အမြင်
ရွှေလမ်းငွေလမ်းဝင်းကြည်
လူငယ်တစ်ဦးရဲ့ နွေဦး လေရူးနဲ့အတူ ပူးတွဲပေါ်ထွက်လာတဲ့ ရင်ခုန်သံ………
ကျွန်တော့်သူငယ်ချင်းတစ်ဦးဆီကို ကိစ္စ တစ်ခုနဲ့ သွားရောက်ခဲ့ပါတယ်။ အချိန်က ညတစ်ည လသာသာ-မီးမလာတဲ့ ညပေါ့။ နေရာဒေသက မြေလတ်မြို့တစ်မြို့ပါ။ မြို့လို့ အမည်ပေးထားသော်လည်း ကျွန်တော်တို့ မွေးရပ်ရွာ တောနယ်ပုံစံအတိုင်းပါပဲ။ မီးမလာလို့ လမင်းကြီးကိုပဲ အဖော်ပြုနေရပါတယ်။ သဘာဝလမင်းကြီးက တိမ်ညိုတွေ ကင်းစင်နေရင် လဆန်းရက်မှာ အချိန်မှန် လင်းပေးနေပါတယ်။ ယခု မြို့ကလျှပ်စစ်မီးတွေကတော့ “မလာတစ်ည၊ လာတစ်ည၊ စကားနှစ်ခွ ပုံမသေ” ဆိုတဲ့ သီချင်းလိုပါပဲ။ သူငယ်ချင်းအိမ်ရောက်တော့ အိမ်ရဲ့အောက်ထပ်က တိတ်ဆိတ်နေပါတယ်။ အိမ်အပေါ်ထပ်မှာတော့ အဖွားတစ်ဦး ဘုရားစင်ရှေ့မှာ ဖယောင်းတိုင်၊ အမွှေးတိုင်များ၊ ပူဇော်နေတာ ကို လှမ်းမြင်တွေ့ရပါတယ်။ ဘုရားရှိခိုးသံ ပရိတ်တရားတော်များ ရွတ်သံ၊ မေတ္တာပို့သံ၊ ကြေးစည်ထု အမျှဝေသံများ တဝေေ၀နဲ့ ကျွန်တော့်ရင်ကို ချမ်းမြေ့စွာ ဆီးကြိုနေပါတယ်။ စိတ်ထဲက သာဓုသုံးကြိမ် ခေါ်ဆိုမိခဲ့ပါတယ်။
လူငယ်တစ်ဦးထွက်လာပါတယ်။ ကျွန်တော့်ကို လရောင်အောက်မှာ သူက ပြုံးပြပြီး ဆီးကြိုပါတယ်။ လသာသာ သူတို့အိမ်ရှေ့က ကွပ်ပျစ် ကလေးဆီကို ခေါ်သွားပြီး ကျွန်တော့်ကိုနေရာပေးပါတယ်။
“ အစ်ကို ထိုင်ပါ ခင်ဗျား. အစ်ကို့ သူငယ်ချင်းက မကြာခင် ပြန်လာမှာပါ”
အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်တစ်ဦးပါပဲ။ ကျွန်တော်လည်း လူငယ်ရဲ့ ဘေးမှာ ၀င်ထိုင်လိုက်ပါတယ်။ “ ညီလေးတို့အိမ်က စက်သုံးဆီအရောင်းအ၀ယ်လုပ်ငန်းတွေ ကောင်းရဲ့လား” စသည်ဖြင့် စကားစပြီး မေးလိုက်ပါတယ်။
လူငယ်ကလေးက ကျွန်တော့်ကို စကားတွေ တသွင်သွင်ပြောပြီး စတင် ဧည့်ခံပါတော့တယ်။
“ အစ်ကို-အစ်ကို့ သူငယ်ချင်း ကျွန်တော့် ယောက်ဖလုပ်နေတဲ့ -ဆီမှောင်ခို လုပ်ငန်းလား?။ အလုပ်မဖြစ်တော့ဘူး-။ ယခင်တုန်းက - ပုဒ်မ ၆(၁)တဲ့-ယခုတော့ အပက(၃)တဲ့။ ငွေအရင်းကလည်းအရင်းနှီးကြီးတယ်-ဥပဒေအပြစ်ကလည်းကြီးတယ်-အစ်ကို။ ပိုဆိုးတာက ဒေသတာဝန်ခံအာဏာရှိ ပုဂ္ဂိုလ်တွေ က လစဉ်ကြေး၊ ဆက်ကြေးတွေကိုတောင်းတာ သိပ် အတောင်းကြမ်းတယ်ဗျာ…။သူတို့ပြောတဲ့ လဘက်ရည် ဘိုး၊ အအေးဘိုးပေးပါတဲ့ဗျာ- ။ နှစ်ရာ၊သုံးရာမမှတ်နဲ့၊ ထောင်ချီ-သောင်းချီ-တောင်းကြတာကိုး၊ သူတို့မိသားစုဘ၀တွေ အစစအရာရာ ပြည့်စုံပြီး-အေးချမ်းသာယာအောင် တစ်ခါတည်း အပွကြံ တောင်းလိုက်တဲ့လဘက်ရည်ဘိုး၊ အအေးဘိုးပဲ ဆိုပါတော့ဗျာ-ဟဲဟဲ..။
ကျွန်တော်လည်းကြားရတာကြောင့် “ မကိုက်ရင် မလုပ်ကြနဲ့ ငါ့ညီတို့-ဥပဒေတွေက သိပ်ကြောက်စရာ ကောင်းတယ်။ သူတို့ကို မကြောက်ရတဲ့ သမ္မာအာဇီဝလုပ်ငန်း တွေကို ရှာလုပ်ကြပါကွာ”
ကျွန်တော့် အပြောကို လူငယ်က ခွက်ထိုးခွက်လန် ရယ်နေပါတယ်။ ကျွန်တော် စကားတွေ ထဲမှာ ရယ်စရာဆိုတာ တစ်ခု မပါခဲ့တာ၊ ရယ်ပြီး လူငယ်က စကားဆက်ပါတယ်။
“ အစ်ကိုက ကြောက်လို့ ပြောတာလား- ခေတ်ကြီးကို အပြစ်ကြီး ဆိုတော့မှာလား- ဘယ်သူကို မှ အပြစ်မဆိုကြပါနဲ့- ကျွန်တော်တို့ဘ၀အတွက် လောကကြီးက မကြာခင် သာယာလာတော့မယ်။ လောကကိုထာဝရစောင့်ကြပ်နေတဲ့ လောကပါလနတ်မင်းကြီးက လူသားအားလုံးအတွက်ကောင်းကျိုးတွေပေးဖို့ ပေါ်လာတော့မယ်လို့၊…….. စာရေးဆရာမ တစ်ဦးကလည်း ရေးသားထားတာ တွေ့ရတယ်။ များမကြာမီ နှစ်-နှစ်၊ သုံး-နှစ်ခန့်မှာပဲ လူနေမှု စနစ်တွေ တိုးတက်ပြောင်းလဲ လာကြတော့မယ် အစ်ကို။ အထက်နဲ့အောက်တာဝန်တွေ ကိုယ်စီယူပြီး လူသားအားလုံး ချမ်းသာကြီးပွားလာကြတော့မယ်-။ သဘောကတော့ ညီလေးတို့ အိမ်မှာ မိသားစု ရဲ့ ဆိုးမွေကောင်းမွေ၊ ဆိုးကျိုး၊ ကောင်းကျိုးကိစ္စတွေမှာ အဖေနဲ့အမေက တာဝန် ယူထားရသလိုပဲ ရပ်ကွက်ထဲမှာလည်း အဲဒီ ရွာမိရပ်ဖတွေက ကိုယ့်ရပ်ကွက်ထဲမှာရှိတဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေလာကြအောင် ဆောင်ရွက် ပေးကြတော့မယ်။ အရင်းအနှီးလိုနေတဲ့ လက်လုပ်လက်စားဆင်းရဲသားနဲ့ လူလတ်တန်းစား တွေကို လိုအပ်တဲ့ အရင်းအနှီးငွေတွေကို ရွာမိရွာဖတွေရဲ့ လက်မှတ်တွေနဲ့ ဘဏ်တွေမှာ လိုသလောက်ထုတ်ဖို့ ရေးပေးကြမယ်။ သတ်မှတ်ထားတဲ့အချိန်ကြရင် ပြန်တောင်းရမယ်။ ယူတဲ့သူကလည်း မှန်မှန်ယူ၊ ပြန်ပေးတော့လည်း မှန်မှန်ပြန်ပေး စနစ်တွေနဲ့ ဆောင်ရွက်ကြမယ်။ စား-၀တ်-နေ ရေး အဆင်မပြေဘူးဆိုတာ လုံးဝ မရှိစေရဘူး။ လောဘအတောမသတ်တဲ့ လောဘကြီး မတရားမှုတွေကို လောကပါလ တရားနဲ့ အလိုလို အဆုံးအမ ပေးသွားပါလိမ့်မယ်…..”
