လေလုပွဲ

လေလုပွဲ
ဝထ္ထုတို
ရွှေလမ်းငွေလမ်းဝင်းကြည်

(၁)
အနောက်ဖက်ကပ်လျှက်တိုက်ကြီးသည် သုံးထပ်ရှိပါသည်။ ခြံဝန်းကလဲ ကျယ်ဝန်းပါ၏။ စီးစရာကားလည်း နှစ်စီး မြင်မိပါသည်။ သမီးတွေ၊ သားတွေကလဲ ဆိုင်ကယ် တစ်ယောက်တစ်စီးဖြင့် ၀င်၊ ထွက်၊ သွားလာနေကြ၏။ တိုက်ကြီးရှင် သူဌေးကြီးမှာ ဤတိုက်ကြီး ပြီးသည့်နှစ်ထဲမှာပင် ဆုံးပါးသွားရှာခဲ့ပေသည်။ ကျန်ရစ်သူ သူဌေးမကြီးမှာ (မုဆိုးမ) ဘ၀သို့ ရောက်လင့်စကား လောကထဲဝယ် တင့်တင့်တယ်တယ် ထည်ထည်ဝါ၀ါဖြင့် သားတစ်ယောက်၊ သမီးငါးယောက်ဖြင့် ကျန်ရစ်ခဲ့ရပေသည်။
စီးပွားရေးလုပ်ငန်းမှာ မိသားတစ်စုလုံး၊ မြို့မဈေးကြီးတွင် စတိုးဆိုင်ကြီးဖွင့်လှစ်ထားကြသည်။ နံနက်လင်းတာနဲ့ သားတွေ၊ သမီးတွေ ရေမိုးချိုးပြီး၊ တစ်ယောက်ပြီး တစ်ယောက် စတိုးဆိုင်သို့ ထွက်ခွာသွားကြရ၏။ ကျန်ရစ်သူ မိခင်ကြီးမှာ အိမ်ဖော်များကို စီမံခန့်ခွဲ၍ ချက်ပြုတ်ပြီး၊ နံနက်စာ ထမင်းစားရန် ထမင်းချိုင့်ကြီး ချိုင့်ငယ်ကို ဆွဲ၍ တိုက်ရှေ့မှ ဂိတ်ထိုးထားသော ဆိုက်ကားဖြင့် မြို့မဈေးကြီးသို့ လိုက်ခဲ့ရ၏။
တစ်နေကုန် တစ်နေခန်း၊ နေ့စဉ်နေ့တိုင်း စတိုးဆိုင်ကြီးမှာ ရောင်းဝယ်ကြရသည်။ ဆိုင်ပိုင်ရှင် သားသမီးများ၏ နှုတ်ထွက်စကားများကလည်း ချိုချိုသာသာ၊ မျက်နှာကလဲ ပြုံးပြုံးရွှင်ရွှင်၊ အလုပ်သမားကိုယ်စီဖြင့် ထောင့်စေ့၊ အကွက်စေ့အောင် စီမံခန့်ခွဲရောင်းချနိုင်ပါပေသည်။ စတိုးဆိုင်အတွင်း ပြောသံဆိုသံများသည် လေထုထဲမှာ အချို သကာရေ လောင်းထားသလား ထင်မှတ်ရပေသည်။ ဒါကြောင့် ၄င်းစတိုးဆိုင်ကြီးမှာ နာမည်ကြီးသလောက်၊ စီးပွားတက်နေခြင်းဖြစ်သည်။
ကိုဘမြင့်သည် သူနှင့် ကပ်လျှက်ရှိသော သုံးထပ်တိုက် ပိုင်ရှင် မိသားစုကို ငေးမောကြည့်ရင်း တွေးတောနေမိပြန်သည်။ လူ့ဘ၀ကြီးတွင် ခဏတာ အလည်ရောက်ရှိလာကြတာဖြစ်ကြောင်းကိုလည်း စဉ်းစားမိ၏။ တိုက်ကြီးကြီးနဲ့ ကားစီးစရာ ရှိသော်လည်း ကားမောင်း၍ ပို့မည့်သူ မရှိ၊ ကားဖြင့် သွားနေချိန်၊ အချိန်ကလည်းမရ၊ နံနက် မိုးလင်းတာနဲ့ မိသားတစ်စုလုံး စတိုးဆိုင်ရောက်၊ ညနေဈေးသိမ်းတာနဲ့ တိုက်ပြန်ရောက်၊ ငွေတွေစုပုံ၍ ရေတွက်ရ၏။ ညစာ စားသောက်ပြီး TV၊ စလောင်းကြည့် အိပ်ကြ၊ နံနက်မိုးလင်းတာနဲ့ တစ်ယောက်ပြီး တစ်ယောက် ပြန်ထွက်ကျ။ ညနေမှာ ပြန်ဝင်လာကြတာ မြင်တွေ့နေရ၏။ လူသားစင်စစ်က စက်ရုပ်တွေလား အောက်မေ့ရပါသည်။

(၂)
ကိုဘမြင့်သည် အိမ်ရှေ့မှ အမှိုက်ပုံများကို လှဲ၍ စုပုံနေသည်။ ကိုဘမြင့် အိမ်နှင့် အနောက်ဖက် သုံးထပ်တိုက်သည် အုတ်နံရံ ၊ ခြံစည်းရိုးသာ ခြားထား၏။ ကိုဘမြင့်နေသော အိမ်ကလေးမှာ (၄)ပင် ပျဉ်ထောင်အိမ်လေး၊ အိမ်အို အိမ်ဟောင်းလေး ဖြစ်သည်။ ခန်းနားထည်ဝါသော တိုက်ကြီးဘေးတွင် မလှမပ ယိမ်းယိုင်နေသော ပျဉ်ထောင်အိမ်ကလေး ဖြစ်နေခြင်းကြောင့် ကြည့်၍ မကောင်းခြင်းမှာ ပေါ်လွင် ထင်ရှားနေပါသည။် အိမ်ရှေ့မှ ရေမြောင်းရှည်ကြီးထဲက ရေဆိုးပုပ်နံ့ကလည်း တထောင်းထောင်းဖြင့် ၄င်းလေရှူမိ၊ ရှိုက်မိ သူတိုင်းနှာခေါင်းရှုံ့ကြရ၏။ ကိုဘမြင့်ကတော့ ဒီအနံ့အသက်တွေ ကာကွယ်ရအောင် မြောင်းတစ်လျှောက် ၀ါးကပ်ခင်း၊ ၄င်းပေါ်မှ ထရံစုတ်များ ခင်းလိုက်သည်။ သူ့ခြံစည်းရိုး၊ ကိုယ့်ခြံစည်းရိုးကပ်နေ၍ တိုက်ကြီး၏ ဥပစာ ဘက်သို့ ၀ါးကပ်အောက်မှ ၀ါးလုံးစွန်းများပို၍ ထွက်နေ၏။ တိုက်ကြီးရှေ့လည်း ၀ါးခင်းထားပြီး ဖြစ်တာပေါ့ဟု တွေးကာ အစွန်းထွက်နေသော ၀ါးများကို မဖြတ်ဘဲ ထားပေ၏။
များမကြာမီ တိုက်ကြီးရှင် သူဌေးမ ဒေါ်ခင်မမကြီး ခါးထောက်၍ ကိုဘမြင့်ထံ လမ်းလျှောက်၍ လာနေပေပြီ။
“ ပြောရမှာတော့ အားနာပါတယ်။ ငါတို့ဘက်ကို ထွက်နေတဲ့ ၀ါးလုံးစွန်းတွေ ဖြတ်ပေးပါနော်။ ငါတို့က ဒီရေမြောင်းကို ဘာမှ မခင်ချင်ဘူး ၀ါးတွေကိုပြန်ဖြတ်ပေးပါနော်။ ငါတို့က ဒီရေမြောင်းကို ဘာမှ မခင်းတာ ဒို့တိုက်ကြီးရဲ့ လုံခြုံရေးအတွက် ထားတာကွဲ့…ဒို့က တိုက်တံခါးတွေ ပိတ်ထားရင် ဒီရေမြောင်း ပုပ်စော်က မနံဘူးလေ..”
ကိုဘမြင့်သည် ပထမတွင် စိတ်ဆိုးမိတော့မလို ဖြစ်၏။ “ ဘယ်နှယ်ဗျာ…သူတို့တိုက်ရဲ့ ခြံစည်းရိုးရှေ့ ဥပစာက ရေမြောင်းကို အစွန်းထွက်ပြီး ခင်းမိတာ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေပါဘူး” ဟု ရင်ထဲမှ ဘ၀င်မကျ စိတ်တိုနေမိ၏။ သို့သော် သူဌေးမ ဒေါ်မမကြီးဆိုသော အရှိန်အ၀ါနှင့် သူမ၏ ချိုသာသော လေသံကြောင့် ဒေါသချက်ချင်း ပျောက်ကွယ်သွားပေ၏။
“ဟုတ်…ဟုတ်ကဲ့ပါ ဒေါ်မမကြီးခင်ဗျား ကျွန်တော်ဝါးစွန်းတွေ ပြန်ပြီး ဖြတ်ပေးပါ့မယ်။”
ပြောပြောဆိုဆို ကိုဘမြင့် အိမ်ထဲမှ လွှယူ၍ ဖြတ်ပေးလိုက်ပါသည်။ ဒေါ်မမကြီးမှာ အသံက ချိုသာသော်လည်း မျက်နှာက သုံသုံမှုံမှုံဖြင့် တိုက်ထဲသို့ ပြန်ဝင်သွားပေ၏။ ကိုဘမြင့်သည် စောစောက စုပုံထားသော အမှိုက်များကို သူ့အိမ်ရှေ့တွင် မီးရှို့နေပါ၏။ အိမ်ရှေ့တွင် မီးခိုးတလူလူ တက်၍ အမှိုက်ပုံမှ အညှော်နံ့များ မျိုးစုံထွက်လာပါသည်။ အမှိုက်မီးရှို့၍ နာရီဝက်ခန့်အကြာတွင် ဒုတိယအကြိမ် သူဌေးမ ဒေါ်မမကြီး ပြန်ထွက်လာပေပြီ…”
“ မောင်ဘမြင့်ရေ ၊ အန်တီရဲ့ တိုက်ထဲကို မီးခိုးတွေရော၊ ညော်နံ့တွေပါ စုပြီး ၀င်နေပြီးကွဲ့။ ညော်နံ့ မခံနိုင်တော့ဘူး၊ မင်းရဲ့ အမှိုက်မီးရှို့တာ ယခုချက်ချင်း မီးပြန်ပြီး ငြိမ်းပေးပါနော်…”
“ ဗုဒေါ” ကိုဘမြင့် ဘုရားတမိပေ၏။ စိတ်ထဲမှလည်း “ စောစောက လာတုန်းကတော့ ငါတို့က ဒီရေမြောင်းပုပ်စော်နံ့တွေနံရင် တိုက်တံခါး ပိတ်ထားလို့ ရသတဲ့။ ယခု အမှိုက်မီးရှို့တာကျတော့ လာပြီး အမိန့်ပေးနေပြန်၏။ ကိုဘမြင့် ရှာဖွေ မှတ်သားထားသော စာအုပ်တစ်အုပ်ထဲမှ “ဒေါသဖြစ်၍ မခံချင်စိတ်ကို ခံချင်စိတ် မွေးရန်နှင့် ဒေါသစိတ်ကို ၁ မိနစ်မျှ စောင့်ဆိုင်းထားလျှင် တစ်ဘ၀အတွက် စိတ်ချမ်းသာသွားပေမည်” ငွေမရှိသော၊ မချမ်းသာသော၊ လူဆင်းရဲများ ဖြစ်နေပါစေ တစ်ဘက်လူချက်ချင်းလက်ငင်း စိတ်ချမ်းသာ သွားစေမည့် ရင်ထဲမှာ ထာဝရ ရှိနေတဲ့ စေတနာရယ်၊ မေတ္တရယ်ကို ထုတ်ပေးလို့ရပါတယ်။ ရဲရဲဝံ့ဝံ့၊ ရက်ရက်ရောရော၊ စိတ်ရော ကိုယ်ပါ ကောင်းတဲ့ စေတနာတွေ၊ ကောင်းတဲ့ မေတ္တာတွေကို ပေးလိုက်စမ်းပါ”(ပန်းချီ မကွေးကံညွန့်)၏ အမြဲပြောဆိုတတ်သည့် စကားသံကို နားထဲသို့ ကိုဘမြင့် ပြန်လည်ကြားယောင်နေမိပါ၏။
“ ဟုတ်ကဲ့ ဒေါ်မမကြီးခင်ဗျား…ကျွန်တော် ယခုချက်ချင်းပဲ အမှိုက်ပုံ မီးငြိမ်းလိုက်ပါ့မယ်…ရပါတယ်…ရပါတယ်။”
“ အားတော့နာပါတယ်…မောင်ဘမြင့်ရယ်…နောက်ကို င့ါတိုက်ရှေ့နဲ့ မင်းအိမ်ရှေ့မှာ မီးမရှို့ပါနဲ့နော်….ယခင်နေသွားတဲ့သူတွေဆိုရင် ညော်တွေ၊ ဘာတွေများများ မလုပ်ဖို့နဲ့ ညော်ကြော်ရင် တစ်လေးတစ်စား လာပြောတာကွဲ့..မောင်ဘမြင့်တို့က ခုမှ ငှားနေတာ တစ်လတောင် မပြည့်သေးတာ၊ အန်တီ ပြောရတာ အားနာလိုက်တာကွယ်…”
“ ဟုတ်ကဲ့..ရပါတယ်..ရပါတယ်…ဒေါ်မမကြီး စိတ်ချမ်းသာရပါစေမယ်ခင်ဗျာ”
ကိုဘမြင့်တစ်ယောက် ဒေါသကို ချုပ်တီးထား၍ ရင်ထဲမှ စေတနာ၊ မေတ္တာတွေကို ချက်ချင်းလက်ငင်းကြီး ထုတ်ပေးနေပေပြီ..။
စိတ်ပါ လက်ပါ..ရေပုံးကိုဆွဲ၍ အမှိုက်ပုံမှ မီးတွေကို ငြိမ်းနေပေတော့သည်။
ကိုဘမြင့်သည် ၎င်းအိမ်ကို ငှားနေပြီး၊ စီးပွားရေးလုပ်ငန်းမှာ အသံချဲ့စက်၊ တီဗွီ၊ ဗွီဒီယို၊ဗွီဒီယို၊ ဗွီစီဒီ ပြုပြင်ရေးဆိုင်ဖွင့်ထားပါသည်။ အသံနှင့်ရုပ်များ ကောင်း၊ မကောင်း ပြင်ပြီးတိုင်း စက်ကိုစမ်းသပ်ဖွင့်ပေးပြီးမှ ပြန်ပေးရပါသည်။ တစ်နေ့တွင် ရွာတစ်ရွာမှ လာ၍ ပြင်သော အသံချဲ့စက်တစ်လုံး ပြုပြင်စမ်းသပ်မိ၏။ ကိုဘမြင့်သည် သူတို့ပါလာသော ကက်ဆက်ထဲမှာ တိတ်ခွေအတိုင်း ဖွင့်လိုက်ရာ ဇာတ်လမ်းမှာ မပဋာ၊ ကိုဒါသ ဇာတ်ဖြစ်နေ၏။
အချစ်စိတ်ဖြင့် သူဌေးသမီးကလေး မပဋာမှာ မိဘ၊ ဆွေမျိုးတွေကို စွန့်လွှတ်ပြီး၊ ဆင်းရဲသား ကိုဒါသနောက် ကော်ကောက်ပါအောင် လိုက်လာခဲ့ရာ သားနှစ်ဖြာရ၍ တစ်ဦးက ရင်ခွင်ပိုက် နို့စို့ကလေး၊ တစ်ဦးက မတ်တပ်ပြီး အရွယ်ရောက်နေပေပြီ၊ ယောက်ျားလုပ်သူ ကိုဒါသအား မပဋာမှ သူ့သားတွေ နှစ်ယောက်ကို သူ့ရဲ့ မိဘဆွေမျိုးများထံ၊ ဆွေပြ ၊ မျိုးပြသွားရန်၊ သားတွေ အတွက် အမွေတောင်းရန် ပူစာသဖြင့် လိုက်လာခန်းဖြစ်၏။ မိဘများထံ အပြန်လမ်းတွင် ချောင်းကမ်းစပ်တစ်ခု အရောက် လေကြီး မိုးကြီးကကျ၊ ကိုဒါသမှာ ဇနီးနှင့် သားသမီးများ ရေစိုပြီး ချမ်းတုံနေရတာ မကြည့်ရက်ဖြစ်၊ မီးလှုံရန် ထင်းရှာထွက်၊ ကိုဒါသကို မြွေပေါက်ခံရ၍ သေပေပြီ။ မပဋာမှာ လင်တင်မောင် မလာနိုင်၍ “ သားကြီးရေ မင်းအဖေ ပြန်မလာတာ ကြာသွားပြီ၊ အမေလိုက်ရှာအုံးမယ် သားကြီးရဲ့ ညီလေးကိုပွေ့ထားနော်” ဟု မပဋာပြော၍ ထွက်သွားရာ ကိုဒါသ သေနေလို့ ငိုပွဲဆင်ခန်း၊ ငိုချင်းချ သီချင်းဆို၏။ ကိုဒါသ လင်တော်မောင်သေ၍ ငိုခန်းကောင်းနေ၏။
“ ကိုဘမြင့်-ကိုဘမြင့် ..မင်းရဲ့မင်္ဂလာမရှိတဲ့ အသံတွေ ယခုချက်ချင်းပိတ်ပေးပါ။ င့ါမှာ ဘုရားရှိခိုး၊ ဆွမ်းတော်တင်လို့ကို မရတော့ဘူး…”
ကိုဘမြင့်ထံ ရောက်လာသူမှာ အနောက်ဘက် တိုက်ကြီးမှ ဒေါ်မမကြီးဖြစ်နေပေတော့သည်။ ကိုဘမြင့်လည်း ထုံးစံအတိုင်း ဒေါသကို အရှည်မထားဘဲ တစ်မိနစ်အတွင်း ပြန်ထိမ်းပေးလိုက်ရင်းမှာ အသံချဲ့စက် ခလုပ်ကို “ ဒေါက်” ကနဲ ပိတ်လိုက်ပါတော့၏။ ကိုဘမြင့်သည် လုပ်ငန်းခွင်မှ ခေတ္တနားပြီး သက်ပြင်းရှည်ကြီးများ အများကြီး မှုတ်ထုတ်လိုက်ရင်း စဉ်းစားနေမိပြန်သည်။ “ အင်း” ငါ့အလုပ်သည် အသံမကောင်းရင် အသံထွက်အောင်ပြင်၊ ရုပ်မကောင်း၊ ရုပ်မထွက်ရင်၊ ရုပ်ထွက်ပေါ်လာအောင် လုပ်ပေးနေရတာပဲ။ တီဗွီ၊ ဗီဒီယို၊ ဗီစီဒီ၊ အသံချဲ့တို့သည် လျှပ်စစ်ပစ္စည်း(အီလက်ထရောနစ်) ပစ္စည်းများနှင့် စုပေါင်းဖွဲ့ထားခြင်း ဖြစ်သည်။
ရုပ်သံကြည်လင်ပြတ်သားရေးအတွက် သတ်မှတ်ထားတဲ့ လျှပ်စစ်စွမ်းအားတွေ လိုတယ်။ လိုတာထက်မပိုရအောင် မီတာဗို့၊ အင်ပီယာ၊ မဂ္ဂါဝမ်၊ ဗို့အားတွေ အကိုက်ထည့်ပေးမှ ပြုပြင်၍ ရပေသည်။ ဒီလို လျှပ်စစ်ပစ္စည်းတွေကို တိတိကျကျ အသံတွေ၊ ရုပ်တွေ၊ လေထဲမှာ ထုတ်လွှင့်ပြီး လေထဲက အသံတွေ ရုပ်တွေကို တိတိကျကျမြင်အောင်၊ကြားအောင် အမိဖမ်းယူဖွင့်ကြည့်နိုင်အောင် ငါတို့လူသားတွေ တီထွင်ကြတာ၊ ယခုအင်တာနက်ခေတ်ကြီးတောင် ပေါ်လာကြပေပြီ။ လူသားတွေရဲ့ တစ်ဦးချင်း၊ တစ်ဦးချင်းရဲ့ စိတ်တွေ၊ ရုပ်တွေ ထာဝရ ကြည်လင်နေအောင် ပြုပြင်ဆောင်ရွက်ဖို့ ဆိုတာကတော့ အခက်သားပါကလား..။ ကမ္ဘာပေါ်မှာရှိကြတဲ့ ဘာသာတိုင်း၊ ဘာသာတိုင်းရဲ့ ကောင်းတဲ့ အယူဝါဒ ဆိုဆုံးမမှုတွေကို လိုက်နာကျင့်သုံးကြရင်ဖြင့်
“ကိုဘမြင့်…ဗျို့ ကိုဘမြင့် ..ဘာတွေ စဉ်းစားနေတာလဲ၊ ကျုပ်ခေါ်နေတာ ကြာလှပြီ…ကဲ ကျုပ်တီဗွီပြီးပြီ လား၊ မနေ့က ချိန်းထားတာ၊ ခင်းဗျားအကြောင်းသိလို့ တစ်ရက် ဆုတ်လာခဲ့တာ”
မပြီးသေးဘူး၊ ဦးဌေးဦးရေ..”
“ ထင်သားပဲ..ခင်ဗျားတို့တီဗွီပြင်တဲ့ဆရာတွေက ဘယ်တော့မှ ကတိမတည်ဘူး၊ မနက်ဖြန်မပြီးရင် ပြန်ယူမယ်…”
ကိုဌေးဦးက ဒေါသကြီးသော လေသံများဖြင့် ပြောဆို၍ ထွက်သွားလေသည်။ ကိုဘမြင့် သက်ပြင်းရှည်ကြီး မှုတ်ထုတ်ရုံက လွဲ၍ ဘာမှ ပြန်မပြောလိုက်နိုင်တော့ပါ..။

(၄)
ကိုဘမြင့်သည် မနေ့က ဂျီကျသွားသော ကိုဌေးဦးရဲ့ တီဗွီကို ပြင်တာ ဒီနေ့နံနက်ပိုင်းကုန်သွားပေ၏။ ပြီးသွား၏။ မနေ့က အသံချဲ့စက်ကလည်း မပြီးသေး၊ ဆက်လက် ပြုပြင်ပြီး အသံချဲ့စက်ကို ပြန်ဖွင့်ကြည့်ပြန်၏။ ဓါတ်စက်သံ“ အို ကိုဒါသရဲ့..ရှင့်ကို ချစ်လွန်းလို့ အားကိုးပြီး မိဘဆွေမျိုး စည်းစိမ်ဥစ္စာတွေပစ်ပြီး လိုက်လာခဲ့တာ..ကျမ ရွှေတောင်ကြီး ပြိုပါပေါ့လား…” (ငိုချင်းဆိုင်းသံဖြင့်)
“ ဟာ မဖြစ်ဘူး..မဖြစ်ဘူး..အနောက်ဘက် တိုက်က ထွက်လာရင် ဒုက္ခ” ကိုဘမြင့် နှုတ်မှ ရေရွတ်ရင်း ကက်စက်ခွေကို ရှေ့သို့ ကျော်ရစ်လိုက်သည်။ အသံကိုလည်း သူ့အခန်းပြင်သို့ အနည်းငယ်သာကြားအောင် လျှော့ဖွင့်လိုက်ပြန်သည်။
အချစ်ရူးမလေး၊ ပဋာစာရီ သားငယ်လေးကို စွန်ချီ၊ သားကြီး ချောင်းရေထဲမျှော၊ လင်တော်မောင် မြွေခဲလို့ သေပွဲဝင်ပြီ…မပဋာမြေလူး ၀တ်လစ်စလစ် ရူးသွားပေပြီ..။
မပဋာ အရူးမသည်
ဗုဒမြတ်စွာဘုရား၏ ဇေတ၀န် ကျောင်းတော်ကြီး၏ အတွင်း တရားပွဲသို့ ၀င်လာ၏။ တရားနာ ပရိတ်သတ်များက “ ဟဲ့..အရူးမ..ဒီကို မလာနဲ့ပြန်သွား..ပြန်သွား..ဒုက္ခပါပဲ” ပြောဆို မောင်းထုတ်နေကြပါပေ၏။ ဗုဒ္မဘုရားရှင်က ၀င်ခွင့် ပြုပေးဖို့ ပြောဆိုလိုက်ချိန်မှာပင် မပဋာ အရူးမသည် ၀တ်လစ်စလစ်ဘ၀မှ ရှက်စိတ်အနည်းငယ်ဝင်လာ၏။ နီးစပ်ရာ ပရိတ်သတ်များထဲမှာပါလာကြသော တစ်ဖက်စောင်းများအား ထိုးပေး၍ တရားနာရန် မြတ်စွာဘုရားရှေ့ သို့ ရောက်လာခဲ့ပေသည်။
“ ချစ်သမီး ပဋာစာရီ…ဘ၀သံသရာ တစ်လျှောက်လုံး င့ါလင်၊ င့ါသား၊ င့ါဥစ္စာ၊ င့ါပစ္စည်းဆိုတဲ့ သက္ကယ ဒိဋ္ဌိစွဲမှားတဲ့ အယူဝါဒတွေနဲ့ ဘ၀ပေါင်းများစွာ ကူးပြောင်းပြီး ရူးခဲ့ရတာတွေ၊ သတိတရားထားဖို့ အချိန်တန်ပြီ…စသည်..စသည်..
ပဋာစာရီ ထေရီမ--ဘိက္ခနီမဖြစ်ပြီး၊ ကျွတ်တမ်းဝင်ခန်း ကောင်းနေစဉ် အနောက်ဖက် ဒေါ်ခင်မမကြီး၏ တိုက်ကြီးမှ ကျယ်လောင်စွာ ထွက်ပေါ်လာသော ကာရာအိုကေ သီချင်းသံကြီးကြောင့် ကိုဘမြင့် မျက်ကလူးဆန်ပြန် ဖြစ်သွားပေသည်။
ယခုခေတ်စားနေသော သီးချင်းတစ်ပုဒ်ထဲမှ ပြင်းထန်စွာ အော်၍ ဆိုနေသော အသံ“ ( ငါ နင့်ကို သတ်ချင်တယ်..)” ငါနင့်ကို သတ်ချင်တယ်xxx ငါနင့်ကို သတ်ချင်တယ်xxx။ (၃၇)ခေါက်လား မသိ၊ မရေမတွက်နိုင်အောင် အသံဆူညံ၍ ထွက်ပေါ်လာ၏။
“ ဗုဒေါ”
ဟု ဒုတိယအကြိမ် ကိုဘမြင့် ထ မိပြီး အသံချဲ့စက် ခလုပ်ကို “ ဒေါက်” ကနဲ ပိတ်၍ စိတ်ပျက်လက်ပျက် ပက်လက် ကုလားထိုင်ပေါ်သို့ ထိုင်ချလိုက်မိပါသည်။သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ပြီး နားနှစ်ဘက်ကို လက်ဝါးဖြင့် အုပ်လိုက်မိပါတော့သတည်း..။


ရွှေလမ်းငွေလမ်းဝင်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများ)မှ
ပြန်လည်ဖေါ်ပြပါသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

Artikel လေလုပွဲ ini dipublish oleh shwelannwelanwinkyi pada hari Tuesday, June 2, 2009. Semoga artikel ini dapat bermanfaat.Terimakasih atas kunjungan Anda silahkan tinggalkan komentar.sudah ada 0 komentar: di postingan လေလုပွဲ
 

0 comments: