ရင်နာစရာ စကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ

(၁)
လူ့ဘ၀ဆိုတာ စိတ်တိုင်းကျဖြစ်ချင်ကြပေမယ့်၊ ဖြစ်ချင်တာ မဖြစ်၊
မဖြစ်ချင်တာတွေဖြစ်ကြစမြဲပါ..။ လောကဓံတရားရဲ့ လှိုင်းအပုတ်မှာ
မြုပ်သူတွေကမြုပ်၊ ပေါ်သူတွေက ပေါ်၊ ကျော်နိုင်သူဆိုတာ ဘုရား၊ ရဟန္တာတွေက
လွဲလို့ မည်သူမျှ
မျိုးစေ့မမှန်၊ ပင်မသန် ဖူးတံငုံကင်း၊ အသီးဖျင်း၏ဟု ရှေးပညာရှိများက
စာဆိုထားခဲ့ကြပသေည်။
ကိုကျော်ငွေ တစ်ယောက် အတွေးစများထဲမှ ဖောက်ထွက်ပြီး ဒေါသထွက်နေမိ၏။
မည်သူ့ကို ဒေါသထွက်ရမည်နည်း၊ လောကကြီးကိုလား..။
ပတ်ဝန်းကျင်ကိုလား…ကွယ်လွန်သွားတဲ့ ဖခင်ကြီးကိုလား..လက်တွေ့ပြဿနာ
တွေပေးနေသော သားကြီး ၀င်းထွန်းကိုလား…အထိန်းမတတ်တဲ့ မိန်းမကို
ဒေါပွရမှာလား..သို့လော…တွေးတော ဒေါပွနေရပေပြီ.။
ကိုကျော်ငွေ လူပျိုပေါက်ဘ၀ ဥတစ်လုံး တစ်ကောင်ကြွက် ဘ၀မှာ ငယ်ချစ်ဦး
ဖခင်ထံ သူ့သမီးကို လက်ထပ်လိုကြောင်း ၀င်ပြောစဉ်ကလဲ ဒီလို စကားမျိုးကို
အပြောခံခဲ့ရပါ၏။
“မောင်ကျော်ငွေ…မင်းက လူကြီး တစ်ယောက်မှ မပါဘဲ င့ါသမီးကို
လက်ထပ်ချင်တယ်၊ ခွင့်ပြုပါဆိုတော့ မင်းတို့လို မျိုးရိုးကမကောင်း၊
အကျင့်စာရိတ္တကလဲ မကောင်းကြတဲ့ မျိုးရိုးကို ငါ လုံးဝ သဘောမတူနိုင်ပါဘူး။
မင်းအဖေ ဦးကျော်ဆိုတာ မိန်းမတွေ မှိုလိုပေါက်အောင် ၄ ၊ ၅ ယောက်လောက်
ယူထားတာ ပတ်ဝန်းကျင်က အားလုံးအသိ၊ မင်းအဖေဗီဇ မပါဘူးလို့ မပြောနိုင်ဘူး
မဟုတ်လား။ င့ါသမီးနဲ့ လုံးဝ မပေးစားနိုင်ဘူး၊ မင်းပြန်ပါတော့….။
ကိုကျော်ငွေ စိတ်နာစွာနဲ့ မွေးရပ်မြေနဲ့ဝေးရာ မြေလတ်မြို့ တစ်မြို့သို့
ပြောင်းရွှေ့လာခဲ့၏။ ငယ်ချစ်ဦးနဲ့ ကွဲခဲ့ပြီး၊ လွဲခဲ့ရပြီ၊
သုံးနှစ်သုံးမိုးချစ်ခဲ့ကြိုက်ခဲ့ရသော ငယ်ချစ်ဦးကို ဘယ်လိုပင်ခေါ်ခေါ်
လုံးဝမရ ။ လူကြီးစုံရာနဲ့ တောင်းရမ်းကန်တော့အုပ်တင်ယူမှ လိုက်မယ်တဲ့။
ကိုကျော်ငွေ ဘာတတ်နိုင်တော့မှာလဲ။

(၂)
ကိုကျော်ငွေသည် ဒီမြို့မှာ ဆီစက်ပိုင်ရှင်ဖြစ်၏။ ခေတ်ပညာတတ်
မိန်းမတစ်ဦးဖြစ်တဲ့ မရွှေပိုနဲ့ အိမ်ထောင်ကျ၏။ သားတစ်ယောက်၊ သမီးတစ်ယောက်
ထွန်းကားရရှိလာ၏။ ကိုကျော်ငွေမှာ သူ့ဘ၀ မိဘမဲ့၊ ပစ္စည်းမဲ့ဘ၀က
တက်လာသူဆိုတော့ စည်းကမ်းက ကလားနားကြီး၏။ ချွေတာ၏။ ငွေရှာရာတွင် ၀ိရိယ
ကောင်း၏။ ဘ၀ကို နာတတ်၏။ သူ့ကို မတူမတန်၊ လူမဆန်စွာ ဆက်ဆံခဲ့သော
မတော်ခဲ့ရတဲ့ ငယ်ချစ်ဦးရဲ့ ဖခင် ယောက္ခမကို နာခဲ့မိ၏။ ယခုယူထားသော ဇနီး၏
ယောက္ခမကလည်း ကိုကျော်ငွေကိုမျိုးရိုးဗီဇမကောင်း၍ သူ့သမီးနဲ့ လုံးဝ
သဘောမတူ၊ သားကြီး(၆)လသားအရွယ် ရောက်မှ ကိုကျော်ငွေ
အိမ်ထောင်ဦးစီးကောင်း၊ စီးပွားရှာ ကောင်းမှန်းသိကြ၍ ပြန်ပြီးခေါ်ပြော
ဆက်ဆံခဲ့ကြပါသည်။ လောကကြီးမှာ ရွှေရှိ၊ ငွေရှိမှ သမက်တော်ကြတာ
မဆန်းပါကလား။ ဘ၀စီးပွားရေး ပြီးပြည့်စုံကြသော်လည်း ဘ၀အိမ်ထောင်ရေး၊
လူမှုရေးမှာ ပြီးပြည့်စုံသည် မရှိကြပါ…။
ကိုကျော်ငွေမှာ သူ့ပတ်ဝန်းကျင် သူငယ်ချင်းများထဲမှ နောက်မိန်းမယူတယ်၊
ဖောက်ပြန်ကြ တယ်ဆိုရင်ဆရာကြီးတစ်ဆူလုပ်ပြီး ပြစ်တင် ရှုတ်ချ
ဝေဖန်တတ်ပေသည်။ ရစရာ မရှိအောင် ခေါင်းမဖော်ဝံ့အောင် ပြောတတ်ဆိုတတ်ပါသည်။
တစ်လင်တစ်မယားစနစ်ကို အသက်ထက်ဆုံး လိုက်နာကျင့်သုံးမည် ဆိုသော မာနကို
လက်ကိုင်ပြုထားသူ ဖြစ်ပါသည်။
လောကကြီးမှာ အရာရာကို ငါပိုင်၊ ငါနိုင်ပြီဟု တစ်သမတ်တည်း တွက်၍ မရပါ။
ဒီပွဲတော့ ငါနိုင်ပြီ၊ ဒီကောင်တော့ မှားကွက်တွေ့ပြီ၊
ဘာတတ်နိုင်သေးလဲဆိုပြီး၊ နိုင်တိုင်းပြော၍ မဖြစ်ပါ။ ကိုယ့်အတွက် ရှုံးစရာ
လေး နည်းနည်း ချန်ပြောရဦးမည်ဟု ကိုကျော်ငွေ လုံးဝ မစဉ်းစား၊
မတွေးတောမိတာ အမှန်ပါ။
“ ဒီကောင် တော်တော် အသုံးမကျတာပဲ၊ လက်ရှိ ဇနီးကလဲ ဥစ္စပေါ၊
ရုပ်ချောကြီးပဲ၊ သားတွေ၊ သမီးတွေ ကိုယ်စီနဲ့ လိမ္မာကြတာ လွန်ရော၊
စီးပွားရေးဆိုတာလဲ ဘာမှ ပူစရာ မရှိတာကို---နောက်မိန်းမ ယူလိုက်တာ
သိပ်မှားတယ်၊ ပြီးတော့ ယခုယူတဲ့ သူ့နောက်မိန်းမရဲ့ ရုပ်ရည်ကလဲ
ပထမဇနီးကြီး ခြေဖျားတောင် မမှီပါဘူး၊ သွားပြီ--ဒီကောင် ဘ၀ပျက်တော့မယ်။
ထိုကဲ့သို့ ပိုင်စိုးပိုင်နင်း ကိုကျော်ငွေ အပြစ်တင်တတ်၏။

(၃)

လောကမှာ “ ငရဲ အပ ၀ဋ် အမြဲ” ဟု ရှေးပညာရှင်များက ဆိုကြ၏။
ငရဲကျသည်ဆိုသည်မှာ နောင်ဘ၀ ကူးပြီးမှ ကျသည်။ ၀ဋ်လိုက်ခြင်းသည် ဘ၀မကူး၊
လက်ရှိဘ၀၀ယ် ဖြစ်ကို ဖြစ်ကြရ၏။ မျက်မြင်ကိုယ်တွေ့ များစွာ ရှိကြပါသည်။
ယခုတော့ သူတစ်ပါးကို ပြောစရာရှိရင် တအားကြီး နိုင်ထက်စီးနင်း ပြောတတ်သော
ကိုကျော်ငွေ တစ်ယောက် ၀ဋ်လည်ပေတော့သည်။ ဘ၀ မကူးတော့ပါ။ ယခု ဘဝ
အရှင်လတ်လတ်ကြီး ၀ဋ်လည် အပြောခံရပေတော့သည်။
ကိုကျော်ငွေ ဆီစက်ပိုင်ရှင် မဖြစ်မီ ဆည်မြောင်းစီမံကိန်း တစ်ခုတွင်
ယာဉ်မောင်း တာဝန်ထမ်းဆောင်ခဲ့၏။ စီမံကိန်းမှ
ဒီဇယ်များသယ်ယူရေးလုပ်ငန်းမှာ ကိုကျော်ငွေသည် ကားတစ်စီးဖြင့်
တာဝန်ထမ်းဆောင်ရ၏။ မုန်းဆည် စီမံကိန်းသို့ စလင်းမြို့ အနောက်ဘက်
ဆည်မြောင်းကြားစခန်းမှ ဒီဇယ်များကို တစ်နေ့ (၂)ခေါက် သွားပြန်
သယ်ပို့ရပေသည်။ မော်တော်ယာဉ်ရပ်နားသော လမ်းခုလတ်စခန်းမှာ
မြောင်းဦးရွာဖြစ်၏။ မြောင်းဦးရွာမှာ ချင်းအမျိုးသားများ အများစု
နေထိုင်ကြပါသည်။ စားသောက်ဆိုင် (၂)ဆိုင်သာ ကြိုက်ရာ ဆိုင်မှာ ၀င်၍နားရ၊
စားရ၏။ ကြိုတင်မှာထားမှ ကောင်းကောင်းစားရ၏။ ကြိုတင် မမှာရင်တော့ “
မိန်းမပြင်းဟင်း”ခေါ် ဘဲဥကြော်သာ ရပေမည်။ ကိုကျော်ငွေ၏ ကားသည်
သည်လမ်းမပေါ်မှာ သန်းခေါင်၊ သန်းနွှဲ နွေ၊ မိုး၊ ဆောင်း ကာလသုံးပါး
သွားလာခဲ့ရသည်။
“ ဒို့ကား စလင်းက ဒီည ပြန်လာရင် ထမင်း စားမယ်နော်”
ကိုကျော်ငွေ၏ တပည့် မောင်ကြိုင်(စပယ်ယာ)က ထမင်းဆိုင်ကို မှာနေ၏။
ဆိုင်ထဲမှ ကောင်မလေး တစ်ယောက် ပြေးထွက်လာ၏။
“ ဟိုး..ဟိုး ဦးကျော် ကားရပ်ပါဦး၊ ကျမ စလင်းကို ဈေးဝယ်လိုက်ချင်လို့
ခေတ္တစောင့်ပါ။ ညဘက်ပြန်တက်မှာ သေချာရဲ့လား၊ ဈေးဝယ်ပြီး ကျမတစ်ခါတည်း
ပြန်လိုက်မှာနော်..နော်..။
ကိုကျော်ငွေကို တားသူမှာ ဆိုင်ပိုင်ရှင်၏ ညီမ ဖြစ်ပါသည်။
ပိန်ပိန်ရှည်ရှည်၊ ခက်သွက်သွက်၊ ခပ်ထက်ထက် ကောင်မလေး၊ အသားညိုညို
ရုပ်ရည်က မျက်နှာရှည်ရှည်၊ မျက်လုံးက ပြူးပြူး၊ အရပ်ရှည်သလောက် စိတ်ကတော့
တိုပေ၏။ အသံကလည်း စွာစွာကျယ်ကျယ်လည်း ရ၏။ ချွဲချွဲနွဲ့နွဲ့နှင့်
ညင်ညင်သာသာလည်း ပြောတတ်ဆိုတတ်ပါ၏။ စလင်း အထကကျောင်းတွင် နေခဲ့သူဖြစ်ပါ၍
ချင်းစကား၊ ဗမာစကား (၂)မျိုးစလုံးကို သွက်သွက်လက်လက် ပြောဆိုတတ်ပေသည်။
အသက်အရွယ်(၃၀)ခန့်ဆိုတော့ အပျိုကြီး ဖြစ်၏။
““ကျမ မေးနေတာ ပြောလေ ဒီည သည်ကို ပြန်တက်မှာလားလို့ ဘာလို့ လူကို
ငေးကြည့်နေတာလဲလို့ ။””
“ ဟေး ..ငါ(ညီး)ကို ငေးကြည့်တာ ကြာသွားသလား၊ ဒီညကား ပြန်တက်မှာ
လိုက်ခဲ့၊ လိုက်ခဲ့၊ ဦးနဲ့ လိုက်မှာဆိုတော့ အပြန်ထမင်းစားရင် ညည်းလက်ရာ
ဘယ်လိုလုပ် စားရတော့မှာလဲ”
ကိုကျော်ငွေသည် သူမ၏ အစားအသောက် လက်ရာများကို သိပ်ခံတွင်းတွေ့ပြီး
ထမင်းမြိန်၏။ သူမသည် စားသောက်ဖွယ်ရာ ဟင်းလျာချက်တာ မပြောနဲ့ အသီးအရွက်
မျိုးစုံသုပ်လျှင်လည်း သိပ်ကောင်း၏။ မိန်းမတစ်ဦး၏ ယောက်ျားတို့အား
စွဲစွဲလမ်းလမ်းဖြစ်အောင်၊ စွဲနေအောင်၊ တမ်းတနေအောင် နည်းပညာတစ်ခုမှာ
ချက်နည်း၊ ပြုတ်နည်း နည်းပညာသည် အရေးပါပေသည်။ ဒါကြောင့် ဤဆိုင်တွင်
သူမကို မြင်နေရှိနေမှ ကိုကျော်ငွေသည် ကားရပ်၍ စား၏။ ယောက်ျားတကာတို့၏
ချစ်တတ်ခြင်းသည် ပါးစပ်အရသာဖြစ်သော အကောင်းကြိုက်တတ်သော လျာက
စတင်မြစ်ဖျားခံလာ၏။ စပယ်ရာက “ ဆရာသမားကတော့ သူ့လက်ရာကို
သိပ်စွဲနေပြီနော်၊ ဒီမြောင်းဦးက တောင်ရိုးမှာ နှစ်တိုင်းပေါက်တဲ့
မျှစ်တွေ စားထားတာ ဗိုက်ထဲက ပြန်ထုတ်ရင် ကားတစ်စီးတိုက်ရှိလောက်ပြီ၊ဟဲ…ဟဲ
ဆရာကတော့ ဒီကလေးမလေးကများ လွှစာမှုန့်တွေ ဆီစိမ်ပြီး ကျွေးရင်
တစ်မြုံမြုံ့နဲ့ပြုံးဖြဲဖြဲကြီး ၀ါးနေစားနေမှာ မြင်ယောင်နေတယ်နော်…”
ချင်းမသည်ဆိုင်ထဲမှ ဈေးခြင်းတောင်း ဆွဲ၍ ထွက်လာ၏။ ကိုကျော်ငွေ၏
ကားရှေ့ခေါင်းထဲ တက်လာပြီး ကိုကျော်ငွေ ဘေးတွင် ကပ်ထိုင်လိုက်ပါသည်။
ကိုကျော်ငွေကို မျက်စောင်းထိုးရင်း-
“ ဦးကျော်ရယ်--ကျမလည်း ဒီကားနဲ့ည ပြန်လိုက်မှာပဲ၊ ညစာ ကျမကိုယ်တိုင်
ချက်ကျွေးပါ့မယ်..တကတည်း အဖြစ်သဲနေလိုက်တာ…”
သည်လိုနှင့် ကားသမားနှင့် ထမင်းဆိုင်က ချင်းမ ဘာမှ မဖြစ်ကြသော်လည်း
လတွေ၊ နှစ်တွေ တစ်စတစ်စ ကြာလာ၍ သွားလာနေကြ၏။ တစ်ညသောအခါ မိုးရွာ၍
မုန်းဆည်သို့ ပြန်အတက် ကန်ပြားရွာနှင့် စလင်းမြို့ကြားတွင် ရှိသော
သက္ကယ်ကျဉ်းချောင်းရေ ဒလဟော ကျနေပေပြီ၊ ကားပေါ်တွင် ကိုကျော်ငွေနှင့်
စပယ်ရာ မောင်ကြိုင်အပြင် သူမတစ်ယောက်တည်း ဈေးဝယ်ရန် ပါလာပေပြီ၊
အိုးချင်းထား၊ အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိကြပေတော့သည်..။
(ချင်သီးနဲ့ဆား အတူထား၍ စားပြလျှင် မြင်ရသော ကြည့်ရသော ဘေးမှလူက
သွားရည်ကျမှာ ဓမ္မတာဖြစ်ပါ၏) စပယ်ရာ မောင်ကြိုင် ကားပေါ်မှ “ ဗိုက်နာတယ်ရာ”
ဟု အကြောင်းပြ၍ ဆင်းသွားပေပြီ။ တစ်ညလုံး ပေါ်မလာတော့ပါ။ နောက်မှ
ကပ်ပါလာသော ကားတစ်စီးပေါ်တွင် စပယ်ရာ သွားအိပ်နေ၏့။
နံနက်(၅)နာရီမှ ကားသည် ချောင်း၏ တစ်ဘက်ကမ်းသို့
ကူး၍ရ၏။မြောင်းဦးရွာသို့ရောက်လာခဲ့သည်။
ဘ၀နဲ့ရင်းပြီး ငို၍ ကားပေါ်မှ ပြေးဆင်းသွားသူမှာ ကိုကျော်ငွေ
စွဲလမ်းနေသည့် လက်ရာရှင်ချင်းမပင် ဖြစ်ပေတော့သည်။
ကားစရီရာရင်ကို ကိုင်လျှက် ငေး၍ ကျန်နေခဲ့သူကတော့ ကိုကျော်ငွေဖြစ်၏။
ခါတိုင်းစားနေကျ။ နားနေကျ၊ ယခုတော့ ဆိုင်ပင် မဆင်းတော့ဘဲ ဆက်၍
ကားထွက်လာခဲ့ပေပြီ။ ကိုကျော်ငွေသည် တစ်ခဏတာ သာယာမှုကြောင့် သူ့ဘ၀၏
သမိုင်းစာမျက်နှာမှာ ကြက်ခြေခတ်သွားပေပြီ။ ဦးနှောက်များသည်လည်း
ချာချာလည်နေ၏။ သူမောင်းလာသော ကားမှာ လမ်းဘေးသို့ ယိုင်ထိုး၊ ယိုင်ထိုး
ဖြစ်နေ၏။ ကိုကျော်ငွေ၏ ဘ၀မှာ လည်းယိုင်ထိုး၍တစ်ဖက်စောင်းသွားပေတော့သည်။

(၄)

“ ဆရာ မြောင်းဦး ထမင်းဆိုင်က အမျိုးသမီးက ဒီစာ ရေးပေးထားခဲ့တယ်၊
ရော့…သူကတော့ ရန်ကုန်ကို ထွက်သွားပြီတဲ့။”
စပယ်ရာ မောင်ကြိုင်ယူလာသော စာကို ကိုကျော်ငွေ ဖတ်၏။


သို့

ဦးကျော်.
.ချင်းမတို့က ရိုးသားဖြူစင်တဲ့ တောင်ပေါ်သူကလေးပါ။ ကိုယ့်ရဲ့ ဦးလေးကြီး
တစ်ယောက်ကို ယုံကြည်အားကိုးခဲ့မိတာကို အခွင့်အကောင်းယူသွားတာ
ခံလိုက်ရတယ်..။ ဦးကျော်တို့ ကားသမားတွေဟာ ဒီလို လူစားတွေပဲလား..။
ဦးကျော်မှာ သား၊ သမီးတွေနဲ့ ဇနီးမယားကြီး ရှိလျှက်သားနဲ့ ရက်စက်လိုက်တာ
ဦးကျော်ရယ်…အများမကြိုက်၊ ဘုရားမကြိုက်တဲ့ ကိစ္စဖြစ်လို့ ဝေးရာသို့
ကျမပြေးသွားပါရစေတော့…လိုက်မရှာပါနဲ့။


ချင်းမ
ဦးကျော်သည် ရခိုင်ရိုးမကြီး၏ တောင်စွယ်ပေါ်မှာ ၀င်သွားတော့မယ့်
နေလုံးနီနီကြီးကို ငေးကြည့်ရင်း စာကို တင်းကြပ်စွာ ဆုပ်ကိုင် ထားနေ၏။
ရင်ထဲမှာ သက်ပြင်းများစွာ မှုတ်ထုတ်ရင်း သူမကို လွမ်းရခြင်း၊
တမ်းတရခြင်းများစွာဖြင့်-
“ ယောကျာ်းဆိုတာ လုပ်ရဲရင် ခံရဲရမှာပါကွယ်…ငါ မင်းကို တွေ့အောင် လိုက်ရှာပါရစေ…”
ကိုကျော်ငွေ ပါးစပ်မှ တစ်တွတ်တွတ် ရေရွတ်နေသော်လည်း နေလုံးနီနီကြီးမှာ
တောင်စွယ်သို့ ကွယ်သွားပေပြီ။ တဒင်္ဂ ခဏတာ အထိအတွေ့ကလေးကို သာယာမိခဲ့သော
တဏှာပေမ အချစ်ရဲ့နောက်မှာ ဖြူစင်သော သူ့ကို သနားမိလာ၏။ စာနာမိလာ၏။
သို့သော် သတိရဲ့ နောက်မှာ အပြေးပြိုင်မိရာ အချစ်၏ နောက်တွင်
မရေမတွက်နိုင်သော မိုင်တိုင်များဝေး၍ ဦးနှောက်မှာ ကျန်ခဲ့ပေတော့သည်။
အချိန်ကာလ ၆-လ ၇-လ ခန့်ကြာလာသောအခါ ပြန်တွေ့ရ၏။ ရန်ကုန်၊ လှိုင်သာယာ
အထည်ချုပ်စက်ရုံတစ်ခုမှာ စက်ချုပ်နေ၏။ သူမ၏ ဗိုက်ထဲမှ ရင်သွေးကို
လွယ်ထားကြောင်း၊ ဗိုက်ဖုံးအင်္ကျီက သက်သေ ပြနေပေပြီ။ ကိုကျော်ငွေ အတန်တန်
တောင်းပန်တိုးလျှိုးပြီး ချော့၍ ခေါ်ရသည်။
“ မဖြစ်ပါဘူး၊ ဦးကျော်ရယ်၊ ကျမတို့က ငွေမရှိပေမယ့်၊ သူများရဲ့
မယားငယ်ဘ၀မှာလည်း မနေပါရစေနဲ့။ ဦးကျော်တို့ရဲ့ သာယာစိုပြေတဲ့
မိသားစုကြီးကိုလည်း မဖြိုခွဲပါရစေနဲ့။ ကျမဘ၀နဲ့ ကျမရှိပါစေ။ ကျမရဲ့
မိဘတွေလည်း မျက်နှာမငယ်ရအောင် စလင်းတစ်မြို့လုံးနဲ့ မြောင်းဦးရွာက မိဘ
မောင်ဘွားတွေလည်း မသိရအောင် ဒီရန်ကုန်မှာပဲ ဇာတ်မြုပ်ပြီး ဒီကလေးကို
မွေးသွားမှာပါ..။
“ ငါ ယောက်ျားပါ..ကိုယ်လုပ်ခဲ့တာ ကိုယ်ခံပါရစေ။ နင်မလိုက်ရင်လဲ
ယခုမွေးလာမဲ့ ကလေးအဖေ အမည်ခံရအောင် တရားရုံးတစ်ခုမှ
လက်ထပ်စာချုပ်ထိုးပေးသွားပါရစေနော်..”။
သူမသည် တော်တော် ခေါင်းမာနေ၏။ ကိုကျော်ငွေမှ ဦးဆောင်၍ သက်ဆိုင်ရာ
တရားရုံးသို့ ခေါ်သွား၏။ ကိုကျော်ငွေလည်း ဆည်မြောင်းမှ ခွင့်(၁၅)ရက်ယူလာ၏။
ကိုကျော်ငွေ၏ ဇနီးကြီးနှင့် သားသမီးများကိုတော့ ရန်ကုန် စက်ပစ္စည်းဝယ်/
သင်တန်းတက်ဟု လိမ်ညာလာခဲ့ရ၏။ သူမအတွက် မီးဖွားစရိတ်များပေး၍ အိမ်ခန်း၊
တစ်ခန်းငှားပေးခဲ့ပြီး ပြန်လာခဲ့ရပေတော့သည်။
အလိမ်အညာဆိုသည်မှာ အချိန်အခါ မရောက်သေး၍ မပေါ်သေးခင်သာ ပျော်စရာ
ကောင်းပါ။ ကိုကျော်ငွေ၏ ဇနီးကြီးနှင့် သားသမီးများ သိသော နေ့တွင်ကား
ဒေါသူပုန်ထကြပါတော့သည်။ ကိုကျော်ငွေ တာဝန်ထမ်းဆောင်သော မုန်းဆည်သို့
မိသာစု လိုက်ပါလာကြတော့သည်။ မိသားစု ဆိုသည်မှာ ဥမကွဲ၊ သိုက်မပျက်
စည်းစည်းလုံးလုံး အတူနေကြမှသာ ပျော်ရွှင်သော မိသားစု အိမ်ထောင်ရေး
ဖြစ်ကြမည်။ မယ်တစ်ရွာ၊ မောင်တစ်မြို့ဖြင့် ငွေနောက်ကို တစ်ကောက်ကောက်
လိုက်ရှာနေကြမည် ဆိုပါလျှင် အိမ်ထောင်ရေးမှာ “ မီးဝေးရင် ချိတ်မာသည်” ဟု
ရှေးလူကြီးများစကားအရ အိမ်ထောင်ရေး ဖောက်ပြန်မှုများ ဖြစ်လာတတ်၏။
အိမ်ထောင်ရေး မဖောက်ပြန်လျှင်လည်း ယောက်ျားသားများသည် အသောက်အစား၊
လောင်းကစားဘက်တွင် တစ်ခုခုကို အားသန်ပြီး လမ်းမှားကို ရောက်လာတတ်ကြပေသည်။
ကိုကျော်ငွေနှင့် ရသော ရင်သွေး သမီးကလေး (အိအိဝင်း)ကို
ချင်းမမွေးဖွားခဲ့သည်။ ကိုကျော်ငွေကိုလည်း လက်မှတ်ထိုးပြီးနောက်
သူ့ထံသို့ လုံးဝ မလာရန်၊ မိသားစုကို ပစ်ပြီး၊ သူ့ဆီကို လုံးဝ မဆက်သွယ်ရန်
မှာထားပေသည်။ ကိုကျော်ငွေ ထောက်ပံ့နေသော ငွေမှာ သမီးလေးဘဝ
ကောင်းစားရေးအတွက်ကြောင့်သာ လက်ခံခဲ့ရပေသည်။
“ သွားပါတော့၊ ပြန်ပါတော့ ဦးကျော်ရယ်၊ ချင်းမတို့က ဂုဏ်ပကာသန
စီးပွားဥစ္စာတွေ မရှိပေမယ့် ကိုယ်ကျင့်သိက္ခာကို ထာဝရ လက်ကိုင်ထားမယ်။
လူပုံအလယ်မှာ မျက်နှာငယ်၊ အရှက်ကွဲ၊ သူများ တံတွေးကွက်ထဲ ပက်လက်မျောပြီး၊
အပြောမခံရပါစေနဲ့။ ရှင်တို့ ကားသမားတွေလို ကလီကမာတွေပြော၊ အိုင်တွေ့ရင်
ခြေဆေးကြသူတွေနဲ့ မတွေ့ပါရစေနဲ့တော့။ မပေါင်းပါရစေနဲ့..ရှင်” ဒီကလေးကို
ရဲရဲဝံ့ဝံ့ ရင်မှာ လွယ်ထားခဲ့တာလည်း ဦးကျော်ကို အပိုင်ချိုင်ချင်လို့
မဟုတ်ဘူးနော်..။ အပြစ်မရှိပဲ လူ့ဘ၀ထဲကို ၀င်လာမယ့်ကလေးကို
မိခင်မေတ္တာအပြည့်နဲ့ ကျွန်မ ပြုစုယုယ ကြိုဆိုသွားမှာပါ.. ရှင်ပြန်ပါတော့
ဦးကျော်…နောင်ကို ဘယ်တော့မှ မလာခဲ့ပါနဲ့..။”
ရင်နာစရာ စကားကို ကိုကျော်ငွေ ထပ်ခါ ထပ်ခါ ပြန်လည် ကြားယောင်နေပါသည်။
သူမထံသို့ တပည့် စပယ်ရာ မောင်ကြိုင်ကို ကလေးအတွက် ဒုတိယ အကြိမ်
စရိတ်ပေးရန် စေလွှတ်လိုက်၏။ အပြန်တွင် သူမမှ ဘာမှာလိုက်သေးသလဲ မေးရာ
“ ဆရာ၊ ဆရာပေးတဲ့ငွေတွေ အကုန်ပြန်ပေးလိုက်တယ်” မှ လွဲ၍ ဘာမှ ဆက်မကြားရတော့ပါ။
လမှ နှစ်တွေပြောင်း၊ နွေ(၂)ခါကျ၍ ပူသော အချိန်(၂)နှစ်အကြာမှာ ချင်းမထံမှ
သတင်းဆိုးတစ်ခု ထပ်မံကြားရပေသည်။ သမီးလေး အိအိဝင်း ဆုံးသွားပြီတဲ့။
ကားသမား သူငယ်ချင်း မောင်သံလုံး လာပြော၍ ကိုကျော်ငွေ ၀မ်းနည်းစွာ
ကြားခဲ့ရပေသည်။ မိသားစုနဲ့အတူ ရှိနေစဉ် လာပြော၍ အားလုံးကြား၊
အားလုံးသိသွားကြပါသည်။ ကိုကျော်ငွေ၏ ဇနီးနှင့် သားသမီးများမှ
“ ကောင်းတာပေါ့ ကိုသံလုံးရယ်၊ အိမ်က ကိုကျော်ငွေအတွက် တစ်တောရှင်း၊
တစ်ဇာတ်သိမ်းသွားတာပေါ့…”
ကိုရွှေငွေ၏ ဇနီး မရွှေပိုမှ စကားဆိုပါ၏။
ကိုကျော်ငွေသည် မီးဖွားမဲ့ရက်တွက်၍ ရန်ကုန်သို့တစ်ခေါက်သွားခဲ့မိသေး၏။
မီးဖွားပြီး (၇)ရက်ပြည့်မှ ပြန်လာခဲ့၏။ သူမက မလာခဲ့ရန် တားထားသော်လည်း
မိဘရဲ့ မမြင်ရတဲ့ မေတ္တာ၊ ဖြတ်မရတဲ့ သံယောဇဉ်ကြိုးက ကိုကျော်ငွေ၏ ရင်ထဲမှာ
ရစ်ပတ်နေပေသည်။
“ င့ါသမီးလေးကို ကြည့်ခွင့်ပေးပါကွယ်..”
“ ဦးကျော်…..ရှင် ဘယ်လိုမှ
ပြောမရပါလား…မလာခဲ့ပါနဲ့ဆို…….ရှင်နောက်တစ်ခါလာခဲ့ရင် ကျမနဲ့ သမီးကလေးကို
လူ့ဘ၀မှာ မမြင်ရတော့ဘူး မှတ်ပါ..ရော့ ရှင့်သမီးကို ကြည့်ပြီး
မြန်မြန်ပြန်ပါတော့”
ကိုကျော်ငွေ (၇)ရက်လုံး သမီးကို ကြည့်ဖို့ ကြိုးစားခဲ့တာ
အောင်မြင်သွား၏။ သမီးကလေးကို ရင်မှာ ပွေ့ပိုက်ပြီး ဖခင် မေတ္တာတွေဖြင့်
သမီးရဲ့ ပါးနုနုလေးကို တစ်အားနမ်းရှုံ့နေမိ၏။ ဘယ်နှစ်ခါ ဘယ်နှစ်ကြိမ်မှန်း
မသိလိုက်၊ မရေတွက်လိုက်နိုင်ပါ။ သမီးကလေး ငိုတော့မှ ပြန်လည်
သတိရပါတော့သည်။ သမီးကလေးကို ကြည့်ပြီး အမှတ်တမဲ့ ညာဘက်လက်ဖြင့် သမီးလေး၏
အရပ်ကို လက်ဖ၀ါးဖြင့် ထွာ၍ ကြည့်မိပါ၏။
“ ဟာ င့ါသမီးလေးက ဖြူဖွေးပြီး ထွားလိုက်တာ၊ သုံးထွာတောင်ရှိတယ်၊ အရပ်က
ရှည်လိုက်တာ.” ကိုကျော်ငွေ ပါးစပ်မှ လွှတ်ကနဲ အသံထွက်သွားခဲ့၏။
ကိုကျော်ငွေ အသံကြောင့် ချင်းမ ဒေါသ ခြောင်းခြောင်း ထွက်သွားပေသည်။
“ အို ဦးကျော်ရယ်၊ အဲဒီလို မပြောကောင်းဘူး၊ ကလေးအရပ်ကို
မတိုင်းကောင်းပါဘူး..ရှင် ပြန်ပါတော့ နိမိတ်မရှိ၊ နာမာ မရှိ၊…ကျက်သရေ
ယုတ်လိုက်တာ။ ရှင်..သွား…သွား….သွား ရှင်ပြန်ပါတော့.”
“ ယခုတော့ သမီးလေး သေပြီတဲ့၊ ငါနိမိတ်မရှိ၊ ငါလက်နဲ့ထွာပြီး
ကလေးအရပ်ကို တိုင်းခဲ့မိလို့လား….အင်း…သူမခင်ဗျာ အရူးမီးဝိုင်းဖြစ်ပြီ၊
င့ါကိုများ ထပ်ပြီး ဒေါသ ထွက်နေပေအုံးမလား….”
ချစ်၍ မ၀လိုက်တဲ့ သမီးကလေး အိအိဝင်းအတွက် ကိုကျော်ငွေ ရင်ထဲမှာ ကြိတ်၍
ငိုလိုက်၊ စဉ်းစားတွေးတောလိုက်ဖြင့် စိတ်ဂဏှာ မငြိမ် ဖြစ်နေပေပြီ။
လောကအလယ်မှာ သမီးအတွက် တာဝန်မကျေသော ဖခင်တစ်ဦးဖြစ်ခဲ့ရ၍လည်း
ရင်ကျိုးခဲ့ရပါသည်။
ကိုကျော်ငွေသည် အတိတ်က ဖြစ်ရပ်များကို မည်မျှကြာအောင် တွေးတော
ငေးမောနေသည် မသိလိုက်ပါ။ သူ့ရဲ့ ဆီစက်ရုံးခန်းထဲသို့ ရောက်နေသော မိတ်ဆွေ
ကိုသိန်းထိုက် ခေါ်သံကိုပင် မကြားရပါ။
“ ဗျို့ ..ကိုကျော်ငွေ ..ဘာတွေ စဉ်းစားနေတာလဲ…ကျုပ်ရောက်နေတာ ကြာပြီဗျ။…”
“ ဟုတ်တယ်ဗျာ…ကျွန်တော့်အတိတ်ဘ၀ တစ်ရေးနိုး တစ္ဆေ ချောက်ခံနေရတဲ့
ဇာတ်လမ်းကို ပြန်တွေးမိနေတာဗျာ…ကဲ ကျွန်တော် ဘာလုပ်ပေးရမလဲ..”
အရေးကြီးတယ်..ကိုကျော်ငွေ ခင်ဗျားသားကိစ္စ၊ ၀င်းထွန်းကိစ္စပဲ၊
ကိုကျော်ငွေရဲ့ စာရေးမကလေး တစ်ဦးနဲ့ ယခုတော့ ဖုံးမနိုင်၊
ဖိမနိုင်ဖြစ်ပြီ၊ (၂)လရှိနေပြီတဲ့..”
ကိုကျော်ငွေ၏ သားကြီး ၀င်းထွန်းမှာ လွန်ခဲ့သော (၁)နှစ်ကျော်လောက်ကလည်း
သူချစ်သော ကောင်မလေးတစ်ယောက်နှင့် ရန်ကုန်သို့ ထွက်ပြေးပြီး တရားရုံးမှာ
လက်မှတ်ထိုး၍ ပေါင်းသင်းနေထိုင်ခဲ့၏။ ရန်ကုန်မှ အပြန် ကောင်မလေး၏
မိဘများတောင်းဆိုချက်၊ သဘောတူညီချက်အရ သတိုးသမီးအား ပြန်အပ်ခဲ့ပါသည်။
မင်္ဂလာဆောင်ရန် ရက်(၂၀)ခွာချိန်းပြီး နှစ်ဦးသဘောတူညီစွာ ပြန်အပ်ခဲ့ပါသည်။
သို့သော်လည်း ကောင်မလေးမိခင်၏ မာယာအပလီများစွာနဲ့ နေ့ချင်းမတည့်၍
သဘောမတူနိုင်ကြောင်း ပြောပြီး ခွဲခွာခံခဲ့ရပါသည်။ အဲဒီအချိန်မှ စ၍
ဝင်းထွန်းမှာ အရက်ကလေး တမြမြ သောက်တတ်လာ၏။ နေ့စဉ် တော့မဟုတ် တစ်ခါတစ်ရံ
သောက်ကာ အရက်သမားဘ၀သို့ ၀င်ရောက်လာပေသည်။ ဖခင်၏
စီးပွားရေးလုပ်ငန်းမှာတော့ ဒုတိယနေရာမှာ ဦးဆောင် အားကိုးရသူ
တစ်ဦးဖြစ်ခဲ့၏။ ကိုကျော်ငွေနှင့် ဇနီး မရွှေပိုတို့မှ သားကြီး မင်္ဂလာကိစ္စ
တင့်တင့်တယ်တယ် လုပ်ပေးလိုသော်လည်း မိန်းကလေးဘက်မှ ခါးခါးသီးသီး
ဖြစ်နေခဲ့၍ မောင်ဝင်းထွန်း ကံခေခဲ့ရ၏။ ပတ်ဝန်းကျင်မှ ပဲ့တင်ထွက်လာသော
အသံတွေကတော့-
“ ဒီကောင် ၀င်းထွန်းက ပွေတယ်၊ ရှုပ်တယ်၊ သူ့အဖေကလဲ ပွေတယ်..မိန်းမ ကိစ္စ
ရှုပ်တယ်။ မျိုးရိုးဗီဇ မကောင်းဘူး၊ အရက်သောက်ရင်လည်း ၀င်းထွန်းက
ငါတို့ကို မကောင်းကြောင်းပြောတယ်၊ ဒို့သမီးနဲ့ မပေးစားနိုင်ဘူး”
စသည်ဖြင့် ကောင်မလေး၏ မိဘများမှ သတင်းပြောဆိုသံများကြားရ၏။
ယခုတော့ ပို၍ ဆိုးသွားပေ၏။ အလုပ်ထဲမှ စာရေးမ ကလေး တစ်ဦးနှင့် ကလေးတောင်
ရနေပြီတဲ့။ စာရေးမကလေးရဲ့ အဖေနှင့်အမများ ဦးကျော်ငွေထံ လိုက်လာကြပြီး
သူတို့သမီးကို လူသိရှင်ကြား ကန်တော့အုပ်တင်၊ တရားဝင်လက်မှတ် ထိုးပေး
ရမယ်..မပေးရင် သက်ဆိုင်ရာကို တိုင်မယ် တောမယ်..” ဟု ပြောကြား၍ ရောက်လာသူ
ကိုသိန်းထိုက်ထံမှ အကြောင်းစုံ သိခဲ့ရပေသည်။
ကိုကျော်ငွေ သက်ပြင်းတွေ မှုတ်ထုတ်ရင်း စဉ်းစားနေမိ၏။ ဒီကောင်တော့
ဒုက္ခပဲ၊ အရင်ကောင်မလေး(ပထမမိန်းမ)ကလဲ မပြတ်သေး၊ ယခု ဒုတိယ မိန်းမ
ထပ်ယူရမဲ့ အဖြစ်နဲ့ ကြုံနေရပြန်ပြီး ဇနီးဖြစ်သူ
မရွှေပုံနဲ့တိုင်ပင်သော်လည်း လုံးဝ သဘောမတူကြောင်း သိရ၊ သူ့သား
ဒီမိန်းမကို ယူရင် သူသေမှာပဲ ပြောနေ၏။ ကိုကျော်ငွေ လုံးဝ စေ့စပ်၍ ရမည်
မထင်တော့ပါ။
စာရေးမလေးမှာ စိတ်ရင်းစေတနာ သဘောကောင်း၊ အလုပ်ကောင်းပါ၏။ သို့သော်
စာရေးမလေး၏ မိခင်ကြီးမှာ ကိုယ်ရည်မသန့်သော ဒုက္ခိတ ဝေဒနာသည်
ဖြစ်နေရှာပေသည်။
ဖခင်ကိုကျော်ငွေ ခေါင်းထဲတွင် နေခုနှစ်စင်းထွက်၍ ကမ္ဘာကြီး
ပတ်ချာလည်သွားပေတော့သည်။ အလုပ်သမား ၀န်ထမ်းခန့်စဉ် ကာလတုံးက
မိဘမျိုးရိုး၊ ဗီဇကိုမရွေးမိ၊ မကြည့်မိခြင်းသည် ပထမ မဟာအမှားကြီးပေတည်း။
ကိုကျော်ငွေတွေး၍ မချိပြုံး ပြုံးနေမိ၏။ သူတို့က လူမြင်သူ
မြင်မျိုးရိုးဗီဇ မကောင်းတဲ့ ဒုက္ခိတဘ၀…..” ငါကတော့ လူသူ မသိဘဲ
မျိုးရိုးဗီဇမကောင်းတဲ့ အချစ်တဏှာရူးကြီးပဲ။ ပြီးခဲ့တဲ့ (၆)လ လောက်က
ဝန်ထမ်းမကလေး တစ်ယောက်နဲ့ မှားခဲ့မိလို့ ဇနီး မရွှေပိုမှ
ကြိတ်ဝိုင်းပွဲလေး လုပ်ပြီး၊ အပြတ်ရှင်းပေးလိုက်ရတာလေ..။ ကိုကျော်ငွေ
တွေးရင်း ရင်မောလာခဲ့ပါသည်။ တဒင်္ဂ ခဏတာ အထိအတွေ့ကို သာယာမက်မောခဲ့တဲ့
တဏှာအချစ်ကြောင့် ဘ၀မှာ ခဏ၊ ခဏ ပြဿနာ တက်ခဲ့ပေပြီ။ (ဘယ်သူ မပြု
မိမိမှု)ကို ကိုကျော်ငွေ တရားခံရှာဝါဒစွဲ၍ သွားလေသူ ဖခင်ကြီး မိန်းမ ၄-
၅ ယောက်ယုတာကို သက်သေထူပြီး ငါက ကောင်းချင်ပါတယ်။ ဒါပေမယ့်
မျိုးရိုးဗီဇက မကောင်းခဲ့လို့ အိမ်ခေါင်ကမှ မိုးမလုံတာ၊ ဘာတတ်နိုင်မှာလဲ
စသည့်( ထမင်းရည်ပူ လျှာလွှဲတတ်သော) ကိုကျော်ငွေ၏ အတ္တ၀ါဒဆိုးကြီးမှာ
ယခုတော့ အသိတရားနဲ့ အရှိ တရားအောက်မှာ ပြားပြားမှောက် ခံစားနေရပေတော့သည်။
ယခုတော့ ကိုကျော်ငွေ၏ သား ၀င်းထွန်း မိန်းမပြဿနာ ကဆိုး၍
ရှုပ်ပွေနေခြင်းမှာ ကိုကျော်ငွေ ဆိုသော အိမ်ခေါင်မိုးကြီးမှ
မိုးမလုံတာကိုးဟု ကိုကျော်ငွေ၏ ဇနီးနှင့် ပတ်ဝန်းကျင်မှ
လက်ညှိုးထိုးကဲ့ရဲ့ ရှုတ်ချပေတော့မည်။

(၇)

“ သားကြီး ၀င်းထွန်း၊ မင်းကံဆိုးတယ် သားရယ်….ဒီဘ၀မှာ အဖေကလဲ
မိန်းမယူခဲ့တာ ဘယ်မိန်းမကိုမှ မင်္ဂလာ မဆောင်ခဲ့ရဘူး၊ င့ါသားကြီးလည်း ပထမ
ယူတဲ့ မိန်းမကိုလဲ မင်္ဂလာ မဆောင်ခဲ့ရ..။ ယခုလဲ သားဒုတိယ မှားခဲ့တဲ့
စာရေးမကလေးကို မင်းရဲ့ အမေမသိအောင် လက်မှတ်ထိုးပေးလိုက်ပါကွာ၊ အဖေ
မသိချင်ယောင် ဆောင်နေပါ့မယ်။ ဒါတွေဟာ အဖေရဲ့ အပြစ်တွေပါ သားရယ်။ ငါအဖေ
မကောင်းခဲ့လို့ပါ။ အဖေရဲ့ ဆိုးကျိုးတွေ င့ါသားကြီး ၀ဋ်ကျွေးဆက်ခံပြီး
ဘ၀နဲ့ ရင်းပြီး ပေးဆပ်နေရပါပြီ။ အဖေရင်ကျိုးလို့ ရင်နာခဲ့ရပါပြီ
သားကြီးရယ်…”
ကိုကျော်ငွေနှင့် သူ့သားကြီးတို့ နှစ်ဦး တစ်ယောက်ကို တစ်ယောက် ဖက်၍
ဝမ်းနည်းပူဆွေးစွာ ပြောဆိုနေကြပေတော့သည်။
ပတ်ဝန်းကျင်မှ ရှုံ့ချခံရတော့မည် ရင်နာစရာတွေ
အပြောခံရတော့မည်..ကိုကျော်ငွေသည် သွားလေသူ ဖခင်ကြီးကို
တစ်ချက်ပြစ်မှားမိခြင်းသည် ယခုတော့ ဘ၀မကူးမီ အဖေနှင့်သားနှစ်ဦးလုံးရဲ့
ဘ၀တွေကို သိက္ခာမဲ့စွာ စတေးခံလိုက်ရပေပြီ..။
ဘယ်သူမပြု မိမိမှု၊ မပြစ်မှားထိုက်သော အနန္တ ငါးပါးထဲက ဖခင်ကို
ပြစ်မှားမိခြင်းသည် သံသရာအထိ ဆိုးဝါးသွားပေတော့မည်။ သူတစ်ပါးကို
ဆိုဆုံးမခြင်းထက် ကိုယ့်ကိုကိုယ် ဆုံးမရမည်။ လောကကြီးတွင်
ကိုယ့်ကျင့်တရားနှင့်တူသော အားကိုးရာ မည်သည် မရှိဟု ဗုဒ္မက ဆိုဆုံးမ
ထားခဲ့ပါသည်။ အိမ်ထောင်ရေး သစ္စာဖောက်တို့ သွားရာလမ်းကြောင်းသည်
စီးပွားပျက်၊ မိသားစုဘ၀ပျက်ကြရမည်မှာ မုချမလွဲပေ။
(၁)နှစ်ခန့် အကြာတွင် ကိုကျော်ငွေသည် လူကြီး လူကောင်း ပကတိကြီးမှ
ချက်ချင်းအရူးကြီး ဖြစ်သွားလေသည်။ မိဘကို စော်ကားမိ၍
ဂိုဏ်းသင့်သွားလေပြီလား..။ အရူးကြီး တစ်ယောက် ထီးစုတ်ကြီးကို ထမ်း၍
လမ်းလျှောက်ရင်း၊ ပါးစပ်မှလည်း တစ်ဗျစ်တောက်တောက် မည်တွန်ပြောဆိုနေပေပြီ၊
ကြားရတဲ့စကားတွေ..ကြားရတဲ့ သီချင်းသံတွေ…
အငယ်လေးကို ချစ်ရင် ဒုက္ခ၊ အငယ်လေးကို ချစ်ရင် ဒုက္ခ၊
ငါးပါးမှောက်လိမ့်မယ်။ (ယခုခေတ် ထွန်းထွန်းရဲ့ သီချင်းကို ဆိုနေ၏)
ကိုကြီးဖြစ်နေတဲ့ ရောဂါအဆန်းသားxxxx ကုန်ဈေးနှုန်းကို xxx
ပိုက်ဆံအိတ်ထဲက ထောင်တန် ဘယ်နှစ်ရွက်ထွက်ထွက်xxx ဟဲဟဲဟဲ ညီမလေးအတွက်
ဆိုပေးမယ့်xxxပေးမယ်xxx ရှိတာတွေကို အကုန်ပေးမယ်ဗျာxxx ပေးမယ်ဗျာ”
မပေးပေးxxxပေး--xင့ါရွှေခွက်ကိုပေးxxxxဟေး လိုက်ကြပါဟxxxင့ါရွှေခွက်ကြီး
ပါသွားပြီ၊ လိုက်ကြစမ်းပါဗျာတို့xxx ရှေ့က လူတွေ ကျုပ်ကို ကူညီပြီး
ဝိုင်းဖမ်းပေးကြစမ်းပါနော်-xxနော်xxxနော်”
အရင်မိန်းမဖို့ ရွှေ ဒီရွှေ---နောက်မိန်းမဖို့ ရွှေxxx ဒီရွှေ အဟုတ်ပ မုတ်ချ
မသွေxxx ကျုပ်ရမယ့် ဒီရွှေxxx
ဟိုး အချစ်ကလေးxxx ကိုယ်ဟာ လူကြမ်းကလေးပါxx ကိုယ်ဟာ လူကြမ်းကြီးပါxxx
အချစ်မကောင်း၊ အချစ်မကောင်းxxxဟဲxxxဟဲxxx
ခွေးကလေးကို ကြိုးနဲ့ ဆွဲပြီး ခေါ်အုံးမလား၊ ခါးပုံစာထဲ
မြွေပွေးထည့်ခေါ်ခဲ့ရမလား-xx ငါ့နောက် တစ်ကောက်ကောက် လိုက်မတဲ့လားxxx
သွားစမ်းxxx သွားစမ်းပါxxxဒါမျိုးတွေ ရိုးနေပြီကွာxxx တွေ့ရတဲ့
မိန်းမများxxx ဒါမျိုးတွေကြီးပဲကွာxxx
အို့xxxသွားစမ်းxxxသွားကြစမ်းပါဆိုxxx
ကျွန်တော်နာမည် ကိုကျော်ငွေလို့ ခေါ်ပါတယ်၊ သချိုင်းကုန်းမှာ နေပါတယ်xx
အဖေကလဲ သေပါတယ် အမေကလဲ သေပါတယ်xxx သားသမီးနဲ့ ဇနီးမယားတွေကို
ပစ်ထားခဲ့ပါတယ်xxxဟီးxxxxဟီး xxxxx ဟီး xxxx သားလေး xxx အဖေ့ရင်သွေးလေး
xxx မင်းဘ၀ ဆုံးရှာပြီကွယ် xxxx
ဟို အဝေးမှုန်ရေးရေး xxx မီးခိုးတန်းလေး xxxx လွမ်းသက်သေတည်နေ xxx
အညာမိခဲ့ဘူးတော့ အသဲက နာမိပါပေ xxx ကိုဖုန်းကြွယ် xxx လူညာကြီးရေ xxx
ဟေး…ဟေး မြစိမ်း နင့်ယောက်ျား ငဖုန်းကြွယ်..သိုက်ဆရာကို
လှေပေါ်တင်ခေါ်လာပြီ နင်ပြေးပေတော့ နင်လဲ ပြေးပေတော့..ငါလဲ
ပြေးတော့မယ်…ပြေးတော့မယ်…ပြေး..ပြေး..အားလုံးပြေး…………………။

“ ဖြစ်မှ ဖြစ်ရလေကွယ် … ကိုကျော်ငွေရယ်” ဟု ပတ်ဝန်းကျင်မှ တွေ့သူများက
ပြောဆိုကြရုံမှ တစ်ပါး အခြားမရှိကြတော့ပါ။



ရွှေလမ်းငွေလမ်း ၀င်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများ) မှ
ပြန်လည်ဖေါ်ပြပါသည်။

Penulis : လင်းဦး(စိတ်ပညာ) ~ Sebuah blog yang menyediakan berbagai macam informasi

Artikel ရင်နာစရာ စကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ ini dipublish oleh လင်းဦး(စိတ်ပညာ) pada hari Friday, June 5, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan ရင်နာစရာ စကားတွေကို အကြင်နာနားနဲ့ ကြားပါရစေ
 

0 comments: