… တွေ့ပါတယ်ခင်ဗျာ။
“ ဟေး-ဗုဒ္ဓေါ၊ လုံလောက်လို့ ဖိုထိုး၊ ယခုတော့ လုံကွဲတော့ လွဲကုန်ပြီ င့ါတပည့်ရေ---လုံကွဲတော့ ဓါတ်လုံးသွပ်က..အဲဒီအထဲမှာ ဘယ်ရှိတော့မလဲ၊ ပြန်ထွက်သွားပြီ..ဘာမှရှိမှာ မဟုတ်တော့ပါဘူးကွာ..သွားပါပြီ..သွားပါပြီ….။
ဆရာကြီးက စိတ်ပျက်လက်ပျက်နဲ့ သူသောက်နေကြ ဆေးလိပ်တိုကြီးကို သူဗေဒင်ဟောတဲ့စားပွဲနဲ့ ဆောင့်ထိုးလိုက်ပါတော့တယ်။
ကျွန်တော်လည်း တိတ်ဆိတ်ငြိမ်သက်နေတဲ့ မီးဖိုခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသော… ဖားဖိုကြီးထဲက မီးသွေးသံတွေ….ကို နားထောင်ရင်း.. ရင်ထဲက… စကားပြောနေမိပါတယ်…..။
“ ဆရာကြီးရယ်၊ လုံကွဲတော့ လွဲကုန်တာ၊ ဆရာကြီးတစ်ယောက်တည်း မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို မြန်မာပြည်မှာ အများကြီး ၊ အများကြီး၊ ဆရာကြီးက လုံကွဲလို့ လွဲကုန်တာ..၊ မြန်မာပြည်ထဲက လူတွေ အများကတော့ လုံမကွဲဘဲ…. လွဲကုန်တာ..ကြာ..ကြာလှပါပြီဆရာကြီးရယ်…..။”

လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ…..။


ရွှေလမ်းငွေလမ်းဝင်းကြည်
6-29-2009 ည (၉)နာရီ။
(၁၉၉၅ ခု၊ ဇန္န၀ါရီလ၊ (၁၀)ရက်နေ့၊ ရေးသား၍ ကြီးပွားရေးလမ်းညွှန် ဂျာနယ်သို့ပိုထားသောစာမူအား ပြန်လည်ဖေါ်ပြပေးပါသည်။)
READMORE
 

စာရိတ္တမှန်ဆေး ဖော်ယူလို့ကျွေးရအောင်....(၁)

စာရိတ္တမှန်ဆေး ဖော်ယူလို့ ကျွေးရအောင်…(၁)

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လူငယ်တစ်ဦးရဲ့ နွေဦး လေရူးနဲ့အတူ ပူးတွဲပေါ်ထွက်လာတဲ့ ရင်ခုန်သံ………

ကျွန်တော့်သူငယ်ချင်းတစ်ဦးဆီကို ကိစ္စ တစ်ခုနဲ့ သွားရောက်ခဲ့ပါတယ်။ အချိန်က ညတစ်ည လသာသာ-မီးမလာတဲ့ ညပေါ့။ နေရာဒေသက မြေလတ်မြို့တစ်မြို့ပါ။ မြို့လို့ အမည်ပေးထားသော်လည်း ကျွန်တော်တို့ မွေးရပ်ရွာ တောနယ်ပုံစံအတိုင်းပါပဲ။ မီးမလာလို့ လမင်းကြီးကိုပဲ အဖော်ပြုနေရပါတယ်။ သဘာဝလမင်းကြီးက တိမ်ညိုတွေ ကင်းစင်နေရင် လဆန်းရက်မှာ အချိန်မှန် လင်းပေးနေပါတယ်။ ယခု မြို့ကလျှပ်စစ်မီးတွေကတော့ “မလာတစ်ည၊ လာတစ်ည၊ စကားနှစ်ခွ ပုံမသေ” ဆိုတဲ့ သီချင်းလိုပါပဲ။ သူငယ်ချင်းအိမ်ရောက်တော့ အိမ်ရဲ့အောက်ထပ်က တိတ်ဆိတ်နေပါတယ်။ အိမ်အပေါ်ထပ်မှာတော့ အဖွားတစ်ဦး ဘုရားစင်ရှေ့မှာ ဖယောင်းတိုင်၊ အမွှေးတိုင်များ၊ ပူဇော်နေတာ ကို လှမ်းမြင်တွေ့ရပါတယ်။ ဘုရားရှိခိုးသံ ပရိတ်တရားတော်များ ရွတ်သံ၊ မေတ္တာပို့သံ၊ ကြေးစည်ထု အမျှဝေသံများ တဝေေ၀နဲ့ ကျွန်တော့်ရင်ကို ချမ်းမြေ့စွာ ဆီးကြိုနေပါတယ်။ စိတ်ထဲက သာဓုသုံးကြိမ် ခေါ်ဆိုမိခဲ့ပါတယ်။
လူငယ်တစ်ဦးထွက်လာပါတယ်။ ကျွန်တော့်ကို လရောင်အောက်မှာ သူက ပြုံးပြပြီး ဆီးကြိုပါတယ်။ လသာသာ သူတို့အိမ်ရှေ့က ကွပ်ပျစ် ကလေးဆီကို ခေါ်သွားပြီး ကျွန်တော့်ကိုနေရာပေးပါတယ်။

“ အစ်ကို ထိုင်ပါ ခင်ဗျား. အစ်ကို့ သူငယ်ချင်းက မကြာခင် ပြန်လာမှာပါ”

အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်တစ်ဦးပါပဲ။ ကျွန်တော်လည်း လူငယ်ရဲ့ ဘေးမှာ ၀င်ထိုင်လိုက်ပါတယ်။ “ ညီလေးတို့အိမ်က စက်သုံးဆီအရောင်းအ၀ယ်လုပ်ငန်းတွေ ကောင်းရဲ့လား” စသည်ဖြင့် စကားစပြီး မေးလိုက်ပါတယ်။
လူငယ်ကလေးက ကျွန်တော့်ကို စကားတွေ တသွင်သွင်ပြောပြီး စတင် ဧည့်ခံပါတော့တယ်။
“ အစ်ကို-အစ်ကို့ သူငယ်ချင်း ကျွန်တော့် ယောက်ဖလုပ်နေတဲ့ -ဆီမှောင်ခို လုပ်ငန်းလား?။ အလုပ်မဖြစ်တော့ဘူး-။ ယခင်တုန်းက - ပုဒ်မ ၆(၁)တဲ့-ယခုတော့ အပက(၃)တဲ့။ ငွေအရင်းကလည်းအရင်းနှီးကြီးတယ်-ဥပဒေအပြစ်ကလည်းကြီးတယ်-အစ်ကို။ ပိုဆိုးတာက ဒေသတာဝန်ခံအာဏာရှိ ပုဂ္ဂိုလ်တွေ က လစဉ်ကြေး၊ ဆက်ကြေးတွေကိုတောင်းတာ သိပ် အတောင်းကြမ်းတယ်ဗျာ…။သူတို့ပြောတဲ့ လဘက်ရည် ဘိုး၊ အအေးဘိုးပေးပါတဲ့ဗျာ- ။ နှစ်ရာ၊သုံးရာမမှတ်နဲ့၊ ထောင်ချီ-သောင်းချီ-တောင်းကြတာကိုး၊ သူတို့မိသားစုဘ၀တွေ အစစအရာရာ ပြည့်စုံပြီး-အေးချမ်းသာယာအောင် တစ်ခါတည်း အပွကြံ တောင်းလိုက်တဲ့လဘက်ရည်ဘိုး၊ အအေးဘိုးပဲ ဆိုပါတော့ဗျာ-ဟဲဟဲ..။

ကျွန်တော်လည်းကြားရတာကြောင့် “ မကိုက်ရင် မလုပ်ကြနဲ့ ငါ့ညီတို့-ဥပဒေတွေက သိပ်ကြောက်စရာ ကောင်းတယ်။ သူတို့ကို မကြောက်ရတဲ့ သမ္မာအာဇီဝလုပ်ငန်း တွေကို ရှာလုပ်ကြပါကွာ”
ကျွန်တော့် အပြောကို လူငယ်က ခွက်ထိုးခွက်လန် ရယ်နေပါတယ်။ ကျွန်တော် စကားတွေ ထဲမှာ ရယ်စရာဆိုတာ တစ်ခု မပါခဲ့တာ၊ ရယ်ပြီး လူငယ်က စကားဆက်ပါတယ်။

“ အစ်ကိုက ကြောက်လို့ ပြောတာလား- ခေတ်ကြီးကို အပြစ်ကြီး ဆိုတော့မှာလား- ဘယ်သူကို မှ အပြစ်မဆိုကြပါနဲ့- ကျွန်တော်တို့ဘ၀အတွက် လောကကြီးက မကြာခင် သာယာလာတော့မယ်။ လောကကိုထာဝရစောင့်ကြပ်နေတဲ့ လောကပါလနတ်မင်းကြီးက လူသားအားလုံးအတွက်ကောင်းကျိုးတွေပေးဖို့ ပေါ်လာတော့မယ်လို့၊…….. စာရေးဆရာမ တစ်ဦးကလည်း ရေးသားထားတာ တွေ့ရတယ်။ များမကြာမီ နှစ်-နှစ်၊ သုံး-နှစ်ခန့်မှာပဲ လူနေမှု စနစ်တွေ တိုးတက်ပြောင်းလဲ လာကြတော့မယ် အစ်ကို။ အထက်နဲ့အောက်တာဝန်တွေ ကိုယ်စီယူပြီး လူသားအားလုံး ချမ်းသာကြီးပွားလာကြတော့မယ်-။ သဘောကတော့ ညီလေးတို့ အိမ်မှာ မိသားစု ရဲ့ ဆိုးမွေကောင်းမွေ၊ ဆိုးကျိုး၊ ကောင်းကျိုးကိစ္စတွေမှာ အဖေနဲ့အမေက တာဝန် ယူထားရသလိုပဲ ရပ်ကွက်ထဲမှာလည်း အဲဒီ ရွာမိရပ်ဖတွေက ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေလာကြအောင် ဆောင်ရွက် ပေးကြတော့မယ်။ အရင်းအနှီးလိုနေတဲ့ လက်လုပ်လက်စားဆင်းရဲသားနဲ့ လူလတ်တန်းစား တွေကို လိုအပ်တဲ့ အရင်းအနှီးငွေတွေကို ရွာမိရွာဖတွေရဲ့ လက်မှတ်တွေနဲ့ ဘဏ်တွေမှာ လိုသလောက်ထုတ်ဖို့ ရေးပေးကြမယ်။ သတ်မှတ်ထားတဲ့အချိန်ကြရင် ပြန်တောင်းရမယ်။ ယူတဲ့သူကလည်း မှန်မှန်ယူ၊ ပြန်ပေးတော့လည်း မှန်မှန်ပြန်ပေး စနစ်တွေနဲ့ ဆောင်ရွက်ကြမယ်။ စား-၀တ်-နေ ရေး အဆင်မပြေဘူးဆိုတာ လုံးဝ မရှိစေရဘူး။ လောဘအတောမသတ်တဲ့ လောဘကြီး မတရားမှုတွေကို လောကပါလ တရားနဲ့ အလိုလို အဆုံးအမ ပေးသွားပါလိမ့်မယ်…..”
စာရေးသူ ကျွန်တော်ဟာ ဒီလူငယ် မရပ်မနား ဒလစပ် ပြောသွားသော စကားများထဲက ခေတ္တစကားအပြတ်မှာ-
“ င့ါ ညီ ပြောတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အောက်ခြေက စရမယ့် ရွာမိရွာဖတွေရဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့် စာရိတ္တက မှန်ဖို့ လိုပါသေးတယ်လေကွာ….။ ”
လူငယ်က ကျွန်တော့် စောဒက ကို လုံးဝ လက်မခံပါ၊၊ ကျွန်တော့်ရှေ့တည့်တည့်ကို လာပြီးမတ်တပ်ရပ်ပါတယ်။ အသံမာမာနဲ့ စကားဆက်ပြောပါတယ်။

“ ဒီမှာ အစ်ကို လူသားတွေဟာ ဘာမဆို အရာရာကို စွမ်းဆောင်နိုင်ကြပါတယ်။ ခေတ်တို့ စနစ်တို့ ဆိုတာလည်း လူသားတွေ ဖန်တီး ယူကြတာပါ။ခေတ်တွေကို အရုပ်ဆိုး အကျဉ်းတန်အောင်၊ ကျဆင်း-တိုးတက်အောင် သာယာဝပြောလာအောင် ကျွန်တော်တို့ လူသားတွေက ဆောင်ရွက်နေကြတာပါ။ အဲဒီ ခေတ်ကြီးကို အပြစ်ကြီးဆိုနေတဲ့ လူသားတွေနဲ့-ညီလေး စောစောကပြောခဲ့တဲ့ ဆင်းရဲသားလူသားတွေရယ် -ရွာမိရွာဖတွေရယ် အထက်အောက်၊ တာဝန်ကိုယ်စီ ကျေပွန်အောင် ဆောင်ရွက်ကြမယ်ဆိုရင် ပန်းတိုင်းကို ရောက်ကြမှာ မလွဲဧကန်မုချပါဗျာ…။ညီလေး ပြောထားတဲ့ နောက် နှစ်-နှစ်၊ သုံး-နှစ်ခန့်ဆိုရင် ဖြစ်ကိုလာရမယ်။ အစ်ကို သေသေချာချာ မှတ်ထားပါ”။

“အဲ နောက်တစ်ခု ညီလေး ပြောပြမယ်-လူသားတွေရဲ့ ၀မ်းဗိုက်တွေထဲမှာ မကောင်းတဲ့-မသန့်ရှင်းတဲ့ စွဲလမ်းမှုတွေ၊ အပူတွေ၊ အပုပ်တွေ၊ သလိပ်တွေ၊ သွေးတွေ၊ ရှိနေကြတယ်။ ဒီမကောင်းတဲ့ ၀မ်းထဲက အပူ၊ အပုတ်တွေ ကင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ ဆေးတစ်မျိုး၊ အဲဒီအချိန်မှာ ပေါ်ကိုလာရမယ်အစ်ကို။ အဲဒီဆေးက ဘာဆေးမှတ်သလဲ၊ လူသားတိုင်း မှန်မှန်သောက်သုံးရမယ့် စာရိတ္တမှန်ဆေးတဲ့….။ များမကြာမီမှာ ပေါ်လာကြတော့မယ်။ ဟဲဟဲ---အဲဒီ ပေါ်လာမယ့် အချိန်ကို…. ဧရာဝတီမြစ်ကမ်း နံဘေးမှာသွားပြီး ညီလေး စောင့်မျှော်နေအုံးမယ်ဗျို့…………………………………..။”



အပိုင်း (၂)ကို ဆက်လက်ရေးသားပါဦးမည်…..


ရွှေလမ်းငွေလမ်းဝင်းကြည်
(၂၀၀၉ ခု၊ ဇွန် ၂၇ ရက်နေ့၊ နံနက် ၃း၃၀နာရီ တွင်ရေးပါ၏)
READMORE
 

ကျွန်တော့် ၀ါသနာ....

ကျွန်တော့် ၀ါသနာ

Tag
အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လူဘ၀ဆိုသည်မှာ ၀ါသနာကိုတော့အရင်းခံကြရပါမည်။ဒါပေမဲ့ ၀ါသနာပါတာနဲ့ လက်တွေ့ဘ၀လုပ်ကိုင်နေရတာက တခြားစီဖြစ်နေကြသူတွေကများပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို အနုပညာ ၀ါသနာရှင်အငြိမ့်မင်းသမီးတစ်ယောက် ဟာ သူဌေးသားကို ယူလိုက်တော့ သူဝါသနာပါတဲ့ အငြိမ့်မင်းသမီးဘ၀ကို စွန့်လွတ်လိုက်ရတာမျိုးပါ။
ကျွန်တော်လည်း သူလိုခံစားခဲ့ရပါတယ်..။သူလိုတော့ ကျွန်တော်က သူဌေးသမီးကို မရခဲ့ပါ။ နေစရာ စားစရာမရှိခဲ့လို့ ၀ါသနာတွေကို ကျောခိုင်း၍ ဘ၀ခရီးကြမ်းကို လျှောက်လှမ်းခဲ့ရပါတယ်..။
ကျွန်တော်ငယ်ငယ်က လေးတန်းကျောင်းသားဘ၀မှာ စုံထောက်ဖြစ်ရန် ၀ါသနာပါခဲ့ပါတယ်။ကျွန်တော်နဲ့အတူ ငယ်သူချင်း မြင့်အောင်(၀ါ)ပုပု ကလည်း ၀ါသနာတူပါပဲ။ ကွန်တော်တို့ ရွာက ဧရာဝတီမြစ်ကမ်း၏ အရှေ့ဘက်က ပခန်းငယ်ရွာပါ။ အဲဒီအချိန်က ဆင်းဖြူကျွန်း၊ ပခန်းငယ်၊ စလေ၊ ချောက်မြို့သို့ အသွားအပြန်(နေ့ချင်းပြန်) မော်တော်လိုင်းဆွဲပါတယ်။ ဧရာဝတီမြစ် ရေကြောင်းလိုင်းပါ။ ဆင်းဖြူကျွန်းကနေ နံက်(၈)နာရီကစထွက်လာတဲ့မော်တော်အဆန်ခရီးက ကျွန်တော်တို့ရွာပခန်းငယ်ဆိပ်ကမ်းကို နံနက်(၉း၃၀)နာရီမှာ ဆိုက်ကပ်ပါတယ်။ ချောက်မြို့ကနေ ညနေ(၄)နာရီ ပြန်ထွက်လာတဲ့ အစုန်မော်တော်က ကျွန်တော်တို့ ပခန်းငယ်ရွာကို ညနေ(၅း၃၀)နာရီမှာ ဆိုက်ကပ်ပါတယ်။ မော်တော်ဆိုက်ကပ်မဲ့ အချိန်တွေမှာ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အဲဒီမော်တော်ပေါ်ကိုတက်ကြပါတယ်။ မြင်သမျှ၊ တွေ့သမျှလူတွေကို စူးစူးစိုက်စိုက် ကြည့်ကြပါတယ်။ မသာင်္ကာ စရာ လူတွေ့ရင်တော့ အဲဒီလူရဲ့ ပုံသဏ္ဍာန် ကို အသေးစိတ်ရေးပါတယ်။ မျက်နှာပုံက မည်သို့ မည်ပုံ။ အရပ်ကဘယ်လောက်။အ၀တ်အစားက အင်္ကျီကဘာအရောင်။ပုဆိုးက ဘာအရောင်၊စသည့်စသည့် အသေးစိတ်ရေးပြီး မှတ်သားကြပါတယ်။ မော်တော်က ဆိပ်ကမ်းကပ်ချိန် မိနစ်(၂၀)လောက် သာကြာပါတယ်။ကုန်တင်၊ကုန်ချများပါမှ(မိနစ်-၄၀)လောက်သာကြာတာပါ။အဲဒီအချိန်ကလေး အတွင်း လူတွေကို လိုက်ကြည့်ပြီးမှတ်နေကြရတာပါ။ ကျွန်တော်တို့ ခါးကြားမှာလဲ ချောက်လုံးပြူးတွေ(ကစားစရာပလပ်စတစ်) ကိုချိတ်လို့ပါ။ လူတွေမမြင်အောင် အင်္ကျီစနဲ့ဖုံးထားကြပါသေးတယ်။ မော်တော်ထွက်သွားပြီဆိုရင် ကျွန်တော်တို့ စခန်းသတ်မှတ်ထားတဲ့ ညောင်ညိုပင်ကြီးအောက်ကို သွားကြပါတယ်။ သူ မှတ်ထားတဲ့လူနဲ့ ကျွန်တော်မှတ်ထားတဲ့လူ တူနေသူတွေကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ အဲဒီလူတွေကို ပိုပြီး သတိထားကြပါတယ်.။ ၀ါသနာကြီးကြတာကတော့ ကျွန်တော်တို့သူငယ်ချင်း နှစ်ယောက်ဟာ မော်တော်ဆိုက်ကပ်ဖို့ ဟွန်းသံရှည်ကြားတာနဲ့ ရောက်တဲ့နေရာ၊လုပ်တဲ့အလုပ်တွေကို ရပ်ပြီး၊ ကမ်းနားဆိပ်သို့ မော်တော်ဆီကို အပြေးလာကြရပါတယ်။ထမင်းစားနေရင်လည်းရပ်။ အိမ်သာတက်နေရင်လည်းရပ်။ အိမ်က အလုပ်တစ်ခုခုကို ခိုင်းထားရင်လည်း ပစ်ထားခဲ့ကြပါတယ်။
ဘာမဆို ၀ါသနာပါရင် တာဝန်ပေးစရာမလိုဘဲ တာဝန်ကို ကျေကျေပွန်ပွန်ထမ်း ဆောင်ခဲ့ကြတဲ့ ကျွန်တော်တို့ငယ်ငယ်က ဖြူစင်သန့်ရှင်းနေတဲ့စုံထောက်ဘ၀လေးကို.. တစ်ရေးရေးပြန်လည်စဉ်စားရင်း လွမ်းနေမိပါတော့သည်…။
သြော်…ကျွန်တော်တို့ငယ်ငယ်ဝါသနာပါတဲ့ စုံထောက်ဘ၀တုန်းက မည်သူ့ဆီကမျှ လာဘ်မစား၊ လာဘ်မတောင်းခဲ့ကြပါ။ ကျွန်တော်က ဘ၀ ပေးမကောင်းလို့သာ ၀ါသနာကို ကျောခိုင်းခဲ့ရပါတယ်…..။
ငယ်သူငယ်ချင်း မြင့်အောင်(ခေါ်) ပုပု မှာ ဘ၀အခြေအနေပေးလို့ မြို့နယ်အဆင့်ထိ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ဒါပေမဲ့.. ငယ်ငယ်တုံးကလို ၀ါသနာကိုအရင်းခံလို့ ကိုယ်ကျိုးစွန့်ပြီး ဖြူစင်သန့်ရှင်းတဲ့စုံထောက်ဘ၀လေးကို မျက် ကွယ်ပြုခဲ့မိလို့…အလုပ်ပြုတ်သွားပါပြီ။ယခုတော့ သူဟာ ကျွန်တော်တို့ရွာ..ကျွန်တော်တို့စခန်းချခဲ့ကြတဲ့ ညောင်ညိုပင်ကြီးအောက်မှာ..ဘ၀ပျက်တဲ့ အရှုးကြီးးဖြစ်နေပါပြီဗျာ…သြော်..၀ါသနာ..၀ါသနာ……..။ကျွန်တော်တို့ဝါသနာ..။

ကိုထင်လင်းအောင်နှင့် Tag မိတ်ဆွေများ ကျေနပ်တော်မူကြပါစေ…။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဇွန်လ(၁၇)ရက်၊နေ့ (၁၂း၅၃) ရေး၏။
READMORE
 

ရွှေခိုးမမိ..ရေခိုးမိ..

ရွှေခိုး မမိ- ရေခိုးမိ

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

ရွှေချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းကြီး၏ လုပ်ငန်းခွင် ဖြစ်ပါသည်။ ရေကားတစီး တမံပေါ်တက်လာ၏်။ တမံ တာဝန်ခံ ၀န်ထောက်မင်းက ခါးထောက်၍ စောင့်နေလျှက် ။ ၀န်ထောက်မင်း AE ဦးကျော်မိုးမှ..
“ ဟေ့ ချက်ကာ စာရေး- ဒီရေကားရေပြည့်/မပြည့်သိရအောင် ကားပေါ်ကိုတက်စစ်”
“ ဟုတ်ကဲ့..” ပြောဆို၍ ကားပေါ်တက်စစ်၏။
“ ပြည့်ပါတယ် ဆရာ”
“ ပြည့်ရင်တော့ သွားတော့ ပြောလိုက်…”

ရေကားဆရာ ကြောက်ကြောက်လန့်လန့်နှင့် တမံပေါ်သို့ ရေဖြန်းနေ၏။ ရေဘောက်ဆာကားတစ်စီးလျှင် ယခင်က ၁၂ မိနစ်သာ ရေပန့်ဖြင့်မှုတ်ရတာ- ယခု ၁၆ မိနစ်ခန့်ရေမှုတ်ထုတ်နေပါ၏။ စပယ်ယာမှ ရေပန့်မှရေမထွက်တော့လို့ ဒရိုင်ဘာသို့ ရေကုန်ပါပြီဆရာဟု လှမ်းအော်၍ သူတို့ရေကားသည်တမံမှ ပြန်ဆင်းလာခဲ့ကြ၏။ အပြန်အဆင်းလမ်း တမံထိပ်မှ စောစောက ၀န်ထောက်မင်းနဲ့ကားအ၀င် အထွက်ခေါက်ရေကို မှတ်သောချက်ကါစာရေးတို့ ဆရာတပည့် နှစ်ယောက်က ရေကားတွင် ရေကျန် မကျန် ပြန်၍စစ်ပေတော့၏။
“ ဆရာ ၀န်ထောက်မင်း၊ ရေတွေ ကျန်နေပါတယ်။”
ရေကားဆရာ ချွေးပြန်နေ၏။ စပယ်ယာကို အနားခေါ်၍ မေး၏။ (ကျွန်တော်လဲ ရေမလိုက်တော့လို့ ရေကုန်သွားပြီမှတ်တာပေါ့။ ရေပန့်က ပန်ကာကြိုးပြတ်နေတာကို-ကျွန်တော် မသိလိုက်ဘူးလေ..။ ဤသို့ပြောနေကြစဉ် AE ၀န်ထောက်မင်း ဦးကျော်မိုးမှ
“ ဟေ့ ရေကား ဆရာတပြည့်-ဘာမှညှိမနေနဲ့ ညင်းမနေကြနဲ့ မင်းတို့ ရေသူခိုးတွေကို ရေကားအခေါက်ရေ (၅)ခေါက်ဖြတ်တယ်။ ဒါပဲ”။
ပြောပြောဆိုဆို ချက်ကာစာရေး လက်ထဲမှ ချက်ကာ ကားအခေါက်ရေစာရင်းထဲက ရေကားအ၀င်စာရင်း(၅)ခေါက်အားဖြတ်တောက်ထားရန် လက်မှတ်ရေးထိုးသွားလေတော့သည်။ ရေကားဆရာမှ ရှင်းလင်း အယူခံတာကိုပင် လုံးဝ မစောင့်တော့ပေ…။
ရေကားဆရာတပြည့်နှစ်ယောက် တောင်ကြည့် မြောက်ကြည့် သက်ပြင်းကိုယ်စီ ချလျှက် စပယ်ယာမှ စကားဆို၏။
“ ဆရာရယ် ကျွန်တော်တို့ ရေကားတွေက ချောင်းထဲကနေတမံပေါ်ကို ရေတစ်ခေါက်ပို့ပေး မှ ဆီ(၁)ဂါလံသာရတယ်။။ ကားအင်ဂျင်ကို ငယ်သံပါအောင်လည်း လီဖာကိုနင်း၊ ၁၆ မိနစ်ရေပန့်နဲ့ ရေမှုတ်ခဲ့ရလို့ ဆီကုန်ခဲ့ပြီ--ယခုမှ စုစုပေါင်း (၁၂)ခေါက်သာ ရပါသေးတယ်။(၅)ခေါက်ဖြတ်ရင် (၇)ခေါက်သာ ကျန်တော့တာပေါ့။ ကားထဲမှာဆီလက်ကျန် နည်းလို့ ဒီဇယ်ကား လေခိုရင် နေညိုသွားလိမ့်မယ်။ ဆီခြံကို အပြေးမောင်းပေတော့ဆရာ.. ကားဆီတိုင်ကီထဲကို ဆီထည့် ကြစို့ ဆရာ”

ရေကားနဲ့ ဆရာတပြည့်သည် ဆီခြံသို့ ရောက်လာခဲ့၏။
(လေးပုလင်းသာဆန့်တဲ့ တစ်ဂါလံသတ်မှတ်ပေးထားသောခွက်နဲ့ ချိန်ထည့်တာ ကိုယူခဲ့ကြရ၏။ တစ်ပေပါအပြည့် ဂါလံ(၅၀)ထုတ်ယူရင်လည်း အပို (၄)ဂါလံဆောင်းပေးရပြီး (၅၄)ဂါလံထုတ်ယူကြောင်းကိုလက်မှတ်ထိုးပေးရသေး၏။ ဒီဆီခြံ တာဝန်ခံ ၀န်ထောက်မင်းမှာ စောစောက ရေစစ်တဲ့ AE ဦးကျော်မိုး ပင် ဖြစ်ပါတော့သည်။)
ရေကားဆရာ စဉ်းစားမိ၏။ တစ်ပေပါလျှင်(၄)ဂါလံ သူတို့ကအပို ယူတော့ တစ်လထဲတွင် ဆီ ခွဲတန်းမှာ ပေပါပေါင်းက သိန်းချီ၍ ထုတ်ပေးရပါသည်။ ဒီဇယ်ပေပါတစ်သိန်းမှ အပိုတွေ အများကြီး တွက်လိုက်မိရင်တော့…။အားပါးပါး ဆီဂါလံအပိုတွေ..အများကြီး..ပါဗျာ..။ ဒီဇယ်ပေပါ..အပိုထွက်လာတွေကို..အပြင်သို့ခိုးရောင်းစားကြပြီး..အထက်
ဆိုင်ရာလူကြီးတွေအထိ ဆက်ကျေးပေး၍လာတ်ထိုးပြီး ချမ်းသာနေတာ…ဆီခြံတာဝန်ခံ ၀န်ထောက်မင်း..ဦးကျော်မိုးပါ…။
သြော်-ဒါကြောင့် AE ဦးကျော်မိုးဟာ သူ့မိန်းမကို ရွှေတွေပိသာချိန်လိုက် အလေးချိန်စက်ပြီးဝယ်လို့ ဆင်ပေးထားနိုင်တာကိုး….။စီမံကိန်းနာမည်ကိုက…( ရွှေလှောင်တမံ စီမံကိန်းတဲ့။ နာမည်နဲ့ လိုက်ပါပေတယ်) ရှေးလူကြီးသူမများ စကားပုံ ထားခဲ့တာတွေ ယခုအချိန်အထိ တကယ်မှန်ပါပေတယ်။

“ဆန်ခိုးမမိ၊ ဖွဲခိုးမိသတဲ့”

ယခု ရွှေလှောင်တမံ စီမံကိန်းက ရေကားဆရာနဲ့ ကားစပယ်ယာ ဆရာတပြည့်နှစ်ယောက်မှာတော့……ရွှေခိုးသူတွေကိုမမိ ရေသူခိုးသာမိပါ၏ ။

(မြန်မာတွေ စည်းကမ်းရှိရှိ နည်းလမ်းသိဖို့ အချိန်တန်ပါပြီ…..)

ရွှေလမ်းငွေလမ်းဝင်းကြည်
၁၉၉၇ ခုနှစ်မှ ရေကားဆရာဘ၀၏ ခံစားချက်ကို ရေးပါသည်။
၂၀၀၉ ခု၊ ဇွန်လ(၁၅)ရက်၊နံနက်(၄)နာရီတွင် ပြန်လည်ခံစားပါ၏။
READMORE
 

အဆိပ်လူးသော လက်များ....

အဆိပ်လူးသော လက်များ

အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်

လေးဘက်သွားခါစ ကလေးငယ်များဟာ မစင်ကို မစင်လို့ မမြင်ဘဲ၊ မသိဘဲ လက်များနှင့် ပယ်ပယ်နယ်နယ် ရယ်ရွှင်ပြီး ကိုင်လူး ပျော်မြူးနေတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီကလေးငယ်များရဲ့ လက်ကို မိခင်က ရေနဲ့ ဆေးကြောပေးလိုက်ရင် လွယ်လွယ်လေးနဲ့ပဲ ပြောင်လက်သန့်စင်သွားတတ်ကြပါတယ်။
ယခု ကျွန်တော်ရေးသားဖော်ပြမဲ့ အဆိပ်လူးသော လက်များကတော့-လွယ်လွယ်ကလေးနဲ့ ဆေးကြောလို့ မရနိုင်ပါ။ ကျွန်တော့်ရဲ့ ဒီဆောင်းပါးဟာ ပင်လယ် သမုဒ္ဒယာထဲတွင် ပျားရည်တစ်စက်ကျသွားသလောက်သာ ဖြစ်နေပါမည်။
ပင်လယ်သမုဒ္ဒယာ ရေပြင်ကြီးသည် ကမ္ဘာကြီး၏ သုံးပုံနှစ်ပုံကျယ်ဝန်းသည်ဟု ငယ်ငယ်က စာသင်ကြားခဲ့ရပါတယ်။ ဤမျှလောက်ကျယ်ဝန်းပေါများနေသော်လည်း ပင်လယ်ရေကို ကျွန်တော်တို့ လူသားတွေ သောက်လို့ မရနိုင်ပါ။ ပျားရည် တစ်စက်ကိုတော့ လူတိုင်းနှစ်သက်ကြပါမည်…….။ သို့သော် ပျားရည်သည် အ၀စား သုံးစရာ မဟုတ်ပါ။ ရံဖန်ရံခါ လိုအပ်ပါမှ ဆေးဖြစ်ဝါးဖြစ် နှစ်သက်ရာ တစ်ခုခုနှင့်သာ ပူးတွဲဖေါ်စပ် စားသုံးကြတာ မဟုတ်ပါလား။
“ မိဘ-ဆရာပူးပေါင်း-ကလေးပညာကောင်း ” ဟု စာသင်ကျောင်းများမှာ ကြွေးကြော်ထားကြပါတယ်။ ကျောင်းထားကာစ အရွယ် အင်မတန်နုနယ် ဖြူစင်နေတဲ့ မူလတန်းကလေးများကို စတင်ကိုင်တွယ် ကြရမယ့် မိဘများနဲ့ ဆရာသမားများရဲ့ လက်ဟာ သိပ်ပြီး အကိုင်အတွယ်တတ်ဖို့ အရေးကြီးကြပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလိုပေါ့-။ ကျောင်းကို စတင်လှမ်းခဲ့တဲ့ ကလေးငယ်ရဲ့ ခြေတလှမ်းဟာ နောင်အနာဂတ်တွင် တိုင်းပြည်အတွက် ကုဋေတသန်းမကတန်စေချင်ပါတယ်ခင်ဗျာ။ ဒါပေမယ့် ယနေ့အခါ မူလတန်း၊ အလယ်တန်းကျောင်းသူ ကျောင်းသားတချို့ရဲ့ စာမေးပွဲတွင်းမှာ ပြောသံ ဆိုသံ များကြားခဲ့ရပါတယ်။ များစွာမှ စိတ်မကောင်ပါ။ စာရေးသူကိုယ်တိုင် ကြက်သီးမွေးညင်းများထသွားမတတ် ခံစားလိုက်ရပါတယ်။ သူတို့ သူငယ်ချစ် တစ်သိုက်ပြောသံများမှာ
“ သူငယ်ချင်းရာ ငါတို့ အတန်းပိုင်ဆရာမက အလကားပါကွာ-စာမေးပွဲ မဖြေခင်တုန်းကတော့ ည စာကြည့်ခေါ်ပြီး စာမေးပွဲနားလဲနီးရော- နင်တို့ ပြန်ကြတော့တဲ့--အဲဒီနေ့ကပဲ လူကြီးသမီး အက်စ်စီးကားကြီးစီးပြီး မုန့်ပုံးတစ်ပုံးနဲ့ ငွေသားတစ်ထောင်ပေးသွားတာ ငါမြင်လိုက်ရတယ်။ အဲဒီ မြင်ကွင်းကို ငါမျက်စေ့ထဲက သေတောင် မမေ့တော့ပါဘူးကွာ” တဲ့။
နောက်ကျောင်းသားလေးတစ်ဦးက ထပ်ပြောပါတယ်။
“ ငါတို့ မိဘတွေကလည်း မစွန်ပါဘူးကွာ၊ သူများမိဘတွေနဲ့ သိပ်ကိုကွာခြားပါတယ်။ သူများတွေရဲ့ မိဘဆိုရင် သမီးအတွက် ဆိုကတိမပျက်ကြဘူးတဲ့-။ သမီးအာမခံလာသမျှ ဆရာ ဆရာမတွေတောင်းသမျှ လက်ဆောင်ကို စာမေးပွဲအောင်ရင် ပြီးရောဆို မိဘတွေ ကိုယ်တိုင်ပေးကြသတဲ့” လို့ သူတို့ ကလေးတွေ ပြောသံဆိုသံကြားခဲ့ရပါတယ်။
ဒီလို အကြောင်းမျိုးပဲ စာရေးသူရဲ့ မိတ်တွေ လက်သမား တစ်ယောက်အိမ်ကို ရောက်တုံးကလဲ ရင်နာစရာ အဖြစ်ကလေး တစ်ခု ပြောကြားခဲ့ရသေးတယ်။ အမွှာညီ အစ်ကို နှစ်ဦး ကျောင်းအတူတူ ထားတယ်၊ အတန်းအတူတူတက်တယ်၊ အခန်းတော့ ကွဲတယ်ပေါ့။ အေနဲ့ဘီခန်းဆိုပါစို့၊ အစ်ကိုက စာညံ့တယ်။ ညီက စာတော်တယ်။ အစမ်းစာမေးပွဲတွေမှာ ပထမ၊-ဒုတိယအဆင့်နဲ့ ညီက အမြဲရတယ်။ အစ်ကို ဘာသာစုံကျခဲ့တယ်။ စာမေးပွဲကြီးဖြေတော့ ညီက ဘယ်မှ မသွားဘဲ -မလိုက်ဘဲ မီးကုန် ရမ်းကုန် စာကို ကြိုးစားတယ်။ အစ်ကိုက စာမကြည့်ဘဲ ဆရာမအိမ်သွားပြီး ညစာကြည့်တယ်၊ အဲဒီစာမေးပွဲရက်မှာပဲ အစ်ကိုလုပ်သူက တစ်နှစ်လုံးစုထားတဲ့ မုန့်ဘိုး စုဘူးခွဲတယ်။ သူ့ဆရာမကို ကတိအတိုင်း ပေးတယ်လို့ သိခဲ့ရတယ်။
စာမေးပွဲ အောင်စာရင်းထွက်တော့ စာသိပ်ညံ့တဲ့ အစ်ကိုက စာမေးပွဲအောင်တယ်။ စာသိပ်တော်ပြီး မီးကုန်၊ ရမ်းကုန် ကြိုးစားခဲ့တဲ့ ညီက စာမေးပွဲကြီးမှာ ကျတယ်။ ..ဘယ်လိုဖြစ်တာလဲ…နာမည်ကလည်း မှားရအောင် မောင်ကြီးနဲ့ မောင်ငယ်..၊ အတန်းကလည်း အေ၊ဘီ ခွဲထားတာ၊ ခုံနံပါတ်ကလည်း တခြားစီ၊ စာရေးသူ ကျွန်တော်ကတော့ စိစိတွေးတော့ ရေးရေးပေါ်ခဲ့မိတယ်။
ရိုးသားပြီး ကြိုးစားတဲ့ မောင်ငယ်ကလေးခင်ဗျာ-ရှက်လှချေရဲ့ဆိုပြီး မြစ်ဆိပ်က ရေနက်ထဲ ခုန်ချမယ်တကဲကဲ လုပ်နေလို့ ဆွဲထားခဲ့ရကြောင်း၊ ယခု မောင်ငယ်ကလေးရဲ့ အနားမှာ အမေက အမြဲစောင့်နေရကြောင်း၊ စိတ်မကောင်းစွာနဲ့ပဲ လက်သမားမိတ်ဆွေ တစ်ဦးရဲ့ အဖြစ်ထူး အမွှာ ညီအစ်ကို နှစ်ဦးအကြောင်း စကားဖောက်သည်ချလို့ သိခဲ့ရပါတယ်။
ဒီကိစ္စများကို စာရေးသူဟာ အားရပါးရ ပြစ်တင်ရှုံ့ချနေတယ်လို့ တစ်ဘက်သက် မဆိုလိုပါ။ အပြစ်ကို အပြစ်လို့ မြင်ပါမှ ဆရာမိဘများ ၀ိုင်းဝန်းပြီး ဆင်ခြင်ကြနိုင်အောင် စေတနာနဲ့ ဖော်ပြရေးသားမိပါတယ်။ တိုက်ဆိုင်မှုများ ဖြစ်နေရင် ခွင့်လွှတ်ကြပါ။
ယနေ့ ကျောင်းသားလူငယ်ကလေးများသည် မကြာမီကာလမှာ အနာဂါတ်၏တိုင်း ပြည်ကို တာဝန်ယူ ထမ်းဆောင်ကြရမယ့် ၀န်ထမ်းများ ဖြစ်ကြမှာ မလွဲမသွေပါ-။ ၀န်ထမ်းလောကတွေမှာလည်း ကြားခဲ့ရတဲ့ အသံ တချို့ တင်ပြပါရစေ။
“ ဒီအလုပ် ဒီဌာနရအောင် ဆက်သွယ်ပေးခဲ့တဲ့ ပွဲစားပေးရတာက ငွေဘယ်လောက်--ဆိုင်ရာ ဆိုင်ရာတွေးလိုင်းဝင်ပြီး ကန်တော့ရတဲ့ ငွေက ဘယ်လောက်…” ဆိုတဲ့ အသံများ..၊
“ ကျွန်တော့် လစာက…..ကျပ်ရပါတယ်ခင်ဗျာ..လခက မပြောပလောက်ပေမယ့် တစ်လတစ်လ ဘေးပေါက်ဝင်ငွေက …….တစ်လမှာ………..သောင်းချီရတယ်--လစဉ်ထုတ် ခွဲတမ်းတွေကလည်း --အမျိုးပေါင်း တစ်ဒါဇင်ရတယ်- မကြာခင်တောင်- မကြာခင်တောင် ကျုပ်က နိုင်ငံခြား သွားရတော့မှာ………..။
အထက်က ကြားခဲ့ရတဲ့ စကားတွေဟာလည်း တိုင်းပြည်နဲ့ လူမျိုးအကျိုးမပါဘဲ ကိုယ့်ဖို့သာ ဆိုသော အကျင့်ပျက်ဝန်ထမ်းတွေရဲ့ အသံများဖြစ်ပါတယ်ခင်ဗျား။ တဆက်တည်းမှာပဲ ပုဂ္ဂလိက စီးပွားရေးနဲ့ ဖက်စက်ကုမ္မဏီကြီးများ သတင်း တချို့ကို နားထောင်ကြပါစို့။
ကျွန်တော်တို့ မြန်မာပြည်မှာ ဈေးကွက်စီးပွားရေး ဖွင့်ပေးနေပါပြီ။ ကုမ္မဏီကြီးတွေ အသီးသီး ပေါ်ထွက်လာပါပြီ ။ ၀မ်းသာစရာပါဘဲ ဘာမဆို လိုတာရကြပါပြီ။ လူရိုးမှ လွဲ၍ ကျန်တာ အကုန်ရပါပြီ။ “ လူရိုးဆိုတာ ” သင်္ဂြိုင်းကုန်းမှာ ရှိတယ်ဟု မြန်မာ စကားပုံ တစ်ခု ထားရှိခဲ့ပါတယ်။ ဒါကြောင့် ကုမ္မဏီကြီးတွေတော်တော်များများက ရိုးသားသိက္ခာရှိကြလောက် တစ်ချို့ကုမ္မဏီကြီးတွေမှာ ရိုးသားမှုများ မတွေ့ရတာ သတင်းကြားနေရပါတယ်။ စီးပွားရေးလောကထဲမှာ တစ်ဦးကို တစ်ဦး မယုံကြည်ရမှုများ လစ်ရင်လစ်သလို--ပြတုံးကတော့ ပစ္စည်းအကောင်း-တကယ်ရောင်းတော့ ပစ္စည်းက မကောင်း----၊ ဒီကြားထဲမှာပဲ လုပ်ပိုင်ခွင့်တွေကို ရတဲ့နေရာတွေက နည်းအမျိုးမျိုးနဲ့ ရယူဘို့ မသမာတဲ့ ၀န်ထမ်း တစ်ချို့နဲ့ပေါင်းပြီး လာဘ်ထိုးကြပါတယ်။ လာဘ်ဘေးလာတ်ယူ မည်၍ မည်မျှ ပင်အော်အော် ယနေ့အထိ နေရာတိုင်းမှာ ဆော်နေကြတဲ့ အတ္တ၀ိသမ လောဘစီးပွားရေးသများများလည်း ရှိနေကြပါသေးတယ်ခင်ဗျား။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးဘက်မှာ ထိထိမိမိ သိရှိကြအောင် အဓိက စည်းရုံးဆောင်ရွက်ကြတဲ့ နိုင်ငံရဲ့ မျက်စေ့၊ နား၊ ပါးစပ်များဟာ စာပေ၊ ဂီတ၊ ရုပ်ရှင် သဘင်နဲ့ -အနုပညာပန်းဆယ်မျိုးကိုလည်း တတတ်တအား ပါဝင်ကြပါတယ်။( အနုပညာတိုင်းဟာ ရသကတဆင့် ဘ၀ အသိ တစ်ခုခု ရစေမယ်)လို့ ဆရာဇော်ဂျီမှ ရေးသားခဲပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကျင့်စာရိတ္တ၊ အတွေးအခေါ်လွဲမှား ဘေးချော်ထွက်သွားစေမယ့် အဆိပ်အတောက်များကို အနုပညာရှင်တို့ရဲ့ လက်တွေမှာ မပေမကြံစေချင်ပါခင်ဗျား။။ ဒါပေမယ့် အနုပညာရှင် တချို့ဟာလည်း မြန်မာမှု အနုပညာတွေကို “ ခြေရာလည်းပျောက်-ရေလည်းနောက်” ဆိုတဲ့ စကားကို ---တွေးချင်သလို တွေး---ရေးချင်သလို ရေး---- ဆိုချင်သလိုဆို-----ကချင်သလို က------ဆင်ချင်သလို ဆင်--တီးချင်သလိုတီး နေကြပြီး နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ကို မျက်ကွယ်ပြုနေကြပါပြီ---။ ဒါကြောင့်လည်း ဆိုင်ရာက ရပ်တန်းက ရပ်ကြဖို့ နှိုးဆော်ထားတာ အားလုံး သိကြမှာပါ။ ရပ်တန်းက ရပ်ပေးကြပါခင်ဗျား။
မြန်မာမှု ယဉ်ကျေးမှု အနုပညာတပ်ရိုး---စည်းရုံး မကျိုးမပျက်စေဘို့ အနုပညာရှင်များ ၀ိုင်းဝန်းထိမ်းသိမ်းကြပါစို့။
ယနေ့ဖွင့်လှစ်ပေးသော ဈေးကွက် စီးပွားရေးနဲ့ အတူ ကျွန်တော်တို့ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် စုပေါင်း ၀ိုင်းဝန်းကိုင်ဆောင်ဖြေရှင်းကြပါစို့။ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ အကျိုးအတွက် ကိုင်ဆောင်ကြရမယ့် လက်များဟာ အထက်က ရေးသားခဲ့တဲ့ ကိစ္စများနည်းတူ အဆိပ် မလူးကြဖို့ လိုအပ်နေပါပြီ။ ဒီလက်များကို ဘယ်လို သဘောကြောင့် အဆိပ်များ လာရောက် လူးနေကြပါသနည်း။ ကျွန်တော့်ရဲ့ စာပေ စေတနာနဲ့ တစေ့တစောင်း တင်ပြပါရစေ။ တိုင်းပြည်အတွက် ကိုင်ဆောင်ကြရမယ့် လူငယ်လူကြီးတို့အတွက် အဆိပ်လူးသော လက်များ မဖြစ်ကြရအောင် ဗုဒ္မလက်ဆောင် အနည်းငယ် ပါးလိုက်ချင်ပါတယ်။ လိုအပ်သူတွေအတွက် ဆေးဖြစ်ပေမယ့် မလိုချင်သော အတ္တလွန်ကဲနေတဲ့ စီးပွားရေးသမားများအတွက်မှာ အန္တရာယ်ဖြစ်စေရင်လည်းသီး ခံကြပါ။
လောကကြီးထဲမှာ ပုထုစဉ် လူသားတွေဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ မိစ္ဆိယ၊ စိတ်များအားကြီးကြပါတယ်။ သာမန်ရှိသင့်တာထက် လွန်ကဲတတ်ကြပါတယ်။ မရ-မက နည်းတွေနဲ့ ငါကိုယ်တိုင် ရအောင် ယူမယ်။ ငါ့ကိုဘာကောင်မှတ်နေကြပါသလဲ။ သူအဆင်ပြေနေရင် ငါ မကြေနပ်ဘူး--ငါရတဲ့ အခွင့်အရေး တွေကိုလည်း င့ါကို မုန်းတဲ့သူတွေကို မပေးဘူး--လောကကြီးထဲမှာ ငါတစ်ဦးတည်းသာ အားရပါးရ လိုချင်တာ ရအောင် ယူမယ်။- ငါနဲ့ ငါ့ကို ချစ်တဲ့သူတွေ သာ..ချမ်းသာစေရမယ်။-စတဲ့ တစ်ဖက်သတ်လွန်ကျူးတဲ့ စိတ်တွေ ပေါ်ထွက်လာတတ်ကြပါတယ်။ ဒီလို လွန်ကဲတဲ့ ကိလေသာ စေတသိက်တွေကြောင့် လောကကို ပျက်စီးစေမယ့် မိစ္ဆာဒိဌိ မကောင်းတဲ့ အယူမှားတဲ့ အဆိပ်တွေဟာ နှလုံးသားမှတဆင့် လက်သွင်းသို့ တဖွားဖွာ ဆင်းသက်လာတတ်ကြပါတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံ တွေ အဆင့်ဆင့်နဲ့ ဆိုင်ရာ ဆိုင်ရာ အဆိပ်လူးသော လက်များဟာ သာယာလှပတဲ့ လောကကို ဖျက်ဆီး ပြစ်နိုင်ပါတယ်။
အနာသိလျှင် ဆေးရှိရပါမည်။ သမားတော် ဆရာ တဦးဟာ လူနာ တစ်ဦးကို ဆေးကုသရာမှာ ဆေးပေးမှားရင် တစ်သက် တစ်ယောက်သာ သေဆုံးနိုင်ပါမည်။ အဆိပ်လူးသော လက်များနဲ့ ကိုင်တွယ်မိကြလျှင် အသက်ပေါင်းများစွာ ဆုံးရှုံးနိုင်ပါသည်။ မိစ္ဆာဒိဌိ မကောင်းတဲ့ အယူအမှား၊ အမှတ်မှား၊ အသိမှားနေကြသော တစ်ဖက်စွန်းရောက် အဆိပ်လူးသော လက်များဟာ သံသရာမှာ အ၀ိုင်းပြေး ပြေးရင်း မရပ်မနား လောကကြီးကို ပျက်စီးစေပါမည်။ လောကပါလ တရားကို မျက်ကွယ်ပြုပြီး အဆိပ်လူးသော လက်များနဲ့ မပြုသင့်၊ မလုပ်သင့်၊ ကိစ္စဆိုတာ ဒီကမ္ဘာမှာ မရှိဘူး ဆိုပြီး နတ်လူ သတ္တ၀ါတွေကို ပျက်စီးသွားစေပါမည်။ ဒါကြောင့် သိလျှင် သိခြင်း၊ ယခု ခဏ ချက်ချင်း ရပ်ပါ၊ အဆိပ်လူးသော လက်နှင့် ဒလစပ် ပြေးနေခြင်းကို ရပ်လိုက်ပါ။ ဗုဒ္ဒ၏ တရားဓမ္မ မဂ်ရေအေးနဲ့ ခဏလေးသာ အချိန်ပေးပြီး ဆေးကြောလိုက်စမ်းပါ။ ဆေးကြောနေခိုက် ဓမ္မမဂ်ရေအေးနဲ့ပဲ ခဏကလေးသာ အချိန်ပေးပြီး ဆေးကြောလိုက်စမ်းပါ။ ဆေးကြောနေခိုက် ပစ္စခ အချိန်ကလေးမှာဘဲ လက်တွေ့ ဖြူစင်အေးချမ်းမှု ပေးပြီး ဖြူစင်သွားမှာ ဧကန်ပါ။
လေးဘက်သွားကာစ ကလေးငယ်များဟာ မစင်ကို မစင်လို့ မမြင် မသိဘဲ လက်များနဲ့ ပယ်ပယ်နယ်နယ် ရယ်ရွှင်ပြီး ကိုင်လူး ပျော်မြူးနေတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ ကလေးများရဲ့ လက်ကို မိခင်က ရေနဲ့ ဆေးကြောပေးလိုက်ရင် လွယ်လွယ်ကလေးနဲ့ပဲ ပြောင်လက် သန့်စင်သွားတတ်ကြပါတယ်။
သို့သော် ကလေးငယ်များဟာ ကိုယ်တိုင်ကိုယ်ကျ မစင်ဆိုတာ ရွံစရာကြီး၊ မုန်းစရာကြီးလို့ အသိဥာဏ် မ၀င်မချင်း အကြိမ်ကြိမ်အခါခါ ကိုင်လူး ပျော်မြူးနေကြအုံးမှာပါ။ ဒီလိုသာပဲ-ယခု အဆိပ်လူးသော လက်များဟာလည်း လောကီ တရား ဥပဒေတွေနဲ့ ဘယ်လိုပင် တားဆီးပြီး ဆေးဆေး----ဗုဒ္မဘုရားရှင် ဟောကြားထားသော မဂ္ဂဆေးတော်ကို ကိုယ်တိုင် အသိ၊ သတိဝိရိယ၊ ပညာဥာဏ် မ၀င်စားကြသေးဘဲ ဘ၀ သံသရာထဲမှာ မျောနေကြအုံးမယ်ဆိုရင် မိုးမဆုံးနိုင်အောင် ဆက်လက်ဖြစ်နေကြပေဦးမည်…။လောကဘ၀ဇာတ်ခုံထဲက ဘ၀အစုံ၊ ဌါနအစုံ ၊ဒေသ၊နေရာအနှံ့မှာ အဆိပ်လူးနေကြသော လက်များ ကင်းစင်ပပျောက်ကြပါစေ……။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၀၉ ခု၊ ဇွန်လ (၁၁)ရက်နေ့ နံနက်(၃း၃၀)နာရီရေးပါသည်။
READMORE