``(၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ၏ ဇန်န၀ါရီ(၇)ရက်နေ့ ဆန္ဒပြခွင့် အယူခံအား ပယ်ချကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး မှ အမိန့်စာပေး´´

၂၀၁၄ ဇန်န၀ါရီ(၁)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ၏ ပုဒ်မ(၁၈)ဖျက်သိမ်းရေး ဆန္ဒပြခွင့် အယူခံအားပယ်ချကြောင်း လျှောက်ထားသူ ဦးဌေးဝင်း ပြောကြားသည်။ ``ကျွန်တော်တို့ ဒီဇင်ဘာ(၂၇)ရက်နေ့က ဒီကိစ္စကို မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးထံလျှောက်ထားခဲ့ပါတယ်။ ဒီဇင်ဘာ(၂၈)ရက်နေ့မှာ ငြင်းပယ်ကြောင်း အမိန့်စာကို ခေါ်ပေးပြီးအကြောင်းပြန်ပါတယ်။ ကျွန်တော်တို့ အစည်းအဝေးလုပ်ပြီး ပုဒ်မ-၉ အရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံသို့ အယူခံသဘော ထပ်မံတင်ပြ တောင်းခံပါတယ်။ တိုင်းရဲရုံးရောက်တော့ လွတ်လပ်ရေးနေ့မလုပ်ပါနဲ့ဆိုလို့ ဇန်န၀ါရီ(၇)ရက်နေ့မှာ ခွင့်ပြုပေးရန် သူတို့နဲ့ညှိနှိုင်းပြီး တင်ခဲ့ပါတယ်။ ယနေ့ ဇန်န၀ါရီ(၁)ရက်နေ့ နံနက်ပိုင်းမှာ တိုင်းရဲမှူးရုံးက ကျွန်တော့် ကိုခေါ်ပါတယ်။ (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ၏ ပုဒ်မ(၁၈) ဖျက်သိမ်းရေး၊ နိုင်ငံရေး အကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေးရေး အယူခံအားပယ်ချကြောင်း၊ ဆန္ဒပြခွင့်မပြုကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး မှ အမိန့်စာကို ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့ညနေ ကျွန်တော်တို့အဖွဲ့နဲ့ အခြားလူမှုရေးကွန်ယက်တွေ အစည်းအဝေးလုပ်ဖို့ ဖိတ်ကြားထားပါတယ်။ ဒီနေ့ညနေ အစည်းအဝေး ဆုံးဖြတ်ချက်အရ လုပ်သင့်လုပ်ထိုက်တာကို ဆက်လက်ဆောင်ရွက်သွားကြမှာပါ။ ရန်ကုန်(၈၈)မျိုးဆက် ရုံးချုပ်ကိုလဲ သတင်းပို့ထားပါတယ်ခင်ဗျာ…။´´ ဟု လျှောက်ထားသူ ဦးဌေးဝင်းနှင့် ရုံးအဖွဲ့မှူး ဦးထွန်းဦးခိုင်တို့က ပြောသည်။
 

``သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ သားမယားပြုကျင့်ကျူးလွန်ခဲ့သူ တရားခံပြေးနှစ်ဦး ဖမ်းဆီးရပြီ´´

သီလရှင်တစ်ပါးကို ဓါးထောက်ခြိမ်းချောက်၍ လူနှစ်ဦးတို့က သားမယားပြုကျင့်မှုဖြစ်ပွားပြီး ဒီဇင်ဘာ(၉) ရက်နေ့က မကွေးမြို့မရဲစခန်း(ပ)၂၄၂/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၇၆/၅၀၆/၁၁၄ အမှုမှထွက်ပြေးတိမ်းရှောင်နေသူ တရားခံ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ အဆိုပါတရားခံများအား ဖမ်းဆီးရမိရန် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှ ဒုရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်ကြီး သန်းမြင့်ဇော်နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်မြင့်စိုးဦး၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် သက်အောင်စိုးနှင့်အဖွဲ့၊ ညောင်ကန်နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းထွန်း အဖွဲ့တို့က ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၈)ရက်၊ နေ့(၂)နာရီအချိန်တွင် မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာအနောက်ဘက် နဘူးခြုံအတွင်း၌ ပြစ်မူကျူးလွန်ခဲ့စဉ်က ကိုင်ဆိုင်ခဲ့သော အရိုးငါးလက်မ၊ အသွားသုံးလက်မခွဲရှိ မောင်းပြန်ဓါးချွန်တစ်ချောင်းအားကိုင်ဆောင်ထားသူ ခင်မောင်ကြည်(၅၄)နှစ်၊(ဖ) ဦးဘဟိန်း ၊ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြို့နယ်၊ အား ၀ိုင်းဝန်းဖမ်းဆီးရမိကြောင်း သိရသည်။ အလားတူ ဒီဇင်ဘာ(၁၅)နေ့က တရားခံ ၀င်းနိုင်(၄၁)နှစ်၊(ဖ)ဦးခင်မောင်ထွေး၊ ဗုဒ္ဓဘာသာ/ဗမာ၊ တည်ပင်ကံပေါက်ကျေးရွာ၊ မကွေးမြိုနယ်နေသူထိုင်အား ၎င်းရွာ၌ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတရားခံနှစ်ဦးကို ပြစ်မှုကျူးလွန်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်စစ်ဆေးပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။
 

``မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး မှ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) သို့ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့်ကို ငြင်းပယ်ကြောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးထံသို့ ထပ်မံတင် ´´

ဒီဇင်ဘာ(၂၈)ရက် နေ့လည်(၂)နာရီခန့်တွင် မကွေးမြို့ ရွာသစ်ရပ်ကွက်၊ ၁၅လမ်း၊ အမှတ်(၁၄၈)ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) မှ ၂၀၁၄၊ ဇန်န၀ါရီ(၄)ရက်၊ လွတ်လပ်ရေးနေ့မှာ ပုဒ်မ(၁၈)အား ဖျက်သိမ်းပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် စုဝေးဆန္ဒဖော်ထုတ်ခွင့်အား မကွေးမြို့နယ်ရဲတပ်ဖွဲမှူးရုံးသို့ ဒီဇင်ဘာ(၂၇)ရက်နေ့က တင်ထား ခဲ့သော လျှောက်လွှာအား မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး မှ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ငြင်းပယ်သည့်အမိန့်(၁/၂၀၁၃)၊ စာအမှတ်၁၀၀၂(၀၁)/၁၀၃ ဦး၁ ဖြင့် ငြင်းပယ်ကြောင်း လျှောက်ထားသူ ဦးဌေးဝင်းက ပြောသည်။ `` မြို့နယ်က ငြင်းပယ်သော်လည်း ဒီနေ့ပဲ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ထပ်မံ အယူခံလျှောက်ထား မှာပါ။ ဒီနေ့ နေ့လည်(၃)နာရီမှာ မကွေးမြို့ပေါ်ရှိ လူမှုကွန်ယက်တွေနဲ့ ကျွန်တော်တို့ရုံးကို အစည်းအဝေး လုပ်ကြမှာပါ။ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်အရ ဆက်လက်ဆောင်ရွက်ကြမှာပါ..။´´ဟု ဦးဌေးဝင်း(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) ကုပြောသည်။
 

``မင်းလှမြို့ရှိ ပုဂ္ဂလိက ရေနံစိမ်းသိုလှောင်ခြံ(၂၅)ခြံအား မီးဘေးအန္တရာယ်စိုးရိမ်ရ၍ ဒီဇင်ဘာ(၃၀)ရက်နေ့အတွင်း ပြောင်းရွှေ့ကြရန် သက်ဆိုင်ရာမှ အမိန့်စာထုတ်´´

ဒီဇင်ဘာ(၂၅)ရက်နေ့တွင် မင်းလှမြို့ မြောက်ဘက်ရှိ ရေနံစိမ်းသိုလှောင်ကန်(၂၀)ခြံ နှင့် မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာအနီးရှိ ရေနံစိမ်းသိုလှောင်ကန်(၅)ခြံတို့အား မီးဘေးအန္တရာယ်စိုးရိမ်ရ၍ ဒီဇင်ဘာ(၃၀)ရက် အတွင်း ပြောင်းရွှေ့ကြရန် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးပေါက်ကျော် က ဒီဇင်ဘာ(၂၅)ရက်၊ စာအမှတ် ၅/၄၁၀၅/ဦး ၆ ဖြင့် သက်ဆိုင်ရာဆီခြံပိုင်ရှင်တစ်ဦးခြင်းထံသို့ ဒီဇင်ဘာ(၂၆)ရက်နေ့က အကြောင်းကြား စာများပေးပို့ထားကြောင်း သတင်းရရှိသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မင်းလှမြို့နယ် မီးဘေးကြိုတင်တားဆီးကာကွယ်ရေးအတွက် မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပါဝင်သည့် အထူးအစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ၎င်းအစည်းအဝေး ဆုံးဖြတ် ချက်အရ ရေနံစိမ်းသိုလှောင်ကန်ခြံ(၂၅)ခြံအား ဒီဇင်ဘာ(၃၀)ရက်နေ့ နောက်ဆုံးထား၍ ရွှေ့ပြောင်းပေးကြရန် အမိန့်ထုတ်အကြောင်းကြားခြင်းဖြစ်ကြောင်း၊ ဆီခြံပိုင်ရှင်များမှ သင့်တော်သောနေရာများရှာဖွှေနေပါကြောင်း၊ သင့်တော်သောနေရာရှိပါက ဆီခြံများ တစ်စုတစ်စည်းတည်း တည်ဆောက်ကြမည်ဖြစ်ကြောင်း၊ သတင်းရရှိသည်။ အဆိုပါ ရေနံစိမ်းသိုလှောင်ကန်များ မပြောင်းရွှေခင်ကာလတွင် ထန်းကိုင်းရေနံမှော်၊ ဒဟတ်ပင်ရေနံမှော် များမှ ရေနံစိမ်းများလာရောက်ရောင်ချခွင့်မပြုကြောင်း၊ လာရောက်ရောင်းချသော ဆီဘောက်ဆာကားများကို တားဆီးနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြိုနယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု အဖွဲ့ဝင်များ မှ ပန်းတော်ပြင်လမ်းဆုံထိပ်နှင့် မင်းလှမြို့အ၀င် ဘူတာလမ်းတို့တွင် နေ့စဉ်(၂၄)နာရီ စောင့်ဆိုင်း တားဆီးစစ်ဆေးလျှက်ရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးက ပြောသည်။
 

``ပခုက္ကူမြို့ တွင် တစ်ရက်တည်း အာစရိယပူဇော်ပွဲများ(၂)ပွဲနှင့် စာပေဟောပြောပွဲကျင်းပ´´

ဒီဇင်ဘာ(၂၅)ရက်၊ နေ့လည်(၂း၃၀)အချိန်တွင် ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်၊ ကုသိနာရုံလမ်း ရှိ အထက(၁) ဓမ္မာရုံ၌ (၂၅)ကြိမ်မြောက် အာစရိရပူဇော်ပွဲကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးနိုင် နှင့် ဆရာ ဆရာမများ၊ ဆရာကြီးဦးဘဆွေ(အထက်တန်းပြငြိမ်း)ပါ အပူဇော်ခံ ဆရာကြီး ဆရာမကြီးများ(၁၃၃)ဦး တို့အား တစ်ဦးလျှင်ရှစ်သောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း တစ်ရာနှစ်ဆယ့်ရှစ်သိန်းတစ်သောင်း ဖြင့် ပူဇော်ကန်တော့ကြောင်း သတင်းရရှိသည်။ အဆိုပါ ပူဇော်ပွဲအား ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှဝေ နှင့်ကော်မတီအဖွဲ့ပါ ကျောင်းသား ကျောင်းသူဟောင်းများ စုစုပေါင်း(၄၀၀)ဦးခန့်တက်ရောက်၍ ကန်တော့ကြကြောင်း၊ ကျောင်းသူဟောင်း ဒေါ်မြင့်မြင့်ဦးမှ ငွေစာရင်းရှင်းတမ်းဖတ်ကြားကြောင်း၊ အပူဇော်ခံအငြိမ်းစား ဆရာ ဆရာမကြီးများ ကိုယ်စား ဦးဘဆွေ က သြ၀ါဒစကားပြောကြားကြောင်း၊ ကျောင်းသားဟောင်း ဒေါက်တာသန်းထွန်းအောင် နှင့် ဦးတင်အေး တို့က ဂါရ၀ပြုနှုတ်ခွန်းဆက်စကားပြောကြားကြောင်း သိရသည်။ အလားတူ ဒီဇင်ဘာလ(၂၅)ရက်နေ့တွင် ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက်၊ ကျောက်စေတီလမ်းရှိ ကျောက်စေတီဘုရားဝန်းအတွင်း၌ အလက(၁)ကျောင်းသူ ကျောင်းသားဟောင်းများ၏ ပဉ္စမအကြိမ်မြောက် အာစရိယပူဇော်ပွဲအထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားကို စာရေးဆရာမ ၀င်းဝင်းမြင့်(နန်းတော်ရှေ့)က နှစ်လုံးသားအမွေ ခေါင်းစဉ်ဖြင့်၎င်း၊ ဆရာရေးဆရာမ မေအောင်လင်း က အမျိုးသမီးနှင့် လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့်၎င်း၊ စာရေးဆရာ ဦးဘုန်း(ဓာတု)က ဟေ့ သူငယ်ချင်းရေ ခေါင်းစဉ်ဖြင့် ည(၁၁)နာရီအထိ အသီးသီးဟောပြောကြကြောင်း၊ ကျောင်းသား ကျောင်းသူများနှင့် စာပေ၀ါသနာရှင်များ စုစုပေါင်း(၂၀၀)ကျော်ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
 

` လွတ်လပ်ရေးနေ့မှာ ပုဒ်မ(၁၈)အား ဖျက်သိမ်းပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရေး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) မှ ဆန္ဒဖော်ထုတ်ခွင့်တင်´

ဒီဇင်ဘာ(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် မကွေးမြို့ ရွာသစ်ရပ်ကွက်၊ ၁၅လမ်း၊ အမှတ်(၁၄၈)ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) မှ ၂၀၁၄၊ ဇန်န၀ါရီ(၄)ရက်၊ လွတ်လပ်ရေးနေ့မှာ ပုဒ်မ(၁၈)အား ဖျက်သိမ်းပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် စုဝေးဆန္ဒဖော်ထုတ်ခွင့်အား မကွေးမြို့နယ်ရဲတပ်ဖွဲမှူးရုံးသို့ တင်ထားကြောင်း လျှောက်ထားသူ ဦးဌေးဝင်း နှင့် ရုံးအဖွဲ့မှူး ဦးထွန်းဦးခိုင် တို့က ပြောသည်။ ``၂၀၁၄ ခု ဇန်န၀ါရီ(၄)ရက် လွတ်လပ်ရေးနေ့၊ နံနက်(၉)နာရီအချိန်ကစပြီး ကျွန်တော်တို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)ရုံးမှာ ကျွန်တော်တို့အဖွဲ့ဝင်တွေရယ်၊ အခြားသော လူမှု ကွန်ယက်အဖွဲ့အစည်းတွေရယ် စုစုပေါင်းလူထုအင်အား(၁၀၀/၁၅၀)ဦးခန့်စုဝေးထားပါတယ်။ နေ့(၁၁)နာရီမှာ ငြိမ်း ချမ်းစွာနဲ့စုဝေးစီတန်းလှည့်လည်ခြင်းအစီအစဉ်စတင်ပါ့မယ်၊ ချီတက်မယ့်လမ်းကြောင်းကတော့ ရွာသစ်ရပ် ၁၅ လမ်းကနေ မြောက်ဘက်မှာရှိတဲ့ နတ်မောက်လမ်း အနောက်ဘက်ကိုထွက်မယ်၊ နတ်မောက်လမ်းကနေ ဗိုလ်ချုပ် လမ်းဆုံ မြောက်ဖျားကနေ ဗိုလ်ချုပ်လမ်းတောင်ဘက်အဖျားမှာရှိတဲ့ လွတ်လပ်ရေးပန်းခြံသို့ စုစည်းချီတက် ကြမယ်၊ ကိုင်ဆောင်ထားကြမယ့် ပိုစတာဆိုင်းဘုတ်တွေက (ပုဒ်မ-၁၈ အားဖျက်သိမ်းပေးရေး) နဲ့(နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရေး) စာသားပါတဲ့ ဆိုင်းဘုတ်များကိုကိုင်ဆောင်လာကြမှာပါ၊ မကွေးမြို့ လွတ်လပ်ရေးပန်းခြံမှာ စုဝေးကြပြီး (ပုဒ်မ-၁၈ အားဖျက်သိမ်းပေးရေး) နဲ့(နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေး ရေး) ဆိုတာတွေကို ကြွေးကြော်ကြမှာပါ၊ အဲဒီကနေ လာရာလမ်းကြောင်းအတိုင်းပြန်လည်ချီတက်ကြပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)ရုံးသို့ ပြန်လည်စုဝေးပြီး နေ့လည်(၁)နာရီအချိန် ငြိမ်းချမ်း စွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲ အစီအစဉ်များ ပြီးဆုံးမှာဖြစ်ပါတယ်ခင်ဗျာ..။´´ဟု ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားသူ ဦးဌေးဝင်း(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း(မကွေး) က ပြောသည်။ ဆန္ဒဖော်ထုတ်ခွင့် လျှောက်လွှာကို ဒီဇင်ဘာ(၂၇)ရက် နေ့လည်(၁း၁၅)အချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်၍ လက်ခံရယူထားကြောင်း၊ တစ်ပါတ်ပြည့်မည့်နေ့ ၂၀၁၄ ဇန်န၀ါရီ(၂)ရက်နေ့တွင် ခွင့်ပြု/မပြု ကိစ္စအား အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ဦးဌေးဝင်း(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) က ပြောသည်။
 

``ဘုန်းကြီးပျံအန္တိမဈာပဏပွဲတွင် မပုပ်မသိုး အနံ့မထွက်၍ မီးသင်္ဂြိုလ်ခြင်းမပြုဘဲ ရုပ်ကလပ်လုမှုဖြစ်´´

ဒီဇင်ဘာ(၂၃)ရက် နံနက်(၉)နာရီအချိန်ခန့်တွင် မြိုင်မြို့နယ်၊ မြို့တင်ကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာမှ ဒါယကာ ဒါယိကာမ များနှင့် မြို့တင်ရွာ၊အိုင်းမရွာ၊ညောင်တွင်းကျေးရွာများမှ ဒါယကာ ဒါယိကာမ များသည် မင်းကန်ကျေးရွာ၊ ချောင်းပုံကြည့်ကန်တောရဆရာတော် ဦးမာက္ဃိန္ဒ(၉၂)နှစ်၊ (၇၂)၀ါ၏ ဘုန်းကြီးပျံအန္တိမဈာပဏ အခမ်းအနားတွင် မပုပ်မသိုး အနံ့မထွက်၍ မီးသင်္ဂြိုလ်ခြင်းမပြုဘဲ ရုပ်ကလပ်လုပွဲဖြစ်ပြီး အငြင်းပွားမှုဖြစ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သောနိုဝင်ဘာ(၁၁)နေ့တွင် မင်းကန်ကျေးရွာ၊ ချောင်းပုံကြည့်ကန်တောရဆရာတော် ဦးမာက္ဃိန္ဒ(၉၂)နှစ်၊ (၇၂)၀ါသည် မင်းကန်ကျေးရွာ ရွာလယ်ကျောင်း၌ ပျံလွန်တော်မှုခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၁) ရက်နေ့တွင် အန္တိမဈာပဏအခမ်းအနားပြုလုပ်ကြောင်း၊ ထိုစဉ် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်မှာ မပုပ်မသိုး အနံ့မထွက်၍ မီးသင်္ဂြိုလ်ခြင်းမပြုကြရန် သံဃာတော်များနှင့် ဒါယကာ ဒါယိကာမများမှ သဘောတူညီ ကြပြီး ရုပ်ကလပ်တော်အတိုင်းထားရှိကြရှိခဲ့ကြောင်း၊ ဒီဇင်ဘာ(၂၃)ရက်၊ နံနက်(၉)နာရီတွင် မင်းကန်ကျေးရွာမှ ဒါယကာ ဒါယိကာမ များနှင့် မြို့တင်ရွာ၊အိုင်းမရွာ၊ညောင်တွင်းကျေးရွာများမှ ဒါယကာ ဒါယိကာမများ နှစ်အုပ်စုသည် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား လုယူပူဇော်ကြရန်အငြင်းပွားမှုဖြစ်ကြောင်း၊ ထိုစဉ် စိုတွင်း ကျေးရွာမှ သက်တော်ရဆရာတော် ဦးက္ကိန္ဒေါ၏ ဆုံးဖြတ်ချက်အရ ရုပ်ကလပ်တော်အား ချောင်းပုံကြည့် တောရ ကျောင်းတွင် သာ ပင့်ဆောင်ပူဇော်ထားရှိခဲ့ကြောင်း၊ ၎င်းနေ့ နေ့(၁၂း၃၀)မှ ညနေ(၄)နာရီအချိန်ခန့်ထိ အချင်းဖြစ်ပွားရာသို့ မြိုင်မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော် ဦးဝဇိယဗုဒ္ဓိ နှင့်ဆရာတော်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင်၊ မြို့နယ်သာသနာရေးမှူး ဦးခင်ဆွေ၊ မြိုင်မြို့မရဲစခန်းမှူး ဒုရဲမှူး ၀င်းမြင့် တို့အဖွဲ့ရောက်ရှိလာပြီး နှစ်ဘက်ညှိနှိုင်းဆွေးနွေး၍ ဖြေရှင်းပေးကြောင်း၊ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် တော်အား ချောင်းပုံကြည့်တောရကျောင်းတွင် တစ်လ စံတော်မူပြီး မင်းကန်ကျေးရွာ ရွာလယ်ကျောင်း တွင် တစ်လစီ အလှည့်ကျ ပင့်ဆောင်ပူဇော်ထားကြရန်ဆုံးဖြတ်ကြောင်း၊ ထို ဆုံးဖြတ်ချက်အား နှစ်ဘက်အုပ်စု ဒါယကာ ဒါယိကာမများမှ ကန့်ကွက်ကြောင်း၊ ကျေးရွာအုပ်စုနှစ်ဘက်၏ ကြားဖြစ်သော မင်းကန်ဆည်တမံ ရှင်းလင်းဆောင်သို့ (ယာယီ)ပင့်ဆောင်ပူဇော်ထားရှိကြရန်၊ ရုပ်ကလပ်မှ အနံ့ထွက်လာလျှင် မီးသင်္ဂြိုရန်၊ အနံ့မ ထွက်လျှင် ဆက်လက်ကိုးကွယ်ပူဇော်ရန် ပြန်လည်စီစဉ်ညှိုနှိုင်းကြမည် ဟု မြို့တင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းစိုး က အဆိုပြု၍ ရုပ်ကလပ်တော်အား မင်းကန်ဆည်တမံရှင်းလင်းဆောင်သို့ (ယာယီ)ပင့်ဆောင်ပူဇော် ထားရှိကြောင်းသိရသည်။ ဒီဇင်ဘာ(၂၄)ရက်၊ နေ့လည်(၃)နာရီအချိန်ခန့်တွင် ရုပ်ကလပ်တော်ပင့်ဆောင်ထားရှိရာ မင်းကန်ဆည်တမံ ရှင်းလင်းဆောင်သို့ မြိုင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသစ်လွင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းအောင် တို့အဖွဲ့ရောက်ရှိလာကြောင်း၊ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ဆေးဘက်ဆိုင်ရာ ပညာများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော် ဦးမာက္ဃိန္ဒ(၉၂)နှစ်၊ (၇၂)၀ါ၏ ရုပ်ကလပ်သည် လုံးဝပုပ်သိုးခြင်း မရှိကြောင်းသိရသဖြင့် ၎င်းရုပ်ကလပ်အား မင်းကန်ကျေးရွာ ရွာလယ်ကျောင်းမြောက်ဘက်တွင် ယာယီစံကျောင်း ဆောက်လုပ်၍ ပင့်ဆောင်ပူဇော်ထားကြမည်ဟု ချောင်းပုံကြည့်ကန်တောရဆရာတော်များ၊ ဒါယကာ ဒါယိကာမ များ၊ မင်းကန်ကျေးရွာ ဒါယကာ ဒါယိကာမများတို့က ကျေနပ်လက်ခံကြကြောင်း၊ ထို့ကြောင့် ယာယီ စံကျောင်း အနီး အမြဲတမ်းစံကျောင်းတော်အဖြစ် ဆောက်လုပ်ပူဇော်ကိုးကွယ်ထားရှိမည်ဖြစ်ကြောင်း မြိုင်မြို့နယ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
 

``ရဲတပ်ဖွဲ့ဝင် အတု ဖုန်းခိုးယူမှုဖြင့် ဖမ်းဆီးရမိ´´

ဒီဇင်ဘာ(၂၃)ရက်နေ့ ရဲတပ်ဖွဲ့ဝင် ဟု အရောင်ဆောင်လာသူ တင်ရဲထွဋ်(၃၅)နှစ်(ဘ)ဦးခင်စိုး၊ တောင်ဥက္က လာပမြို့နယ် ရန်ကုန်နေသူအား တရားလို ဦးသန်းတင်က ထီးလင်းမြို့မရဲစခန်းတွင် (ပ)၉၃/၂၀၁၃ ပြစ်မှုပုဒ်မ-၃၈၀/၁၇၀ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂၁)ရက် ညနေ(၅)နာရီအချိန်ခန့်တွင် ထီးလင်းမြို့နယ်၊ ထီးလင်း-ဂန့်ဂေါ ကားလမ်းဘေး၊ ၀ါးဘိုးချောင်းကျေးရွာလမ်းခွဲ ဇရပ်အနီးရှိ ဦးသန်းတင်၏ ဈေးဆိုင်သို့ တင်ရဲထွဋ်(၃၅)နှစ် ဆိုင်ကယ်နံပါတ်မပါအား စီး၍ရောက်လာကြောင်း၊ သူသည် ကျောနယ်မြေရဲစခန်းမှ နယ်ထိန်း ရဲထွဋ် ဟု ပြောဆို၍ ညအိပ်ခွင့်တောင်းဆိုကြောင်း၊ ဒီဇင်ဘာ(၂၂)ရက်နေ့တွင် ဦးသန်းတင် က တယ်လီဖုန်းဆက်ရန် ဟန်းဖုန်းများ အားရှာရာ ဟန်းဖုန်းနှစ်လုံးမှာပျောက်ဆုံးနေကြောင်း၊ ၀၉-၂၅၀၀၉၁၂၄၆ (HUAWEI) နှင့် ၀၉-၂၅၆၂၂၈၇၂၆ (Samsung) ဖုန်းနှစ်လုံးပျောက်သွားကြောင်း၊ သက်ဆိုင်ရာ မှ သတင်းရရှိသည်။
 

``ကျွန်းသစ်နှင့် ပိတောက်သစ်မာခွဲသားများ တင်ဆောင်လာသော ကားတစ်စီးဖမ်းဆီးရရှိ´´

ဒီဇင်ဘာ(၂၃)ရက် နံနက်(၆)နာရီခန့်တွင် ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာ၊ သစ်တောထွက်ပစ္စည်း စစ်ဆေးရေးဂိတ်၌ ကျွန်းသစ်နှင့် ပိတောက်သစ်မာခွဲသားများ တင်ဆောင်လာသော ကားတစ်စီးဖမ်းဆီးရရှိ ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂၃)ရက် နံနက်(၆)နာရီခန့်တွင် ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာ၊ သစ်တောထွက်ပစ္စည်းစစ်ဆေးရေးဂိတ်၌ ထီးလင်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးကျော်ကျော်နှင့်အဖွဲ့ နှင့် ရေမျက်နီရဲကင်းမှ ဒုရဲအုပ် သက်နိုင်တို့အဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် ဂန့်ဂေါမြို့မှ မန္တလေးမြို့သို့မောင်းနှင်လာ သော ယာဉ်မောင်း မောင်စီ(၂၇)နှစ် အနောက်ဂန့်ဂေါကျေးရွာနေသူ၏ ကင်တာ(အဖြူရောင်) ယာဉ်အမှတ် ၃စ/၃၈၃၄ အား မသင်္ကာ၍စစ်ဆေးရာ ကျွန်းသစ်ခွဲသားဆိုဒ်စုံ (၈)တုံး(၀.၇၃)တန်၊ ပိတောက်(သစ်မာ) ခွဲသားဆိုဒ်စုံ(၆၁)တုံး(၁.၅၄)တန်၊(ကာလတန်ဘိုးစီစဉ်ဆဲ) အား ရှာဖွှေဖမ်းဆီးရမိကြောင်း၊ ၎င်းအမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သစ်တောဦးစီးဌာနမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သက်ဆိုင်ရာမှ သတင်း ရရှိသည်။
 

``သရက်မြို့နယ် သီးကုန်းကျေးရွာအနီးရှိ တူရကီစစ်သင်္ချိုင်းအား ပြင်ဆင်ရန်ညှိနှိုင်းဆောင်ရွက်´´

ဒီဇင်ဘာ(၂၄)ရက် ညနေ(၄)နာရီအချိန်ခန့်တွင် သရက်မြို့ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခမ်း၌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လှိုင်တို့နှင့် မြန်မာနိုင်ငံဆိုင်ရာတူ ရကီသံရုံး၊ မြန်မာညှိနှိုင်းရေးမှူး Mr.Mikil Tasdemir တို့သည် သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာအုပ်စု၊ သီးကုန်းကျေးရွာအနီးရှိ တူရကီစစ်သင်္ချိုင်းအား ပြင်ဆင်ရန်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးကြောင်း သတင်း ရရှိသည်။ အဆိုပါကိစ္စအတွက် တူရကီစစ်သင်္ချိုင်းအား ပြင်ဆင်ရန် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ မြေနေရာများအား ကြည့်ရှုပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြောင်း၊ စမ်းအိုင့်-သီးကုန်းလမ်းဆက်သွယ်ရေးလမ်းအားလည်း ကြည့်ရှု မှတ်တမ်းတင်ပြီးယူလာကြောင်း၊ ၎င်းစစ်သင်္ချိုင်းတောင်ဘက်ရှိ မြေနေရာသည် အမှတ်(၄၄)ချေလျင် တပ်ရင်းမြေ နှင့်ဆက်စပ်နေ၍ လက်ရှိစစ်သင်္ချိုင်းမြေဧရိယာမှ သုံးပေခန့်လျော့ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စစ်သင်္ချိုင်း၏မြောက်ဘက်ရှိမြေနေရာအား ၀ယ်ယူချင်ကြောင်း မြောက်ဘက်တွင်ချောင်းရှိနေခြင်းကြောင့် တံတား ထိုးပြီး ၀င်ပေါက်၊ထွက်ပေါက်ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထိမ်းအမှတ်ကျောက်တိုင်အမြင့်အား(၇)မီတာနှင့် အလံတိုင်အား (၈)မီတာ ဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာတူရကီသံရုံး၊ မြန်မာညှိနှိုင်းရေးမှူး Mr.Mikil Tasdemir က ပြောကြားသည်။ သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝေ က ခြံစည်းရိုးကြွေပြားကပ်ခြင်းဆောင်ရွက်ရာ၌ ရွှေအိုရောင်၊ ရွှေရောင်၊ အ၀ါရောင်တို့ကို အသုံးမပြုပါရန် နှင့် မည်သည့်အထိမ်းအမှတ် အမှတ်အသားများ မပါရှိစေလိုကြောင်း၊ ပြုပြင်ရေးလုပ်ငန်းတစ်ခုလုံးတွင် အ၀ါရောင်အား လုံးဝ အသုံးပြုခွင့်မပြုကြောင်း ဦးလှဝေက ညှိနှိုင်းပြောကြား ၍ နှစ်ဘက်သဘောတူညီမှုရယူကြကြောင်းသိရသည်။ ထို့နောက် သရက်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း (၁၀)မျိုးတို့အား မြန်မာညှိနှိုင်းရေးမှူး Mr.Mikil Tasdemir က လှူဒါန်း၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန်လှိုင် မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြော၍ သတင်းရရှိသည်။
 

`` (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ နှင့်အားကစားနှင့် ကာယပညာဦးစီးဌာန ၀န်ထမ်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲကျင်းပ´´

ဒီဇင်ဘာ(၂၄)ရက်၊ နေ့(၁၂)နာရီမှ နေ့လည်(၂)နာရီခန့်အချိန်ထိ မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက(၁)လမ်း၊ မြို့တော်ခန်းမတွင် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ၀န်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား(၅၀၀)ဦးခန့်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုပွဲကျင်းပကြောင်းသတင်းရရှိ သည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီးရဲမှူးကြီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ကုန်သည်ကြီးများနှင့်စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ စက်သုံးဆီရောင်းဝယ်ရေးလုပ် ငန်း ဥက္ကဋ္ဌနှင့်အဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ကောင်းမွန်ကုမ္ပဏီ၊ တို့မှ တက်ရောက်ကြ၍ စုစုပေါင်းဆုငွေများ(၁၈၇)သိန့်ခန့်အား အဖွဲ့အစည်း အသီးအသီးတို့က ချီးမြှင့်ကြကြောင်း သိရသည်။ (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မကွေးတိုင်း ဒေသကြီးကိုယ်စားပြု အားကစား သမားများ(၃၈)ဦးသည် အားကစားပြိုင်ပွဲ(၁၅)မျိုးထဲက ရွှေတံဆိပ်ဆုရှင်(၅)ဦး၊ ငွေတံဆိပ်ဆုရှင်(၂)ဦး နှင့်ကြေးတံဆိပ်ဆုရှင်(၇)ဦး ဆွတ်ခူးရခဲ့ကြောင်း သိရသည်။ ရွှေတံဆိပ်ဆုရှင်များမှာ မောင်အောင်ခိုင်ဝင်း(ငဖဲမြို့) မှ ကာယဗလ ၆၀-ကီလိုတန်း၊ မောင်တူးတူး (မကွေးမြို့)မှ ရိုးရာလက်ဝှေ့ မွေ ၆၇-ကီလိုတန်း၊ မတင်တင်လင်း(မကွေးမြို့)မှ ရိုးရာခြင်းအခြေခံပြိုင်ပွဲအဖွဲ့လိုက်၊ မတင်တင်လင်း(မကွေးမြို့)မှ ရိုးရာခြင်းအခြေခံမျိုးကွဲအဖွဲ့လိုက်၊ မစိုးမိုးခိုင်(ကံမမြို့)မှ စစ်တုရင်အာဆီယံ အမြန်ရွေ့၊တို့ဖြစ်သည်။ ငွေတံဆိပ်ဆုရှင်များမှာ မောင်ထွန်းမင်း(ဂန့်ဂေါမြို့)မှ ကာယဗလ ၅၅-ကီလိုတန်းနှင့်မလဲ့လဲ့ဝင်း (တောင်တွင်းကြီးမြို့)မှ အလေးမ ၆၉-ကီလိုတန်း တို့ဖြစ်သည်။ ကြေးတံဆိပ်ဆုရှင်များကို အမျိုးသမီး ခုနှစ်ဦးကဆွတ်ခူးကြောင်း မလှလှစံ(ငဖဲမြို့)မှ မြှားပြစ် ကွန်ပေါင်းအသင်းလိုက်၊ မဆွေလီမြင့်(မြို့သစ်မြို့)မှ ပြေးခုန်ပစ်မီတာ-၈၀၀၊ မဆွေလီမြင့်(မြို့သစ်မြို့)မှ ပြေးခုန်ပစ် ၄X၄၀၀ လက်ဆင့်ကမ်း၊ မစုကြည်အောင်(ချောက်မြို့)မှ ပြေးခုန်ပစ် ၄X၄၀၀ လက်ဆင့်ကမ်း၊ မရီရီဦး (မင်းဘူးမြို့)မှ ဘောလုံးအသင်းလိုက်၊ မထက်ထက်ဦး(မကွေးမြို့) ကမ်ပို ၈ဦးအသင်းလိုက် အကပြိုင်ပွဲ၊ မသဲသဲချို (သရက်မြို့) တော်ကီအသင်းလိုက်ပြိုင်ပွဲ တို့ရရှိကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေ(၁၂၆.၉၈၇၅၀)ကျပ်၊ တစ်ရာနှစ်ဆယ့်ခြောက်သိန်း ကိုး သောင်းရှစ်ထောင်ခုနှစ်ရာငါးဆယ်ကျပ်၊ မကွေးတိုင်းဒေသကြီးစက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်းမှ(၁၃) သိန်း၊ ကောင်းမွန်ကုမ္ပဏီပိုင်ရှင် ဦးစိန်ဌေး မှ (၁၁)သိန်း၊ ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များမှ (၁၀)သိန်း၊နေနတ်သားကုမ္ပဏီမှ(၁၁)သိန်း၊ မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှငါးသိန်းကျပ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှ ငါးသိန်းကျပ်၊ ဦးကျော်မိုးလွင် စက်သုံးဆီဆိုင်မှ နှစ်သိန်းငါးသောင်းနှင့် မြေလတ်သားကုမ္ပဏီမှ နှစ်သိန်းငါးသောင်းကျပ် အသီးသီးလှူဒါန်းကြသော(၁၈၇)သိန်းခန့်ကို အားကစားသမား များနှင့်လုပ်အားပေးအဖွဲ့(၄၂၀)ဦးတို့အား ရွှေ ငွေ ကြေးဆုရှင်များ၊ရိုးရိုးအားကစားအဖွဲ့ နှင့်လုပ်အားပေးအဖွဲ့များ ဟု အဆင့်ခွဲခြားပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးကြောင်း လုပ်အားပေးအဖွဲ့ ဆရာမတစ်ဦးကပြော၍ သတင်း ရရှိသည်။
 

`မကွေးမြို့နယ် မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ ရွာနှစ်ရွာအပြန်အလှန် လေးခွများပစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဓါးခုတ်ခံရ´(နောက်ဆက်တွဲရှင်းလင်းချက်)

ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာအုပ်စု တို့ မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ နှစ်ဘက်အပြန်အလှန် လေးခွများပစ်ပြီး ဓါးခုတ်မှုဖြစ်ပွားကြောင်းသတင်းအား သဖန်းဆိပ်ရွာသား ကိုပြုံးနှင့်အဖွဲ့က ဒီဇင်ဘာ(၂၁)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် စာရေးသူထံ လာရောက်၍ အမှားပြင်ပေးပါရန်ပြောကြားသည်။ ``ကျွန်တော့်နာမည် ကိုပြုံးပါ၊ သဖန်းဆိပ်ရွားသား၊ အဲဒီနေ့က မြေနုကျွန်းပေါ်အချင်းဖြစ်တဲ့နေရာမှာ ကျွန်တော်ကိုယ်တိုင်ပါတယ်ဗျ၊ နေကြာပက်ကြဲနေသူက ယောက်ကျားသားကြီးပါ ချက်ကြီးကိုယ်တိုင်ဖြစ်ပါတယ်။ သူ့ညီမ မအေးသီတာဆိုတာ လုံးဝမဟုတ်ပါဘူးဗျာ..။ ထုံးပေါက်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနန်းမြင့်က မအေးသီတာရဲ့လက်ကို ဆွဲရမ်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး၊ ချက်ကြီးနဲ့ ဦးနန်းမြင့်တို့ ရန်ဖြစ်နေကြတာ ကျွန်တော့မျက်မြင်သက်သေပါဗျာ..၊ ကမ်းရင်ရွာသား ဦးမြမောင်းပြောထားတာက လုံးဝမမှန်ပါဘူး။ တရားခံတွေကို မကွေးမြို့မရဲစခန်း(ပ)၂၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၃၃/၁၁၄ နဲ့တရားစွဲထားပါတယ်။´´ဟု သဖန်းဆိပ်ရွာသား ကိုပြုံးက ဒီဇင်ဘာ(၂၁)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် စာရေးသူထံ လာရောက်ပြော ကြားသည်။
 

``မန်းချောင်းရေဝေလဲဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဇိဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မကွေးမြို့တွင် ကျင်းပ´´

ဒီဇင်ဘာ(၁၉)ရက် နံနက်(၉)မှ ညနေ(၅)နာရီအချိန်ခန့်အထိ မကွေးမြို့ မြို့တော်ခန်းမ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် Fauna and Flora International (FFI) တို့ပူးပေါင်းစီစဉ်သော မန်းချောင်းရေဝေလဲဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဇိဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တော၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဆလိုင်းလှထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေကြီး/ခရိုင်/မြိုနယ်များမှဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ဆရာ ဆရာမများ၊ NGOအဖွဲ့များ နှင့် ငဖဲမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့်တက်ရောက်ကြောင်း၊ သစ်တော၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်းက အဖွင့်အမှာစကားပြော၍ဖွင့်လှစ်ပေးကြောင်း၊ FFI စီမံကိန်းမန်နေဂျာ ဦးငွေလွင်က အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ရခြင်းအား ရှင်းလင်းကြောင်း၊ ထို့နောက် FFI Country Director ဒတ်ခ်ျနိုင်ငံသား Mr.Frank Momberg က အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ခွင့်ပြုခြင်းအတွက် ကျေးဇူးတင်ပါကြောင်း၊ အဓိက သူတို့ဆောင်ရွက်နေခြင်းမှာ ကမ္ဘာမှာ ရှားပါးမျိုးတုန်းပျောက်ကွယ်စပြုနေသော မျက်ခုံးဖြူ မျောက်လွှဲကျော်သည် မြန်မာပြည်၌သာ များများကျန်ရှိနေပါကြောင်း၊ ၎င်း မျက်ခုံးဖြူ မျောက်လွှဲကျော် များနှင့်အတူ အခြားတိရိစ္ဆာန်များနှင့် ဇိဝမျိုးစုံမျိုးကွဲများကိုလည်း စနစ်တစ်ကျ အဖွဲ့များဖွဲ့စည်းပြီး သုတေသနပြုပြီး ဆောင်ရွက်နေပါကြောင်း၊ ၎င်းတို့လက်ရှိစာရင်းအရ မြန်မာနိုင်ငံအတွင်း မျက်ခုံးဖြူ မျောက်လွှဲကျော်များ အကောင်(၃၀၀)ခန့်ရှိနေကြောင်း၊ ယခု မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းချောင်းရေဝေလဲဒေသဖွံ့ဖြိုး တိုးတက် ရေးနှင့် ဇိဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းဆောင် ရွက် သွားကြမည်ဖြစ်ပါကြောင်း၊ ဒတ်ခ်ျနိုင်ငံသား Mr.Frank Momberg ကအသေးစိတ်ရှင်းလင်းပြောကြားသည်။ သစ်တောဦးစီးဌာန ညွန်ကြားရေးမှူး ဦးမြင့်သိန်းက ငဖဲမြို့နယ် မန်းချောင်းဖျား၊ နတ်ရေကန်တော်နှင့် ပေါက်စတောင်ဒေသများ၏ မန်းသစ်တောကြိုးဝိုင်းအကြောင်းပြောကြား၍ ရွှေစက်တော်ဘေးမဲ့တောအုပ်ချုပ်ရေး မှူး လက်ထောက်ညွန်ကြားရေးမှူး ဦးရှိန်းဂေငိုင်းက မြန်မာနိုင်ငံအတွင်းရှိ ဇိဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းဆောင်ရွက် မှု၊ ခြိမ်းခြောက်မှုများနှင့် ဆောင်ရွက်ရန်လိုအပ်ချက်များကို ပြောကြားကြောင်း၊ ထို့နောက် တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးအဖွဲ့(WCS)မှ ကိုယ်စားလှယ် ဦးနိုင်လင်းက မြန်မာနိုင်ငံတွင်တွေ့ရှိသော ရှားပါးတိရစ္ဆာန်ဖြစ် သည့် အနောက်ပိုင်း မျက်ခုံးဖြူမျောက်လွှဲကျော်များ၏ ပြန့်နှံတည်ရှိမှုနှင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက် မှုအတွက် မန်းသစ်တောကြိုးဝိုင်းအနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ စီးပွားရေးနှင့် လူမှုအခြေအနေများကို FFI စီမံကိန်းမန်နေဂျာ ဦးမြင့်စိုးက ဆောင်ရွက်ရန်ကိစ္စအား ဆွေးနွေးပြောကြားကြောင်းသိရသည်။ ထို့နောက် နေ့လည်ပိုင်းတွင် အဖွဲ့နှစ်ဖွဲ့ခွဲကာ မန်းချောင်းဖျား နတ်ရေကန်တောင်နှင့် ပေါက်စတောင် ဒေသရှိ ဇိဝမျိုးကွဲများနှင့် သဘာဝပန့်ဝန်းကျင်ပျက်စီးယို့ယွင်းမှုများအကြောင်း၊ အဓိက ခြိမ်းခြောက်နေသော အချက်များကို ရှာဖွှေဖော်ထုတ်ခြင်း၊ သဘာပန့်ဝန်းကျင်ရေရှည်တည်တန့်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သောအချက်များကို ဆွေးနွေးဖော်ထုတ်ခြင်း၊ ၎င်းအဖွဲ့များမှ တွေ့ရှိချက်များအား စုစည်းကာ ဆွေးနွေးပွဲ၏ ရလဒ်များကို ခြုံငုံသုံးသပ်၍ မှတ်တမ်းတင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

``သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးဆိုင်ရာ အဆင့်မြင့်အလုပ်ရုံဆွေးနွေးပွဲ မကွေးမြို့တွင်ကျင်းပ´´

ဒီဇင်ဘာ(၁၉)ရက် နံနက်(၉ မှ ညနေ ၄း၃၀)နာရီအချိန်ထိ မကွေးမြို့ ဆားရွှေကင်းရပ် ကမ်းနားလမ် နန်းထိုက်သူဟော်တယ်၌ UN + Habitat မှ ကြီးမှူးကျင်းပသော သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ပါးရေးဆိုင်ရာ အဆင့်မြင့်အလုပ် ရုံဆွေးနွေးပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်း က အဖွင့်အမှာစကား ပြောကြား၍ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဟန်မောင်၊ တိုင်းဒေသကြီးကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှူး ဦးရဲမင်းသန်းနှင့် ဒုတိယညွန်ကြားရေးမှူး ဦးအောင်ခိုင်၊ ဌာနဆိုင်ရာများ၊ မြန်မာ့ရပ်ရွာလူထုဘေး အန္တရာယ်ခံနိုင်စွမ်းတိုးမြှင့်ပူးပေါင်းရေးအဖွဲ့ UN + Habitat မှ အစီအစဉ် အရာရှိ ဒေါ်နီနီဝင်းနှင့်အဖွဲ့ အင်အား(၄၅) ဦးခန့်တက်ရောက်ကြောင်းသိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယညွန်ကြားရေးမှူး ဦးအောင်ခိုင် က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြုံတွေ့ရမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအကြောင်း ရှင်းလင်းကြောင်း၊ အစီအစဉ်အရာရှိ ဒေါ်နီနီဝင်းက သဘာဝ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးသည် ရေရှည်တည်တန့်ပြီး ဘေးဒဏ်ခံနိုင်စွမ်းရှိသော ဖွံ့ဖြိုးရေးတွင် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း စသည်တို့ကို အသေးစိတ်ရှင်းလင်းကြောင်း၊ နည်းပညာအရာရှိ ဦးမြတ်လင်းသွေး၊ တွဲဘက်အရာရှိ ဒေါ်အေးသိမ့်သူ တို့မှလည်း တိုင်းဒေသကြီးများ၏ ဖွံ့ဖြိုးရေး စီမံချက်များတွင် ပေါင်းစပ်ဖော်ဆောင်လုပ်ကိုင်နေသော အခြေအနေများ၊ အဆောက်အဦဆိုင်ရာ ဥပဒေ စည်းမျဉ်း စည်းကမ်းများအရေးကြီးကြောင်း၊ ၎င်းတို့လုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် အောင်မြင်မှုများကို ရှင်းလင်းကြောင်း၊ တက်ရောက်လာသူများနှင့် အပြန်အလှန် မေးမြန်ဆွေးနွေးကြကြောင်း၊ ဆက်လက်၍ ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ပါးရေးတွင် ဒေသန္တရအစိုးရနှင့် ရပ်ရွာလူထု၏ အခန်းကဏ္ဍတို့အားရှင်းလင်းရာ သဘာဝ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့နည်းရန် ရပ်ရွာလူထုပါဝင်ပြီး ထပ်ဆင့်၍ အများပြည်သူ လူထုသို့ အသိပညာပေးရေးအကြောင်းများကို ထိရောက်စွာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေး ကြသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးရဲမင်းသန်းက တိုင်းဒေသကြီအတွင်း ဘေးအန္တရာယ်လျော့ပါးရေးအတွက် အဖွဲ့အစည်းဆိုင်ရာ စီမံကိန်းရေးဆွဲရေးစနစ်များ ပိုမိုကောင်းစေရန်အချက် များကို အသေးစိတ် ရှင်းလင်း၍ အပြန်အလှန်ဆွေးနွေး၍ မှတ်တမ်းတင်ကြောင်း သတင်းရရှိသည်။
 

``နတ်မောက်မြို့နယ် သီးချောင်းကျေးရွာတွင် ဘိန်း(အညို/အမဲရောင်)များဖမ်းဆီးရမိ´´

ဒီဇင်ဘာ(၁၉)ရက် နံနက်(၇)နာရီအချိန်ခန့်တွင် နတ်မောက်မြို့နယ် စိုင်းကောင်းနယ်မြေရဲစခန်းမှ ရဲအုပ် စန်းဝေနှင့်အဖွဲ့သည် သက်သေများနှင့်အတူ ကွင်းကြီးကျေးရွာအုပ်စု သီးချောင်းရွာ ဒေါ်ကျင်လှ(၅၁)နှစ် အိမ်မှ ဘိန်းဟု ယူဆရသော (အညို/အမဲရောင်)များထည့်ထားသော ပလပ်စတစ်အိတ်အထုပ်များဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၉)ရက် နံနက်(၇)နာရီအချိန်ခန့်တွင် ကွင်းကြီးကျေးရွာအုပ်စု သီးချောင်းရွာ ဒေါ်လှကျင်နေအိမ်မှ ဘိန်းဟု ယူဆရသော (အညို/အမဲရောင်)များထည့်ထားသော ပလပ်စတစ်အိတ်အထုပ်များ အလေးချိန်တစ်ကျပ်သားကျော်ခန့်တစ်ထုပ်၊ အလေးချိန် နှစ်ကျပ်သားကျော်ခန့်တစ်ထုပ်နှင့် အရိုးအသွား ရှစ်လက် မခန့်ရှိ ဓါးတစ်ချောင်းရှာဖွှေတွေ့ရှိကြောင်း၊ဆက်လက်၍ရှာဖွှေရာ ၎င်းနေအိမ်ခြံဝန်းအတွင်း အိမ်နောက်ဘက်ရှိ နွားစာစင်းခုံပေါ်မှ ပလပ်စတပ်အမဲဖြင့်ထည့်လျှက် ဘိန်းဟုယူဆရသော (အညို/အမဲရောင်)များထည့်ထားသော အလေးချိန်နှစ်ဆယ်ကျပ်သားကျော်ခန့်ရှိ အထုပ်ကိုထပ်မံတွေ့ရှိ၍ သိမ်းဆည်းရမိကြောင်းသိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မူယစ်ဆေးဝါး ဘိန်းများစုစုပေါင်း(၂၃)ကျပ်သား(၃၇၉.၅၉)ဂရမ်အား လက်ဝယ်တွေ့ရှိသူ ဒေါ်ကျင်လှ (၅၁)နှစ်(ဘ)ဦးအောင်ဆင့်၊ တောင်သူလုပ်ကိုင်သူအား နေ့(၁၁း၃၀)နာရီအချိန်ခန့်တွင် စိုင်းကောင်းနယ်မြေရဲစခန်း ၌ မယ(ပ)၂/၂၀၁၃၊မူး/စိတ် ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့်အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သတင်းရ ရှိသည်။
 

``ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူးက ပခန်းငယ်ကျေးရွာမှလျှောက်ထားသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် လျှောက်ထားချက်အား ခွင့်မပြု´´

ဒီဇင်ဘာ(၁၁)ရက် နေ့လည်(၁)နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ရေစကြိုမြို့နယ် ပခန်းငယ်ကျေးရွာအုပ်စုမှ ပခန်းငယ်ကျေးရွာ စိန်စီကျောင်းဆရာတော် ဦးသောဘိတ(၃၅)နှစ်၊ (၁၅)၀ါ၊(ဘ) ဦးဖိုးဝေ၊ ၉/ကပတ(သ)၀၀၁၈၃၄ တင်ပြထားသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် လျှောက်ထား ချက်အား ခွင့်မပြုကြောင်း ဒီဇင်ဘာ(၁၉)ရက်နေ့စွဲပါစာအမှတ်၁၀၀၂(၀၂)/၂၀၃/ ဥပဒေပုဒ်မ ၅ အရငြင်းပယ် ကြောင်း သတင်းရရှိသည်။ စိန်စီကျောင်းဆရာတော် ဦးသောဘိတ(၃၅)နှစ်၏ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် လျှောက်ထားချက်မှာ ပခန်းငယ်ကျေးရွာ စိန်စီကျောင်းဝန်းအတွင်းရှိ ကျောင်းတော်ကြီးကျောင်း(ခ)ဥာတိဃရ ကျောင်းတော်ကြီးနှင့် ပန်းကျောင်း(ခ)ဓမ္မာရုံတိုက်သစ်ကျောင်းတို့အား မူလအခေါ်အတိုင်းသတ်မှတ်ပေးရေးနှင့် အနုဝါဒါအဓိကရုဏ်းမှုခင်းအကောင်အထည်ဖော်စာတမ်းအား ရပ်ဆိုင်းပေးရေးအတွက်ဆန္ဒဖော်ထုတ်မည်ဖြစ် ကြောင်း၊ ပြုလုပ်မည့်အစီအစဉ်မှာ ဒီဇင်ဘာ(၂၂)ရက်နေ့(၁)နာရီအချိန်မှ နေ့(၂)နာရီအချိန်အထိ ပခန်းငယ်ကျေး ရွာ ဥာတိဃရကျောင်းဝန်းအတွင်းမှစတင်ထွက်၍ ပခန်းကြီးကျေးရွာ စည်သူရှင်ဘုရားရင်ပြင်တော်သို့ ပိုစတာ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆရာတော် ဦးဝိသုတ(၅၉)နှစ်၊(၁၆)၀ါ က ဦးဆောင်ကာ ရဟန်း၊ သာမဏေ ၊သီလရှင်၊ ဒကာ ဒကာမများ စုစုပေါင်းအင်အား(၄၀၀)ခန့်တို့နှင့်အတူ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည် ကြမည်ဖြစ်ကြောင်းလျှောက်ထားခဲ့ရာ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူးက စာဖြင့်တားဆီး၍ ငြင်းပယ်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
 

``ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာများ မကွေးခရိုင်အတွင်းရှိ မြို့နယ်များတွင် မေးခွန်း(၄၁)ချက်ကို ရှင်းလင်းဆွေးနွေး´´

ဒီဇင်ဘာ(၁၅/၁၆/၁၇)ရက်နေ့များမှာ သုံးရက်ဆက်တိုက် နတ်မောက်မြို့၊ မြို့သစ်မြို့၊တောင်တွင်းကြီး မြို့နယ်များတွင် မကွေးခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်မှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်၊ ပြည်သူများလိုက်တာရမည့်တာဝန်ဝတ္တရားများ၊ ရပ်/ကျေးသန်းခေါင်စာရင်းကော်မတီမှ ဆောင်ရွက် ပေးရမည့်အချက်အလက်များ၊ သန်းခေါင်စာရင်းထည့်ကောက်ယူရမည့်သူများ၊ ထည့်ကောက်ယူရမည့်သူများ၊ ပြည်သူများအား မေးမြန်းမည့်မေးခွန်း(၄၁)ချက်တို့ကို မှန်ကန်တိကျစွာ ဖြေဆိုရေးတို့ကို အသေးစိတ် အကျယ် တ၀င့်ရှင်းလင်းကြောင်း၊ နတ်မောက်မြို့နှင့် မြို့သစ်မြို့များတွင် တက်ရောက်သူပြည်သူလူထုအင်အား (၂၅၀)ကျော်ခန့်၊ တောင်တွင်းကြီးမြို့တွင် ပြည်သူလူထုအင်အား(၃၅၀)ကျော်ခန့်နှင့်အတူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းနှင့် မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သိန်းတို့လည်း တက်ရောက်ကြောင်း သတင်းရရှိသည်။ ``ပြည်သူများကို မေးမြန်းမဲ့အချက်(၄၁)ချက်ကို အကျဉ်းချုပ်ပြီးအများနားလည်အောင်ရှင်းပါရစေ၊ နံပါတ်တစ်က အမှတ်စဉ်ပါ တကယ်မေးမဲ့မေးခွန်းက(၄၀)ပါ၊ ၂/မေးခွန်း အမည်(၂၉-၃-၂၀၁၄ ရက်ညတွင်အိမ်ထောင်စု၌ ညအိပ် သူအားလုံးမေးရန်)၊ ၃/မေးခွန်းက အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ၊ ၄/မေးခွန်းက ကျား/မ ပါ၊ ၅/ပြည့်ပြီးအသက်၊ ၆/ အိမ်ထောင်ရေးအခြေအနေ၊ ၇/ ကိုးကွယ်သည့်ဘာသာ၊ ၈/လူမျိုး၊ ၉/မသန်းစွမ်းသူ၏အခြေနေ၊ ၁၀/ကိုင်ဆောင် သည့်လက်မှတ်အမျိုးအစား၊ ၁၁/မွေးဖွားရာဇာတိ၊ ၁၂/မြို့/ကျေးရွာ၊ ၁၃/နေမြဲအရပ်၊ ၁၄/မြို့/ကျေးရွာ၊ ၁၅/နေမြဲအရပ်၌နေသောနှစ်၊ ၁၆/နေမြဲအရပ်မှဘာကြောင့်ပြောင်းရသလဲ၊ ၁၇/ယခုနေမြဲအရပ်သို့ ပြောင်းမလာခင် ဘယ်မှာ နေသလဲ၊ ၁၈/မြို့/ကျေးရွာ၊ ၁၉/သူသည်ဘာသာတစ်ခုခု ရေးတတ်ဖတ်တတ်ပါသလား၊ ၂၀/သူသည် ကျောင်းနေ မနေ၊လုံးဝမနေဘူးလား၊ ၂၁/ပညာရေးအမြင့်ဆုံးအတန်း၊ ၂၂/လွန်ခဲ့သောတစ်နှစ်ကလုပ်ငန်း၊ ၂၃/လွန်ခဲ့သောတစ်နှစ်ကလုပ်ခဲ့သော လုပ်ငန်းအမည်နှင့်ရာထူးအသေးစိတ်၊ ၂၄/လွန်ခဲ့သောလုပ်ငန်း၏ဌာန လုပ်ငန်းအမည်အပြည့်အစုံ၊ ၂၅/သင့်ဘ၀မှာ အရှင်မွေးကလေးအရေအတွက်၊ ၂၆/သင်နှင့် အတူနေကလေး များအရေအတွက်၊ ၂၇/သင်နှင့်ခွဲခွါနေသောကလေးမျာအရေအတွက်၊ ၂၈/မွေးဖွားပြီးမှ သေဆုံးသွားသော ကလေးအရေအတွက်၊ ၂၉/နောက်ဆုံးအရှင်မွေးကလေး၏ မွေးသက္ကရာစ်၊ ၃၀/၎င်းကလေးမှာ ကျား/မ၊ ၃၁/နောက်ဆုံးမွေးဖွားသော ကလေးအသက်ရှင်လျှက်ရှိပါသလား၊ ၃၂/အိမ်ထောင်စု၏ နေအိမ်အမျိုးအစား၊ ၃၃/နေအိမ်ပိုင်ဆိုင်မှုအမျိုးအစား၊ ၃၄/သင့်အိမ်တွင် အသုံးပြုသော မီးအမျိုးအစား၊ ၃၅/သင့်အိမ်ရှိ သောက်သုံးရေ ဘယ်ကရရှိပါသလဲ၊ ၃၆/မီးဖိုးချောင်၌အသုံးပြုသော လောင်စာအမျိုးအမည်၊ ၃၇/အိမ်ထောင်စုတွင် အသုံးပြုသော အိမ်သာအမျိုးအစား၊ ၃၈/နေအိမ်အဆောက်အအုံ၏ အဓိကအသုံးပြုသောပစ္စည်းများ၊ ၃၉/ သင့်အိမ်ထောင်စုတွင် အသုံးပြုသောပစ္စည်းအမျိုးအမည်များ ယာဉ်များ၊ ၄၀/အိမ်ထောင်စုသားများထဲမှ နိုင်ငံခြားသို့ရောက်ရှိနေ သူအရေအတွက်များ ဖြစ်ပါတယ် ခင်ဗျာ..၊ ယခုမေးခွန်းအသေးစိတ်တွေကို နားမလည်တာရှိရင်မေးမြန်းဆွေးနွေး နိုင်ပါတယ်ခင်ဗျာ..၊ မိဘပြည်သူများက ဒီမေးခွန်း(၄၀)ကို နားလည်ထားမှသာ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဖြေဆိုပေးနိုင်ကြမှာဖြစ်ပါတယ်။ မိသားစုတစ်စုချင်းက မှန်မှန်ကန်ကန်ဖြေဆိုပေးမှသာ ကျွန်တော်တို့ မြန်မာ နိုင်ငံမှာလိုအပ်နေတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူနေမှုအဆင့်အတန်းအတွက် လိုအပ်နေတဲ့အချက်အလက်တွေကို နိုင်ငံတော်အစိုးရက ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာ..။´´ဟု ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်းမြင့်က အဆိုပါအခမ်းအနားများတွင် ရှင်းလင်းပြောကြား၍ သတင်းရရှိသည်။
 

ပန်းအလှ ပြင်ဆင်ခြင်းသင်တန်းဖွင့်လှစ် မကွေး ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ပန်းအလှပြင်ဆင်ခြင်းသင်တန်းကို ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက် (၉)နာရီက မကွေးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်စမ်းစမ်းမြင့်မှ အဖွင့်အမှာစကားပြောဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကာ သင်တန်းကိုစတင်ပို့ချသင်ကြားပေးလျှက်ရှိပါသည်။ အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များမှ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဝင်များ နှင့် အမျိုးသမီးရေးရာ အဖွဲ့အသင်းဝင်များ စုစုပေါင်း သင်တန်းသူ(၆၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ ဒီဇင်ဘာလ(၁၃)ရက်နေ့မှ(၁၅)ရက်နေ့အထိ(၃)ရက်ကြာ သင်တန်းပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ တင်ထွန်းဦး သတင်းပေးပို့သူ ဦးတင်ထွန်းဦး(မင်းဘူးခရိုင်ပြန်/ဆက်)
 

``၅၀၀၀ ကျပ်တန်၊ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများဖြင့် နွားဝယ်သူတစ်ဦး ဖမ်းဆီးရမိ´´

ဒီဇင်ဘာ(၁၄)ရက်နေ့နံနက်(၁၀)နာရီအချိန်ခန့်တွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စို့ပြားကျေးရွာသို့ ထီး လင်းမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်စိုးဦးစီးသောအဖွဲ့ရောက်ရှိကြောင်း၊ ၎င်းစို့ပြားရွာ၏ အနောက်ဘက်(၁)မိုင်ခန့် အကွာရှိ ဦးဝင်းဆွေ (၄၃)နှစ်၊(ဘ)ဦးဘခင်၊ ၈/ထလန(နိုင်) ၀၂၅၆၂၉ (တောင်သူ) ပိုင်ဆိုင်သော လယ်ကွက် အတွင်းရှိ ကောက်လှိုင်းများအတွင်း၌ ၀ှက်သိမ်းထားသော ၅၀၀၀ ကျပ်တန်စက္ကူအတုများ(၈၇)ရွက်အား ဦးဝင်းဆွေ ကိုယ်တိုင် ဒုရဲမှူး မြင့်စိုးထံသို့ အပ်နှံပေးခဲ့ကြောင်း၊ ထို့ကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှအောင် ဦးဆောင် သောအဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့ မှ ဒုရဲအုပ်အောင်ကိုလတ်တို့အဖွဲ့သည် ငွေစက္ကူအတုများဖြင့် နွားထီးများကို လိုက်လံဝယ်ယူခဲ့သူ ဦးဝင်းဆွေအားဖမ်းဆီးထားပြီး ကွင်းဆက်ဖော်ထုတ်နိုင်ရန် စစ်ဆေးဆောင်ရွက်လျှက်ရှိ ကြောင်း ဒီဇင်ဘာ(၁၈)ရက်နေ့တွင် သက်ဆိုင်ရာမှ ကနဦးသတင်းရရှိသည်။
 

`` ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်များတွင် ဖမ်းဆီးရမိ (တောင်သူလယ်သမားများ နွားရောင်းရင်သတိထား )´´

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့ ဒီဇင်ဘာ(၁၆)ရက်နေ့အထိ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု များ(၃၈၈)ရွက်နှင့် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတုများ(၃၁)ရွက် စတင်သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက် နေ့(၁၁)နာရီအချိန်ခန့်တွင် ထီးလင်းမြို့ လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ မတင်မာစန်း(၂၂)နှစ်မှ စိုက်ပျိုးစရိတ်ချေးငွေလာရောက်သွင်းကြောင်း၊ သွင်းငွေများမှာ ၅၀၀၀ ကျပ်တန်ရွက်ရေ (၄၀)ဖြင့် ငွေနှစ်သိန်းကျပ်တိတိသွင်းကြောင်း၊ ၎င်းငွေစက္ကူများအား မင်္သကာ၍စစ်ဆေးကြည့်ရာ အတုများဖြစ်နေ ၍ ဘဏ်မန်ဂျာဦးထွန်းကျော် မှ ထီးလင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှအောင် ဦးစီးသောအဖွဲ့မှ သိမ်းဆည်းပြီး မတင်မာစန်းထံ ဆက်လက်ရှာဖွှေခဲ့ရာ ၅၀၀၀ ကျပ်တန်ငွေစက္ကူ အတု(၅)ရွက်ကိုထပ်မံသိမ်းဆည်းရရှိကြောင်း၊ ၎င်းငွေစက္ကူများမှာ မူရင်း၅၀၀၀ ကျပ်တန်ငွေစက္ကူများထက် အလျား (၂)မီလီမီတာတိုနေကြောင်း၊ဆင်ဖြူတော်ပုံနှင့်ဂဏန်းရေစာများမပါရှိကြောင်း၊ ရေစာငွေမှင်ပါပြီး မှင်ကြိုး မပါရှိကြောင်း၊ စက္ကူသားမှာချောမွေ့လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ အဆိုပါငွေစက္ကူတုများနှင့်ပတ်သက်၍ မတင်မာစန်းအားစစ်ဆေးရာ လွန်ခဲ့သောငါးရက်ခန့်တွင် ဆင်စွယ် ရွာနေဖခင်ဖြစ်သူ ဦးမြင့်ထူးက နွားထီးတစ်ကောင်အား ငွေကျပ်(၃၉၀၀၀၀) သုံးသိန်းကိုးသောင်းကျပ်ဖြင့် ရောင်းချ၍ ၎င်းငွေများကိုလက်ခံရရှိခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးလှအောင်နှင့် အမှတ်(၂) မှုခင်းရဲတပ်ဖွဲ့စု(မကွေး) မှ ဒုရဲအုပ်အောင်ကိုလတ်တို့ ပူးပေါင်းပြီး ကွင်းဆက်ဖော် ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ အလားတူ ကွင်းဆက်အရ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် ကျောက်အုတ်ရွာနေ ဦးဥာဏ်ဝင်းပိုင် နွားထီး တစ်ကောင်အား ငွေကျပ် လေးသိန်းငါးသောင်းကျပ်ဖြင့်ရောင်းချ၍ လက်ခံရရှိသောငွေများမှာ ၅၀၀၀ ကျပ်တန် အတုစက္ကူများ ဖြစ်နေ၍သိမ်းဆည်းရမိကြောင်း၊ စုစုပေါင်းသိမ်းဆည်းရမိသောငါးထောင်ကျပ်တန် အတု(၁၆၉) ရွက်၊ တန်ဘိုးငွေ (၈၄၅၀၀၀) ကျပ်ခန့်ဖြင့် ဒီဇင်ဘာ(၁၄) ရက်နေ့တွင်ထီးလင်းမြို့မရဲစခန်း၌ (ပ)၃၈/၂၀၁၃ ပုဒ်မ ၄၈၉-ခ ဖြင့်အမှုဖွင့်ပြီး ငွေစက္ကူအတုများဖြင့် နွားဝယ်ယူသွားသူများအား လိုက်လံရှာဖွှေဖမ်းဆီးနေကြောင်း သိရသည်။ အလားတူ ဒီဇင်ဘာ(၁၃)ရက် နေ့လည်(၃)နာရီအချိန်ခန့်တွင် ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် မြောက်ကုန်း ရပ်၊ ဗိုလ်ချုပ်လမ်းရှိ မိုးသူအောင်ဆိုင်ကယ်ပြုပြင်ရောင်းဝယ်ရေးဆိုင်သို့ အသက်(၄၀)ခန့်အမျိုးသား နှင့် အသက် (၂၀)ခန့်အမျိုးသားလူနှစ်ဦးတို့ရောက်လာကြောင်း၊ အဆိုပါလူနှစ်ဦးသည် ဆိုင်ပိုင်ရှင် ကိုမိုးသူအောင် ထံမှ 125- FASTAR(အနက်ရောင်)ဆိုင်ကယ်တစ်စီးကိုငွေကျပ်(၃၉၅၀၀၀) သုံးသိန်းကိုးသောင်း ငါးထောင်ကျပ် ဈေးဖြင့်ဝယ် ယူသွားကြောင်း၊ ကိုမိုးသူအောင်နှင့်ဇနီးမသဲဖြူအေးတို့က ည(၈)နာရီအချိန်တွင် ဆိုင်ကယ်ရောင်း သောငွေများ အား ပြန်လည်ရေတွက်စစ်ဆေးရာ ငွေ(၃၉၅၀၀၀)ကျပ် ငါးထောင်တန်(၇၉)ရွက်ထဲမှ (၅၉)ရွက်(၂၉၅၀၀၀)ကျပ် သည် ငွေစက္ကူအတုများဖြစ်နေကြောင်းသိရသည်။ ထို့ကြောင့် ဒီဇင်ဘာ(၁၄)ရက်နေ့တွင် ၎င်းငွေစက္ကူအတု (၅၉)ရွက် အား ဂန့်ဂေါမြို့မရဲစခမ်းသို့ လာရောက်အပ်နှံပြီး(ပ)၇၈/၂၀၁၃၊ ပုဒ်မ-၄၈၉-ခ အရအမှုဖွင့်တိုင်ကြား ကြောင်း သိရသည်။ ဒီဇင်ဘာ(၁၄)ရက်နေ့တွင် ဆင်စွယ်ကျေးရွာသား မောင်ထက်မင်းစိုး (၁၈)နှစ်မှ ၎င်းတို့ရွာကျေးအုပ်ချုပ်ရေး မှူး ဦးစံဝင်းအိမ်၌ရောက်ရှိလာသော ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှအောင်နှင့်အဖွဲ့ထံသို့ (၁၀၀၀၀) တစ် သောင်းကျပ်တန် ငွေစက္ကူအတု(၁၁)ရွက်အားလာရောက်အပ်နှံကြောင်း၊၎င်းငွေများကို ဒီဇင်ဘာ(၉)ရက်နေ့က ဖခင်ဖြစ်သူ ဦးစောမောင်မှ စို့ပြားကျေးရွာနေ ဦးဝင်းဆွေထံသို့ နွားထီးတစ်ကောင်အား(၃၄၀၀၀၀)ကျပ်ဖြင့် ရောင်းချ၍ရသောငွေများဖြစ်ကြောင်း၊ ၎င်းငွေထဲမှ တစ်သောင်းကျပ်တန် ငွေစက္ကူ(၁၁)ရွက်မှာ အတုဖြစ်နေ ကြောင်း၊ မူရင်းငွေစက္ကူအစစ်မှာ(၁၅.၂ X ၇) မီလီမီတာရှိပြီး သိမ်းဆည်းရရှိသောငွေစက္ကူအတုများမှာ (၁၅.၃ X ၆.၉) မီလီမီတာရှိကြောင်း၊ ရေစာကြိုးတွင်ရောင်ပြန်မပါရှိကြောင်း၊ ရေစာကြာပွင့်ပုံသည် ထင်ရှားပေါ်လွင်ခြင်း မရှိကြောင်းတွေ့မြင်ရသည်ဆို၏။ ထို့ကြောင့် ငွေစက္ကူအတုများအသုံးပြု၍ နွားဝယ်ယူသွားသူများကို ဖမ်းဆီးရမိ ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။ အလားတူ ဒီဇင်ဘာ(၁၅)ရက်နေ့တွင် ကျောက်အုပ်ကျေးရွာသို့ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ရောက် စဉ် ၎င်းရွာမှ ဒေါ်ခင်တင့်(၅၆)နှစ်သည် စို့ပြားကျေးရွာနေ ဦးဝင်းဆွေအား နွားထီးတစ်ကောင် လေးသိန်းတစ် သောင်းဖြင့် ရောင်းချခဲ့ကြောင်း၊ ၎င်းနွားရောင်းချ၍ရသော ငွေထဲမှ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု(၂၂)ရွက်ကို ဒေါ်ခင်တင့်(၅၆)နှစ်မှ ရဲမှူးလှအောင်ထံသို့အပ်နှံကြောင်း၊ ကျောက်အုပ်ရွာနေ ဦးစိုးဝင်း(၃၅)နှစ်ကလည်း နွားပွဲခရ ငွေ ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု(၂)ရွက် လာရောက်အပ်နှံကြောင်း၊ လောင်းပိုကြီးကျေးရွာမှလည်း ဦးအောင်စိုး (၃၅)နှစ်မှ စို့ပြားကျေးရွာနေ ဦးဝင်းဆွေထံသို့ နွားထီးတစ်ကောင်(၄၅၅၀၀၀)ကျပ်ဖြင့်ရောင်း ချခဲ့ကြောင်း၊ ၎င်းနွားဖိုးရငွေထဲမှ ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု(၂၀)ရွက်နှင့် ၅၀၀၀ ကျပ်တန်ငွေစက္ကူအတု (၄၉)ရွက်တို့ကို လောင်းပိုကြီးကျေးရွာသား ဦးအောင်စိုးမှ ရဲမှူးလှအောင်နှင့်အဖွဲ့ထံလာရောက်အပ်နှံကြောင်း သိရသည်။ ဒီဇင်ဘာ(၁၆)ရက်နေ့အထိ မသမာသူလူတစ်စုမှ ငွေစက္ကူအတုများပြုလုပ်၍ သယ်ယူလာကြပြီး မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၊ ဂန်ဂေါမြို့နယ်တို့အတွင်းရှိကျေးရွာများမှ ရိုးသားစွာဖြင့် မသိ နားမလည် ကြသောလုပ်သားပြည်သူများ၊ တောင်သူလယ်သမားများထံမှ ခိုင်းနွားများကိုဝယ်ယူကြခြင်း နှင့် မော်တော်ဆိုင်ကယ် ၀ယ်ယူခြင်းတို့ပြုလုပ်နေကြာင်း၊ ၎င်းဆိုင်ကယ်ရောင်းရငွေ နှင့် ခိုင်းနွားများ ရောင်းရငွေများ ထဲမှ လက်ခံရရှိကြသောငွေများတွင် (၁၀၀၀၀) ကျပ်တန်ငွေစက္ကူအတု(၃၁)ရွက် နှင့် (၅၀၀၀) ကျပ်တန်ငွေစက္ကူ အတု (၃၈၈)ရွက် သိမ်းဆည်းရမိပြီးကြောင်း၊ အဆိုပါအမှုများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ပြည်သူလူထုနှင့် အတူပူးတွဲ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂန့်ဂေါခရိုင်/မြို့နယ်ရဲတပ်ဖွဲ့၊ ထီးလင်းမြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၂)မှုခင်းရဲ တပ်ဖွဲ့စု(မကွေး) မှ ဒုရဲအုပ်အောင်ကိုလတ်နှင့်အဖွဲ့တို့ က ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
 

``မကွေးမြို့တွင် ၁၃၀၀ပြည့်အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတု အခမ်းအနားကျင်းပ´´

ဒီဇင်ဘာ(၁၅)ရက် နံနက်(၁၀း၃၀မှ နေ့လည် ၁)နာရီအချိန်ခန့်ထိ မကွေးမြို့ ရွာသစ်ရပ်ကွက်၊ ၁၅လမ်း၊ အမှတ်၁၄၈ (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မကွေးရုံး၌ ၁၃၀၀ပြည့်အရေးတော်ပုံ (၇၅)နှစ်မြောက် စိန်ရတု အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(ရန်ကုန်)အဖွဲ့မှ ဦးဌေးကျော်၊ ဦးထက်အောင်နှင့်အဖွဲ့၊ ဗကသများအဖွဲ့အဖွဲ့ချုပ် မှ ဦးနန္ဒစစ်အောင်နှင့်အဖွဲ့၊ ပြည်ခရိုင် ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီအဖွဲ့မှ ဦးကျော်ဆန်းနှင့်အဖွဲ့၊ မန္တလေးမြို့ ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီအဖွဲ့မှ ဦးအုံးငွေနှင့်အဖွဲ့၊ မကွေးမြို့တွင်းမှ နိုင်ငံရေး ပါတီများမှ မကွေးတိုင်းဒေသကြီး NLDပါတီ၊ NDFပါတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျောင်းသားများ သမဂ္ဂ(မြေလတ်ဒေသ)အဖွဲ့မှ ကိုခန့်ထူးနှင့်ကျောင်းသားများ နှင့် သတင်းမီဒီယာအဖွဲ့ စုစုပေါင်းအင်အား(၁၀၀)ဦး ခန့်တက်ရောက်ကြောင်း၊ ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) မှ နာယက ဦးလှဆန်းက အဖွင့်အမှာစကားပြောကြားကြောင်း၊ ထို့နောက် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သ၀ဏ်လွှာများ အား သက်ဆိုင်ရာတက်ရောက် လာသောအဖွဲ့အစညှ်း အသီးသီးမှ တာဝန်ခံကိုယ်စားလှယ်များက ဖတ်ကြားခြင်း နှင့် ၎င်းတို့မှ အမှတ်တရစကား များပြောကြားကြောင်း သတင်းရရှိသည်။ ``ယနေ့နိုင်ငံရေးသည် ဒီမိုကရေစီတံလျှပ်ထနေခြင်းသာဖြစ်ပါတယ်။ ဒီမိုကရေစီရေကြည်အစစ်မရသေးပါဘူး၊ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရလဲရှိတယ် လွှတ်တော်အဆင့်ဆင့်ကြီးတွေလဲရှိနေပြီး တောင်သူလယ်သမား အလုပ်သမားအောက်ခြေလူတန်းစားတွေရဲ့ တောင်းဆိုနေကြတဲ့ ပြဿနာတွေကို တရားမျှတစွာနဲ့ လက်တွေ့ ဖြေရှင်းမပေးနိုင်ဘူးဆိုရင် ကျွန်တော်ရဲရဲကြီးကြိုတင်ပြီးပြောပါ့မယ် ယခု ၁၃၀၀ ပြည့်အရေးတော်ပုံကြီးလို ဒုတိယအကြိမ် လူထုတပ်ပေါင်းစုအရေးတော်ပုံကြီး ပေါ်ထွက်လာနိုင်ပါတယ်..။´´ဟု ဦးကျော်ဆန်း(ပြည်ခရိုင် ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပ ရေးကော်မတီအဖွဲ့)ကပြောသည်။ ``ကျွန်တော်တို့ မန္တလေးမြို့မှာ ၂၀၁၄ ခု ဖေဖော်ဝါရီလ(၂၀/၂၁)နှစ်ရက် ရဟန်းရှင်လူ ပြည်သူလူထုကြီး စုပေါင်းပြီး ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားနဲ့ အာဇာနည်(၁၇)ဦးအား အမှတ်တစ်ရဂုဏ်ပြုပွဲကြီး ကျင်းပ မှာဖြစ်ပါတယ်။ သခင်ဘိုးလှကြီး ဦးဆောင်တဲ့ ၁၃၀၀ပြည့်အရေးတော်ပုံကြီးဟာ ဒီမကွေးမြို့မှာ ကျောင်းသားသမဂ္ဂ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၊ ကှိုဗဆွေတို့လာရောက်ပေါင်းဆုံပြီး (မြင်းခွာတစ်ချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမည်)ဆိုတဲ့ သမိုင်းဝင်ကြိမ်းဝါးခဲ့တဲ့ မကွေးမြို့ပါ၊ ဒါပေမယ့် ယနေ့ ကျင်းပတဲ့ ၁၃၀၀ ပြည့်အရေး တော်ပြည့်အရေးတော်ပုံ စိန်ရတုပွဲက ကြက်ပွဲလောက်သာဖြစ်နေတာ ဘာကြောင့်ပါလဲ…?။ အနှစ်ငါးဆယ်လုံးလုံး အာဏာရှင် စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ အကြောက်တရားတွေကြောင့်ပါ၊ လက်ရှိအစိုးရအနေနဲ့ အမှန်တကယ် စေတနာနဲ့ ဒီမိုကရေစီကို ထူထောင်မယ်ဆိုရင် ယခုလို ၁၃၀၀ ပြည့်အရေးတော်ပုံကြီးတွေ၊ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့တွေကို သက်ဆိုင်ရာအာဏာပိုင် အစိုးရများက ဦးဆောင်ကျင်းပပေးစေလို ပါတယ်ခင်ဗျာ..။´´ ဟု မန္တလေးမြို့ ၁၃၀၀ပြည့် အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပရေးကော်မတီအဖွဲ့မှ ဦးအုံးငွေ ကပြောသည်။ ``ကျွန်တော်တို့ကျောင်းသားခေါင်းဆောင် ကိုလှရွှေပြောခဲ့တဲ့စကားရှိပါတယ်၊ မြန်မာပြည်ဒီမိုကရေစီရဖို့ ခေတ် အဆက်ဆက်မှာ ကြိုးစားလာခဲ့ရတာ အသက်ပေးစတေးသွားရတဲ့ အရိုးပုံကြီးထဲမှာ အောက်ဆုံးအလွှာက ကျွန်တော်တို့ ကျောင်းသားတွေရဲ့အရိုးတွေပါဗျာ..၊ လို့ပြောခဲ့ပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေဟာ ဒီနေ့အထိ ဒီိမိုကရေစီတိုက်ပွဲ ဆက်လက်ဆောင်ရွက်နေကြပါတယ်၊ ၁၃၀၀ပြည့်အရေးတော်ပုံကြီးက အမွေတွေ ကိုဆက်ခံလာခဲ့ကြတာပါ၊ အချင်းချင်းစည်းလုံးညီညွတ်ကြပြီး ဒီမိုကရေစီရတဲ့အထိ ဆက်လက်တိုက်ပွဲ ၀င်ကြရအုံး မှာ ဖြစ်ပါတယ်၊ (မလိုက်ရဲပေမယ့် တိုက်ပွဲမှာပဲကျန်ခဲ့တယ်၊ အနေနီးပါပေါ့ အရှည်ခရီးမျှော် မာန်တင်းပါကွဲ့ ငှက်ဆိုတာ ပျံရဲတယ်။ ကစုန်စိုင်းသလိုပ တောမီးတွေကရှေ့မှာဝေ၊ မုန်းတိုင်းတွေက ရှေ့မှာဝိုင်း၊ ခြင်္သေ့က မျက်မစား၊ ကျားကကြွက်မချောင်း၊ ဖွတ်တွေက မီးချောင်းလိုနေ၊ အိုးဝေ အိုးဝေတွန်သံနှောပါလို့၊ စိမ်းမြညို ဟောဟိုတောဆီသို့၊ အမောခံ ဇောမာန်တင်းကာ၊ ပျံပြီလေ ခရီးဆက်မယ်တဲ့ အဲဒါ ငှက်တို့ရဲ့သမိုင်း..။) ကျွန်တော်တို့ခရီးဆက်ခါ ၁၃၀၀ပြည့်အရေးတော်ပုံစိတ်ဓာတ် အဓွန့်ရှည်ပါစေ၊ ကျွန်တော်တို့ ကိုခန့်ထူးတို့ ကျောင်းသားတွေ ကျောင်းနံရံတစ်ဝိုက်မှာ ဒေါင်းအလံတွေစိုက်လို့ရပါပြီ၊ မင်္ဂလာပါ..။´´ဟု ဦးနန္ဒစစ်အောင် ဗကသများအဖွဲ့အဖွဲ့ချုပ် က ပြောကြား၍ သတင်းရရှိသည်။
 

`မကွေးမြို့နယ် မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ ရွာနှစ်ရွာအပြန်အလှန် လေးခွများပစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဓါးခုတ်ခံရ´

ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့နယ် ထုံးပေါက်တောကျေးရွာအုပ်စု သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာအုပ်စု တို့ မြေနုကျွန်းခွဲဝေမှုအား မကြေနပ်ကြ၍ နှစ်ဘက်အပြန်အလှန် လေးခွများပစ်ပြီး ဓါးခုတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၁၃)ရက် နံနက်(၇း၃၀)နာရီအချိန်ခန့်တွင် ထုံးပေါက်တောကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး ဦးနန်းမြင့် နှင့် သဖန်းဆိပ်ကျေးရွာ ဆယ်အိမ်မှူး ဦးကောက်ကြီး(ခ)ဦးစံထွန်း၊ ဦးအောင်သန်းဇော်၊ ဦးအောင်နိုင်ဝင်းနှင့်အတူ သဖန်းဆိပ်ရွာသားများသည် မြို့နယ်မြေယာစီမံခန့်ခွဲရေးမှ လုပ်ကိုင်ခွင့်ပေးထားသော သဖန်းဆိပ်ကျေးရွာနှင့် ကမ်းရင်ကျေးရွာကြားရှိ မြေနုကျွန်းခွဲဝေမှုအား တစ်ဦးချင်းအလိုက် မြေနုကျွန်များ အကွက်ချခွဲဝေပေးနေကြောင်း၊ ထိုစဉ် ကမ်းရင်ရွာသား ကိုမှတ်ကြီး နှင့် ကိုချက်ကြီး ပါ ခုနှစ်ဦးအုပ်စုတို့သည် ဒုတ် ဓါး ရဲဒင်းများကို ကိုင်ဆောင်ရောက်ရှိလာကြောင်း၊ သဖန်းဆိပ်ရွာဘက်က ထုံပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးနန်းမြင့် က ကိုမှတ်ကြီးအား လုပ်ခွင့် ရရှိသည့် နေရာတွင်လုပ်ကြရန် ပြောနေစဉ် ကိုမှတ်ကြီးက အသင့်ပါလာ သော ရဲဒင်းဖြင့် ဦးနန်းမြင့်အား ချိန်ရွယ်၍ ဦးနန်းမြင့်နှင့်အဖွဲ့သည် သဖန်းဆိပ်ရွာသားများရှိသော နေရာသို့ ထွက်ခွာသွားခဲ့ကြောင်း၊ ပြဿနာမဖြစ်ကြ ရန်ပြောဆိုကြောင်း၊ ဦးနန်းမြင့်သည် မြေနုကျွန်းပေါ်တွင် အနောက်မှ အရှေ့သို့ပြန်လာစဉ် ကမ်းရင်ရွာသားများဖြစ်ကြသော ကိုမှတ်ကြီးနှင့် ကိုချက်ကြီးတို့မှ နောက်ကလိုက်၍ ကိုမှတ်ကြီးက ရဲဒင်းနှင့်ခုတ်ကြောင်း၊ ကိုချက်ကြီးက ဓားဖြင့်ခုတ်ရာ ဦးနန်းမြင့် တွင် ဦးခေါင်းအလယ်၌ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ၀ဲဘက်ပါး၌ ပြတ်ရှဒဏ်ရာတစ်ချက်(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိကြောင်း၊ ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ(၁၃)ရက် နေ့ ညနေ(၅)နာရီအချိန်ခန့်တွင် ကမ်းရင်ကျေးရွာမှ ကိုမှတ်ကြီးပါ (၇)ဦးတို့ကို မကွေးမြို့မရဲစခန်း(ပ)၂၄၆/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၃၄/၁၁၄ ဖြင့် အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့နယ် ကမ်းရင်ကျေးရွာအုပ်စုရွာသားဦးမြမောင်း ကို မေးမြန်းရာ.. ` ဒီဇင်ဘာ(၁၃) ရက်နေ့ က သဖန်းဆိပ်ကျေးရွာသား(၁၅၀)လောက်က စက်လှေတစ်စင်းနဲ့ ထုံးပေါက်တော ကျေးရွာအုပ်ချုပ်ရေးမှူး ကိုနန်းမြင့်ဦးဆောင်ပြီး ကမ်းရင်ကျေးရွာ မြေနုကျွန်းပေါ်ကို ရောက်လာကြပါတယ်၊ မကွေးတိုင်းဒေသကြီးမှ ဆုံးဖြတ်ချက်အရ ဒီအငြင်းပွားနေတဲ့ မြေနုကျွန်းကို ခွဲယူဖို့လာကြတယ်ပြောပါတယ်၊ သူတို့ဆီကို အထက်တိုင်းကချပေးတဲ့စာကို တောင်းကြတယ်သိရပါတယ်၊ မြေနုကျွန်းချပေးတဲ့ စာမပြရာကနေ သူတို့ သဖန်းဆိပ်ရွာဖက်ကစပြီး လေးခွနဲ့ပစ်လို့ ကိုမှတ်ကြီးကို လေးခွခဲမှန်ပါတယ်၊ နောက် ကိုချက်ကြီးရဲ့ညီမ မအေးသီတာကနေကြာပက်ကျဲနေတာကို ကိုနန်းမြင့်က အေးသီတာရဲ့လက်ကိုဆွဲပြီးဖယ်ရမ်းလိုက်လို့ လဲကျသွား တော့ သူ့အကိုချက်ကြီးက ထယ်ထိုးနေရာမှ ပြေးလာပြီး ဓားနဲ့ဝင်ခုတ်တာပါ။ အဲဒီအချိန်မှာ သဖန်းဆိပ်ရွာ ဘက်က လေးခွတွေနဲ့ ထပ်ပြီးပစ်ပါတယ်၊ အဲဒီတော့ နှစ်ဘက် ကျေးရွာအုပ်စု အပြန်အလှန် လေးခွတွေနဲ့ ပစ်ခတ်ကြပါတယ်..။´´ ဟု ဦးမြမောင်းက ပြောသည်။
 

``အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်၏အမှု ကို တရားခံများအမြန်ဖော်ထုတ် အရေးယူပေးရန် သီလရှင်ဝတ်ဖြင့် တရားရင်ဆိုင်နိုင်ရန် မကွေးမြို့သီလရှင်များမှ တောင်းဆို ´´

ဒီဇင်ဘာ(၁၃)ရက် နေ့လည်(၂)နာရီတွင် မကွေးမြို့ မြသလွန်ကုန်းတော်ပေါ်ရှိ ခေမာသီရိ သီလရှင် စာသင်ကျောက်တိုက်၌ သီလရှင်များညီညွတ်ရေးသြ၀ါဒခံယူပွဲအဖြစ် သီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက် ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ သီလရှင်များညီညွတ်ရေးသြ၀ါဒခံယူပွဲတွင် မကွေးတိုင်းဒေသကြီးသီလရှင် ဥက္ကဋ္ဌ ဒေါ်ကာရုဏိ ကာ၊ မြို့နယ်ဥက္ကဋ္ဌ သီရိစန္ဒာရုံတိုက်အုပ် ဒေါ်စန္ဒာသီရိ၊ သာသနာ့ဂုဏ်ရည်တိုက်အုပ် ဒေါ်သုစိန္တီ၊ သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ နှင့် လက်ထောက်တိုက်အုပ်များ စုစုပေါင်းသီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက်ကြောင်းသိရသည်။ သီလရှင်များညီညွတ်ရေးသြ၀ါဒခံယူပွဲတွင် ခေမာသီရိသိလရှင်စာသင်ကျောင်းတိုက် လက်ထောက်တိုက် အုပ် ဒေါ်နန္ဒမာလာ မှ ဒီဇင်ဘာ(၉)ရက်နေ့ညနေ မကွေးမြို့ မြို့ရှောင်လမ်းတွင်ဖြစ်ပွားခဲ့သည့် အမျိုးသား နှစ်ယောက်က သီလရှင်တစ်ပါးအား ဓါးထောက်ခြိမ်းချောက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသောအမှုကို တရားခံများ အမြန်ဖော်ထုတ်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ ထိရောက်စွာတရားဥပဖြေင့်အရေးယူပေးရန် နှင့် အရေးယူ ဆောင်ရွက်မှုအား သတင်းမီဒီယာများမှတဆင့် ပြန်လည်ရှင်းလင်းပေးပါရန် လျှောက်ထားကြောင်း၊ ထို့နောက် သာသနာဂုဏ်ရည်တိုက်အုပ်မှ အခင်းဖြစ်ပွားသော မြို့ရှောင်လမ်းသို့ သီလရှင်များ တစ်ပါးတည်းမသွားကြရန်၊ အချိန်မတော်သွားလာခြင်းမပြုကြရန်၊ အများပြည်သူများ အကြည်ညိုပျက်အောင် မလုပ်မိစေရန်လျှောက် ထားခြင်း။ သီရိစန္ဒာရုံလက်ထောက်တိုက်အုပ် ဒေါ်သိင်္ဂ၀တီ မှ သီလရှင်များ တစ်ဇွန်းဆန်သာ အလှူခံကြရန်၊ တစ်ပါးလျှင်(၂)ပါးစာအတွက် အလှူမခံရန်၊ ဆိုင်ကယ် ကယ်ရီများအား မိမိနှင့်မသိရှိဘဲ စီးနင်းလိုက်ပါခြင်း မပြုကြရန်လျှောက်ထားကြောင်း သိရသည်။ အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်တစ်ပါး၏ကျောင်း သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ မှ တရားလို သီလရှင်အား တရားရုံးတရားခွင်တွင် သီလရှင်ဝတ်ဖြင့် တရားရင်ဆိုင်နိုင် ရေးကို တောင်းဆိုလျှောက်ထားကြောင်း သတင်းရရှိသည်။
 

``Save The Children အဖွဲ့မှ MSI ပရိုဂရမ် ကာလသားရောဂါ HIV/ AIDS နှင့်ပတ်သက် သော လုပ်ငန်းဆွေးနွေးပွဲ မကွေးမြို့တွင်ကျင်းပ´´

ဒီဇင်ဘာ(၁၂)ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် မကွေးမြို့ အောင်ရတနာရပ် ပြည်တော်လမ်း စင်ထရယ် စားသောက်ဆိုင်ခမ်းမ၌ Save The Children အဖွဲ့မှ MSI ပရိုဂရမ် လုပ်ငန်းဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ Save The Children အဖွဲ့မှ ဦးဝင်းခိုင်နှင့်အဖွဲ့မှ ဦးဆောင်၍ မကွေးတိုင်း ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝင်းထိုက်ကျော်၊ မြို့နယ်ကျမ်းမာရေးဌာန၊ ကြက်ခြေနီအဖွဲ့၊ တည်းခိုခန်းများမှ ဥက္ကဋ္ဌ နှင့်အဖွဲ့၊ မကွေးမြို့တွင်းရှိ NGO အဖွဲ့များမှတာဝန်ရှိသူများ၊ အောင်ရတနာရပ်ကွက် ဥက္ကဋ္ဌ နယ်မြေခံ ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ စုစုပေါင်းအင်အား(၂၇)ဦးခန့်တက်ရောက်ကြောင်း သိရသည်။ အဆိုပါအဖွဲ့၏ရည်ရွယ်ချက်မှာ အမျိုးသားအချင်းချင်း နှစ်သက်သူများအကြား HIV ပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်စေရန်၊ အမျိုးသားအချင်းချင်းနှစ်သက်သူများအကြား ကာလသားရောဂါ HIV/ AIDS နှင့်ပတ်သက် သော ၀န်ဆောင်မှုများကို လက်ကမ်းမှီစေရန်၊ ကာလသားရောဂါ HIV/ AIDS နှင့်ပတ်သက်သော ကာကွယ် မှုဆိုင်ရာ ၀န်ဆောင်မှုများကို မြှင့်တင်ရန်နှင့် ထိုဝန်ဆောင်မှုများကို လက်ကမ်းမှီစေရန်၊ အန္တရာယ်လျော့ချသော အပြုအမူများအတွက် ပံ့ပိုးမှုပေးနိုင်သော ပတ်ဝန်းကျင်ဖြစ်လာစေရန် ရည်ရွယ်ကြောင်းသိရသည်။ အဆိုပါရှင်းလင်းပွဲတွင် Save The Children အဖွဲ့မှ MSI ပရိုဂရမ်များကို ၂၀၁၃ ခုနှစ်အတွင်းမှ ဆောင်ရွက်ပြီးစီးမှုများ နှင့် ၂၀၁၄ ခုနှစ်တွင် အဖွဲ့အစည်းအသီးသီးမှ ပါဝင်ကူညီလာနိုင်အောင် ဆွေးနွေး တိုင်ပင်ခြင်းဖြစ်ကြောင်း၊ မရှင်းလင်း၍ သိရှိလိုသည်မျာအား မေးမြန်းနိုင်ပါကြောင်း၊ ထို့ကြောင့်မကွေးတိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်း က စတင်၍ ``HIV AIDS ရောဂါလျော့ချရေးအတွက် ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ INGO နဲ့ NGO အဖွဲ့တွေက ထိထိရောက်ရောက် ကူညီဆောင်ရွက်နေကြတာကောင်းပါတယ်။ ဒါပေမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးက ဒွန်တွဲလာပါတယ်၊ ကျွန်တော် မူဆယ်မြို့မှာ တာဝန်ကျစဉ်က ဆေးစွဲနေသူ လူငယ်တစ်ဦး ကို ယခုလိုအဖွဲ့တွေက တစ်လမှာ အမေရိကန်ဒေါ်လာ(၁၅၀) မြန်မာငွေတစ်သိန်းခွဲခန့် ထောက်ပံ့ ထားပါတယ်၊ သူ့ကိုကြည့်ပြီး သာမန်လူငယ်တစ်ယောက်က မော်တော်ဆိုင်ကယ်ပြင်ဆိုင်လုပ်နေတာ ဆေးစွဲသူ လောက်တောင် ငါဝင်ငွေမရဘူး၊ ငါလည်းအလုပ်မလုပ်ဘဲ သူလိုဆေးချတာမှ ကောင်းအုံးမယ်ဆိုတဲ့ လွှဲမှားတဲ့ အယူအဆနဲ့ ဆေးသမားဖြစ်သွားတာကို မြင်တွေ့ခဲ့ရပါတယ်၊ ဒါကြောင့် ကျွန်တော့်အကြံပြုချင်တာ ကတော့ ကောင်းတာရှိသလို ဆိုးကျိုးတွေကိုလည်း ကာကွယ်ပေးဖို့ ကျွန်တော်အကြံပြုပါရစေ…။´´ဟု ဦးဇော်မင်း က ဆွေးနွေးသည်။ မေးမြန်းသူ(၅)ဦးတို့မှ ဆွေးနွေးအကြံပြု မေးမြန်းချက် များအား တာဝန်ခံအမျိုးသမီးတစ်ဦး မှ ပြန်လည်ရှင်းလင်းကြောင်း သတင်းရရှိသည်။
 

``(၂၇ကြိမ်)မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးအား ဂုဏ်ပြုသောခရီးစဉ် တာချီလိတ်မြို့မှ ဆိုင်ကယ်(၁၇)စီး နှင့် ကား(၅)စီး မကွေးမြို့သို့ရောက်ရှိ´´

ဒီဇင်ဘာ(၁၂)ရက်နေ့ည(၇)နာရီအချိန်ခန့်တွင် မကွေးမြို့ တောင်တွင်းကြီးလမ်း ဦးမြင့်လွင်အိမ်သို့ (၂၇ကြိမ်) မြောက် ဆီးဂိမ်းအရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးအား ဂုဏ်ပြုသောခရီးစဉ် အထိမ်းမှတ်အဖြစ် ဒီဇင်ဘာ(၇)ရက် နေ့က တာချီလိတ်မြို့မှစတင်၍ အမျိုးသားဆိုင်ကယ်(၁၇)စီး၊ အမျိုးသမီးဆိုင်ကယ်(၁၂)စီးအဖွဲများ နှင့် ကား(၅)စီး စုစုပေါင်းအင်အား(၃၈)ဦးတို့ဖြင့် ထွက်ခွါခဲ့ရာ နေပြည်တော် (၂၇ကြိမ်) မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကြီး သို့ဝင်ခဲ့ပြီး မကွေးမြို့သို့ရောက်ရှိလာကြောင်း သတင်းရရှိသည်။ အဆိုပါအဖွဲ့သည် ရှမ်းတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားပေါင်းစုံ(စီးပွားရေးလုပ်ငန်းရှင်လူငယ်များ) ပါဝင်ပြီး အဖွဲ၏ ခေါင်းဆောင် ဦးစိုင်းအုံဖုမ်နှင့် ဆိုင်ကယ်(၁၇)စီး နှင့် ကား(၅)စီး လူအင်အား(၃၀)ဦးဖြစ်ကြောင်း၊ အမျိုးသမီးအဖွဲ့က ဆိုင်ကယ်(၁၂)စီးဖြင့် ပုဂံ၊ညောင်ဦးသို့လွှတ်လိုက်ကြောင်း၊ ယနေ့ဒီဇင်ဘာ(၁၂)ရက် နေ့(၁) နာရီအချိန်ခန့်မှာ နေပြည်တော်၌ ကျင်းပလျှက်ရှိသော (၂၇ကြိမ်) မြောက် ဆီးဂိမ်းအားကစားပြိုင်ပွဲကြီးမှ ထွက်ခွါလာခဲ့ကြောင်း၊ လမ်းတွင် သာဝိထ္ထိရွာ စမတောင်ပေါ်မှ ဘုန်းတော်ကြီးကျောင်း မိဘမဲ့ပရဟိတဂေဟာ စာသင်ကျောင်း၌ တတ်အားသမျှ စုပေါင်းလှူဒါန်းခဲ့ကြကြောင်းသိရသည်။ အဆိုပါဆိုင်ကယ်(၁၇)စီးနှင့်ကား(၅)စီးပါအဖွဲ့သည် ယနေ့ည ပုဂံ၊ ညောင်ဦးမြို့သို့ဆက်လက်ထွက်ခွါ သွားမည်ဖြစ်ကြောင်း၊ ပုဂံ၊ညောင်ဦးတွင် တစ်ရက်နားခိုပြီး ဒီဇင်ဘာ(၁၄)ရက်နေ့မှာ ပခုက္ကူမြို့၊မုံရွာ၊မြင်းမှု၊ စစ်ကိုင်းမြို့များ မှ မန္တလေးသို့ ဆက်လက်သွားပြီး မန္တလေးမြို့မှာ ညအိပ်ရပ်နားမည်ဖြစ်ကြောင်း၊ ခရီးစဉ်အစ အဆုံး မိုင်ပေါင်း(၂၄၀၀)ခန့်သွားရန်စီစဉ်ထားကြောင်း၊ ၎င်းအဖွဲ့သည် ဤခရီးစဉ်နှင့်ပတ်သက်၍ မည်သည့် အဖွဲ့အစည်းထံမှ ထောက်ပံ့ ကူညီခြင်းမရှိဘဲ မိမိတို့စရိတ်ငွေများဖြင့်သာ မြန်မာပြည်တွင်ကျင်းပလျှက်ရှိသော (၂၇ကြိမ်) မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကြီးအား ဂုဏ်ပြုကြိုဆိုတဲ့ ခရီးစဉ်ဖြစ်ပါကြောင်း အဖွဲ၏ ခေါင်းဆောင် ဦးစိုင်းအုံဖုမ် ကမြန်မာပို့စ် ကို ပြောသည်။
 

``သီလရှင်တစ်ပါးကို လူနှစ်ဦးတို့က ဓါးထောက်ခြိမ်းချောက်၍ သားမယားပြုကျင့်မှုဖြစ်ပွား´´

ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့လမ်းမအနီး၌ သီလရှင်တစ်ပါးကို ဓါးထောက် ခြိမ်းချောက်ပြီး လူနှစ်ဦးတို့က သားမယား ပြုကျင့်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ(၉)ရက်နေ့ ညနေ(၆း၃၀)နာရီအချိန်ခန့်တွင် မကွေးမြို့ အေးမြသာယာမြောက်ပိုင်း သီတာရုံသီလရှင်ကျောင်းတိုက်မှ သီလရှင် မ…….(၃၇)နှစ် ၀ါတော်(၈)၀ါ၊ သာသနာ့မှတ်တမ်း မမှတ်မိ သူသည် သာယာကုန်းရွာ ပန်းရစ်တောင်ဘုန်းကြီးကျောင်းမှ ၎င်းနေထိုင်သော သီလရှင်ကျောင်းသို့ပြန်လာစဉ် အေးမြသာ ယာမြောက်ပိုင်း သစ္စာမဏ္ဍိုင် ဘုန်းကြီးကျောင်းရှေ့လမ်းမအရောက်တွင် ရှေ့မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်ကို တွေ့မြင်ရကြောင်း၊ တစ်ဦးမှာအရပ်ရှည်ရှည်လက်ပျဉ်ကုန်းကုန်း(မြင်လျှင်မှတ်မိ)၊ နှင့် နောက်တစ်ဦးမှာအရပ်ပုပုက သွားခေါခေါ(မြင်လျှင်မှတ်မိ)ဟု သီလရှင်မှဆို၊ ၎င်းနှစ်ဦးအား သီလရှင်မှ ကြောက်၍နောက်ပြန်လှည့်စဉ် အရပ်ရှည်ရှည်လက်ပျဉ်ကုန်းကုန်လူမှ `ပါတာပေး´ဟုပြောကြောင်း၊ သီလရှင်မှ `ဒီဆန်ထုတ်ပဲပါတယ်´ဟုပြော ရာ ၎င်းလူမှ`ရှာမရှည်နဲ့ ရှေ့ကသွား´ဟုဆိုကြောင်း၊ ထိုအချိန်တွင် ဆိုင်ကယ်တစ်စီးရောက်လာ၍ သီလရှင်မှ `ကယ်ကြပါဦး´ ဟုအော်ရာ ၎င်းလူမှ သီလရှင်၏ ဘယ်ဘက်နားထင်အား လက်ဝါးဖြင့်ရိုက်ပြီး လမ်းဘေးခြုံထဲသို့ ဆွဲခေါ်သွားကြောင်း၊ ကျန်တစ်ဦးမှ နောက်ကနေ၍ သီလရှင်အားတွန်းပေးကြောင်း၊ ခြုံထဲအရောက်တွင် သီလရှင်အား ပါးစပ်ပိတ်ပြီးတွန်းလှဲပြီး အပေါ်မှခွထိုင်၍ ခလုတ်ဓါးဖြင့်လည်ပင်းအားထောက်ပြီး`မအော်နဲ့ ငြိမ်ငြိမ်နေ အော်ရင်သတ်ပစ်မယ်´ပြောကြောင်း၊ သီလရှင်မှာကြောက်၍ ငြိမ်နေစဉ် ထိုသူက သီလရှင်အား သားမယားအဖြစ်စော်ကားကြောင်း၊ ထိုသို့စော်ကားနေစဉ် အရပ်ပုပု သွားခေါခေါလူမှ သီလရှင်၏ ၀မ်းဗိုက်သို့ ခလုတ်ဓားဖြင့်ထောက်ထားကြောင်း၊ သီလရှင်အား အလိုမတူဘဲ သားမယားအဖြစ်စော်ကားပြီးထိုင်နေစဉ် ရွာသားများအသံကြား၍ `ထိုင်နေ ငုတ်တုတ်ထိုင်နေ´ ၎င်းလူနှစ်ယောက်ကပြောကြောင်း၊ သီလရှင်မှ ကြောက်၍ ထိုင်နေစဉ် ထိုလူနှစ်ယောက်မှာ လာရာလမ်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း၊၎င်းတို့နှစ်ဦးထွက်ပြေးသွားရာ သီလရှင်မှ ကယ်တော်မှုကြပါအော်၍ ရွာသားများရောက်ရှိလာကြောင်း၊ ထို့နောက် ၎င်းနေ့ ည(၁၁)နာရီခန့် အချိန်တွင် ဖြစ်စဉ်နှင့်ပတ်သက်၍ သီလရှင်မ…..(၃၇)နှစ်က မကွေးမြို့မရဲစခန်းတွင်(ပ)၂၄၂/၂၀၁၃ ပြစ်မှုပုဒ်မ ၃၇၆/၅၀၆/၁၁၄ အမှုဖွင့်အရေးယူထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။ မှတ်ချက်။ ။ တရားခံနှစ်ဦးအား ရှာဖွှေဖမ်းဆီး၍ မိလျှင် ထပ်မံဖော်ပြပါမည်။
 

``၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု အခမ်းအနား(ချောက်မြို့)´´

ဒီဇင်ဘာ(၁၁)နံနက်(၅း၃၀)နာရီအချိန်တွင် ချောက်မြို့(မေဒေးကျောက်တိုင်)ကွင်းရှိ သခင်ဘိုးလှကြီး ရုပ်တုတွင် သခင်ဘိုးးလှကြီးနှင့်ကျဆုံးသွားသော သခင်၊သခင်မများအတွက် ရည်စူး၍ ကုသိုလ်ကောင်းမှုအဖြစ် ချောက်မြို့ဝေပုံလဆွမ်းလောင်းအသင်း၊ သံဃာတော်များအား အာရုံဆွမ်းဖြင့် ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု အခမ်းအနားမှ လောင်းလှူကြောင်း၊ နံနက် (၇း၃၀)နာရီ တွင် သခင်ဘိုးလှကြီးရုပ်တုဖွင့်ပွဲကျင်းပ ကြောင်း၊ ထို့နောက် အေးစေတီဘုရားကွင်းရှိ သို့ချီတက်ကြပြီး နံနက်(၈း၃၀)နာရီတွင် ၁၃၀၀ ပြည့် ရေနံမြေအရေးတော်ပုံ စိန်ရတု အခမ်းအနား(ချောက်မြို့) ကျင်းပကြောင်း၊ လူထုအင်အား(၁၅၀၀)ခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားတွင် နာယက အဖြစ် ကြံခိုင်ရေးပါတီမှ ချောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးသိန်းလွင်၊ အသက်(၉၄)ရှိ ၁၃၀၀ပြည့်ရေနံမြေအရေးတော်ပုံမှ သပိတ်တပ်သားကြီး ဦးဘသော်နှင့် မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြု ဥက္ကဋ္ဌ ဦးသန်းလွင်၊ တို့ကဆောင်ရွက်ပြီး အခမ်းအနားမှူး ဦးသိန်းမြင့်ညို(ချောက်) က ဆောင်ရွက်ကြောင်းသိရသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပေးပို့သော သ၀ဏ်လွှာအား ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် မှဖတ်ကြားကြောင်း၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပေးပို့သော သ၀ဏ်လွှာအား မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးမှ ဖတ်ကြား ကြောင်း၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ ပေးပို့သော သ၀ဏ်လွှာအား စိန်ရတုဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး(၃) ဦးအေးမင်းထွန်းမှ ဖတ်ကြားကြောင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏သ၀ဏ်လွှာ၊ မျိုးမြန်မာဖောင်ဒေးရှင်းမှသ၀ဏ်လွှာ၊ ရေနံချောင်းမြို့နယ် ရေနံမြေ အလုပ်သမားများအဖွဲ့မှ သ၀ဏ်လွှာများကို အခမ်းအနားမှူး ဦးသိန်းမြင့်ညိုမှ ဖတ်ကြားကြောင်း၊ ထို့နောက် နာယကအဖွဲ့ဝင်(၃)ဦးမှ ကြံခိုင်ရေးပါတီ ချောက်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်က အဖွင့်အမှာစကားပြောကြားကြောင်း၊ ထို့နောက် စိန်ရတုရေနံမြေအရေးတော်ပုံဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးညိုသွေး မှ စိန်ရတုရေနံမြေအရေးတော်ပုံဖြစ်မြောက်ရေး ရည်ရွယ်ချက်နှင့် သမိုင်းအမွေ လက်ဆင့်ကမ်း ရခြင်း အကြောင်းကို အကြယ်တစ်ဝန့် ဟောပြောသည်။ ဟောပြောချက်မျာမှ ကောက်နှတ်ဖော်ပြပါသည်။ ``ဒီစင်မြင့်ပေါ်မှာထိုင်ခုံများ(၇၅)ခုံထားရှိပါတယ်၊ ဒီခုံတွေကတော့ ၁၃၀၀ ပြည့်အရေးတော်ပုံမှာ အသက် ချွေး၊ သွေးများနဲ့ရင်းခဲ့သော သခင် သခင်မကြီးအများတွက် ရည်စူးပြီးထားခဲ့တာပါ၊ သူတို့ကို ကျွန်တော်လေးစားစွာ အရိုအသေ အလေးပြုပါတယ်ခင်ဗျာ..၊ ဒီအခမ်းအနားကြီးကို ချောက်မြို့နယ် တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံပါဝင်နိုင်ဖို့က အဓိကဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ဆက်လက်ပြီးဖွဲ့စည်းခဲ့တဲ့အခါမှာ အကြပ်အတည်းလေးတွေ အပိတ်အဆို့လေးတွေခံခဲ့ရပါတယ်။ မကွေးတိုင်းဒေသကြီးသို့ သူရဦးရွှေမန်းလာမှ ကျွန်တော်သွားပြီး ပြည်သူ့လွှတ်တော်ကအဆိုတင်သွင်းလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ခွင့်ပြုချက်ပေးထားတာ အောက်ခြေက ဘာမှ မဆောင်ရွက်ကြောင်း တင်ပြလိုက်ပါတယ်။ အဲဒီတော့ကျမ ပြည်သူ့လွှတ်တော်က(၁၅)သိန်း နဲ့ ဇေကမ္ဘာဦးခင်ရွှေက သခင်/သခင်မများ မိသားစု(၃၂)စုအတွက် တစ်စု(၃)သုံးသိန်းနှုန်းနဲ့ (၉၆)သိန်း လှူလိုက်ပါတယ်၊ ဒါပေမယ့် နောက်စာရင်းအရ မိသားစု(၃၅)ဦးဖြစ်လာပါတယ်၊ လိုတဲ့အလှူငွေကို စိန်ရတု ကျင်းပရေးကော်မတီက လှူဒါန်းပါတယ်။ ဒီပွဲကြီးကျင်းပတဲ့နေရာမှာ လိုအပ်ချက်များ တစ်စုံတစ်ရာရှိခဲ့ပါရင် ကျွန်တော်နဲ့ ကျွန်တော့်ညီလေး ဦးသိန်းညိုမြင့် တို့ရဲ့အားနက်ချက်ကြောင့်ပါလို့သာမှတ်ယူပြီး ခွင့်လွှတ် ပေးကြပါ၊ ကျွန်တော်တို့က သမိုင်းအမွေလက်ဆင့်ကမ်းပေးခြင်းသာဖြစ်ပါတယ်ခင်ဗျာ..။´´ဟု စိန်ရတုကျင်းပရေး ဥက္ကဋ္ဌ ဦးညိုသွေး က အခမ်းအနားတွင်ပြောကြားသည်။ ၁၃၀၀ပြည့်ရေနံမြေအရေးတော်ပုံမှ သခင် သခင်မများ၏ မိသားစု(၃၅)ဦးတို့အား တစ်ဦးလျှင် (၃)သိန်းကျပ်နှင့် လက်ဆောင်ပစ္စည်းများ လှူဒါန်းကြောင်းအခမ်းအနားကို နံနက်(၁၀)နာရီခန့်တွင်ပြီးဆုံး၍ ဒီဇင်ဘာ(၁၁)ရက်နေ့ညတွင် စာပေဟောပြောပွဲကျင်းပမည်ဖြစ်ကြောင်း ထိုပွဲတွင် ဆရာကြီးဌေးမောင်မှ (တိုက်ပွဲခေါ်သံ)၊ သာယာသတီစန်းစန်းနွဲ့မှ(ယဉ်ကျေးမှုနှစ်လုံးသား) နှင့် ဆရာအော်ပီကျယ်မှ(တကယ်လား?) ဆိုသောခေါင်းစဉ်များဖြင့်ဟောပြောကြပြီး စာပေဟောပြောပွဲပရိသတ်(၅၀၀)ကျော်ခန့် အားပေးကြောင်း သတင်းရရှိသည်၊