စာရေးသူ ကျွန်တော်ဟာ ဒီလူငယ် မရပ်မနား ဒလစပ် ပြောသွားသော စကားများထဲက ခေတ္တစကားအပြတ်မှာ-
“ င့ါ ညီ ပြောတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အောက်ခြေက စရမယ့် ရွာမိရွာဖတွေရဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့် စာရိတ္တက မှန်ဖို့ လိုပါသေးတယ်လေကွာ….။ ”
လူငယ်က ကျွန်တော့် စောဒက ကို လုံးဝ လက်မခံပါ၊၊ ကျွန်တော့်ရှေ့တည့်တည့်ကို လာပြီးမတ်တပ်ရပ်ပါတယ်။ အသံမာမာနဲ့ စကားဆက်ပြောပါတယ်။
“ ဒီမှာ အစ်ကို လူသားတွေဟာ ဘာမဆို အရာရာကို စွမ်းဆောင်နိုင်ကြပါတယ်။ ခေတ်တို့ စနစ်တို့ ဆိုတာလည်း လူသားတွေ ဖန်တီး ယူကြတာပါ။ခေတ်တွေကို အရုပ်ဆိုး အကျဉ်းတန်အောင်၊ ကျဆင်း-တိုးတက်အောင် သာယာဝပြောလာအောင် ကျွန်တော်တို့ လူသားတွေက ဆောင်ရွက်နေကြတာပါ။ အဲဒီ ခေတ်ကြီးကို အပြစ်ကြီးဆိုနေတဲ့ လူသားတွေနဲ့-ညီလေး စောစောကပြောခဲ့တဲ့ ဆင်းရဲသားလူသားတွေရယ် -ရွာမိရွာဖတွေရယ် အထက်အောက်၊ တာဝန်ကိုယ်စီ ကျေပွန်အောင် ဆောင်ရွက်ကြမယ်ဆိုရင် ပန်းတိုင်းကို ရောက်ကြမှာ မလွဲဧကန်မုချပါဗျာ…။ညီလေး ပြောထားတဲ့ နောက် နှစ်-နှစ်၊ သုံး-နှစ်ခန့်ဆိုရင် ဖြစ်ကိုလာရမယ်။ အစ်ကို သေသေချာချာ မှတ်ထားပါ”။
“အဲ နောက်တစ်ခု ညီလေး ပြောပြမယ်-လူသားတွေရဲ့ ၀မ်းဗိုက်တွေထဲမှာ မကောင်းတဲ့-မသန့်ရှင်းတဲ့ စွဲလမ်းမှုတွေ၊ အပူတွေ၊ အပုပ်တွေ၊ သလိပ်တွေ၊ သွေးတွေ၊ ရှိနေကြတယ်။ ဒီမကောင်းတဲ့ ၀မ်းထဲက အပူ၊ အပုတ်တွေ ကင်းသွားအောင် စွမ်းဆောင်နိုင်တဲ့ ဆေးတစ်မျိုး၊ အဲဒီအချိန်မှာ ပေါ်ကိုလာရမယ်အစ်ကို။ အဲဒီဆေးက ဘာဆေးမှတ်သလဲ၊ လူသားတိုင်း မှန်မှန်သောက်သုံးရမယ့် စာရိတ္တမှန်ဆေးတဲ့….။ များမကြာမီမှာ ပေါ်လာကြတော့မယ်။ ဟဲဟဲ---အဲဒီ ပေါ်လာမယ့် အချိန်ကို…. ဧရာဝတီမြစ်ကမ်း နံဘေးမှာသွားပြီး ညီလေး စောင့်မျှော်နေအုံးမယ်ဗျို့…………………………………..။”
အပိုင်း (၂)ကို ဆက်လက်ရေးသားပါဦးမည်…..
ရွှေလမ်းငွေလမ်းဝင်းကြည်
(၂၀၀၉ ခု၊ ဇွန် ၂၇ ရက်နေ့၊ နံနက် ၃း၃၀နာရီ တွင်ရေးပါ၏)
0 comments:
Post a Comment