`` မြို့တွင်းရှိ စက်သုံးဆီဆိုင် မြို့ပြင်သို့ အမြန်ဆုံးရွှေ့ပြောင်းပေးရန် တောင်တွင်းကြီးမြို့၌ ဆန္ဒပြ´´

ဒီဇင်ဘာ(၂)ရက် နံနက် (၁၀ မှ၁၁)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့၌ မြို့တွင်းရှိ (၅၄)နယူးဒေး စက်သုံးဆီဆိုင် မြို့ပြင်သို့ အမြန်ဆုံးရွှေ့ပြောင်းပေးရန် ကိုကျော်ထွန်းဦးပါ(၁၄)ဦးတို့က မကွေး တောင်တွင်းလမ်းမ တစ်လျှောက်နှင့် ၎င်းစက်သုံးဆီဆိုင်ရှေ့တို့မှာ ဆန္ဒပြကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ကိုကျော်ထွန်းဦးနှင့်အဖွဲ့(၁၄)ဦးခန့်သည် (တောင်တွင်းကြီးမြို့လယ်လမ်းဆုံရှိ ၅၄ နယူးဒေး စက်သုံးဆီဆိုင် အမြန်ဆုံးမြို့ပြင်သို့ရွှေ့ပေး)ဆိုသော ဗီနိုင်ဆိုင်းဘုတ်ကြီးတစ်ချပ် နှင့် (၅၄ နယူးဒေး စက်သုံး ဆီဆိုင် အမြန်ဆုံးမြို့ပြင်ပြောင်းရွှေ့ပေး) ဆိုသော ကထ္ထူစက္ကူဆိုင်းဘုတ်သေး ခုနှစ်ချပ်တို့ကို ကိုင်ဆောင် ကြောင်း သိရှိရသည်။ အဆိုပါဆန္ဒပြသော အဖွဲ့သည် ရွှေကြာအင်း(၁)ရပ်ကွက် မကွေးလမ်း MOB ဘဏ်ရှေ့တွင် စတင်၍လူစုပြီး မကွေးလမ်းအတိုင်း တောင်ပြင်(၂)ရပ်ကွက် မြို့ပတ်လမ်းရှိ (၅၄) နယူးဒေး စက်သုံးဆီဆိုင် သို့ချီတက်ကြသည်။ ၎င်းဆိုင်ရှေ့၌ တောင်တွင်းကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး ကံမြင့် နှင့် ရဲတပ်ဖွဲ့ဝင်များ မှ ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုကျော်ထွန်းဦးတို့အား (တရားဝင်ဆန္ဒပြခွင့် ကြိုတင်လျှောက်ထားခြင်းမရှိ၍) ဥပဒေနှင့်အညီ ဆန္ဒပြရန် ခွင့်ပြုအမိန့်မရရှိကြောင်း၊ ထို့ကြောင့် လူစုခွဲပေးကြရန် တောင်းဆိုပြီးတားဆီးကြသည်။ အဆိုပါဆန္ဒပြ အဖွဲ့သည် လူစုမခွဲဘဲ ထို့နေရာမှ တောင်တွင်း ပြည်လမ်းဆုံရှိ အကြည်တော်စားသောက် ဆိုင်ရှေ့သို့ ဆက်လက်ချီတက်သွားကြသည်။ ၎င်း နေရာတွင် ဒုရဲအုပ်သန်းဇော် ဦးစီးသော ရဲတပ်ဖွဲ့မှ ထပ်မံတား ဆီး၍ လူစုခွဲခိုင်းသည်။ အဆိုပါဆန္ဒပြ အဖွဲ့သည် လူစုမခွဲဘဲ ထို့နေရာမှတဆင့် မကွေး တောင်တွင်းလမ်း အတိုင်းချီတက်၍ ဒုတိယအကြိမ် (၅၄) နယူးဒေးစက်သုံးဆီဆိုင်ရှေ့သို့ ပြန်လည်ရောက်ရှိလာရာ တောင်တွင်းကြီးမြို့မရဲစခန်းမှူး ဒုရဲမှူး ကံမြင့် နှင့် ရဲတပ်ဖွဲ့ဝင်များ မှ တားဆီး၍ လူစုခွဲပေးကြရန် တောင်းဆိုသည်။ ၎င်းနေရာတွင် ဆန္ဒပြ အဖွဲ့သည် လူစုခွဲ၍ အေးချမ်းစွာဖြင့် ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။ ``ကျွန်တော်တို့မြို့က ၁၉၈၁ ခုနှစ်က မီးလောင်လိုက်တာ တစ်မြို့လုံးပြာကျသွားခဲ့ရပါတယ်။ အဲဒီတုန်းကလဲ မြို့တွင်းက ဆီဆိုင်ကြောင့် ပိုဆိုးသွားရတာပါ။ ဒါကြောင့် တောင်တွင်းကြိးမြို့ မီး ထပ်မံမလောင်ရေးအတွက် လုပ်ကြတာပါ၊ တစ်မြို့လုံးကတောင်းဆိုထားတဲ့ ဒီမြို့လယ်ခေါင်ဆီဆိုင်ကြီးကို ပြောင်းရွှေ့မပေးလို့ဆန္ဒပြကြတာ ပါ..။´´ဟု ဆန္ဒပြသူ အမျိုးသားတစ်ဦး က ပြောသည်။ အဆိုပါဆန္ဒဖော်ထုတ်ကြသူ ကိုကျော်ထွန်းဦး(၃၈)နှစ်၊ (ဘ)ဦးတင်ဝင်း အလုပ်အကိုင်းလက်သမား၊ မောင်းတိုင်(၂)ရပ်ကွက် နှင့်အတူ ၎င်းမောင်းတိုင်းရပ်ကွက်နေသူများ ကိုသာဒင်၊ ဦးသိန်း ၊ကိုအောင်ကျော်စိုး၊ ကိုကျော်နိုင်(ခ)ကုလားလေး(၂၂)နှစ်၊ ရွှေအိုး(၂)ရပ်ကွက်မှ ဒေါ်နွယ်နွယ်(၄၁)နှစ် တို့အား ဥပဒေအရ အရေးယူ ပေးရန် ဒုရဲမှူး ကံမြင့်မှ တရားလိုပြုလုပ်၍ တောင်တွင်းကြီးမြို့မရဲစခန်း၌ (ပ)၂၃၂/၂၀၁၃ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈) ဖြင့် ဒီဇင်ဘာ(၂)ရက် နေ့လည်တစ်နာရီအချိန်ခန့်တွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 

0 comments: