` လွတ်လပ်ရေးနေ့မှာ ပုဒ်မ(၁၈)အား ဖျက်သိမ်းပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရေး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) မှ ဆန္ဒဖော်ထုတ်ခွင့်တင်´

ဒီဇင်ဘာ(၂၇)ရက်နေ့ နေ့လည်ပိုင်းတွင် မကွေးမြို့ ရွာသစ်ရပ်ကွက်၊ ၁၅လမ်း၊ အမှတ်(၁၄၈)ရှိ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) မှ ၂၀၁၄၊ ဇန်န၀ါရီ(၄)ရက်၊ လွတ်လပ်ရေးနေ့မှာ ပုဒ်မ(၁၈)အား ဖျက်သိမ်းပေးရေး၊ နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရေးအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် စုဝေးဆန္ဒဖော်ထုတ်ခွင့်အား မကွေးမြို့နယ်ရဲတပ်ဖွဲမှူးရုံးသို့ တင်ထားကြောင်း လျှောက်ထားသူ ဦးဌေးဝင်း နှင့် ရုံးအဖွဲ့မှူး ဦးထွန်းဦးခိုင် တို့က ပြောသည်။ ``၂၀၁၄ ခု ဇန်န၀ါရီ(၄)ရက် လွတ်လပ်ရေးနေ့၊ နံနက်(၉)နာရီအချိန်ကစပြီး ကျွန်တော်တို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)ရုံးမှာ ကျွန်တော်တို့အဖွဲ့ဝင်တွေရယ်၊ အခြားသော လူမှု ကွန်ယက်အဖွဲ့အစည်းတွေရယ် စုစုပေါင်းလူထုအင်အား(၁၀၀/၁၅၀)ဦးခန့်စုဝေးထားပါတယ်။ နေ့(၁၁)နာရီမှာ ငြိမ်း ချမ်းစွာနဲ့စုဝေးစီတန်းလှည့်လည်ခြင်းအစီအစဉ်စတင်ပါ့မယ်၊ ချီတက်မယ့်လမ်းကြောင်းကတော့ ရွာသစ်ရပ် ၁၅ လမ်းကနေ မြောက်ဘက်မှာရှိတဲ့ နတ်မောက်လမ်း အနောက်ဘက်ကိုထွက်မယ်၊ နတ်မောက်လမ်းကနေ ဗိုလ်ချုပ် လမ်းဆုံ မြောက်ဖျားကနေ ဗိုလ်ချုပ်လမ်းတောင်ဘက်အဖျားမှာရှိတဲ့ လွတ်လပ်ရေးပန်းခြံသို့ စုစည်းချီတက် ကြမယ်၊ ကိုင်ဆောင်ထားကြမယ့် ပိုစတာဆိုင်းဘုတ်တွေက (ပုဒ်မ-၁၈ အားဖျက်သိမ်းပေးရေး) နဲ့(နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရေး) စာသားပါတဲ့ ဆိုင်းဘုတ်များကိုကိုင်ဆောင်လာကြမှာပါ၊ မကွေးမြို့ လွတ်လပ်ရေးပန်းခြံမှာ စုဝေးကြပြီး (ပုဒ်မ-၁၈ အားဖျက်သိမ်းပေးရေး) နဲ့(နိုင်ငံရေးအကျဉ်းသားများခြွင်းချက်မရှိ လွှတ်ပေး ရေး) ဆိုတာတွေကို ကြွေးကြော်ကြမှာပါ၊ အဲဒီကနေ လာရာလမ်းကြောင်းအတိုင်းပြန်လည်ချီတက်ကြပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)ရုံးသို့ ပြန်လည်စုဝေးပြီး နေ့လည်(၁)နာရီအချိန် ငြိမ်းချမ်း စွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲ အစီအစဉ်များ ပြီးဆုံးမှာဖြစ်ပါတယ်ခင်ဗျာ..။´´ဟု ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားသူ ဦးဌေးဝင်း(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း(မကွေး) က ပြောသည်။ ဆန္ဒဖော်ထုတ်ခွင့် လျှောက်လွှာကို ဒီဇင်ဘာ(၂၇)ရက် နေ့လည်(၁း၁၅)အချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ တင်၍ လက်ခံရယူထားကြောင်း၊ တစ်ပါတ်ပြည့်မည့်နေ့ ၂၀၁၄ ဇန်န၀ါရီ(၂)ရက်နေ့တွင် ခွင့်ပြု/မပြု ကိစ္စအား အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း ဦးဌေးဝင်း(၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး) က ပြောသည်။
 

0 comments: