`မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း ထိန်ထိန်သာဟော်တယ်မှာ ဖွဲ့စည်းပြီး´

ဇူလိုင်(၂၉) ၊ နံနက်(၉)နာရီမှာ မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်၊ (၁၇)လမ်း၊ ထိန်ထိန်သာဟော်တယ်တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးသတင်းစာဆရာ အသင်း အဖွဲ့ဝင်အင်အားစာရင်း(၇၀)၊ အဆိုပြုလွှာနောက်တိုး(၁၀)ဦး စုစုပေါင်း(၈၀)ဖြင့် ဖွဲ့စည်းကြောင်းသတင်းရရှိပါသည်။ ရွေးချယ်ရေးကော်မရှင်အဖြစ် မကွေးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာ မကွေးဝင်းမြင့်၊ ဒု ဥက္ကဋ္ဌ ဆရာတင်လင်းဇော်(အမျိုးသားစာပေဆုရှင်)၊ ဆရာနေခြည်(မကွေး) နှင့် အခမ်းအနားမှူး စာရေးဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူတို့မှ ကော်မရှင်များအဖြစ် တာဝန်ယူဖွဲ့စည်း၍ ရွေးချယ်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသတင်းစာ အသင်း ဖြစ်မြောက်ရေးကော်မတီဝင် ဆရာဦးမြတ်ခိုင်( လျှပ်တစ်ပြက်/မော်နီတာ အယ်ဒီတာချုပ်) မှ ရွေးချယ်ဖွဲ့စည်းပေး သော မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း အလုပ်အမှုဆောင်(၂၁)ဦး နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံကိုယ်စားလှယ်(၅)ဦးတို့ကို အတည်ပြုလက်ခံပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဒေါက်တာသက်လွင် မှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း အတွက် ရံပုံငွေများကို ဒေါက်တာသက်လွင်မှ ငွေကျပ်(၁)သိန်း ၊ ဟင်္သသာ(တောင်တွင်း)မှ ငွေကျပ်(၂)သောင်း မတည်စိုက်ထူ လှူဒါန်းကြကြောင်း သတင်းရရှိပါသည်။ မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်းအလုပ်အမှုဆောင်အဖွဲ့ (၁) ဥက္ကဋ္ဌ ဒေါက်တာသက်လွင် - ကလောင်အမည်= ဒေါက်တာသက်လွင် ပခုက္ကူမြို့။ (၂) ဒု ဥက္ကဋ္ဌ ဦးလှမြင့် ။ မကွေးလှမြင့် မကွေးမြို့။ (၃) အတွင်းရေးမှူး ဦးဝင်းကြည် ။ ရွှေလမ်းငွေလမ်းဝင်းကြည် မကွေးမြို့။ (၄) တွဲဘက် အတွင်းရေးမှူး ဦးသိန်းဇံ ။ နေဦးမောင် ပခုက္ကူမြို့။ (၅) ဘဏ္ဍာရေးမှူး ဦးလှဖုန်း ။ ဟင်္သာ(တောင်တွင်း) တောင်တွင်းမြို့။ (၆) တွဲဘက် ဘဏ္ဍာရေးမှူး ဦးဆန်းညွှန့် ။ ဆန်းညွှန့်(ရေနံချောင်း) ရေနံချောင်းမြို့။ (၇) စာရင်းစစ် ဦးဝင်းဌေး ။ ၀င်းဌေး(ဘဏ်) မင်းဘူး/စကုမြို့။ (၈) ပြန်ကြားရေး ဦးဝင်မောင် ။ မကွေးဝင်းမောင် မကွေးမြို့။ (၉) အဖွဲ့ဝင် ဦးခင်မောင် ။ မောင်ပွင့်စော(ပခုက္ကူ) ပခုက္ကူမြို့။ (၁၀) ။ ဦးမင်းသန့် ။ မင်းသန့်ဇင်(ပခုက္ကူ) ပခုက္ကူမြို့။ (၁၁) ။ ဦးစောလင်းနိုင် ။ ဇေယျာစော ပခုက္ကူမြို့ ။ (၁၂) ။ ဦးဝင်းချို ။ ကာတွန်း အောင်ချမ်းမြေ့/မင်းဘူး မင်းဘူး/စကုမြို့။ (၁၃) ။ ဦးခင်မောင်စိုး ။ ပေါက်ကလေး(သရက်) သရက်မြို့ ။ (၁၄) ။ ဦးကိုကိုအောင် ။ အောင်ကြီး(သရက်) သရက်မြို့။ (၁၅) ။ ဦးတင်ဆွေဦး ။ ပေါ်ဦး(နတ်မောက်) နတ်မောက်မြို့။ (၁၆) ။ ဦးကျော်သိန်းဦး ။ နတ်မောက် ကျော်သိန်းဦး နတ်မောက်မြို့။ (၁၇) ။ ဦးမြင့်သန်း ။ မကွေးမြင့်သန်း မကွေးမြို့။ (၁၈) အဖွဲ့ဝင် ဦးအောင်ကိုကိုဝင်း ကလောင်အမည် ကာတွန်း အေကေ(AK) မကွေးမြို့။ (၁၉) ။ ဦးသိန်းညွှန့် ။ စောလှနွယ် မကွေးမြို့။ (၂၀) ။ ဦးအောင်ကျော်ညွှန့် ။ ကာတွန်း ဇေယျတု မကွေးမြို့ ။ (၂၁) ။ ဒေါ်ဥမ္မာခင် ။ ဥမ္မာခင်(မကွေး) မကွေးမြို့ ။ အထက်ပါ အလုပ်အမှုဆောင်(၂၁)ဦးသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံကိုယ်စားလှယ်များဖြစ်ကြသည်။ `မြန်မာနိုင်ငံသတင်းစာဆရာအသင်း သို့တက်ရောက်ရန် သီးခြားရွေးချယ်သော ညီလာခံကိုယ်စားလှယ်များ´ (၁) ဦးဝင်းလွင် ကလောင်အမည် ၀င်းလွင်(ရေနံချောင်း) ရေနံချောင်းမြို့။ (၂) ဦးမြင့်ဦး ။ လွမ်းထား(မကွေး) မကွေးမြို့။ (၃) ဦးလှဝင်း ။ ကောင်းသုတ(မင်းဘူး ) မင်းဘူး/စကုမြို့။ (၄) ဦးမောင်မောင်မြင့် ။ ချစ်မင်းဧရာ မကွေးမြို့ (၅) ဦးဇော်ဝင်း ။ နတ်မောက်သား မြွေဟောက် နတ်မောက်မြို့။ ရွှေလမ်းငွေလမ်းဝင်းကြည် ဦးဝင်းကြည် (အတွင်းရေးမှူး) မှတ်တမ်းတင်သူ မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း၊ မကွေးမြို့။ ဖုန်း ၀၉၄၄၀၂၂၅၁၀၀
 

`အဲဒီ သက်ဆိုင်သူမပါတဲ့ လူနာအတွက် ဆေးဘိုးကဘယ်သူရှင်းမှာလဲ..?

`အဲဒီ သက်ဆိုင်သူမပါတဲ့ လူနာအတွက် ဆေးဘိုးကဘယ်သူရှင်းမှာလဲ..? ဆိုသော မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးမှ ၀န်ထမ်းတစ်ချို့´ ၂၀၁၂ ၊ ဇူလိုင်(၁၇)ရက်နေ့ ည(၁၀း၃၀)နာရီခန့်တွင် မကွေးမြို့၊ တောင်တွင်းလမ်း၊ ဖန်းခါးမြေဘိုးဘွားရိပ်သာအနီး မော်တော်ဆိုင်ကယ်နှစ်စီး ယာဉ်တိုက်မှုဖြစ်ကြောင်း သတင်းရရှိသည်။ ၂၂ယ/၃၀၀၅၄ ဆိုင်ကယ်စီးသူ အသက်(၅၈)နှစ် ဦးခင်မောင်တိုး(မကွေးမြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မြန်မာပြည်ဆရာဟိန်း) နှင့် မက/၅၁၄၉၁ ဆိုင်ကယ်စီးသူ အသက်(၂၇)နှစ် ကိုဇင်သူအောင်(နိုင်ငံခြားသင်္ဘောသား၊ ရန်ကုန်)ဧည့်သည် တို့ဖြစ်ကြောင်းသိရ၏။ ကိုဇင်သူအောင်သည် သူငယ်ချင်း ကိုဘုန်းမြင့်ကျော်၊ မကွေးတက္ကသိုလ်ဝန်ထမ်းရိပ်သာတွင် တည်းခိုနေထိုင်ကြောင်း၊ အခင်းဖြစ်ပွားစဉ် လက်ကိုင်ဖုန်း(၀၉-၅၀၉၁၂၈၆) တယ်လီဖုန်းနှင့် ငွေများပါကြောင်း၊ ယင်းပစ္စည်းများမှာ ပျောက်ဆုံးနေကြောင်းကို မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးပေါ်တွင် ဇူလိုင်(၁၈)ရက်နေ့ နံနက်(၆း၃၀)မှာ ကိုဇင်သူအောင်မှ မြန်မာပို့စ်သို့ ပြောဆိုပါသည်။ ယင်း ဆိုင်ကယ်နှစ်စီးမျက်နှာချင်းတိုက်မှုကို (ပ)၁၈၃/၂၀၁၂ ပုဒ်မ ၃၃၇/၃၃၈ ဖြင့် မကွေးမြို့ အမှတ်(၁)ရဲစခန်းတွင် တိုက်သော ဆိုင်ကယ်များနှင့် ဆိုင်ကယ်စီးသူ နှစ်ဦးတို့အား အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိ ပါသည်။ ထို ဆိုင်ကယ်တိုက်သောနေရာတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ ယာဉ်ထိမ်းများနှင့် မကွေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးလှဝင်း(တပ်ခွဲမှူး)တို့အဖွဲ့သည် ဒဏ်ရာရသူနှစ်ဦးကို အချိန်မီ စစ်ဆေးဆောင်ရွက်၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် တင်ပေးခဲ့ကြောင်း၊ ကိုဇင်သူအောင်၏ နောက်မှာ သက်ဆိုင်သူ မည်သူတစ်ဦးတစ်ယောက်မှ ပါမလာကြောင်း၊ ကိုဇင်သူအောင်သည် နားထဲ၊ နှာခေါင်းထဲမှ သွေးများထွက်၍ လူးလွန့်ခံစားနေရကြောင်း၊ ဆေးရုံပေါ်မှ တာဝန်ကျဝန်ထမ်းများသည် ကိုဇင်သူအောင်အား မည်သူကမျှ ဆေးကုသ စောင့်ရှောင့်ပေးခြင်းမရှိကြကြောင်း၊ ထို့ကြောင့် အမြင်မတော်၍ စာရေးဆရာ သတင်းထောက် နေခြည်(မကွေး) မှ သက်ဆိုင်ရာတာဝန်ကျသူ ဆရာဝန် သူနာပြုဝန်ထမ်းများအားပြောဆိုကြောင်း ထိုအခါ တာဝန်ကျဆရာဝန်တစ်ဦးဆိုသူက ဘာမျှဆေးကုသခြင်းမပြုသေးလို့ ကုသပေးရန်ပြောဆိုသူ သတင်းထောက် နေခြည်(မကွေး) အား ၀တ္တရားနှောက်ယှက်မှုနဲ့ အရေးယူမည်ဟု စကားများနေကြကြောင်းတို့ကို မကွေးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးလှဝင်း(တပ်ခွဲမှူး) မှ မြန်မာပို့စ်သို့ ပြန်လည်ပြောဆိုပါသည်။ ထိုညတွင် စာရေးဆရာ လူနာမြန်မာပြည်ဆရာဟိန်းထံသို့ စာရေးဆရာ သတင်းထောက် မျိုးဇော်(မကွေး)၊ ကောင်းသုတ(မင်းဘူး) နှင့် နေခြည်(မကွေး)တို့ သွားရောက်၍ မေးမြန်း ၀ိုင်းဝန်ကူညီဆောင်ရွက် ပေးကြောင်း သိခဲ့ရသည်။ ထိုဖြစ်စဉ်၏ အဖြစ်မှန်အသေးစိတ်သိလို၍ နေခြည်(မကွေး)ထံသို့ ဇူလိုင်(၁၈)ရက်နေ့မှာ မြန်မာပို့စ်မှ သွားရောက်ခဲ့ရာ ဤသို့ ရှင်းလင်းပြောဆိုပါသည်။ `` ဇူလိုင်(၁၇)ရက်နေ့ ည(၁၀နာရီခွဲ)အချိန်လောက်မှာ မိတ်ဆွေစာရေးဆရာတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့သတင်းလာပေးတာကြောင့်ချက်ချင်းပဲဆေးရုံကိုအပြေးသွားခဲ့ပါတယ်။ဆေးရုံကိုရောက်တော့နံကျိုး ပြီးအဆုတ်ကိုထောက်သွားတာကြောင့် အဆုတ်ထဲကိုရောက်နေတဲ့ရေနဲ့သွေးတွေကိုဖောက်ထုတ်ရမယ်။ ခေါင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့သိလိုက်ရပါတယ်။ ဆိုင်ကယ်ချင်းတိုက်တာလို့သိရတာ ကြောင့်တစ်ဖက်ဆိုင်ကယ်သမားရဲ့အချေအနေကိုသွားကြည့်တော့ နားထဲက သွေးတွေထွက်နေပြီး ဒဏ်ရာဒဏ်ချက်တစ်ချို့နဲ့အန်နေတာကိုတွေ့ရတယ်။ နာမည်ကိုပဲပြောနိုင်ပြီး ဘာကိုမှမေးမရဘူး။ တစ်ချက်တစ်ချက်အန်နေတယ်။ ဆရာဝန်အမြင်နဲ့တော့ မပြောတတ်ဘူး၊ သာမန်လူအမြင်မှာတော့ နားထဲကလည်း သွေးထွက်၊ အန်လည်းအန်တယ်ဆိုတော့ အခြေအနေမကောင်းဘူးပေါ့။ မိတ်ဆွေစာရေးဆရာမှာဒဏ်ရာပြင်းတယ်ဆိုပေမယ့်ဓာတ်မှန်ရိုက်ခနဲ့ဆေးဖိုးဝါးခတွေထုတ် ပေး မယ့်သူရှိတာ ကြောင့် လိုအပ်တဲ့ဆေးကုသမှုကိုခံယူရပါတယ်။ ဟို တစ်ဖက်လူမှာတော့ လူနာကုတင်ပေါ်မှာတငြီးငြီးတငြူငြူနဲ့ ပြုစုကုသမယ့်သူမဲ့နေရှာတယ်။အတူရောက်နေတဲ့ မိတ်ဆွေစာရေးဆရာ သတင်းထောက်ကလည်း `မတော်ပါဘူးဗျာ၊ လူနာ ရှင်မရှိတာနဲ့ ပစ်ထားကြတယ်။ အတော်သံဝေဂရစရာကောင်းတာပဲ..`တဲ့။ဒါနဲ့ စာရေးသူလည်းမနေသာတော့ပဲ ဆရာဝန်တွေ နားနေခန်းဆီသွားပြီး အဲဒီလူနာကို ဆေးကုသမှုမပေးဘူးလား..လို့မေးပါတယ်။ဆရာဝန်မလို့ယူဆရသူ(အဲဒီအထဲမှာရှိတဲ့ နာ့စ် တွေကလွဲရင် ဘယ်သူမှဆရာဝန်ဂျူတီကုတ်ဝတ်မထားလို့ပါ)က` လူနာရှင်မရှိဘူးလေ..`.တဲ့။ ဒီတော့.. `လူနာရှင်မရှိတာနဲ့ အခုလိုပဲပစ်ထားတော့မှာလားဗျာ`..လို့ ပြောတော့ အဲဒီဆရာဝန်မက ဘယ်လိုပြန်ပြောသလဲ ဆိုတော့..`ပိုက်ဆံဘယ်သူရှင်းမလဲ`..တဲ့။ `သြော်..ပိုက်ဆံရှင်းမယ့်သူမရှိလို့ ကုမပေးနိုင်ဘူးပေါ့..ဟုတ်ပါပြီ..အဲဒီစကားကို Record လုပ်ထားပါ့မယ်။ ကျွန်တော် စာနယ်ဇင်းကပါ` လို့ပဲပြောပြီးပြန်ထွက်ခဲ့ပါတယ်။ ခဏလေးနေတော့` အခုနလေးက စာနယ်ဇင်းဆိုတဲ့လူ ခဏလာပါဦး` ..ဆိုပြီးခေါ်တာကြောင့် ပြန်ဝင်သွားတော့..ဆရာဝန်လို့ယူဆရသူ(ဂျူတီကုတ်ဝတ်မထားသောကြောင့်) က `ခင်ဗျား အခုနက စာနယ်ဇင်းကလို့ပြောတယ်၊ ဘယ်စာနယ်ဇင်းလဲ..ခင်ဗျားကိုဝတ္တရားနှောက်ယှက်မှုနဲ့ အရေးယူလို့ရ တယ်..`လို့ပြောပါလေရော။ဒီတော့ `စာနယ်ဇင်းကလို့ ပြောရတာ ဆရာကြားတဲ့အတိုင်း ဘယ်သူပိုက်ဆံရှင်းမှာလဲ..ဆိုတဲ့ စကားကြောင့် အဲဒီစကားကို Record လုပ်ရမှာမလို့ စာနယ်ဇင်းကဆိုတာ အသိပေးတာပဲလေ..`လို့ဆိုတော့ `အဲဒီစကားမှားသွားတဲ့အတွက်တောင်းပန်ပါတယ်…ဆိုပြီးလူနာကိုပစ်ထားတာမဟုတ်ကြောင်း၊ရှေ့ကသူ့ထက်အရေးကြီးတဲ့သူတွေကိုဦးစားပေး လုပ်နေရတာဖြစ်ကြောင်း..ရွှေပြည်အေးတရားဟော ပါတော့တယ်။ဖြစ်တာကယာဉ်တိုက်မှု။ လိုအပ်တဲ့ ဆေးကုသမှုကို အလျင်မီအောင်မရရှိတဲ့အတွက်မဖြစ်သင့်ပဲ တိမ်းပါးသွားခဲ့ရင်ကိုယ့်လူမှာ အမှုပိုကြီးသွားနိုင်တာ ကြောင့်ရယ်။ လူသားချင်းစာနာတဲ့စိတ်ရယ်ကြောင့်သွားပြောမိခဲ့တာပါ။ ၀တ္တရားနှောက်ယှက်မှုဆိုတာဘာလဲ။ ဆောင်ရွက် ရမယ့်ဝတ္တရားရှိတာကို ဆောင်ရွက်ခြင်းမရှိလို့ သွားပြောမိတာ လေ။ မဆောင်ရွက်တဲ့ဝတ္တရားကိုများ ဘယ်လိုနှောက်ယှက် နိုင်မှာတဲ့လဲ ဆရာဝန် လေးရယ်..လို့ ပြန်ပြောချင်လိုက်တာ။ လျှာကိုယားနေတာပဲ။ ကိုယ့်လူနာအတွက်အနှောက် အယှက် ဖြစ်မှာစိုးလို့အသာလေးပဲ ပြန်ထွက်လာခဲ့ရတယ်။ ဒီ ဆရာဝန်လေးတွေ (ဟောက်ဆာဂျင်)ပဲရှိတာမဟုတ်လား ၊ဘယ်ဆရာဝန်ကြီးတွေမှ လာတာမတွေ့ရဘူးလေ။ သူတို့ငြိုငြင်သွားလို့မဖြစ်တာကြောင့်ပေရှည်မနေတော့ပါဘူး။ ဒါတောင်မိတ်ဆွေလူနာကို ကူညီနေသူတစ်ဦးက `အဲလို သွားပြောလိုက်လို့ထင်တယ်၊ ခင်ဗျားလည်း ထွက်သွားရော ဒီလူနာ(မိတ်ဆွေ)ကို နေပြည်တော်ပို့ရလိမ့်မယ် လို့ပြောနေပြီ`..တဲ့။ `မပူပါနဲ့၊ သူတို့ကအလုပ်သင်ဆရာဝန်လေးတွေပါ၊ ဒီလိုကိစ္စသူတို့ဆုံးဖြတ်ချက်နဲ့လုပ်မှာမ ဟုတ်ပါဘူး။ ဆရာဝန်ကြီးတွေရှိပါသေးတယ်..`လို့ ပြန်ပြောရတယ်။ဆေးရုံတွေအကြောင်းရေးကြတာလည်းများ နေလို့အားနာစရာ တောင်ကောင်းနေပါပြီ။ ဒီဖြစ်စဉ်ကိုသုံးသပ်ကြည့်ရင်ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ဖြစ်နေလိမ့်မယ်ထင်တယ်။ ခုလိုဖြစ်စဉ်မျိုး ဆေးရုံမှာ မကြာခဏကြုံတွေ့ရမှာပါ။ ယာယီအားဖြင့်လူနာရှင်မပေါ်သေးတဲ့အခါ ကျသင့်မယ့်ဆေးကုသစရိတ်တွေကိုဆရာဝန်လေးတွေအနေနဲ့ဘယ်စိုက်ထုတ်နိုင်လိမ့်မလဲ။ဒါကိုဆေးရုံကဘယ်လိုအစီအစဉ်မှ ချမှတ်မထားဘူးလား။ ဒီလိုပဲ ပိုက်ဆံရှင်းမယ့်သူမရှိရင် ပစ်ထားကြတော့မှာပဲလား..ဆိုတဲ့မေးခွန်းတွေကစာရေးသူရဲ့ ဦးနှောက်ကို အလုပ်ပေးနေပါတော့တယ်…။ ပြည်သူ့ဆေးရုံကြီးပေါ်မှာ ငွေမပါရင် သေကြရတော့မှာလား ဆရာရယ်..။ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ ဆောင်ပုဒ်က ချိတ်ထားယုံသက်သက်သာဖြစ်နေသလား ဆရာရယ်..။ (ကျွန်တော်ပြောဆိုခဲ့တဲ့ အချက်အလက်များနဲ့ ပတ်သက်လို့ ရှင်းရမယ်ဆိုရင်းလဲ ကျွန်တော်တာဝန်ယူတယ်ခင်ဗျာ..။) ဟု ကိုနေခြည် မှ မြန်မာပို့စ်သို့ သတင်းပေးပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

ဇူလိုင်(၂၉)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်းဖွဲ့စည်းမည်။

MJA တွင် အဆိုပြုလွာလျှောက်ထားသူများနှင့် သတင်းစာဆရာများ၊ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားနေသော ကာတွန်းဆရာ၊ သတင်းသမားများ ဖိတ်စာရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဖုန်းဆက်သည်ဖြစ်စေ မဆက်သည်ဖြစ်စ တက်ရောက်နိုင်ကြပါသည်။ အားလုံးကို လေးစားခင်မင်စွာဖြင့် ကြိုဆိုပါမည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
 

`(၁၉)ဇူလိုင်နေ့တွင် မကွေးမြို့နယ်NLD ပါတီမှ လွတ်လပ်ရေးပန်းခြံ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် သို့ ချီတက်၍ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု´

ဇူလိုင်(၁၉)ရက်နေ့၊ နံနက်(၇)နာရီတွင် မကွေးမြို့၊ မြင်သာရပ်ကွက်၊ မဲထီးလမ်းရှိ NLD ရုံးမှ မကွေးမြို့နယ်NLD ပါတီဝင်အင်အား(၆၀၀)ခန့်ဖြင့် မကွေးမြို့၊ ဗိုလ်ချုပ်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်၊ လွတ်လပ်ရေးပန်းခြံသို့ ငြိမ်းချမ်းစွာဖြင့် ချီတက်၍ အလေးပြုကြောင်း သတင်းရရှိပါသည်။ ထို့နောက် မကွေးမြို့နယ် NLD ရုံးခန်းအတွင်း (၆၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ကြောင်းသိရသည်။ ထိုအခမ်းအနားတွင် မကွေးမြို့နယ်NLD နာယက ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောသည်။ လူငယ်အဖွဲ့ဝင် ကိုစိုးသူဝင်းမှ NLD ဗဟိုလ်၏ (၆၅)နှစ်မြောက် အာဇာနည်နေ့အတွက် ပေးပို့သော သ၀န်လွှာကိုဖတ်ကြားသည်။ထို့နောက် ခရိုင်အဖွဲ့ဝင် ဦးစိုးမိုး မှ ယနေ့ကျင်းပသော အခမ်းအနား ဖြစ်အောင်ဆောင်ရွက်ရပုံများကို အသေးစိတ်ရှင်းလင်း ပြောဆိုသည်။ ထို့နောက် တိုင်းညီလာခံကျင်းပရေး ဦးချစ်ထွေးမှ ကျေးဇူးတင်စကားပြောဆို၍ အခမ်းအနားအား နံနက်(၉)နာရီတွင် အောင်မြင်စွာကျင်းပပြီးဆုံးကြောင်းသိရသည်။ နံနက်(၁၀း၃၀) တွင် မကွေးမြို့ တောင်တွင်းလမ်းရှိ သံဃာ့ရတနာရာမ ကျောင်းတိုက်တွင် (၆၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျဆုံးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများအားရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှဝေပြီး ကောင်းမှုကုသိုလ်များဖြင့် ဂုဏ်ပြုကြကြောင်း သတင်းရရှိခဲ့ပါသည်။ ရွှေလမ်းငွေလမ်းဝင်းကြည်
 

မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီပွဲအား မကွေးမြို့တွင် ဇူလိုင်(၂၉)ရက်မှာ ကျင်းပမည်ဟုဆို ´

`မကွေးမြို့နယ်စာရေးဆရာအသင်း ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ ကျင်းပပြီး။ မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီပွဲအား မကွေးမြို့တွင် ဇူလိုင်(၂၉)ရက်မှာ ကျင်းပမည်ဟုဆို ´ ၂၀၁၂ ဇူလိုင်(၁၅)ရက်နေ့၊ နံနက်(၉)နာရီတွင် မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ မှာ မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံအတွေ့အကြုံရှင်းလင်းပွဲအား မကွေးမြို့နယ်စာရေးဆရာအသင်းမှ ကျင်းပပြုလုပ် ကြောင်း သတင်းရရှိသည်။ မကွေးမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့နှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံကိုယ်စားလှယ်များဖြစ်ကြသော မကွေးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ မကွေးဝင်းမြင့် နှင့် ဆရာနေခြည်(မကွေး) တို့ နှစ်ဦးသည်၊ ၂၀၁၂ မတ်လ(၂၄)ရက်နေ့၊ပဉ္စမအကြိမ် အရေးပေါ် ညီလာခံမှ မြန်မာနိုင်ငံစာရေးဆရာအသင်း ညီလာခံအတွေ့အကြုံများကို ပြန်လည်ရှင်းလင်းကြကြောင်းသတင်းရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဝင်ဖြစ်မြောက်ရေးအတွက် လျှောက်ထားကြသော မကွေတိုင်းဒေသကြီး အတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါ်ခရိုင် တို့မှ သတင်းစာဆရာ၊ ဂျာနယ်လစ် များသည် မကွေးမြို့မှာ စုပေါင်းတွေ့ဆုံကြမည်ဟု သတင်းစာဆရာအသင်းဖြစ်မြောက်ရေးတာဝန်ခံ ဦးမြတ်ခိုင် မှ ချိန်းဆိုထားကြောင်း သိရသည်။ ၎င်းတွေ့ဆုံပွဲကို မကွေးမြို့၊ (ထိန်ထိန်သာ ဟောတယ်) တွင် ဇူလိုင်(၂၉)ရက်၊ တနင်္ဂနွေနေ့၊ နံနက်(၉)နာရီတွင် ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိပါသည်။ ထို မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း မျက်နှာစုံညီတွေ့ဆုံပွဲသို့ တက်ရောက် လိုသူ အဖွဲ့ဝင်များသည် မကွေးမြို့မှ (ဦးဝင်းကြည် ဖုန်း ၀၉-၄၄၀၂၂၅၁၀၀ နှင့် ဦးသိန်းညွှန့် ဖုန်း ၀၆၃- ၂၅၀၄၁) တို့ထံတွင် အစီအစဉ်များအား ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းရရှိပါသည်။ ၀ိုင်းကြည်အောင်
 

`မကွေး-မန္တလေးလိုင်းရှိ့ ကားဒရိုင်ဘာတစ်ဦးမှ ခရီသွား အများပြည်သူများအား ရိုင်းပြစွာဖြင့် ဆက်ဆံပြောဆို၍ အထူးကုဆရာဝန်ကြီးတစ်ဦးမှ (မ.ထ.သ)သို့တိုင်ကြား´

ဇူလိုင်(၉)ရက်နေ့တွင် နိုင်ငံခြားဆေးကုမ္ပဏီ မန်နေဂျာဦးဇော်လင်းခိုင်မှ မြန်မာပို့စ်ကို ဖုန်းဆက်၍ မီဒီယာရှင်းလင်းပွဲသို့ ဖိတ်ကြားပါသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး ဒေါက်တာပါပါ မှ သူ၏ရုံးခန်းတွင် တွေ့ဆုံရှင်းလင်းပြောကြားပါသည်။ `ကျွန်တော် ဖြစ်စဉ်လေး အကျဉ်းကိုပြောပြပါ့မယ်။ ဇူလိုင်(၆)ရက်၊ သောကြာနေ့ည(၇)နာရီမှာ မန္တလေးမြို့ကို ပြန်ဖို့ မကွေးကားကြီးကွင်းထဲက ရာဇာအောင်ကားဂိတ်သို့သွားခဲ့ပါတယ်။ ရာဇာအောင်ကားက မင်းဘူးမြို့က ညနေ (၆)နာရီ မှာ ထွက်စတယ်လို့သိရပါတယ်။ မကွေးကားဂိတ် ကိုရောက်လာပြီး မကွေးဂိတ်မှ ကားထွက်ချိန်(၇)နာရီဖြစ်ပါတယ်။ အဲဒီနေ့ထွက်မဲ့ ရာဇာအောင်ကားက မကွေးကားဂိတ်သို့ ည(၉)နာရီအထိ ရောက်မလာပါဘူး။ မကွေး ရာဇာအောင်ကားဂိတ်ထဲမှာ ခရီးသည်များကို သိရှိစေရန် မည်သူတစ်ဦးတစ်ယောက်ကမျှ အသိပေးပြောဆိုခြင်း၊ စာရေးသားပြီး အသိပေးထားခြင်း လုံးဝမရှိပါ။ ဒါကြောင့် မကွေးကားဂိတ်က တာဝန်ရှိသူ တစ်ဦးကို မေးတော့ ကားက လမ်းမှာ ဘီးပေါက်နေတယ်ဘဲ ဖြေပါတယ်။ ကားဘီပေါက်ရင်လည်း ဒီလောက်အချိန်(၂)နာရီ မကြာလောက်ပါဘူး။ ဒါနဲ့ သူက အဲဒီ ရာဇာအောင်ကားက ကားဒရိုင်ဘာရဲ့ ဟန်းဖုန်းနံပါတ်(၀၉-၄၃၁၇၂၇၉၉)ကို ပေးပါတယ်။ ကားဒရိုင်ဘာထံ ဖုန်းဆက်ပါတယ်။ ` ကား ဘာဖြစ်နေပါသလဲခင်ဗျာ ကျွန်တော်တို့ ခရီးသွားမယ့်သူတွေ ဒီဘက်မှာ စောင့်နေရတာ(၂)နာရီ တောင်ကြာနေပါပြီ..´လို့ မေးပါတယ်။ အဲဒါကို ဒရိုင်ဘာက ဘာပြန်ပြောသလဲဆိုရင် သူပြောဆိုသလို ကျွန်တော် ပြန်မပြောပြရဲပါဘူး။ အင်မတန် လွန်စွာကို မကြားဝန့် မနာသာ စကားနဲ့ ဖုန်းထဲက အကြောင်းပြန်ပါတယ်။ နောက်ဆုံး သူကဘာပြောသလဲ ဆိုတော့ `ကားပျက်ပါတယ်ဆိုမှ ဘာပြောပြနေရမှာလဲ။ ခင်ဗျားတို့ မန္တလေးကို ဘယ်အချိန် ရောက်ချင်တာလဲပြော..?။ ခင်ဗျားတို့ မစောင့်နိုင်ရင် ဂိတ်ကနေ ကားခပြန်ထုတ်ပြီး ပြန်တော့´ လို့ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်ကပြန်ပြောပါတယ်။ ည(၉)နာရီထိုးနေပါပြီ..။ မကွေးကနေ မန္တလေးကို ထွက်တဲ့နောက်ဆုံးကားဂိတ် ရွှေမန်းသူကားကလည်း ည(၈)နာရီထိုးမှာ ထွက်သွားပြီ ဒီလိုပြောလို့ ဘယ်ဖြစ်ပါ့မလဲဗျာ..လို့ဆိုလိုက်ပါတယ်။ သူပြောတဲ့ ခင်ဗျားတို့ မန္တလေးကို ဘယ်အချိန်ရောက်ချင်တာလဲ ဆိုတဲ့စကားဟာ ဒရိုင်ဘာတစ်ယောက်ပြောဆိုရမယ့်စကား မဟုတ်ပါ။ ကျွန်တော်တို့သည် လူတွေပါ။ လူသားတစ်ဦးလို ဆက်ဆံပေးပါ။ ကျွန်တော်တို့သည် ကုန်ပစ္စည်းလဲ မဟုတ်ကြပါ။ ကျွန်တော်တို့သည် တိရိစ္ဆာန်တွေလဲ မဟုတ်ပါဘူး။ ဒီလိုနဲ့ ည(၉း၂၀) မှာ အဲဒီရာဇာအောင်ကား ရောက်လာပါတယ်။ ကားနံပါတ်က(၄ဂ/ ၅၆၂၄) ကားအမည်(အောင်ခန့်)ပါ။ ဓာတ်ပုံကျွန်တော်ရိုက်ထားပါတယ်။ ဒါနဲ့ အဲဒီကားမောင်းသူကို ကျွန်တော်သွားတွေ့ပါတယ်။ `ခုနက ဖုန်းကိုင်တာ မင်းလား´ လို့ ကျွန်တော်ကမေးပါတယ်။ သူကဘုဆပ်ဆပ်နဲ့ ဖြေဆိုပါတယ်။ `ဘာကိစ္စလဲ ဘာပြောချင်တာလဲ´ ဆိုပြီး ထပ်ကောပါတယ်။ ကျွန်တော်ကလည်း `မင်းငါတို့တစ်တွေကို ဒီလိုကြီးပြောဆိုဖို့ မကောင်းပါဘူး ကွာ။ ခရီးသည်တွေကိုလဲ ဘယ်အချိန်ရောက်ချင်တာလဲ ဆိုတာ မေးဘို့မကောင်းပါဘူး။ ဒါ ဒရိုင်ဘာတစ်ယောက်အနေနဲ့ ပြောဆိုမေးမြန်းသင့်တဲ့ စကားမဟုတ်ပါဘူး။ ကျွန်တော်စကားမဆုံးခင် သူက ဘုတောပါတော့တယ်။ `မေးတယ်ဗျာ..။ ကဲ ဘာလုပ်ချင်လဲ?။ ကြိုက်တဲ့ဆီ ကြိုက်တဲ့နေရာတွေတိုင်နိုင်တယ်´။ လို့ သူက ဒေါသကြီးစွာနဲ့ ဆိုပါတယ်။ ခရီးသွားအများပြည်သူနဲ့ ဆက်ဆံတာ ဒီလိုကြီးမောက်မာတာ မကောင်းပါဘူး။ ကျွန်တော့်အိမ်မှာ လည်း ဒီလို လိုင်းကားတွေ ထောင်ထားသူတစ်ဦးပါ။ ကားနဲ့ ကားသမားတွေအပေါ် ကိုယ်ချင်းစာနာတတ်ပါတယ်။ ယခုကိစ္စက တော်တော်ကိုရိုင်းပြလွန်းလို့ ကျွန်တော့်အနေနဲ့ ခရီးသွားပြည်သူတစ်ဦးတစ်ယောက်အဖြစ်နဲ့ ခံစားပြောဆို ရင်ဖွင့်ရတာပါ။ ဒါနဲ့ ကျွန်တော်က ဒီကိစ္စကို ချက်ချင်းဘဲ မကွေးမြို့နယ် (မ.ထ.သ) ဥက္ကဋ္ဌ ဆီကို ဖုန်းဆက်တိုင်ကြားပါတယ်။ နောက်ပြီး သူမောင်းတဲ့ ကားကိုလည်း မစီးရဲပါဘူးလို့ ပြောရပါတယ်။ ဒါကြောင့် အဲဒီညက အဲဒီ ကားဒရိုင်ဘာ မမောင်းပါဘူး။ အခြားတစ်ယောက်နဲ့မောင်းပါတယ်။ ရာဇာအောင်ကားက ပုံမှန် မကွေးဂိတ်ကနေ ည(၇)နာရီ ထွက်ရင် မန္တလေးမြို့ကို နံနက်(၁)နာရီရောက်ပါတယ်။ ဒါပေမယ့် အဲဒီနေ့ကတော့ နံနက်(၄း၃၀)နာရီမှ ရောက်ပါတယ်။ နောက်ထပ်ပြီး အသိပေးချင်တာက အဲဒီနေ့က မကွေးဆေးတက္ကသိုလ်ကျောင်းက ၀န်ထမ်းတစ်ချို့နဲ့ ဇီဝကမ္မဗေဒ ဘာသာဌာန၊ ပါမောက္ခ ဒေါက်တာ ဒေါ်ခင်ဝင်းစိန်တို့ကလဲ မကွေးမြို့အထွက်က တိုးဂိတ်ကနေစောင့်နေ ကြကြောင်း၊ သူတို့ကလည်း ရာဇာအောင် ကား မလာနိုင်လို့ ခဏ ခဏဖုန်းဆက်ကြတယ်လို့ပြောပြတယ်။ ပြောဆိုရတာ အဆင်မပြေ ကြဘူးသိရပါတယ်။ သူတို့က မလာနိုင်တဲ့ ရာဇာအောင်ကားကို မစောင့်နိုင်တော့လို့ ည(၈)နာရီထွက်လာတဲ့ ရွှေမန်းသူကားနဲ့ ကြားခုံမှာ ဖြစ်သလို လိုက်ပါသွားကြရကြောင်းတို့ကို ကျွန်တော် မန္တလေးက အပြန်လမ်းမှာ ကြားသိခဲ့ရပါတယ်ခင်ဗျာ..။ အဲဒီကား ဒရိုင်ဘာကို ဘယ်လို အရေးယူထားတယ် ဆိုတာကိုတော့ မကွေးမြို့နယ်(မ.ထ.သ) ကို သွားရောက်မေးမြန်းနိုင်ပါတယ်။ အဖြစ်မှန်ကို သိရအောင် ရာဇာအောင်ကားဂိတ်ကိုလည်း သွားရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ..။´ ဟု အထူးကုဆရာဝန်ကြီး ဒေါက်တာ ပါပါ မှ မြန်မာပို့စ်ကို ပြောဆိုပါသည်။ နိုင်ငံခြား ဆေးကုမ္ပဏီ မန်နေဂျာ ဦးဇော်လင်းခိုင် ကလည်း ` မကွေးဆေးတက္ကသိုလ်ကျောင်းအတွက် နဲ့ မကွေးတိုင်း ဒေသကြီး မကွေးမြို့ သင်ကြားရေးဆေးရုံ၊ မကွေးတိုင်းဆေးရုံတို့အတွက် ရန်ကုန်၊ မန္တလေးကနေ မကွေးမြို့ကို ဆရာဝန်တွေ၊ သမားတော်ကြီးတွေက ပြောင်းရွှေ့ရမယ်ဆိုရင် သိပ်မပြောင်းချင်ကြဘူး။ ယခုလို အသွားအလာ ခက်ခဲခြင်း၊ နေစရာ ထိုင်စရာပြည့်စုံအောင် သက်ဆိုင်ရာက စီစဉ်မပေးနိုင်ခြင်း၊ အပြင်မှာ ငှါးနေမယ်ဆိုတော့လည်း သူတို့ အဆင့်အတန်းနဲ့ လိုချင်တဲ့အဆောက်အဦးနေရာကို ငှါးလို့မရကြဘူးဖြစ်နေကြရတယ်။ ဒါကြောင့် တစ်ချို့ ဆရာကြီးတွေ ဆိုရင် မကွေးမြို့ကို ပြောင်းမိန့်ကျရင် အလုပ်က ထွက်သွားကြတာတွေရှိတယ်ဗျာ…´ ဟု ဦးဇော်လင်းခိုင်မှဆိုပါသည်။ `ယခုလို မဖြစ်အောင် သွားရေးလာရေး လွယ်ကူမြန်ဆန်ဖို့အတွက် အရင်ကလို မကွေးလေယာဉ်ကွင်းသစ်ကြီးမှာ လေယာဉ်လိုင်းပြန်ဆွဲပေးရင် သိပ့်ကောင်းမှာဘဲဗျာ..။ ယခင်ကကို လေယာဉ်ခရီးစဉ်မှာ အတက်အဆင်းခရီးသည်(၄၀) လောက် ရှိပါတယ်။ မကွေးမြို့မှာက တက္ကသိုလ်ပေါင်း(၅)ခု၊ ကောလိပ်ကျောင်း(၁)ခုနဲ့ဆိုရင် တက္ကသိုလ်၊ကောလိပ်ကျောင်း စုစုပေါင်း(၆)ကျောင်းရှိပါတယ်။ လေယာဉ်စီးလိုတဲ့ ဆရာဝန်ကြီးတွေ ကျောင်းသား ကျောင်းသူတွေနဲ့ မိဘဆွေမျိုးများ၊ သက်ကြီးရွယ်အိုတွေလည်း ရှိကြပါတယ်။ ဒါကြောင့် ယခုဆိုရင် ခရီးသည်ပိုပြီးများ လာမယ်ထင်ပါတယ်..။´ဟု သတင်းထောက်တစ်ဦးက သုံးသပ်ပြောဆိုပါသည်။ ရာဇာအောင်လိုင်းမှ ကားဒရိုင်ဘာကိစ္စအား မကွေးမြို့နယ်၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုးထံ သို့ ဇူလိုင်(၁၁)နေ့တွင် မြန်မာပို့စ်မှ သွားရောက်မေးမြန်းရာ ဥက္ကဋ္ဌ မှ ဤသို့ပြောဆိုပါသည်။ `အဲဒီကားနဲ့ ကားဒရိုင်ဘာက ရန်ကုန်- မန္တလေး အရှေ့ဘက်လိုင်းကို အလှည့်ကျသွားတော့ ဒရိုင်ဘာနဲ့ တိုက်ရိုက်မတွေ့ လိုက်ရပါဘူး။ ဒီတော့ မကွေးကားကွင်းထဲက ရာဇာအောင်ကားဂိတ်မှူးကို ခေါ်ယူသတိပေးလိုက်ပါတယ်ခင်ဗျာ..´။ ဟု (မ.ထ.သ) ဥက္ကဋ္ဌ မှ ပြောဆိုပါသည်။ မကွေးမြို့၊ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်း၊ အဝေးပြေးကားကွင်း အတွင်းရှိ ရာဇာအောင်ကားဂိတ်သို့ ဇူလိုင်(၁၁)ရက်နေ့တွင် မြန်မာပို့စ် မှ သွားရောက်မေးမြန်းရာ ဂိတ်မှာရှိသော ဒုတိယဂိတ်တာဝန်ခံ မသန္တာနှင့် တွေ့ရပါ သည်။ မသန္တာမှ မြို့ထဲမှာရောက်နေသော ဂိတ်မှူး ဦးနေမျိုးလင်း ဆိုသူထံ ဖုန်းဆက်မေး၍ ဤ သို့ ဖြေဆိုပါသည်။ ` အဲဒီကားဆရာကို ကျမတို့က ကိုထွေးလို့ခေါ်တာပါ။ နာမည်ရင်းက ကိုယဉ်ထွေး လို့ခေါ်ပါတယ်။ သူ့ကို အဲဒီကားက အလုပ်ဖြုတ်ပြစ်လိုက်ပါပြီလို့ ပြောပြလိုက်ပါတဲ့ရှင်..´ဟု ပြောဆို၍ မြန်မာပို့စ် မှ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

` မကွေးမြို့၊ မိုးလုံလေလုံအားကစားရုံမှ မြန်မာ့လက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲကြီး´

မကွေးတိုင်းသေကြီး မကွေးမြို့ မိုလုံလေလုံအားကစားရုံခမ်းမမှာ ၂၀၁၂၊ ဇူလိုင်(၈)ရက်နေ့ ညနေ(၆)နာရီတွင် အားကစားဝန်ကြီးဌာန မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးကာVicyory Myanmar Group Co., L td နှင့် T&T Group တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲကြီး ကျင်းပကြောင်းသတင်းရရှိပါသည်။ ရုံးဝင်ကြေးမှာ လက်မှတ်တစ်စောင်(၄၀၀၀ိ) ဟုသိရသည်။ အားကစားရုံအပြည့် ပရိတ်သပ်များ လာရောက်အားပေးကြ၏။ ၎င်း လက်ဝှေ့ပွဲမှ ပြန်လာသော လက်ဝှေ့ဝါသနာရှင် တစ်ဦးအား လက်ဝှေ့ပွဲအကြောင်း စုံစမ်းမေးမြန်း၍ မြန်မာပို့စ်မှ သတင်းယူခဲ့ပါသည်။ `` ၃ ချီစိန်ခေါ်ပွဲ ၄ ပွဲ ၊ ၃ ချီအထူးစိန်ခေါ်ပွဲ ၁ ပွဲ ၊ ၄ ချီအထူးစိန်ခေါ်ပွဲ ၄ ပွဲ ၊ ၅ ချီအထူးစိန်ခေါ်ပွဲ၊၂ ပွဲယှဉ်ပြိုင်ထိုးသတ်ကြတာကို ကြည့်ခဲ့ရပါတယ်။ ၃ချီစိန်ခေါ်ပွဲမှာ ကိုကိုမောင်(ကန်သာ)ကကျော်ကြီး(ပြည်တော်သာ) သရဲကြီးကျော်ဦးကစောဒေါင်းပျံ(မင်းဘူး)၊မောင်ကောင်း(T&T)ကအောင်ဇင်ထွန်း(မကွေး)၊ရွှေရခိုင်(ရက္ခမဏ္ဍိုင်)ကမုန်တိုင်းနီ(မကွေး) ကို တို့အနိုင်ရရှိသွားကြပါတယ်။ ၃ ချီအထူးစိန်ခေါ်ပွဲမှာ စောသဲဦး(တွံတေး)က သားနဂါး(မကွေး)ကို အလဲထိုးဖြင့် အနိုင်ရရှိပြီး၎ ချီအထူးစိန်ခေါ်ပွဲမှာ ရွှေခါးပတ်ချန်ပီယံ စောသဲမင်း(မြောင်းမြ)ကရွှေခါး(မကွေး)ကိုအသာစီးဖြင့်ယှဉ်ပြိုင်ထိုးသတ်ကာ ဒုတိယ အချီမှာတော့ အနားတောင်းရာမှ ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိလို့ အရှုံးပေးလိုက်ရပါတယ်။ အဲဒီနောက် စောအယ်လေး(အုတ်ဖို)က ၀မ်ချုံး(မြောင်းမြ)၊ကျော်ခေါက်(တွံတေး)ကသိန်းဇော်(မကွေး)ကို အနိုင်ရရှိကြပြီး ဖိုးလပြည့်(ရန်ကုန်)နဲ့ အားမာန်(ကျိုက်လတ်)တို့အတွဲမှာ ပရိတ်သတ်အကြိုက်ဆုံးဖြစ်ရသလို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲရင်း ၄ ချီအပြည့်ယှဉ်ပြိုင်ကာ ပူးတွဲသရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ၅ ချီအထူးစိန်ခေါ်ပွဲမှာလဲ ပထမပွဲအဖြစ် ယှဉ်ပြိုင်တဲ့ လေးညှို့ရှင်(သာစည်)နှင့်ဝင်းမောက်(ဘားအံ)တို့အတွဲ မှာ ဟန်ရေးပြထိုးသတ်နေကြသဖြင့် ပရိတ်သတ်ပွဲဆူခဲ့ကြရပါတယ်။ တတိယအချီရောက်သည်အထိ မထူးခြားလို့ ပွဲရပ်ခဲ့ရပ်နားခဲ့ရတယ်။ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်အနေဖြင့် အရေးယူသင့်ပါတယ်လို့ အများက သုံးသပ် ပြောဆိုနေသံများ ကြားခဲ့ရပါတယ်။ ထပ်ဆင့်ရွှေခါးပတ်ချန်ပီယံလုံးချော(ညောင်တုန်း)နှင့် စောဂပရေမှူး(ကညွတ်ကွင်း)တို့က မြိုင်မြိုင်ဆိုင်ဆိုင် ဖြင့် မြန်မာ့ရိုးရာလက်ဝှေ့စွမ်းပြ၍ ထိုးသတ်ယှဉ်ပြိုင်သွားကြလို့သာ ပွဲသိမ်းလှခဲ့ရပါတယ်။ နှစ်ဦးစလုံး သက်လုံကောင်းစွာဖြင့် ယှဉ်ပြိုင်သွားကြသောကြောင့် ပူးတွဲသရေဖြင့် ကျေနပ်လိုက်ကြရပါတယ်ဗျာ…´´ဟု လက်ဝှေ့ဝါသနာရှင်၊ အသက်(၄၀) အရွယ် ဦးတင်အောင်ငွေမှ မြန်မာပို့သို့ ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

`Premier ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်ပွဲမှ ကင်ဆာရောဂါအကြောင်း သိကောင်းစရာများ´

Premier Coffee Company (မကွေးရုံးခွဲ) ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်ညစာစားပွဲ ကို (၇ -၇ -၂၀၁၂)ရက်နေ့က မကွေးမြို့၊ ပြည်တော်သာလမ်းရှိCentral ခန်းမတွင် ကျင်းပပြုလုပ် ကြောင်းသိရှိရသည်။ ယင်းအခန်းအနားသို့ Premier အရောင်းကိုယ်စားလှယ်ကြီးများ နှင့် လဘက်ရည်ဆိုင်ရှင်များ ၊ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် စာနယ်ဇင်းသမားများ တက်ရောက်ကြသည်။ အခန်းအနားတွင် National Sales Manager ဦးသန်းဇော်အောင်က အမှာစကားပြောကြားပြီး အာဟာရဆိုင်ရာ အထူးကုဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ကင်ဆာရောဂါနှင့် ကျန်းမာရေးအကြောင်း ဟောပြောသည်။ ဒေါက်တာဝင်းဝင်းမြင့်၏ ဟောပြောချက်မှ ကောက်နုတ်ဖော်ပြပါသည်။ ကင်ဆာရောဂါ မဖြစ်အောင် ရှောင်ရန် အစားအသောက်များ (၁) ဓာတုဗေဒနည်းပညာဖြင့် မြေသြဇာ ပိုးသတ်ဆေးများနှင့် စိုက်ပျိုးသောသီးနှံများ (၂) အချိုရည်များများမသောက်ရ (၃) မှိုတက်နေသော အစားအသောက်များ(ငငြုပ်သီး၊ ပဲမျိုးစုံ) (၄)မီးကျွမ်း၍ မဲတူးနေသော အကင်များ (၅)ယမ်းစိမ်းပါသော အစားအစာများ(၀က်အူချောင်း၊ကြက်အူချောင်းများ) (၆) ပြည့်ဝဆီ(၂-ခါပြန်ကျော်ဆီ) အကြော်စုံ၊ (၇) အရက်မသောက်ရ (၈)ကွမ်းမစားရ (၉) အာလူးကြော်၊ ကွတ်ကီး များ စသည်တို့ဖြစ်ပါသည်။ ကင်ဆာရောဂါမဖြစ်အောင် စားသောက်ရမည့် အစားအသောက်များ (၁) သဘာဝမြေသြဇာ(နွားချေး၊မြေဆွေး)များနဲ့ စိုက်ပျိုးသော သီးနှံများ (၂) (CLA)ခေါ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ အစားအစာများ ဂေါ်ဖီထုပ်၊ မုန်လာဥ (၃)ကြက်သွန်ဖြူ (၄) သစ်တော်သီး (၅) ပင်လယ်ငါးများ(တစ်ပါတ်မှာငါး(၃)ကြိမ်စားပါ) (၆) သံပုရာသီး (သံပုရာရည်သောက်ပါ) (၇) နွားနို့၊ Prosoy ပဲနို့များ သောက်ပါ (၈) ဆန်(ထမင်း)စားပါ (၉) စပျစ်သီး၊ များ စသည်တို့ဖြစ်ပါသည်။ ဆက်လက်၍ ထုတ်ကုန်သစ်ဖြစ်သော Prosoy ပဲနို့ထုတ်လုပ်ရသည့်ရည်ရွယ်ချက်ကို Advertsing/Brand Manager ဒေါ်အိအိဟန်က ရှင်းလင်းပြောကြားကာ တေးဂီတများဖြင့် ဖျော်ဖြေပြီး ကြွရောက်လာသူများအား ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံကြောင်း မြန်မာပို့စ် မှ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်
 

`မကွေးမြို့ တန်(၃၀)သ/မပိုင် ဆီစက်၏ ရှေ့မှ မြေကွက်များကို ကျေးရွာပိုင်မြေဟုဆို၍ ရွာသားတစ်စုနှင့် လက်ရှိနေထိုင်၍ ၀ယ်ယူထားသူများ အငြင်းပွား ´

မကွေးမြို့နယ်၊ ရန်ကုန်သို့ အထွက်ကားလမ်းဘေးမှ မကွေးမြို့နယ်သမပိုင်တန်(၃၀)ကျ ဆီစက်၏ရှေ့ရှိ၊ သန်းတောကုန်း ကျေးရွာပိုင် ကွင်းအမှတ်-၁၆၅၇(ခ) ပလပ်မြေ (အလျားပေ၄၅၀ X အနံပေ ၆၀) ပေါ်တွင် ကျူးကျော်ဝင်ရောက်၍ အိမ်ဝိုင်းမြေအဖြစ် ၀န်းခြံများကာရံခြင်းနှင့် အဆောက်အဦးများဆောက်လုပ်ကြောင်း သတင်းရရှိပါသည်။ ယင်း မြေလုပွဲကြီး ကိစ္စအား သန်းတောကုန်ရွာသူ ရွာသားများ(၁၅၅)ယောက် တို့မှ ၂၀၁၂ ၊ မေလ(၁၅)ရက်နေ့တွင် စုပေါင်းလက်မှတ်ရေးထိုး ၍ သက်ဆိုင်ရာ မကြီးကန်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နှင့် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး များထံသို့ အဆင့်ဆင့် တိုင်ကြားထားကြောင်း သိရသည်။ ၎င်းမြေပေါ်တွင် ကျူးကျော်နေထိုင်သည်ဟု တိုင်ကြားခံထားရသူများမှာ (၁)ဦးသိန်းလှိုင် (မြေများရောင်းချသူ)၊ (၂)ဦးအောင်မောင်း(ဇီးခွဲစက်)၊ (၃)ဦးသန်း(၀ယ်ယူသူ)၊ (၄)ဦးဇော်ကြီး(ငှါးရမ်းသူ)၊ (၅)ဦးဖိုးဇော် (ငှါးရမ်းသူ) တို့ဖြစ်ကြောင်းသိရသည်။ ထိုပြဿနာအား သက်ဆိုင်ရာမှ ယခုသတင်းရေးသော (၅-၇-၂၀၁၂)နေ့အထိ မဖြေရှင်းနိုင် သေးကြောင်းသိရပါသည်။ မကွေးမြို့မှ ရန်ကုန်မြို့သို့အထွက်ကားလမ်းမဘေးရှိ လက်ဝဲ လက်ယာ ဘေးမှ ယာမြေများအား ယခင်ခေတ်ကာလတွင် အစိုးရမှ သိမ်းယူမည်ဟု ကောလဟာလ သတင်းလွှင့်ပြီး ခြောက်လှန့်ပြောဆိုသံများကြားရ၍ ယာခင်းမြေ တစ်ဧကလျှင် သိန်း(၂၀/၃၀) ဖြတ်ဈေးဖြင့် တောင်သူများပိုင်ဆိုင်သော ဆီထွက်သီးနှံအထွက်အကောင်းဆုံး ဦးပိုင်အမှတ် (Y1- ခေါ်)မြေပဲ၊နှမ်းအထွက်တိုး ယာမြေများကို လုပ်ငန်းရှင်ကုမ္ပဏီ (ခရိုနီ) ကြီးများမှ ကြားဖြတ်ဝယ်ယူ ရရှိခဲ့ကြောင်း၊ ယခုအခါ ထို မကွေးမြို့မှ အထွက်နှင့် နီးကပ်သော ယာခင်းမြေများသည် တစ်ဧကလျှင် (ပေ၄၀Xပေ၆၀) အိမ်ဝိုင်းကွက်များ(၄)ကွက် ခွဲ၍ နေထိုင်ခွင့်ပြုမိန့် (မြေစာရင်းပုံစံ ၁၀၅) နှင့် (လန-၃၉)ယူပြီး ပြန်လည်ရောင်းချမည်ဆိုလျှင် အိမ်မြေကွက် တစ်ဝိုင်းလျှင် သိန်းထောင်ဂဏန်းခန့်တန်နေကြောင်း မြေကွက်ဝယ်ယူထားသူ လုပ်ငန်းရှင်အမျိုးသားတစ်ဦးမှ ပြောဆိုပါသည်။ ယခင်ခေတ်က မြေတွေကို အစိုးရမှ အသိမ်းခံရမှာကြောက်၍ ကုမ္ပဏီက ပေးသလောက် ဖြတ်ဈေးဖြင့်သာ ရောင်းချလိုက်ရသော တောင်သူများမှာ နှမျောတသစွာဖြင့် ယူကျိုးမရခံစားရ၍ စုတ်သပ်ပြီး ၀မ်းနည်းပူဆွေးနေရပါသည်ဟု (နွားကူးကျေးရွာ)မှ တောင်သူကြီး တစ်ဦးကပြောဆိုပါသည်။ ယခု သန်းတောကုန်း ကျေးရွာမှ ကားလမ်းဘေးရှိ မြေကွက်များသည်လည်း (ပေ၄၀Xပေ၆၀) အိမ်ဝိုင်း တစ်ကွက်လျှင် သိန်း(၁၀၀/၁၅၀)ခန့် တန်ဖိုးရှိကြောင်း ၀ယ်ယူနေထိုင်သူ ဈေးဆိုင်ပိုင်ရှင်တစ်ဦးမှ ပြောဆိုပါသည်။ ထို့ကြောင့် ယင်းမြေလုပွဲ ကိစ္စအား သတင်းရရှိနိုင်ရန်အတွက် သန်းတောကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် (ရာအိမ်မှူး) ဦးဝင်းထံသို့ သွားရောက်၍ သတင်းမေးမြန်းခဲ့ပါသည်။ ``အဲဒီ ကွင်းအမှတ်-၁၆၅၇(ခ) ပလပ်မြေက ကျွန်တော်တို့ သန်းတောကုန်းရွာပိုင်မြေတွေဖြစ်ပါတယ်။ အဲဒီမြေကွက်ရဲ့ အနောက်ဘက်ဘေးမှာ ကျွန်တော်တို့ သန်းတောကုန်းကျေးရွာ အမှတ်(၁၇) အစိုးရမူလတန်းကျောင်းရှိပါတယ်။ အဲဒီ အစိုးရမူလတန်းကျောင်းဆောက်ရန်အတွက်ဆိုပြီး မြန်မာ့ဆိုရှယ်လစ်ခေတ်မှာ (၅-၅-၁၉၈၆) ခုနှစ်က အဲဒီမြေလွတ်ပေါ်မှာ ဈေးဆိုင်ခန်း ဆောက်လုပ်နေထိုင်လိုသူ(၁၂)ဦးကို ကျောင်းဖြစ်မြောက်ရေးကော်မတီက ဆိုင်ခန်းတစ်ခန်းလျှင် တစ်နှစ် အတွက်မြေနေရာငှါးရမ်းခ (၁၅၀ိ)ကျပ်နှုန်းဖြင့် (၄)နှစ်အတွက် ငွေ(၆၀၀ိ) ကျပ်ယူပြီးငှါးရမ်းထားတဲ့ စာချုပ်များနဲ့ ငှါးရမ်းခဲ့ကြောင်းသိရပါတယ်။ အဲဒီနောက်ပိုင်း ဦးသိန်းလှိုင် ဆိုသူက အိမ်ဆောက်နေထိုင်ပါတယ်။ ယခု အဲဒီမြေကွက် အလွတ်တွေကို ဦးသိန်းလှိုင်က လက်ညှိးထိုးပြီး ရောင်းချစားပါတယ်။ ငှါးရမ်းထားပါတယ်။ ယခု ဒီမြေတွေကို ကျွန်တော်တို့ရွာက ပြန်လည်သိမ်းတော့မယ်ဆိုတဲ့ အသံကြားလို့ ဦးသိန်းလှိုင် ဆီက ၀ယ်ယူထားသူတွေက အတင်းဝင်ရောက်လာပြီး ၀န်းခြံများခတ်ခြင်း၊ အဆောက်အဦးများဆောက်လုပ်ခြင်းတွေ ပြုလုပ်နေကြပါတယ်..။ မကြီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက သူတို့ကို ထွက်ပေးဖို့ စာထွက်ထားပါတယ်။ ဒါပေမယ့် သူတို့က ယနေ့အထိ မထွက်ကြဘဲ မင်းမဲ့စရိုက်ဆန်ဆန် ၀န်းထရံတွေသာ ဆက်လက်ကာရံပြီး အဆောက်အဦးတွေဆောက်လုပ်နေကြပါ တယ်ခင်ဗျာ..´´ ဟု (၃-၇-၂၀၁၂)နေ့တွင် သန်းတောကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့(ရာအိမ်မှူး) ဦးဝင်း မှ မြန်မာပို့စ် သို့ပြောဆိုပါသည်။ (၅-၇-၂၀၁၂) နေ့တွင် စာရေးသူသည် တန်(၃၀) သ/မဆီစက်ရှေ့၌ ဦးသိန်းလှိုင် နေထိုင်သော အိမ် မြေကွက်များသို့ သွားရောက်၍ တွေ့ဆုံမေးမြန်းခဲ့ရာ ဦးသိန်းလှိုင်မှ ဤသို့ မြန်မာပို့စ်သို့ ပြောဆိုပါသည်။ ``၅-၁၁-၁၉၈၅ ခုနှစ်မှာ တန်(၃၀)သမ ဆီစက်ဂိတ်ပေါက်စောင့်ဝန်ထမ်း အလုပ်ဝင်လုပ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒီနေရာလေးမှာ အိမ်ဆောက်နေခဲ့ပါတယ်။ ယခုဆိုရင် ကျွန်တော်နေခဲ့တာ(၂၈)နှစ်ကျော်ခဲ့ပါပြီ။ အဲဒီတုန်းက ဈေးကလည်း မရှိဘူး၊ နေမယ့်လူလဲမရှိပါဘူး။ အဲဒီအချိန်က ဒီမြေက ပလပ်မြေပါ။ အစိုးရမြေဖြစ်ပါတယ်။ ရွာမြေလဲမဟုတ်ပါဘူး။ အမက(၁၇)ကျောင်းပိုင်မြေလဲ မဟုတ်ပါဘူး။ အဲဒီနေတဲ့အချိန်မှာ အိမ်ဘေးက မြေကွက်လွတ်ပေါ်မှာ နှမ်းစိုက်ကြည့်ပါ တယ်။ နှမ်းစိုက်တော့ မြေစာရင်းက (၁၉၉၇/၉၈)နှစ်၊ ကွင်းအမှတ်(၁၆၅၇-ခ)ဦးပိုင်အမှတ်(N14) မြေခွန်ပြေစာနဲ့ မြေခွန်ကောက်လို့ဆောင်ခဲ့ရပါတယ်။ မြေခွန်ပြေစာရှိပါတယ်။ ဧက (၁.၁၁)ဧကအကျယ်ဖြစ်ပါတယ်။ စိုက်ပျိုးမြေများပေါ်မှာ လူမနေရဘူးဆိုလို့ မြေစာရင်းက ပုံစံ(၁၀၅)ဆိုတာကို (၁၁-၇-၁၉၉၄) နေ့စွဲနဲ့ ဦးသိန်းလှိုင် ပါ (၂)ဦး ဆိုပြီး စိုက်ပျိုးမြေကနေ လူနေဖို့ မြေစာရင်းဌာနက ထုတ်ပေးပါတယ်။ ယခု ကျွန်တော့်အရှေ့ဘက်က ဦးသိန်းအောင်ပိုင်မြေပါ။ သူနဲ့ကျွန်တော်က မြေစာရင်း ပုံစံ(၁၀၅)ရထားသူ(၂)ဦးပါ။ သူကကွယ်လွန်သွားပါပြီး။ ဦးသိန်အောင်ဆီကနေ ယခုလက်ရှိ ဦးညွှန့်ဝေက ၀ယ်လိုက်တာပါ။ ဇီးစက် ဇီးခြံဝိုင်းကလည်း ကျွန်တော်ပိုင် မြေထဲကနေ ခွဲပြီးရောင်းထားတာပါ။ ဇီးခြံအနောက်ဘက်က ၀န်းထရံခပ်ထားတဲ့မြေကလည်း ကျွန်တော်ကနေ ဦးအောင်ရွှေ ကို ဟိုးယခင်ခေတ်ကငွေ(၆၀၀၀ိ) နဲ့ရောင်းထားတာပါ။ ဒီဘက်က ဆိုင်ကယ်ပြင်ဆိုင်ကတော့ မြေငှါးထားပါတယ်။ သူတို့က ကျွန်တော်တို့ ရယူထားတဲ့ မြေစာရင်းပုံစံ(၁၀၅) ကိုအတုဆိုပြီး ပြောဆိုနေကြတာပါ။ (၄-၂-၂၀၁၂) နေ့က သန်းတောကုန်းကျေးရွာ မီးလင်းရေးကော်မတီ(၁၀)ဦးနဲ့ ကျွန်တော့်ကို ယခုမြေကွက်ကို ပေးထားတဲ့စာ ကျွန်တော်မှာ လက်ခံရှိပါတယ်။ ဒီကိစ္စကို မကြီးကန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မှာ အစစ်ဆေးခံပြီးပါပြီ။ ဒါကို (၂၉-၂-၂၀၁၂) မကြီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ကျွန်တော်တို့ကို ကျူးကျော်ဆိုင်များ အဆောက်အဦများကို အမြန်ဆုံးဖယ်ရှားပေးရန်ဆိုတဲ့ စာနဲ့ထွက်ပြီး ဖယ်ခိုင်းပါတယ်။ ကျွန်တော်တို့က လမ်းဘေးကျူးကျော်နေထိုင်တာမဟုတ်ပါဘူး။ မြေစာရင်းက ပုံစံ(၁၀၅) အရ ကျွန်တော့်နာမည်နဲ့ပိုင်ထားတဲ့ မြေပေါ်မှာ နေတာပါ။ ဒါကြောင့်မဖယ်နိုင်ပါဘူး။ ကျွန်တော်ပေးထားတဲ့မြေကွက် အရှေ့ဘက်က ဦးသိန်းအောင် ပိုင်မြေကွက်ကို သူတို့လူကြီးတွေက တစ်ကွက်စီခွဲပေးရမယ်လို့ သန်းတောကုန်းကျေးရွာ(ရာအိမ်မှူး) က တောင်းဆိုနေပြန်ပါတယ်။ ဦးသိန်းအောင်ဆီကနေ ၀ယ်ယူထားတဲ့ ဦးညွှန့်ဝေကလည်း ငါတို့မှာ မြေစာရင်းက ပုံစံ(၁၀၅) လက်ဝယ်ကိုင်ထားတယ်။ မင်းတို့ရွာကပိုင်တယ်ဆိုတာ ဘာပြစရာရှိသလဲလို့ မေးပြီးပြန်ပြောဆိုရပါတယ်။ သန်းတောကုန်းရွာကလူ(၁၃)ယောက်က ၀ါးလုံးတွေ၊ ဒါးတွေကိုင်လာပြီး တားဆီးကြပါတယ်။ ကျွန်တော်တို့ပိုင်မြေဖြစ်လို့ လုံးဝထွက်မပေးနိုင်ပါဘူး။ ဘယ့်နဲ့ဗျာ နှစ်ပေါင်း(၂၈)နှစ်ကျော်တောင်နေလာခဲ့တာ ကြာပါပြီ..။ ယခုမှ မြေကွက်ဈေးတွေကောင်းလာလို့ အနိုင်ကျင့်တာကို လုံးဝ မခံနိုင်ပါဘူးခင်ဗျာ…´´ ဟုဦးသိန်းလှိုင်က မြန်မာပို့စ်သို့ ပြောဆိုပြီး အိမ်မြေကွက်များကို မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ခွင့်ပြု၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင် မြန်မာပို့စ် သတင်းဂျာနယ် အတွဲ(၄)အမှတ်(၂၆) ၂၀၁၂ ဇူလိုင်(၁၀)နေ့ထုတ်တွင် ဖော်ပြထားပါသည်။
 

`FUTUER Stars ပရဟိတလူငယ်အဖွဲ့၏ ပရဟိတလုပ်ငန်းများ´

ဤလူငယ်အဖွဲ့သည် မကွေးတိုင်းဒေသကြီး မကွေးမြို့နည်းပညာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အင်အား (၁၀၀)ခန့်ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။ ထို ပရဟိတလူငယ်များ၏ ပရဟိတလုပ်ငန်းစဉ်များမှာ ကျောင်းနေအရွယ် မျိုးဆက်သစ်လူငယ်တိုင်း အခက်အခဲမရှိ့ ပညာသင်ကြားနိုင်ရန်၊ သဘာဝဘေးအန္တရယ် နှင့် ရင်ဆိုင်တွေ့ကြုံနေရသူများအား တတ်အားသမျှ ကူညီထောက်ပံ့ပေးနိုင်ရန်၊ သက်ကြီးရွယ်အိုးများအား ကူညီဖေးမ ပေးနိုင်ရန်နှင့် ကျမ်းမာရေးစောင့်ရှောက်မူ များ တတ်အားသ၍ ကူညီဆောင်ရွက်ပေးနိုင်ကြရန် ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။ ဤအဖွဲ့တွင် ဥက္ကဋ္ဌ ကိုအောင်နိုင်ရဲရင့်ထွန်း၊ အတွင်းရေးမှူး ကိုဖြိုးကိုကို နှင့် အမာခံအမှုဆောင်အဖွဲ့ဖြင့် စည်းကမ်းကျနစွာ ဖွဲ့စည်းဆောင်ရွက်ထားကြောင်းသိရ၏။ လှူဒါန်းကူညီပေးရန်ငွေများအား လူငယ်တစ်ဦးလျှင် တစ်လ(၃၀၀၀ိ) ကျပ်နှုန်းဖြင့် ကြိုတင်၍ စနစ်တကျစုဆောင်းထားကြောင်း သိရသည်။ ကျမ်းမာရေးအတွက် အရေးပေါ်သွေးလိုအပ်လျှင် လည်း ယင်းပရဟိတ လူငယ်အဖွဲ့ထံ ဖုန်းဆက်၍အကူအညီရယူနိုင်ကြောင်း ပြောဆိုပါသည်၊ ကိုဖြိုးကိုကိုနှင့် အဖွဲ့သို့ ဖုန်း (09-5333429, 09-401518584, 09-43126991 ) များကို ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်းသိရပါသည်။ FUTUER Stars ပရဟိတလူငယ်အဖွဲ့၏ လှူဒါန်းကူညီဆောင်ရွက်ပြီးခဲ့သော ပရဟိတလုပ်ငန်းများမှာ (၁) ၄-၂-၂၀၁၂ နေ့တွင် သိတာရုံ သိလရှင်ကျောင်းမှာ ပညာသင်ကြာနေသောကျောင်းသား ကျောင်းသူလေးများကို နေ့လည်စာ အဟာရအဖြစ် ငွေကျပ်(ရှစ်သောင်း) ဖိုး အလှူဒါနပြုကြောင်းသိရသည်။ (၂) ၁၈-၂-၂၀၁၂ နေ့တွင် မကွေးမြို့ မြင်သာရပ်ကွက် ပြည်တော်သာလမ်း၊ လူမှုဝန်ထမ်းဌာန၊ မိဘမဲ့ကလေးများပြုစုရေးကျောင်းမှာ တစ်နေကုန်စာ အဟာရ အဖြစ် ငွေကျပ်(သုံးသောင်း)ဖိုး ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရ၏။ (၃) မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းလမ်း၊ ကပ်ကျော် ကမ္ဘာအေး ၀ိပဿနာဘုန်းကြီးကျောင်းမှာ ယဉ်ကျေးလိမ္မာသင်တန်းအတွက် စာရေးကိရိယာ အစုံ ငွေကျပ်(လေးသောင်း)ဖိုး လှူဒါန်းခဲ့ကြောင်းသိရသည်။ (၄) ၁၅-၃-၂၀၁၂ နေ့တွင် ရေနံချောင်းမြို့နယ်၊ စမ်းကြီးကျေးရွာမှာ မီးဘေးဒုက္ခသင့်သော အိမ်ထောင်စု(၆၀) အတွက် တစ်အိမ်ထောင်လျှင် ဆန်(၃)ပြီ၊ ဆီ(၂၅ကျပ်သား)၊ ဆပ်ပြာတောင့် တစ်တောင့်ဆီ ဖြင့် ငွေကျပ်(၂)သိန်း(၆)သောင်းဖိုး သွားရောက်လှူဒါန်းခဲ့ကြောင်းသိရ၏။ (၅) ၁-၇-၂၀၁၂ နေ့တွင် မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ တောင်တွင်းလမ်း၊ ကပ်ကျော် ကမ္ဘာအေး ၀ိပဿနာဘုန်းကြီးကျောင်းမှာ မရှိဆင်းရဲသော ကျောင်းသူ ကျောင်သားများ၊ အခမဲ့ပညာရေးကျောင်းအတွက် ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာ များ ငွေကျပ်(၂)သိန်း(၃)သောင်ဖိုး စုပေါင်း၍ လာရောက်လှူဒါန်းကြကြောင်း သတင်းရရှိခဲ့ပါသည်။ ၎င်း FUTUER Stars ပရဟိတလူငယ်အဖွဲ့သည် မကွေးတက္ကသိုလ်ပေါင်းစုံမှ လူငယ်ကွန်ရက် ပရဟိတအဖွဲ့နှင့် ပေါင်းဆုံ၍ ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များနှင့် ရခိုင်ပြည်နယ်မှ ဒုက္ခသည်များထံသို့ လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက် နေကြောင်းသိရသည်။ ဇွန်လ(၃၀)ရက်နေ့က ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်များထံသို့ ငွေကျပ်(၂)သိန်းကျော်အား မော်လမြိုင် နာရေးကူညီမှုအသင်းမှ တဆင့်သွားရောက်လှူဒါန်းပေးကြောင်း မကွေးတက္ကသိုလ်ပေါင်းစုံမှ လူငယ်ကွန်ရက် ပရဟိတအဖွဲ့ မှ ပြောဆို၍ သတင်းရရှိခဲ့ပါသည်။ ၀ိုင်းကြည်အောင် မြန်မာပို့စ်ဂျာနယ် အတွဲ(၄)အမှတ်(၂၆) ၂၀၁၂ ၊ ဇူလိုင်လ(၁၀)ရက်၊ ဗုဒ္ဓဟူးနေ့ထုတ် တွင် ဖော်ပြထားပါသည်။
 

`မူလတန်းပညာရေး အခမဲ့ဆိုသော်လည်း…..? ရွာသားများမှာ မသက်သာ..´

မကွေးမြို့နယ်၊ သဲရင်းတောအုပ်စု၊ စည်ပင်ကျေးရွာတွင် ၂၀၁၁ ခုနှစ်မှစတင်၍ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ဆောက်လုပ်ကြကြောင်းသတင်းရရှိပါသည်။ ကျောင်းဆောင်ဆောက်လုပ်ပြီး သက်ဆိုင်ရာအဆင့်ဆင့်ထံ သို့ မူလတန်းကျောင်းဖွင့်လှစ်ပေးပါရန် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လျှောက်ထားခဲ့ကြောင်း သိရ၏။ ယင်းအုပ်စုတွင် သဲရင်းတောရွာနှင့် စည်ပင်ရွာမှာ ချောင်းခြားနေခြင်းကြောင့် သဲရင်းတောရွာဘက်က အစိုးရမူလတန်းကျောင်းသို့ ကလေးများ ကျောင်းတက်ရန် အဆင်မပြေနိုင်ပါ။ ယခုလို မိုးရာသီတွင် ကျောင်းသားအများ အတွက် အသက်အန္တရာယ်စိုးရိမ်ရပါသည်။ ထိုဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် ကလေးသူငယ်များ၏ ပညာရေးကို အဓိကအားထားပြီး စည်ပင်ကျေးရွာမှာ ဆင်းရဲသည့်ကြားမှ မရှိမဲ့ ရှိမဲ့ စုဆောင်းငွေဖြင့် မူလတန်းကျောင်းနှင့် ကျောင်းသုံးပရိဘောဂ သင့်ထောက်ကူပစ္စည်းစုံ တည်ဆောက်ပေးခဲ့နိုင်ကြောင်းမြင်တွေ့ရသည်။ ယခုနှစ် ၂၀၁၂ ခုနှစ် ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် သက်ဆိုင်ရာမှ ခွင့်ပြုချက်အရ မူလတန်းတွဲဘက်ကျောင်း အား ကိုယ်ထူကိုယ်ထ ရွာမှ စုဆောင်းငွေဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရပါသည်။ ထိုစည်ပင်ရွာသည် မကွေးမြို့နယ်အဆုံး၊ ရေနံချောင်းမြို့နယ်၊ နတ်မောက်မြို့နယ်များ၏ နယ်ခြား တြိရိဂံနယ်မြေမှာ တည်ရှိ၍ မြို့များနှင့် အလွန်အလှမ်းဝေးကွာသော ကျေးရွာလေး ဖြစ်၏။ အိမ်ခြေပေါင်း(၁၂၉) အိမ်၊ အိမ်ထောင်စု(၁၄၄)စု လူဦးရေ (၇၅၀) ခန့်ရှိကြောင်းသိရသည်။ လူအများစုမှာ မရှိဆင်းရဲသော မိသားစု လက်လုပ်လက်စားများ ဖြစ်သော်လည်း ထိုမူလတန်းကျောင်း တွဲဘက်ကျောင်းလေးကို ဖြစ်မြောက်အောင် ကျိုးစားဆောင်ရွက်နေကြရကြောင်းသိခဲ့ရသည်။ ထိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှရွှေဦး နှင့် မူလတန်းတွဲဘက်ကျောင်း အတွင်းရေးမှူး ဦးအောင်စိုးမင်းတို့ မှ ဤသို့ မြန်မာပို့စ် ဂျာနယ်အား ဤပြောဆိုပါသည်။ `` ကျွန်တော်တို့ရွာက ကလေးတွေရဲ့ပညာရေးအတွက် နောက်ပြီး ဟိုဘက်ရွာကိုသွားပြီးကျောင်းတက်ရင်လည်း မိုးတွင်းဆိုရင် ချောင်းရေထဲမျှောပါသေဆုံးမှာကို စိုးရိမ်လို့ ယခု ကျောင်းလေးကို ဖြစ်အောင် ဆောင်ရွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ရွာလေးက ဆင်းရဲသားများပြီး မြို့နဲ့လည်း အလွန်ဝေးကွာနေပါတယ်။ ကျောင်းသူ/သားပေါင်း(၆၅)ယောက် ကျော်ရှိပါတယ်။ ဆရာမ တစ်ဦးကို လခ(ခြောက်သောင်း)ပေးပြီးငှါးတယ်။ တွဲဘက်ဆရာမတစ်ဦးကို (သုံးသောင်း)ပေးပြီး ငှါးထားရပါတယ်။ဆရာမ(၂)ဦးကို ငှါးပြီး စာသင်ပေးနေပါတယ်။ စုစုပေါင်းဒီကျောင်းအတွက် ကုန်ကျမဲ့ငွေများကို ကျေးရွာမှာ တစ်အိမ်ထောင်မှာ (တစ်ထောင်)ကျပ်နှုန်း လစဉ်ကောက်ခံပါတယ်။ လုံးဝထည့်စရာမရှိတဲ့ အိမ်က (၆) အိမ်ရှိပါတယ်။ ငွေကျေးတတ်နိုင်ပြီး စီးပွားရေးအဆင်ပြေတဲ့ အိမ်(၁၅)အိမ်က ကျောင်းသားမရှိလို့၊ မထည့်နိုင်ဘူးဆိုသူများလည်းရှိပါတယ်။ တစ်ခါ ဒီကြားထဲမှာ ဟိုဘက်ရွာ သဲရင်းတောကျေးရွာက အစိုးရ မူလတန်းကျောင်းအုပ်ဆရာမကြီးက ကျွန်တော်တို့ရွာ မူလတန်းတွဲဘက်ကျောင်းလေး ကို ထိမ်းသိမ်းစောင့်ရှောက်ခဆိုပြီး တစ်လ(တစ်သောင်းကျပ်) တောင်းခံပါတယ်။ နိုင်ငံတော်အစိုးရက မူလတန်းပညာရေးကို အခမဲ့ပညာသင်ကြားပေးမယ်ဆိုပြီး ယခုလို မရှိမဲ့ ရှိမဲ့ မဖြစ် ဖြစ်အောင် ကျိုးစားပြီး ထူထောင်ထားတဲ့ တွဲဘက်မူလတန်းကျောင်းလေး ကို မကူညီတဲ့အပြင် နှိပ့်စက်တဲ့ ပညာရေးဝန်ထမ်းလဲရှိနေပါ တယ်။ ကျောင်းသားမရှိလို စေတနာနည်းတဲ့ ရွာသားများလည်း ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို ကိုယ်ထူကိုယ်ထ ကျောင်းဖြစ်အောင် ဖွင့်လှစ်ထားရတဲ့ စည်ပင်ကျေးရွာ တွဲဘက်မူလတန်းကျောင်းလေးကို အစိုးရကျောင်းအဖြစ် မြန်မြန်ဖွင့်လှစ်ပေးစေလိုပါတယ်ခင်ဗျာ..။ ကျွန်တော်တို့မှာ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် တို့ကလည်းထောက်ခံချက်များ ပေးထားပါတယ်။ မကွေးတိုင်းဒေသကြီး ပညာရေးဝန်ကြီး ဦးအောင်ကျော်မင်း ကိုလည်း ခဏ ခဏ သွားပြီးနားပူထား ပါတယ်။ သူကလည်း အထက်က ချပေးရင် ဖွင့်ပေးမယ်လို့တော့ ပြောပါတယ်။ ကျွန်တော်တို့မှာ အထက်နေပြည်တော် အထိလည်း လိုက်စရာ ပေးစရာ လုံးဝမတတ်နိုင်ကြပါဘူး။ ယခု တက်ရောက်မဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အားကိုးပြီး ပြောကြားထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အခက်အခဲကို သိရအောင် မြန်မာပို့စ် ကို လာရောက်ရင်ဖွင့်ပြောကြားရတာ ပါခင်ဗျာ…။´´ ဟု စည်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှရွှေဦး နှင့် ကျောင်းဖြစ်မြောက်ရေး အတွင်းရေးမှူး ဦးအောင်စိုးမင်း တို့မှ ပြောဆို၍ သတင်းရယူခဲ့ပါသည်။ ၀ိုင်းကြည်အောင်