ဘာသာရေး
ရွှေလမ်းငွေလမ်းဝင်းကြည်
လောကကြီးထဲကို လူသားတွေဟာ မွေးဖွားစကာလမှ သေဆုံးချိန်အထိ အားကိုးအားထားများရှာဖွေကြရင်းနဲ့ပဲ ဘ၀နေ၀င်ခဲ့ကြရပါတယ်။ သူတော်စင်အရိယာတွေကတော့ ဘ၀ အဆုံး လောကဓံကို ပြုံးပြုံးလေးနဲ့ လက်ရှိ ခန္မာကြီးကို ဒီဘ၀နဲ့ စွန့်လွှတ်ရတော့မယ်။ ချမ်းသာ အတုအယောင်များမှ သုခ ချမ်းသာအစစ်ကို မျက်မှောက်ပြုမယ်။ ၀မ်းမြောက်ဝမ်းသား ပြုံးယောင်သမ်းပြီး လောကမှ လွတ်မြောက်နိုင်ဖို့ ၃၁ ဘုံမှ ထွက်ကြပြီး ဘ၀လွတ်မြောက်ရာ နိဗ္ဗာန်ကို အားကိုး အားထား ပြုနေကြပါတယ်။
စာရေးသူတို့ သာမာန် ပုထုဇဉ် တွေကတော့ လောကီ စားဝတ်နေရေးတွေမှာ နေ့တဓူဝ ပြားပန်းခတ်ပြီး ယောက်ရက်တိုက်နေကြရပါတယ်။ စိတ်ချမ်းသာဖို့ ကိုယ်ကျန်းမာဖို့ အတွက် အားကိုးရှာနေကြရပါတယ်။ ရှာရင်း၊ ရှာရင်း အလိုချမ်းသာ ပြည့်စုံသူများရယ်လို့ မတွေ့ရသေးပါ။ လိုပြီးရင်း ထပ်လိုချင်ကြတာကြောင့် လောကီစီးပွားတွေကို အတတ်ပညာ၊ အသိပညာတွေနဲ့ အားကိုးပြီး ရှာဖွေနေကြရပါတယ်။ ကံကောင်းလို့၊ သံချောင်းတို့လို သူတွေကလည်း အမွေခံထိုက်သူတွေ ဖြစ်ပြီး အားကိုးရနေကြပါတယ်။ ပစ္စည်းမဲ့ ပညာမတတ်သူများကလည်း ခွန်အား ၊ ဗလ အားကိုးပြုပြီး အသီးသီး ရှာဖွေ စားသောက်နေထိုင်ကြရတာ အများအသိပါ။
ယနေ့ တိုးတက်ထွန်းကားနေတဲ့ ခေတ်ကြီးဟာ ကွန်ပျူတာအိုင်တီ ခေတ်ကြီးကို ရောက်နေပါပြီ။ ပြည်ပနိုင်ငံတွေ တချို့မှာ မိသားစု တစ်အိမ်ထောင်မှာ ကွန်ပျူတာ တစ်လုံး အသုံးချကြပါတော့မယ်။ အိမ်မှနေပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ကွန်ပျူတာနှိပ်ပြီး ဈေးဝယ်မယ်။ လူမှုရေးကိစ္စတွေ တစ်ချို့ကို ခလုပ်နှိပ်ပြီး အသုံးပြုတော့မယ်..လို့ မဂ္ဂဇင်းတွေမှာ ဖတ်မှတ်သိရှိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာတွေကို ကွန်ပျူတာနဲ့ တွက်ချက်ထိမ်းသိမ်းရပေမယ်။ စိတ်ပိုင်းဆိုင်ရာ ဖြစ်ပျက်မှုများကို ကျွန်ုပ်တို့ ဗုဒ္ဓဘုရားရှင်လောက် မည်သူမျှ ခွဲခြားစိတ်ဖြာမပြနိုင်၊ မကြည့်နိုင်ပါလို့ စာရေးသူ တင်ပြပါရစေ။
ဗုဒ္ဒဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘုရားရှင်က (မိမိကိုယ်သာ မိမိ အားကိုး အားထားပါ။)လို့ ဟောကြားဆုံးမ ထားခဲ့တာ အများအသိပါ။ ဒါပေမယ့်--စာရေးသူက အစ လူများစု တစ်ချို့မှာ အလုပ်မလုပ်ကြပဲ ကိုယ့်အားကို မကိုးကြဘဲ တလွှဲအားကိုးများဆီသို့သာ၊ မျှော်ကြည့်နေမိကြပါတယ်။ သူများပါးစပ်မှာ လမ်းဆုံးနေကြရပါတယ်။ စာရေးသူတို့ ကျောင်းသား ဘ၀မှာ စာမကြည့်ဘဲ ၀ိုင်းဖွဲ့ပြီး ဖျာလိပ်နတ်၊ ဓါတ်၊ ယတြာ တွေကိုအားကိုးမိခဲ့ပါတယ်။ အသိပညာ၊ အတတ်ပညာ ထွန်းကားနေတဲ့ ခေတ်ကြီးမှာ ပညာမတတ်ရင် ဘာမှ အသုံးချ၍ မရပါ။ စာရေးသူတို့ ကိုယ်တွေ့ အသိကိုယ်သာ တင်ပြခြင်း ဖြစ်ပါတယ်။ စာရေးသူဟာ ကလေးဘ၀ အဖေရှိစဉ် ပြောဆို ဆုံးမ စကားကို ပြန်ကြားနေမိပါတယ်။
“ သား၊ လူကလေး ပညာကို တတ်အောင်သင်၊ အဖေက ပညာအမွေပဲ ပေးနိုင်တာ၊ အဖေ မရှိရင် ပညာကိုသာ အခြေခံအားကိုးပြီး ဘ၀ကို တည်ဆောက်ပေတော့….”
စာရှုသူ မိတ်ဆွေ၊ ဒီဆုံးမ စကားလေးတွေဟာ မိဘတိုင်း ပြောနေကြဆိုတော့ ဆန်းတော့ မဆန်းပါ။ မဆန်းတဲ့ ဆုံးမစကားပေမယ့် စာရေးသူတို့ ယနေ့ လျှောက်လမ်းရာ ဘ၀ခရီးမှာ သိပ်ပြီး အရေးကြီးနေပါပြီ။ ယနေ့ လူငယ်များ အားကိုး မမှားရအောင် ဆက်လက်တင်ပြပါရစေ။
ပညာမရှိ သူ၏၀န်ထမ်း၊ ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်။ စတဲ့ လောကနိပါတ် ဆုံးမစာတွေကို စာရေးသူတို့ ငယ်ငယ်ကတည်းက တစ်ကျော်ကျော်အော်ပြီး ကျက်မှတ်ခဲ့ရပါတယ်။ ကျက်မှတ်ပြီး အလွတ်ပြန်ရုံက လွဲပြီး လက်တွေ့ မကျင့်သုံး မလိုက်နာခဲ့ပါ။ ယနေ့အခြေခံပညာမတတ်ရင် မျက်နှာငယ်ရပါပြီ။(ဒရိုင်ဘာ အလုပ်တောင် ဘွဲ့ တစ်ခုခုရမှ)အလုပ်ခန့်မည် ဆိုကြပါတယ်။ စာရေးသူဟာ ငယ်စဉ်အခါ ပညာမရှာ၊ မိဘဆရာသမား ဆိုဆုံးမ စကားတွေလည်း မလိုက်နာခဲ့တာကိုက မဟာ အမှားကြီးပါ။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၊ အားကိုးအားထားမှားမိခဲ့ပါတယ်။ “ အဖေ၊ အမေ ရှိနေသမျှ ငါမငတ်ဘူး။ လို့ အားကိုးမှု ပြုခဲ့ပါတယ်။ ကာလမကြာပါ။ လောကဓံမုန်တိုင်းက ဖြုတ်ဆို တိုက်ချလိုက်ရော၊ အမိအဖ နှစ်ပါးလုံး ဆုံးပါးသွားခဲ့ကြပါတယ်။.ငယ်ငယ်ရွယ်ရွယ် အားကိုးစရာမဲ့ ဘ၀နဲ့ ဆွေမျိုးများထံ တအိမ်တက်ဆင်း အားကိုး အကူအညီတောင်းပြီးနေခဲ့ရပါတယ်။ ဆွေမျိုးများကလည်း သေတဲ့ သူကသေပြီ၊ ကျန်တဲ့ ဆွေမျိုးများမှာ လည်း စီးပွားရေး မပြည့်စုံတော့ အားကိုး၍ မရခဲ့ပါ။
ဒီတော့ စာရေးသူဟာ လူလားမမြောက် အရွယ်မပြည့်စုံသေးဘဲ ဘ၀ပေါင်း မျိုးစုံနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ ကျောင်းဆက်ထားမယ့်သူ မရှိဖြစ်ပြီး ဌာနတစ်ခုမှာ နေ့စား စာရေး တာဝန်ထမ်းခဲ့ရပါတော့တယ်။ မှတ်မှတ်ရရ ၃ိ/ ၁၅ါး ခေတ်ကပါ။ အဲဒီအချိန်မှာ စာရေးသူ ဘ၀မှာလဲ ဘာမှ မယ်မယ်ရရ အားကိုးစရာ မရှိပါ၊ ဘာသာ တရားဆိုတာလည်း ဝေလာဝေး၊ ဘုရားရှိခိုးတောင် မရခဲ့ပါ။ အားတဲ့ အချိန် အရက်သောက်ပြီး အားကိုးအားထား စရာဆိုတာ ဘယ်ဆီနေမှန်းမသိ၊ သတိတရား လက်လွတ်ရေစုံမျှောနေချိန် ကာလပါ။
တစ်နေ့မှာ၊ နေ့ခင်းကာလအချိန် တစ်ယောက်အိပ် အခန်းထဲ တံခါး ပိတ် အိပ်နေစဉ်မှာ စာရေးသူ အိပ်မက် ထူးထူးဆန်းဆန်းတစ်ခု မက်ပါတယ်။ မှတ်မှတ်ရရ အဖွားကြီး တစ်ယောက်ဟာ အနက်ဝတ်ရုံကြီးကို ၀တ်ပြီး ကျွန်တော် ခေါင်းရင်းမှာ ရပ်ပါတယ်။ ကျွန်တော့်ခေါင်းကို လက်နဲ့ပုတ်ပြီး နိုးပါတယ်။
“ သားကြီး ထတော့၊ ထတော့၊ ယနေ့ကစ အမေမှာတာ လုပ်ပါ၊ မင်းရဲ့ အားကိုးအားထားစရာကို ကန်တော့ပွဲတစ်ပွဲနဲ့ ပူဇော်ပါ။ အမေမှာတာ မမေ့ပါနဲ့--သတိတရား လက်ကိုင်ထားပါနော်သား ၊ အမေပြန်မယ်။”
စာရေးသူဟာ လန့်နိုးပြီး ဟိုကြည့်၊ ဒီကြည့် တံခါးပေါက်တွေကို စစ်ဆေးပါတယ်။ လုံးဝ မပွင့်ကြပါ၊ ခေါင်းရင်းမှာ စာရေးသူရဲ့ မွေးမိခင်ကြီးရဲ့ မတ်တပ်ရပ်ပုံကို စိုက်ကြည့်မိပါတယ်။
“ ဘုရား၊ ဘုရား ငါ့အမေများ တခြားဘ၀က လာပြီး သတိပေးနေတာလား၊” (ပထမဆုံး အကြိမ် ဘုရားကို တခြင်းပါ)”
ဝတ်ရုံအနက်နဲ့ အမေအိုကြီး ပြောသံကိုသာ ကြားယောင်နေမိပါတယ်။ ဒီနေရာမှာ အိမ်မက်ကိစ္စကို ဗေဒင်၊ နတ်တွေ မေးမိရင် ယတြာ အချေခိုင်းမယ်၊ မယ်တော်ပွဲ တစ်ပွဲ တင်ခိုင်းမှာ အသေအချာပါပဲ၊ သူများပါးစပ်လမ်းမဆုံးစေဘဲ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဉ်းစားမိခဲ့ပါတယ်။ ကန်တော့ပွဲ ပူဇော်ရမည်ဆိုတော့ “ ငါ ဘာကို အားကိုး ရည်ရွယ်ပြီး ပူဇော်ကန်တော့မှာလဲ ” အပြန်ပြန် စဉ်းစားမိတယ်။ အို ဘာပဲ ဖြစ်ဖြစ် အမေအို မှာတဲ့ အတိုင်း လုပ်မယ်။
“ ဘုရား၊ တရား၊ သံဃာ” ရတနာ သုံးပါး ရည်ရွယ်ပြီး ငှက်ပျော်သုံးဖီး၊ အုံးတစ်လုံး၊ ကွမ်းဆေး၊ လက်ဘက်၊ သစ်သီး ၊ ဆွမ်းများကိုစုံလင်စွာ ပြင်ဆင်ပါတယ်။ တခမ်းတနား ပူဇော်ကန်တော့ပါတယ်။(အဲဒီနေ့က စပြီး သရဏဂုံ ပူဇော်ပွဲကို အမြဲမပြတ် ပွဲဆက်ပြီး ပူဇော် ပေးလာခဲ့ပါတယ်၊ တဘက်ကလဲ ဌာန အလုပ်ကို ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်။)
နေ့စဉ် သရဏဂုံ တင်ပြီး ရတနာ သုံးပါးကို ထိထိမိမိ ပိပိရိရိ ၀တ်မပျက် စာပေတွေ ကိုလေ့လာကျက်မှတ်ပြီး တတ်သလောက် မှတ်သလောက် အားကိုးအားထား ပြုလာလိုက်တာ မကြာခင် ကာလာအတွင်းမှာပဲ စီးပွားရေး၊တွေ ဒီရေအလား တိုးပွားလာခဲ့ပါတယ်။ ၀န်ထမ်းဘ၀မှာ (သရဏဂုံ တည်ခြင်း အကျိုးကြောင့်) လူချစ်လူခင် ပေါပြီး လာဘ်ရွှင်လာတယ် ဆိုရမှာပါ။
အဲဒီအချိန်မှာ စာရေးသူဟာ အသက်(၂၅)နှစ်ဖြစ်ပြီး အိမ်တစ်ဆောင် မီးတပြောင်နဲ့ ဇနီး၊ မယား သမီးသားတွေနဲ့ ကြီးပွားနေခဲ့တယ် ဆိုရပါမယ်။ အားကိုး အားထားစရာ ရတနာ (၃)ပါးအစစ် တွေ့ထားတာ ဖြစ်ပေမယ့် စာရေးသူရဲ့ လောဘ အတော မသတ်နိုင်ဘဲ တခြားအားကိုးလွဲ ၀ါဒတွေ “ စေ” တလုံးပိုင်ရှင် ဖြစ်ချင်လာခဲ့မိပါတယ်။ ဂိုဏ်းဆရာ၊ နတ်ကတော်၊ အဂ္ဂိရတ်၊ ဓါတ်စီး နတ်ကြီးတွေဆီ လှည့်ကြည့်မိခဲ့ပါတယ်။ ဒါဟာ စာရေးသူ ပညာနည်းလို့ရောင်ဝါးဝါးဖြစ်ခဲ့ရတာကို ၀န်ခံပါရစေ။ အခါအခွင့်သင့်ရင် စာရေးသူလို မမှားရအောင် ဆက်လက်တင်ပြပေးပါဦးမည် ခင်ဗျား။
ယခု စာရေးနေချိန်မှာတော့ စာရေးသူဟာ သစ္စာလေးပါး မြတ်တရား၊ ရတနာအစစ်ကို အသက်ထက်ဆုံး ကြည်ညိုလေးစားအားကိုး အားထားပြုနေပါပြီ။ စာရေးသူ သိသမျှ ဥာဏ်မီသလောက် တဆင့် ကျေးဇူးပြုပြီး ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။
* ယနေ့ လူတိုင်း၊ လူတိုင်း ကိုယ်နဲ့ စိတ်နဲ့ အမြဲမကွာ အဆောင်မှာ
“ သတိတရား”
* ယနေ့ လူတိုင်း စီးပွား ဥစ္စာသုခ ချမ်းသာ ဖြစ်စေမယ့် ပီယဆေးဟာ
“ အမိ၊ အဖကို မသေခင် လုပ်ကြွေးပြုစုပါ”
ယနေ့ လူတိုင်း လူတိုင်း အားကိုး အားထားစရာ အမှန်မှာ-
“ ဘုရား၊ တရား၊ သံဃာ၊ မိ၊ ဆရာ ဒီငါးပါး ပါ”
အနန္တော၊ အနန္တ ငါးပါးကို စွဲစွဲမြဲမြဲ ယုံကြည်အားကိုး အားထား ပြုကြပါ။ ဗုဒ္ဓဘုရားရှင်ဆိုဆုံးမ တရားများကို ကိုယ်တိုင် အားထုတ် ၊ ကျင့်ကြံ ကြိုးစား အားကိုး အားထား ပြုကြပါ။ လောကီ ပညာနဲ့ လောကုတ္တရာ ပရမတ်နှစ်ခု စပ်ပြီး ကျင့်တတ်ကြပါစေ။ စာရေးသူတို့ ဗုဒ္ဓဘုရားရှင်မှ “ မိမိ ကိုယ်သာ မိမိကိုးကွယ်အားထားပါ၊ “ သူများ ပါးစပ် လမ်းမဆုံးကြစေဘဲ၊ ဘုရားရှင်ရဲ့ ဓမ္မအစစ်၊ ပရမတ်တရားအနှစ်များကို ဥာဏ်ဖြင့် ပိုင်းခြားထိုးထွင်း၍ အသိပညာ တိုးပွားနိုင်ကြပါစေ။
ပညတ် ပရမတ်
နှစ်ခုစပ်
ကျင့်တတ်သူမှသာ……….။(မာန်လည် ဆရာတော်ဘုရားကြီး)
ရွှေလမ်းငွေလမ်းဝင်းကြည်
၁၉၉၅ ခု စက်တင်ဘာလ(၁၆)ရက်နေ့။ ရေးပါသည်။
(၀န်ခံချက်)
ဤဆောင်းပါးသည် စာရေးသူ၏ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို တင်ပြထားပါသည်။
0 comments:
Post a Comment