မုန်းလို့ခေါ်ပါ..ကိုကိုရယ်....

မုန်းလို့ ခေါ်ပါ ကိုကိုရယ်….
ဝထ္ထုတို
ရွှေလမ်းငွေလမ်း ၀င်းကြည်

(၁)
(အချစ်ဆိုသည်မှာ မဖြစ်နိုင်မှန်း သိပေမယ့်…မချစ်နိုင်ဘဲ နေလို့ မရပါ…)“ ကိုကို့”ကို ခင်ဖုန်းချစ်ပါတယ်…ဒါပေမယ့်…ဒါပေမယ့်…ဟိုးအဝေးဆီက ရခိုင်ရိုးမ တောင်ပြာကြီးလို လေဒဏ် မိုးဒဏ် ကြံ့ကြံ့မခံနိုင်ဘူးသိလား..ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ကဲ့ရဲ့သံတွေကို ခင်ဖုန်း မခံနိုင်ပါဘူး ကိုကိုရယ်…။
မခင်ဖုန်းတစ်ယောက် အနောက်ဖက် ရခိုင်ရိုးမ တောင်ပြာကြီးကို ငေးမော ကြည့်နေသည်။ အချစ်အကြောင်းတွေ တွေးတော နေမိသည်။ နေရာအတိကျမှာ စေတုတ္ထရာမြို့နယ် မုန်းချောင်း၏ အရှေ့ဖက်ကမ်း သရန်ကိုင်းရွာခေါ် ချင်းလူမျိုးတို့ နေထိုင်သော ရွာကလေး ဖြစ်ပါသည်။ မခင်ဖုန်း တစ်ယောက် ချောင်းထဲမှ မုန်းရေတွေကို ကြည့်ပြီး အမုန်းကတိတွေနဲ့ ချီတုံ ချတုံ ဖြစ်နေရှာသည်။ ရင်ထဲမှ ပင့်သက်ရှိုက်ပြီး သက်ပြင်းကလေးတွေဖြင့် ရယ်မောဖွယ် ဖြစ်နေပါတော့သည်။ တောရွာ ဓလေ့ ဆည်းဆာညနေခင်းကာလအချိန် ရေအိုးကလေးအား မုန်းချောင်းထဲသို့ မနှစ်ချင် နှစ်ချင် ဖြစ်နေရှာသည်။ မခင်ဖုန်း၏ ရင်ထဲမှာလည်း အချစ်ဆိုတာ ပြန်ပေးလို့ရတာ မဟုတ်ပါလား..။ အချစ်တွေ တနုံ့နုံ့ ခံစားတွေးတော နေမိပြန်ပါသည်။
ကိုကိုနဲ့စတွေ့တာ မနှစ်က နွေဦးကာလ ဒီမုန်းချောင်း ကမ်းစပ်မှာပေါ့။ ခင်ဖုန်းက ရေခပ်အလာ ကိုကိုက(ဆ-မ)ဆိုတဲ့ ဆည်မြောင်း မြေထိုးစက်ကြီး မောင်းလာတာလေ..။ အဲဒီနေ့က တွေ့တွေ့ချင်း ကြည့်တဲ့ ကိုကိုရဲ့ မျက်လုံးတွေဟာ သိပ်ကို စူးရှနေတာပဲ..။ ခင်ဖုန်းက ဒီစက်ကြီးတွေ ဘာလုပ်ဖို့ လာတဲလဲမေးတော့ ကိုကိုပြောတာ ဒီနေ့ထိ မမေ့ဘူး မှတ်မိနေတယ်..။
ကိုကိုစကားက တုံးတိတိ ခပ်ပြတ်ပြတ်နဲ့ ပြောခဲ့တာလေ။ “ မုန်းချောင်းလေး တားနေပြီတဲ့” ခင်ဖုန်းတို့ရွာမှ ဖွင့်တဲ့ ဓါတ်စက်ပြဇာတ်ထဲက (မုန်းချောင်းလေးခြားနေပြီ)ပဲ ကြားဖူးခဲ့တာ ယခုတော့ ကိုကိုလူချောက (မုန်းချောင်းလေးတားနေပြီ)လို့ပြောလိုက်တော့ ခင်ဖုန်းကိုများ တွေ့တွေ့ချင်း ရည်းစားစကား လာပြောနေတာလား ကိုကိုရယ်..လို့ပေါ့။
ပြီးမှ ကိုကိုက တိတိကျကျ ရှင်းပြသွားပါတယ်။ ဒီမုန်းချောင်းကလေးကို တားပြီး ဆည်မြောင်း တမံပိတ်မယ်။ ခင်ဖုန်းတို့နယ်မှာ ရေအားလျှပ်စစ်ဓါတ်အားထုတ်မယ်။ လယ်ရေသောက် ရေမြောင်းတွေ ဖောက်ပြီး စိုက်ပျိုးကြမယ်။ ခင်ဖုန်းတို့ နယ်တစ်နယ်လုံး တိုးတက်စည်ကားတော့မယ်လို့ အားရပါးရ ပြောသွားခဲ့တယ်လေ။
ကိုကိုက ပိန်ပိန်ပါးပါး ရုပ်ချောချော အပြောနဲ့ သဘောကလည်း ကောင်းမှကောင်း။ ခင်ဖုန်းကိုလည်း မျက်လုံးကြီးတွေက တဖျတ်ဖျတ် ပုတ်ခတ်ကစားပြီး ကြည့်နေလိုက်တာ..။ ခင်ဖုန်း ရင်တွေ သိပ်ကို ဖိုခဲ့ရတယ် ကိုကို။ တွေ့စမှာ ရင်ဖိုပြီး ချစ်ခဲ့ရလို့လား မသိဘူး…အခုထိ ရင်ဖိုလို့ကို မဆုံးနိုင်ပါဘူး ကိုကိုရယ်။

(၃)
ကိုကိုရဲ့ နာမည်က ကိုမျိုးချစ်။ ရန်ကုန်သားတဲ့။ မုန်းဆည် စီမံကိန်းမှာ စက်ကြီးမောင်း။ မိဘတွေ မရှိတော့ကြောင်းသာ ပြောခဲ့လို့ သိခဲ့ရတယ်။ အသက်အရွယ်ကလည်း ခင်ဖုန်းနဲ့ တန်းတူ လူပျိုကြီး အပျိုကြီးတွေ ထင်ခဲ့မိတာပေါ့။ ကိုကိုက ခင်ဖုန်းတို့ရွာ တောင်ဘက်မှာ စက်ကြီးမောင်းပြီး တမံဆည် မြေထိုး တောရှင်း တောင်ဖြိုရင်းနဲ့ ခင်ဖုန်းရဲ့ ချစ်ခြင်းကို ရယူသွားခဲ့တယ် မဟုတ်လား..။
တောသူဆိုတာ သဘောဖြူပါ ကိုကိုရယ်…ကိုကို့ကို ဖြူစင်စွာ ချစ်ခဲ့မိရိုး အမှန်ပါ။ ခင်ဖုန်းလေ ကိုကိုကလွဲလို့ ဘာကိုမှ မမက်မောခဲ့ပါဘူး။ ကိုကိုဝယ်ပေးခဲ့တဲ့ အဖိုးတန် လက်ဆောင်တွေကို ဘာကိုမှ လက်မခံခဲ့ပါဘူး။ ခင်ဖုန်းကသာ ကိုယ်တိုင်ယက်ယူလာတဲ့ ချင်းခေါင်းပေါင်း စောင်လေးတစ်ထည်သာ ပေးခဲ့ဘူးပါတယ်နော်..။
ကိုကို့ကို ခင်ဖုန်း ပြောခဲ့ဘူးပါတယ်…မှတ်မိနေမှာပါ။ ခင်ဖုန်းတို့ ချင်းလူမျိုးက ဗုဒ္ဒဘာသာ ကိုးကွယ်ပါတယ်၊ ချင်းလူမျိုးတွေထဲက(လက်သင့်)လို့ခေါ်တဲ့လူမျိုးတစ်မျိုးပါ။ ကိုကို့ကျမ လက်သင့်မခံဘဲ ခင်ဖုန်း ဘာကြောင့် ချစ်မိနေပါလိမ့်နော်..။
ကိုကို..သတိရနေမှာပါ။ ကိုကိုမြို့က ပြန်လာတုန်းကလေ၊ ပါလာတဲ့ ထန်းလျက်တစ်ထုပ်ကို ခင်ဖုန်းကို ပေးခဲ့ဘူးတယ်လေ။ မှတ်မှတ်ရရ ခင်ဖုန်းက လက်ခံယူရုံမကဘူး ကိုကိုနဲ့ အတူ ခင်ဖုန်းတစ်ခဲ ကိုကိုတစ်ခဲ အချစ်တွေ သဲသဲလှုပ်ပြီး တစ်ယောက်ကို တစ်ယောက်ခွန့်ပြီး စားခဲ့ကြတာလေ။ အဲဒီအချိန်က ချစ်ခဲ့စားခဲ့ကြတဲ့ ချိုချိုသာသာ ဝေေ၀ဆာဆာ အချစ်တွေ ခံစားခဲ့ရတာ သိပ်ကြည်နူးစရာ ကောင်းတာပဲနော်။ ခုတော့--ခုတော့..အစက မတွေ့ကြရင် ကောင်းမှာပါ ကိုကိုရယ်။

(၄)
ကိုမျိုးချစ်မှာ မိန်းမ ရှိသတဲ့၊ သူ့ဇနီးက သိပ်ချောတာပဲတဲ့၊ မုန်းဆည်စီမံကိန်းကို လာလည်ကြလို့တဲ့ စတဲ့ စတဲ့ ရွာထဲက သူငယ်ချင်းတွေက လာပြောနေကြပြီ ကိုကို..။ ခင်ဖုန်းရဲ့ ရင်ထဲမှာ လေပြင်းမုန်တိုင်းတွေ ဒလကြမ်း တိုက်ခတ်သွားသလို ခံစားရပြီး အသည်းနှလုံးတွေ ကြွေမွလွင့်ပါးသွားပါပြီ ကိုကို..။
ခင်ဖုန်း အပြစ်ပါ ကိုကိုရယ်…၊ ကိုကို့ မိဘတွေ အကြောင်းသာ မေးမိပြီး ကိုကို့ အိမ်ထောင်ရှိသလား မေးရမှာကို မမေးရက်ခဲ့ဘူး။ ဘာကြောင့် မမေးခဲ့သလဲ သိလား…ခင်ဖုန်းက မိန်းကလေးတန်မဲ့ ကိုကို့..ကို တစ်ဖက်သတ် ပိုချစ်ခဲ့မိတာကိုး၊ ကိုကိုကတော့ ခင်ဖုန်းကို ညာပြီး ချစ်ခဲ့တာ မဟုတ်ပါဘူး..။ ကိုကိုက တစ်ခါ တစ်လေ စကားဖြတ်ဖြတ်ပြီး ခင်ဖုန်းကို မေးခဲ့ဘူးပါတယ်..။ ကိုကို့မှာ တစ်ခြားလူတစ်ယောက်ချစ်ပြီးသားရှိရင် ခင်ဖုန်းက ကိုကို့ကို ချစ်အုံးမှာလားလို့ ခဏ၊ ခဏ မေးခဲ့ဘူးပါတယ်။ အဲဒီတုန်းက ခင်ဖုန်းလေ ကိုကို ပါးစပ်ကို လက်နဲ့ ပိတ်ပြီး အပြတ်ပြောခဲ့တယ်။ဘယ်သူ ဘယ်ဝါပဲ ရှိရှိ ကိုကို့ကို ခင်ဖုန်း အမြဲ ချစ်နေမှာပဲလို့ ပြောခဲ့ကြတာ မှတ်မိမှာပါ…။


(၅)
အငိုလွယ်၊ အရှိုက်ခက်ဆို စကားလို ကိုကိုနဲ့ ခင်ဖုန်း အဖြစ်က အခုတော့ ရင်နာရပါပြီလား ကိုကိုရယ်..။ ခင်ဖုန်း နှုတ်ဆက်တဲ့ အနေနဲ့ ဒီစာကလေးကိုသာ ဖတ်ကြည့်ပါတော့..။
တစ်ခါက ချစ်ခဲ့ရတဲ့ ကိုကို-
ခင်ဖုန်း နှုတ်ဆက်ခဲ့ပါတယ်..။ ဘယ်သူဘယ်ဝါရှိရှိ ကိုကို့ ကို ခင်ဖုန်း အမြဲ ချစ်နေမှာပဲလို့ ကတိတွေ ပေးခဲ့ပြီးပါပြီ။ ကျေနပ်ပါတော့၊ ကိုကိုတို့ မိသားစု မပြိုကွဲအောင် ခင်ဖုန်း တိမ်းရှောင်သွားပါရစေတော့။ ကိုကိုနဲ့ ခင်ဖုန်း နှစ်ဦးတည်းရဲ့ သာယာမှုကို ဦးစားပေး လိုက်မိရင် အပြစ်မဲ့တဲ့ ကိုကိုတို့ရဲ့ မိသားစုလည်း စိတ်ဆင်းရဲကြရမယ်။ ခင်ဖုန်းတို့ ရိုးသားတဲ့ ချင်းလူမျိုးတွေရဲ့ မိရိုးဖလာ အစဉ်အလာကိုလည်း ပယ်ဖျက်လိုက်တဲ့ အမျိုးဖျက်မ ဖြစ်သွားမယ်လေ။ ဒါကြောင့် မိသားစု မပြိုကွဲအောင် မိရိုးဖလာ အမျိုးမပြတ်ကြရအောင် ဒီစာရတဲ့ အချိန်ကစပြီး ခင်ဖုန်းကို မုန်းမေ့လိုက်ပါတော့ ကိုကိုရယ်။
ခင်ဖုန်းမလေ အချစ်ဆိုတာ မဖြစ်နိုင်မှန်း သိပေမယ့် မချစ်ပဲ နေလို့ မရတာ အမှန်ပါ။ ဒါပေမယ့်လေ အချစ်ကြီးတဲ့ ခင်ဖုန်းမကို ကိုကို မုန်းမေ့ပြီး မုန်းချောင်းရေထဲ မျှောလိုက်ပါတော့နော်..။
ဒီလို အချစ်မျိုး အဖြစ်ဆိုး ဘယ်သောအခါမှ ဘ၀ဆက်တိုင်း မကြုံပါရစေနဲ့လို့ ခင်ဖုန်း ဆုတောင်းခဲ့ပါတယ်။
ချင်းမလေး ခင်ဖုန်း

(၆)
ကိုမျိုးချစ်တစ်ယောက် တုန်ရီစွာဖြင့် ခင်ဖုန်း၏ စာကို ဖတ်နေမိသည်။ ရင်ထဲမှ အသည်းနှလုံးတွေ ပွင့်ထွက်မတတ် ခံစားနေရပြီ။ သူ၏ နှလုံးခုန်နှုန်းများမှာ ကိုမျိုးချစ် မောင်းနှင်လာသော မြေထိုးစက်ယန္တရားကြီးသံထက် ကျယ်လောင်ဆူညံနေမည် ထင်၏။ ကိုမျိုးချစ်ခမျာ တောအထပ်ထပ် တောင်အထွေထွေတို့အား ဤမြေထိုးစက် ယန္တရားကြီးဖြင့် ပြေပြစ်ချောမောလှပအောင် ထိုးနိုင်ခဲ့ပါသည်။ ယခု ကိုမျိုးချစ်၏ အချစ်ရေးနှင့် အိမ်ထောင်ရေး ဘ၀ လှိုင်းတံပိုးကြီးများအား လှပညီညာအောင် မည်သို့များ တတ်နိုင်ဦးမည်နည်း။ တစ်ဖက်အချစ်ကသာရင် တစ်ဖက် မိသားစုက နာရပေတော့မည်။
မုန်းချောင်းရေစီးသံမှာ တစ်ဝေါဝေါဖြင့် ကိုမျိုးချစ်အား လှောင်ပြောင်နေလေပြီ။
ကိုယ့်ကို တစ်သက်လုံးခွဲခွာသွားပြီလား မုန်းရယ်။ ဘယ်သော အခါမှ မုန်းလို့ မခေါ်ရက်နိုင်ပါဘူးကွယ်။ ။
ရွှေလမ်းငွေလမ်းဝင်းကြည်
(အငယ်လေးကို ချစ်ခဲ့မိလို့နှင့် အခြားဝထ္ထုတိုများ)စာအုပ်မှ
ပြန်လည်ဆန်းသစ် တင်ပြပေးပါသည်။
 

အဖေအို၏ တန်ဘိုး

အဖေအို၏ တန်ဘိုး
(ကဗျာ)
ရွှေလမ်းငွေလမ်းဝင်းကြည်


• သမီးတို့ ဘယ်သူ့ကိုအားကိုးရတော့မှာလည်း..ဖေဖေ..?။
• အို..အဖေရယ်….
တစ်လောကလုံးရှာ..အဖေအစစ်ဆိုတာ..အစားမရနိုင်ပါဘူး။

• သမီးတို့ဘ၀အတွက် အဖေတာဝန်ကျေခဲ့ပါတယ်..
မကောင်းမြစ်တား ကောင်းရာညွှန်လတ် ပဲ့ပြင်ဆုံးမ
အတတ်စေ ပေဝေနှီးရင်း ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင် ဖခင်မယ်တို့တာ..။

• မြင့်မိုရ်တောင်ဦး မကကြူးတဲ့ ကျေးဇူးရှင် ဖေဖေရေ..
ဖေဖေ မသေခင်ကာလတစ်လျှောက်မှာ…
အိမ်ဦးခန်းက..(အဟမ်း..အဟမ်း..)ဆိုတဲ့
ဖေဖေရဲ့ ချောင်းဟန့်သံလေးတွေဟာ..
သမီးတို့အတွက် တကမ္ဘာလုံးရှိသမျှ
ဘေးရန် အန္တရာယ်တွေကို….
ဝေးရန် တားဆီပေးနေခဲ့ပါတယ်ဖေဖေ……..။

• ယနေ့အထိ ဘ၀ဂ်သို့လျှံတက် ကျန်နေခဲ့တဲ့…
(အဟမ်း..အဟမ်း..)ဖေဖေ့ရဲ့ချောင်းဟန့်သံတွေကို
သမီးတို့ နားဝမှာ ထာဝရကြားနေရပြီး
မြင့်မိုရ်တောင်မက.. အားကိုးနေပါရစေလား…
အို..ချစ်သောဖေဖေရေ……………..။

(အဖေ့သို့ အမှတ်တရ၊ မျက်ရည်ကျ၍ ဤကဗျာဖြင့် ကန်တော့လိုက်ပါသည်..။)


ရွှေလမ်းငွေလမ်းဝင်းကြည်
29/5/2009 နံနက်(၅)နာရီတွင် ရေးသည်။
 

အငယ်လေးကို ချစ်ခဲ့မိလို့(၃)

အချစ်ဆိုအိုသည် မရှိသော်လည်း ဒီရုပ်ခန္မာကြီးကို နေ့စဉ် ဇရာ(အိုခြင်း) တရားက ၀ါးမြိုနေပေပြီ။ ဦးရွှေဝင်း မှန်ရှေ့တွင် မတ်တပ်ရပ်၍ ခေါင်းဖြီးရင်း ပြုံးစိစိနှင့် စဉ်းစားမိပါ၏။ ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲက ပြန်ပြီး ဆုံးမနေပါပြီ( မုတ်ဆိတ်လည်း ဖြူ၊ နှုတ်ခမ်းမွှေးလည်း ဖြူပြီ၊ င့ါစိတ်တွေ ဘာကြောင့် မဖြူသေးတာလဲ)။
ဦးရွှေဝင်သည် မှန်ကို အားပါးတရားကြည့်၍ မှန်ထဲက လူနှင့် အတူ
တစ်ယောက်တည်း စကားတွေ ပြောဆိုနေပေသည်။ “ ချစ်စုမရေ…မင်းဘာတတ်နိုင်သေးလဲ၊
င့ါကို လိမ်ညာလို့ ရမယ် ထင်နေသလား၊ မင်းလက်ထပ်ယူမယ့် ၀င်းမင်းဆိုတဲ့
ကောင်လေးဆီကို နင်နဲ့ငါတို့ရဲ့ ၀တ္ထုဇာတ်လမ်း စာမူ တစ်စောင် မိတ္တူ
ပို့လိုက်ပြီ….ချစ်စုမက ဒီနှစ် နောက်ဆုံးနှစ် စာမေးပွဲ ဖြေပြီးတာနဲ့
ဝင်းမင်း ကောင်လေးက လာခေါ်ပြီး ထွက်ပြေးကြမယ်ပေါ့.။အခုတော့ မင်းတို့
ဘာတတ်နိုင်သေးလဲ…ဦးက ကြိုတင်ပြီး အချစ်ကြေငြာစာတမ်း
စိန်ခေါ်ထားတာ“(ပျံလေတဲ့ ငှက်ခါးမလေး..နားခါမှ သိမယ်လို့)။”
မြေလတ်တက္ကသိုလ်ကျောင်း၏ အထွက်ပေါက်တွင် ဂျစ်ကားတစ်စီးနှင့်
လူငယ်တစ်ယောက် ကားရပ်၍ စောင့်မျှော်နေပါသည်။ လူငယ်သည် နာရီ
တကြည့်ကြည့်ဖြင့် ချစ်စုမ ထွက်အလာကို လှမ်း၍ ကြည့်နေ၏။ ကျောင်းသူ
အမျိုးသမီး တစ်အုပ်စု ရောက်လာကြပါသည်။ ချစ်စုမလည်း ပါလာပေသည်။
“ ဟေ့…ဟေ့ …ချစ်စုမ နင့်ကို ခေါ်ဖို့ င့ါကို လွှတ်လိုက်တာ……လာ လာ
ကားပေါ်ကို မြန်မြန်တက်ပါ..။ သူရှေ့မှာ စောင့်နေတယ်” ချစ်စုမသည်
အံ့အားသင့်စွာဖြင့် ကားပေါ်သို့ စွေ့ကနဲ တက်လိုက်ပါ၏။ ဒီနေ့ စာမေးပွဲ
အပြီးမှာ ၀င်းမင်းကို လာခေါ်ရန် သေသေချာချာချိန်းထားသည်။သူဘာကြောင့်
ကိုယ်တိုင် မလာရတာလဲ…စဉ်းစားမိရင်း စိတ်မော၍ နေပါသည်။“ ကားဆရာ၊
ဝင်းမင်းက ဘယ်မှာလဲ……..ဘယ်နေရာက စောင့်မှာလဲ ဘာတွေ
မှာလိုက်သေးလဲ…ရှင့်ကို ကျမ မယုံပါဘူး” “ ရော့…ဒီစာကိုကြည့်… မှ/
ဝင်းမင်းတဲ့။ ရှေ့လမ်းဆုံမှာ ချစ်စုမကို စောင့်နေသူ တစ်ယောက်
တွေ့ရပါလိမ့်မယ်”
ဂျစ်ကားသည် လမ်းဆုံသို့ အရောက်တွင် မြို့ပြင်ဘက် ထွက်ရန် ဘယ်ဘက်ကို
ကွေ့ချိုး၍ အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့ပေသည်။
မန်ကျည်းပင်အိုကြီး တစ်ပင်သို့ မရောက်မှီ အရှိန်ကို လျှော့လိုက်တာ
ချစ်စုမ သတိထားလိုက်မိသည်။ သစ်ပင်ကြီး အောက်အရောက်တွင် ကားဘရိတ်ကို
ဆောင့်၍ ရပ်လိုက်၏။ ချစ်စုမသည် ဂျစ်ကား၏ လက်ကိုင်အား ဆုပ်ထားသော်လည်း
သူမ၏ ခေါင်းနှင့် သံဘောင်ထိပြီး မူးသွားသည်။ မျက်လုံးပြာဝေသွားသည်။
ကားမောင်းသူ လွင့်ကျသံ ကြားလိုက်မိပါသည်။ မိုးကာအင်္ကျီနှင့်
လူတစ်ယောက်သည် ဆိုင်ကယ်တစ်စီးဖြင့် ၀င်ရောက် ၍ ကားဘေးမှာ ထိုးရပ်လိုက်၏။
ထိုလူကြီးသည် ကားပေါ်သို့ လွှားကနဲ ခုန်တက်လာခဲ့သည်။
ကားမောင်းသူကိုအောက်သို့ဆွဲချလိုက်ခါ တစ်ချက်စိုက်ကြည့်ပြီး ကားကို
ဒလကြမ်း မောင်းထွက်လိုက်သည်။ သူ၏ ပါးစပ်မှလည်း တဟားဟား ရယ်မောပြီး
ပြောဆိုနေသံများကို ချစ်စုမ ကြားတစ်ချက် မကြားတစ်ချက် မျက်လုံးကို မှေး၍
နားထောင်နေမိသည်။
“ င့ါအချစ်ဆုံးကလေး၊ မင်းဘယ်ကို ပြေးအုံးမှာလဲ..။ အချစ်ဆိုတာ
စွန့်လွှတ်ခြင်း မဟုတ်ဘူးလို့ ငါပြောထားတာ မင်းတို့ မေ့သွားတာလား….
အချစ်နဲ့စစ်မှာ မတရားတာ၊ သနားစရာ မရှိဘူးကွ မှတ်ထား။ ချစ်စုမကို ငါ လုံးဝ
လက်လွတ်မခံနိုင်ဘူး အသည်းလေး….. ချစ်စုမရေ…ဦး
အချစ်ရူးကြီးကိုခွင့်လွှတ်ပါ ကလေးရယ်..”
ဦးရွှေဝင်း၏ ပြောဆိုသံကို ကြားလိုက်ရတာနဲ့ ချစ်စုမ တစ်ယောက်
သဘောပေါက်သွား ပါသည်။ ဆက်လက်၍ မူးမေ့ချင်ယောင် ဆောင်လိုက်ပြီး မျက်စိကို
မှိတ်လျှက် သူမရင်ထဲက စကားတွေကို အသံမထွက်ဘဲ ပြောဆို လိုက်ပါလာခဲ့သည်။
“ ဦးရယ် ..ဦးကို သမီး စိတ်မဆိုးပါဘူး…၊ ဦးက သမီးကို
ချစ်ရေးဆိုစဉ်ကတည်းက သမီးကလည်း တကယ်ပြန်ပြီး ချစ်နေခဲ့မိတာ အမှန်ပါ..။
မထက်နဲ့ မသဲသဲတို့က ဦးကို မကြိုက်သင့်၊ မဖြစ်သင့်ပါဘူးဟယ်လို့
ဇွတ်အတင်းနားချပါတယ်.။ရည်းစားလုံးဝ မရှိသေးတဲ့ ကျမကိုလေ ကျမကိုလေ
ဝင်းမင်းဆိုတဲ့ ကောင်လေးနဲ့ သဘောတူကြ၊ အောင်သွယ်ကြလို့ ဒီအဆင့်ထိ
ဖြစ်လာရတာပါ။ အခုလို ထွက်ပြေးဖို့ စီစဉ်ရတာလည်း …ဦးတို့ မိသားတစ်စုလုံး
ကောင်းစားရေးအတွက် ..သမီးရဲ့ ဘ၀ကို စတေးပြီး ၀င်းမင်းထံ ပေးဆပ်ဖို့
ကြံရွယ်ခဲ့မိတာ အမှန်ပါ ဦးရယ်..။အစကတည်းက သမီးကို ဒီလို ဦးက
ခိုးပြေးဖို့ မျှော်လင့်နေခဲ့ပါတယ်။ ဦးရဲ့ အယုအယနဲ့
အကြင်နာရင်ခွင်ကြီးကို တမ်းတနေခဲ့ရ၊ လွမ်းနေခဲ့ရတာ ကြာပါပြီ ဦးရယ်..။ ကဲ
အခုတော့ ဦးသွားချင်ရာကို သမီးလိုက်ခဲ့ပါတော့မယ်နော်..။ မိန်းကလေးဆိုတော့
လည်း…နဲနဲလေးတော့ ဟန်ဆောင်ကာ မူပိုပါရစေ ဦးရယ်…“။
ဦးရွှေဝင်း တစ်ယောက် တော်တော် ပျော်နေမိပါ၏။ သူ၏ ပုခုံးပေါ်သို့ မေးတင်၍
လိုက်ပါလာသော ချစ်စုမရဲ့ ပါးကို တစ်ချက် အားပါးတရ မွှေးလိုက်၊ ကားလီဘာကို
ခြေကန်ပြီး နင်းလိုက်နှင့် နှလုံးသား စည်းချက် ညီနေပေတော့သည်။
ဦးရွှေဝင်းသည် သူ၏ ဂျစ်ကားကို စက်အရှိန်လျှော့လိုက်ပါသည်။
မြို့နှင့်လည်း (မိုင် ၃၀) ဝေးလာခဲ့ပေပြီ။ သူ့ရင်ခွင်ထဲမှာ ခေါင်းထိုး၍
ပါလာသူ ချစ်စုမကလည်း မလှုပ်မယှက်ဖြစ်နေတော့ စိတ်ပူလာမိ၏။
သစ်ပင်ရိပ်ကောင်းသော လမ်းဘေးဇရပ်သို့ ကားကို ထိုးရပ်လိုက်မိပါ၏။ ချစ်စုမ၏
လက်ထဲတွင် ဆုပ်ကိုင်ထားသော စာတစ်စောင်ကို ဦးရွှေဝင်း
မြင်တွေ့လိုက်ရပါသည်။ ချစ်စုမအား အသာအယာ ပွေ့ဖက်၍ ကားပေါ်မှ ဇရပ်ပေါ်သို့
ချလိုက်ပါသည်။ ချစ်စုမသည် မျက်လုံးကို မှိတ်၍ မူးမေ့ချင်ယောင် ဆောင်ရင်း
သူမ၏ ရင်တွေ တဇက်ဇက်ခုန်ပြီး ကြည်နူးသာယာနေမိပါ၏။ ဦးရွှေဝင်းသည် ချစ်စုမ၏
ပါးပြင်နုနုလေးကို အကြိမ်ကြိမ် အခါခါ မွှေး၍ ချစ်စုမကို တိုးတိုးလေး
ကပ်ပြီး ပြောဆို လှုပ်နိုးနေပါတော့သည်။
“ အသည်းလေး၊ ချစ်စုမ၊ ချစ်စုမ သတိရပါတော့ ကလေးရယ်… အခုလို ကလေးမတို့ရဲ့
အချစ်ကို အတင်းအဓမ္မ ဓါးပြတိုက်လို့ လုယူခွဲထားပြီး ခေါ်လာရတာ ဦးကို
ခွင့်လွှတ်ပါကလေးရယ်နော်…”
ချစ်စုမသည် ဦးရွှေဝင်း၏ ရင်ခွင်မှ ဆက်ကနဲ ရုန်းကန်၍ ထပြီး
ထိုင်လိုက်ပါသည်။ အိပ်ချင်ယောင်ဆောင်သူ တစ်ဦးကဲ့သို့ ဟန်ဆောင်ထားပေသည်။
“ ၀င်းမင်း.၀င်းမင်း ဘယ်မှာလဲ..ဘယ်မှာလဲ……..ဟင်.။ ရှင်….ရှင်…ဦးရွှေဝင်း
….ဦး …..ဦးရယ် သမီးတို့ ချစ်ခြင်းကို မခွဲပါနဲ့လား.”
ချစ်စုမ၏ ပါးစပ်မှ ထွက်လာသော စကားလုံးများသည် ဦးရွှေဝင်း၏
ရင်ဘတ်အတွင်းမှ အသည်းနှလုံးအား မိုးကြိုး ရှစ်စိတ်ခွဲသွားသကဲ့သို့
နာကျင်ခံစား ထိခိုက်တုန်လှုပ်သွားပေသည်။ ချစ်စုမ၏ လက်ထဲတွင်
ဆုပ်ကိုင်ထားသော စာရွက်ခေါက်အား ဦးရွှေဝင်း ဆွဲယူလိုက်ပါသည်။
ထိုစာရွက်သည် ၀င်းမင်းမှ ကိုယ်တိုင်ရေးသားပြီး ဦးရွှေဝင်းမှ တဆင့်
ချစ်စုမကို ပေးသော စာဖြစ်ပါသည်။ ယင်းစာအား ချစ်စုမသည် ဖွင့်၍ မဖတ်ခဲ့ပါ။
မှ/ ၀င်းမင်း ဆိုသော စာအိပ်ပေါ်မှ လက်ရေးမှာ ၀င်းမင်း ၏ လက်ရေး သေချာနေ၍
ကားနှင့် ကားဆရာကို အခေါ်ခိုင်းသည်ဟု ချစ်စုမယုံကြည်စွာနှင့်
လိုက်လာခဲ့ခြင်း ဖြစ်ပါသည်။ အဖြစ်မှန်မှာ ဦးရွှေဝင်းသည် သူနှင့် ချစ်စုမ၏
ဇာတ်လမ်း ၀တ္ထု စာမူကို ၀င်းမင်းထံသို့ ကိုယ်တိုင် သွား၍ ပေးခဲ့ပါသည်။
ဝင်းမင်းမှာ ယင်းစာမူအား ဖတ်ပြီး ဒေါသအမျက် ချောင်းချောင်းထွက်၍
ဦးရွှေဝင်းထံ ပေးသွားသော စာဖြစ်ပါတော့သည်။
ဦးရွှေဝင်းသည် ချစ်စုမအား စူးစူးစိုက်စိုက်ကြည့်ပြီး စာအိပ်ကို
အမြန်ဖွင့်၍ ချစ်စုမ၏ မျက်နှာရှေ့သို့ ထိုးပေးလိုက်သည်။

သို့/
မာယာဒေ၀ီချစ်စုမ
ဦးရွှေဝင်းထံမှ နင်တို့ရဲ့ တော်သလင်းခွေး ဇာတ်ခင်းကြတာတွေ ငါအားလုံး
သိခဲ့ရပါပြီ။ နင့်ရဲ့ (နွားမရွှံ့ပိတ်ပြီး အချစ်ဈေးကွက် လေလံတင်ပွဲထဲက
ယောက်ျားတွေထဲမှာ ငါလုံးဝ မပါတော့ပါ။ ဖြစ်ခဲ့သမျှ အားလုံးကို
မေ့ထားလိုက်ပါပြီ။ ငါတစ်ခု သတိပေးလိုက်ပါတယ်။ ခြံခုန်တတ်တဲ့ နွားမဟာ
အမြဲခြံခုန်တတ်ပါတယ်။ နင်ရဲ့ အချစ်မာယာ အကျင့်ဆိုးတွေကို ခ၀ါချပြီး
ဦးရွှေဝင်းနဲ့ သေတဖန် တစ်သက်လုံး ပေါင်းသင်းနိုင်ကြပါစေ။


ဝင်းမင်း


ချစ်စုမသည် ၀င်းမင်း၏ စာကို ဖတ်ပြီး ဦးရွှေဝင်းထံ ခေါင်းထိုး၍
ချုံးပွဲချ ငိုနေပေတော့သည်။ သူပြုလုပ်ခဲ့သမျှ ပြန်ပြီး စဉ်းစားရင်း
နောင်တရနေပေတော့သည်။ ဦးရွှေဝင်းမှာ ရင်ခွင်အတွင်းသို့ ရောက်လာသော
ချစ်စုမကို ပြန်၍ နှစ်သိမ့်စကား ဆိုရပေ၏။
“ တိတ်ပါ ၊ ချစ်စုမရယ်….ဦး တစ်ယောက်လုံး ရှိနေပါသေးတယ်။ အခုလို
မင်းတို့ လူငယ်တွေရဲ့ အချစ်ကို ခွဲပြီး လုယူခဲ့မိတာ ဦးကို
ခွင့်လွှတ်နော်”
“ ဦးကို သမီး ခွင့်လွှတ်ပါတယ် ဦးရယ်..။ ခွင့်မလွှတ်နိုင်တာက သမီးကို
သမီး ခွင့်မလွှတ်နိုင်တော့ပါဘူး..။ မှန်ရာကို ၀န်ခံပါရစေ.။ဦးက သမီးကို
ချစ်တယ်လို့ ချစ်ရေ ဆိုစဉ်တုန်းမှာ ရည်းစားဆိုတာ ဘယ်သူ့ကိုမှ
မထားခဲ့ရသေးတာ အမှန်ပါ။ ဦးနဲ့ သမီးဟာ ဒီလို ဘ၀မျိုးကို
မရောက်အောင်ဆိုပြီး ကောင်လေးတွေနဲ့ ၀င်းမင်းကို တစ်ယောက်ပြီး တစ်ယောက်
လက်တည့်စမ်းခဲ့မိပါတယ်…..။ အဲဒီအထဲက ၀င်းမင်းဟာ သမီးကို တကယ်အနစ်နာခံပြီး
နှစ်နှစ်ကာကာ ချစ်ခဲ့တာပဲလို့ ထင်ခဲ့ပြီး လက်ထပ်ဖို့ ရွေးခဲ့တာပါ။
ဦးနဲ့ဝေးရင် ပြီးတာပဲဆိုတဲ့ မထူးစိတ်မွေးခဲ့ရတာပါ။ ဦးကို သမီး
တကယ်ချစ်ခဲ့မိလို့ သမီးရဲ့ ဘ၀ တစ်ခုလုံးကို အကြိမ်ကြိမ်အခါခါ
ပေးဆပ်အပ်နှင်းခဲ့တာပါ ဦးရယ်…။အခုတော့ .သမီးဟာ မယားငယ် ဘ၀ကို လုံးလုံး
သက်ဆင်းလိုက်ရပါပြီး….ဦးပြုစုတော့မှ နုရမယ့် ပန်းကလေးတစ်ပွင့်
ဖြစ်သွားပါပြီ ဦးရယ်….”
လောကတခွင် အမှောင်တကာ့ အမှောင်ဆုံးသည် ကာမ ကိလေသာ၏ အမှောင်သည်
အကြီးဆုံးဖြစ်ပါပေသည်။ သို့သော်လည်း ဦးရွှေဝင်းနှင့် ချစ်စုမတို့၏
ရင်ဘတ်တွေထဲမှာတော့ အချစ်လမင်း အစင်းပေါင်း ကုဋေကုဋာ ဝေဖြာနေကြပေတော့သည်။
******************
ဦးရွှေဝင်းသည် ကြိုတင် စီမံထားသည့်အတိုင်း ချစ်စုမနှင့်အတူ သရက်မြို့တွင်
အိမ်ထောင်သစ်ထူ၍ နေကြပေသည်။ စီးပွားရေးမှာ သစ်၊ ၀ါး၊ မီးသွေး ပွဲရုံကြီး
ဖွင့်ထားပါသည်။ ဦးရွှေဝင်းသည် သရက်မြို့မှာ လွန်ခဲ့သော နှစ်ပေါင်း
(၃၀)ခန့် ဆောက်လုပ်ရေး လုပ်ငန်းတာဝန်ဖြင့် နေခဲ့ဘူး၏။ သူငယ်ချင်း
ကိုခင်မောင်ကြည် (လူပျိုကြီး)နှင့် ပြန်၍ တွေ့ဆုံပြီး တိုင်ပင်ကာ
ဤသရက်မြို့ကို နေထိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ကိုခင်မောင်ကြည်သည် ပျော်ပျော်ပါးပါး အမြဲနေထိုင်တတ်ပါသည်။
ဦးရွှေဝင်းနှင့် ချစ်စုမတို့ လင်မယား ရောက်လာစဉ်က စတင်နောက်ပြောင်တော့၏။
“ ကိုရွှေဝင်းတို့ နှစ်ယောက်ကတော့ တစ်ကယ်ကြည့်လို့
ကောင်းတယ်.ရှေ့သွားလိုက် ညီပြီး တကယ့်သားအဖနဲ့ တူတာပဲ”
“ ဟဲ၊ ဟဲ ကိုခင်မောင်ကြည်ရေ --တော်ပါတော့ဗျာ…..လူကြီးရှက်တော့ ကျွန်တော်က
ရယ်နိုင်ပေမယ့် ချစ်ဇနီး အသစ်စက်စက် ချစ်စုမရဲ့ မျက်နှာလေးမှာ
ရှက်သွေးတွေ ဖြာနေပါပြီဗျာ…”
ကိုရွှေဝင်းနှင့် ကိုခင်မောင်ကြည်တို့ သူငယ်ချင်း နှစ်ယောက်မှာ
ရယ်ရယ်မောမော ပြောဆိုနေခဲ့ကြသည်။ ချစ်စုမသည် ရှက်စိတ်ကြီး၍
အိမ်တွင်းခန်းသို့ ပြေးဝင်ပြီး ငိုပွဲဆင်တော့သည်။ အရွယ်မတူ အချစ်ဟူသော
အကြောင်းရင်းခံမှုကြောင့် ချစ်စုမ၏ စံပယ်ဖြူ ချစ်ပန်းပွင့်ကလေး
ညှိုးနွမ်းသွားရပေတော့သည်။ ဦးရွှေဝင်းမှာ ပြာရိပြာရာဖြင့်
အိမ်တွင်းခန်းသို့ ၀င်လိုက်လာခဲ့ပေတော့၏။ ချစ်စုမသည် အိပ်ယာပေါ်မှာ
ဝမ်းလျားမှောက်၍ ငိုရှိုက်နေပါသည်။
“ ချစ်စုမ…ချစ်စုမ…ဦးရဲ့ ချစ်ဇနီးလေးရေ…..မငိုပါနဲ့ကွယ်။
တိတ်ပါတော့နော်….ဦးတို့ဘ၀ က ယခုမှ စလုံးရေစ၊ မင်္ဂလာဦးည မင်းက ငိုနေရင်
ကလေးမျက်လုံးပြူးလိမ့်မယ်…ထပါတော့၊ ဒီဘက်ကို လှည့်ပါအုံး”
ချစ်စုမကို ပြောပြောဆိုဆိုခြင့် ဦးရွှေဝင်းသည် သူကိုဆွဲ၍ လှည့်လိုက်ပြီး
ချော့နေပါတော့သည်။
“ သွား၊ သွား ညီမ အနားကို မလာပါနဲ့၊ ညီမကိုလည်း ဘယ်တော့မှ သမီးလို့
မခေါ်တော့ပါနဲ့..။ ဦးက ညီမကို သမီး သမီးလို့ ခုလို ခေါ်နေတော့ သူများတွေက
အပြောခံနေရတာ သိလား.။”
“ ဦးရဲ့ ချစ်ဇနီးလေး အမိန့်တော်အတိုင်း
နာခံတော်မူပါမယ်ဗျာ…ရွှေစိတ်တော်ညို-နှုတ်ခမ်းတော်စူ၍ မမူလိုက်ပါနဲ့
ညီမတော် အလိုကျ……..ဆိုစကားများ…..ဆက်လက်ပြီး အမိန့်တော်ရှိပါ နှမတော်
ချစ်ဇနီးလေးဗျား”။
ဦးရွှေဝင်းသည် ကုတင်ပေါ်မှ ချစ်စုမအား လက်အုပ်ကလေး ချီလျက်သား အချစ်တဏှာ၏
ကျွန်ကြီးအဖြစ် ခစားနေပါသည်။
“ ဦးနော်…ညီမကို အရှင်လတ်လတ် ငရဲပို့နေတာလား…တော်ပါတော့ဆို…အဲဒီ
လက်နှစ်ဖက်လာခဲ့..။ ညီမရဲ့ ရင်ထဲက လှိုင်းလုံးခတ်သံတွေနဲ့အတူ
…စကားပြောပါရစေဦး..ဦးရယ်၊ ညီမမှာ ဦးကို ချစ်လွန်းအားကြီးလို့
မိဘဆွေမျိုးတွေပြစ်ပြီး လိုက်လာခဲ့ရတာပါ။ ညီမရဲ့ ဘ၀က ဦးပြုစုယုယမှ
နုရတော့မှာပါ။ သူများတွေရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျှောလိုက်ခဲ့မိပါပြီ
ဦးရယ်…။”
ချစ်စုမသည် ဦးရွှေဝင်း၏ လက်နှစ်ဖက်ကို ဆွဲလျှက် ရင်ခွင်တွင်းသို့ ၀င်ပြီး
အချစ်မျက်ရည်ခံထိုး၍ စကားပြောနေကြ၏။
“ ဦးရယ်၊ ညီမရဲ့ ဘ၀က ငယ်ငယ်ရွယ်ရွယ်နဲ့ သူများရဲ့ လင်ကို ယူခဲ့မိလို့
မျက်နှာငယ်ရပါပြီ…ဦးနဲ့ ညီမ အသက်ကလဲ သမီးနဲ့ အဖေအရွယ်ဆိုတော့ …တွေ့တဲ့
မြင်တဲ့သူတွေက…မေးငေါ့ကြတာပေါ့…။ သမီးကို သနားပါ ဦးရယ်နော်….”
ဦးရွှေဝင်းသည် ရင်ခွင်ထဲမှ ချစ်စုမကို ဆက်ကနဲ တွန်းလွှတ်၍ ဟားတိုက်ရယ်မော
ပြောဆိုနေပါသည်။“ ဟားဟားဟား ချစ်စုမရယ်…မင်းပဲ ကျမကို “ သမီး” လို့
မခေါ်ပါနဲ့၊ ညီမလို့ ခေါ်ပါဆို သမီးကို သနားပါ ဖြစ်လာပြန်ပြီ၊ ဦးက ချစ်စုမ
ညီမလေးကို တစ်ကယ်သနားလို့ တကယ်ချစ်လို့..ဖြစ်ချင်ရာဖြစ် မိသားစု၊
သား/သမီးတွေနဲ့ မယားကိုထားခဲ့ပြီး အချစ်ဘ၀သစ် တည်ထောင်ခဲ့တာပါ ကလေးရယ်…”
ချစ်စုမသည် ဦးရွှေဝင်း တွန်းလွှတ်လိုက်၍ ကုတင်တစ်ဖက်စွန်းမှာ ကွေးကွေးကလေး
ခွေနေပြီး မျက်ရည်တွေ ယိုစီးကျနေပါသည်။ မချိုပြုံးပြုံး၍ စိတ်ကောက်
စကားစစ်ထိုးနေပါတော့သည်။ သူမမှာ ငိုနေ၏။
“ဟီး..ဟီး..ဟီး ဦးမကောင်းဘူး..ညီမရဲ့ ခါးတော်တော်
နာသွားပြီ..ပြန်လျော်ပေး ခုချက်ချင်း
နှိပ်နင်းပေးရမယ်..အားအား..ကျွတ်ကျွတ် အမေရေ..အမေ့သမီးတော့ လင်ယူမိတာ
ငါးပါးမှောက်ပါပြီတော့။ ဟီးဟီး ..ဦးကို မချစ်တော့ဘူး။ အခန်းထဲက
ခုချက်ချင်းထွက်သွား..သွားဆို ..ဘာကြည့်နေတာလဲ…သွား ညီမ အနား မလာနဲ့။”
ဦးရွှေဝင်းသည် ချစ်စုမ ဘာပဲပြောပြော သူမ အနားသို့ ဇွတ်အတင်း
ကပ်သွားခဲ့ပါသည်။ မိန်းမဟူသည် ဆောင်းလေပမာညီ အတွင်းသဘောဘယ်မတည်
ပြောင်းလဲတတ်သည်။ အချစ်နှင့်ပတ်သက်လာလျှင် များသောအားဖြင့် မိန်းမများသည်
စကားကို ပြောင်းပြန်ပြောတတ်ကြ၏။ ဦးရွှေဝင်းမှာ သူဖတ်ခဲ့ဘူးသော ဆရာကြီး
ပီမိုးနင်း၏ အထက်ပါ အချစ်သျှတြ ကျမ်းစာများကို သတိရမိလာပါသည်။
“ ချစ်ဇနီးလေးရယ် ဦးကို စိတ်မဆိုး ပါနဲ့နော်၊ ညီမ အကြိုက် ဘာမဆို
အားလုံးစိတ်တိုင်းကျ နေထိုင် ပြောဆိုပါတော့မယ်” အခန်းတွင်းမှ
ဇနီးမောင်နှံအသံများ တိတ်ဆိတ်သွားပေပြီ..။ တိတ်ဆိတ်ငြိမ်သက်နေသော
အသံများအား နားစိုက်ကြည့်မည် ဆိုပါလျှင် အဓိပါယ်အမျိုးမျိုး
ဖွင့်ဆိုကြမည် မဟုတ်လား…။
********************
ဦးရွှေဝင်းနှင့် ချစ်စုမတို့ ဇနီးမောင်နှံသည် သရက်မြို့တွင်
ပေါင်းသင်းဆက်ဆံ နေထိုင်လာခဲ့သည်မှာ (၁)ကျော်ကြာလာခဲ့ပေပြီ၊
ဦးရွှေဝင်းမှာ အသက်(၅၀)ကျော်လာသောအခါ အရာရာ
စိတ်သွားတိုင်းကိုယ်မပါနိုင်တော့ပေ။ ယခင်က သူများတကာနှင့် ဇနီးကြီးအပေါ်
လက်ညှိုးထိုး၍ စေခိုင်းခဲ့ပြီး အဆင်မပြေလျှင် ဒေါသအလွန်ကြီးခဲ့ပါသည်။
ယခုအခါ ဦးရွှေဝင်းမှာ ချစ်ဇနီးငယ်ကလေး၏ လက်ညှိုးညွှန်ရာ ကပြာကရာ ကိစ္စ
အ၀၀ကို ဆောင်ရွက်နေရပေပြီ။ ချစ်ဇနီးငယ်၏ အလိုကျ မဆောင်ရွက်နိုင်သောအခါ
မယားငယ် ကလေး၏ နှုတ်ခမ်း ဓါး စူးစူးဖြင့် ရင်ဘတ်ကြီးကို ထိုးမွှေ
ခံရပေတော့သည်။
ယခင်က အလွန်ကြီးခဲ့သော ဦးရွှေဝင်း၏ ဒေါသအိုးကြီးသည် မယားငယ်ကလေး၏
ခြေဖနောင့်အောက်သို့ ပြားပြားဝပ် ကြေမွ၍ သွားပေပြီ..။ တစ်ဘက်အိမ်မှ
အသံကျယ်လောင်စွာဖြင့် ကက်စက်ဖွင့်သံမှာ ဦးရွှေဝင်းအား သရော်
လှောင်ပြောင်နေသလား ထင်မှတ်ရပါ၏။ (အငယ်လေးကို ချစ်ရင် ဒုက္ခ..) ၂ ငါးပါး
မှောက်လိမ့်မယ်…။
“ အိမ်ရှင်တို့..အိမ်ရှင်တို့…ဘယ်သူမှ မရှိကြဘူးလား…. ချစ်စုမ နာမည်နဲ့
စာပါလာတယ်..ထွက်ပြီး လက်ခံပေးကြပါ” အိမ်ရှေ့မှ စာပို့သမား အော်သံကြောင့်
ချစ်စုမ အပြေးအလွှား ထွက်ယူလိုက်ပါသည်။ စာအိတ်ပေါ်က လက်ရေးကြည့်၍ ချစ်စုမ
ပြုံးစိစိ ဖြစ်နေ၏။ အိပ်ခန်းအတွင်းမှ အိပ်နေသော ဦးရွှေဝင်းကို
တစ်ချက်လှည့်ကြည့်ပြီး စာဖတ်ရန် အိမ်သာထဲသို့ သွားပါတော့သည်။
***********************
ဦးရွှေဝင်းသည် ချစ်စုမနှင့် စတင်ပေါင်းစဉ်ကတည်းက ပါလာသော ငွေများကို
ချစ်စုမထံ အပ်နှံထားသည်။ လုပ်ငန်းငွေစာရင်းများကိုလည်း ချစ်စုမ
ကိုင်ထား၏။ သစ်ဝါးနှင့် ထော်လာဂျီ လုပ်ငန်းကိုလည်း သူ၏ သူငယ်ချင်းဖြစ်သူ
ကိုခင်မောင်ကြည်အား ဦးဆောင်ခိုင်းထားပေသည်။ လုပ်ငန်းမှာ တိုးတက်မလာဘဲ
ပေးရန် ကြွေးစာရင်းများသာ များ၍ လာ၏။ ဦးရွှေဝင်းသည် အိပ်တစ်ဝက် ၊
နိုးတစ်ဝက်ဖြင့် အတွေးဝင်္ကပါ ချာချာလည်အောင် စဉ်းစားနေပေတော့သည်။ မနေ့က
ဦးရွှေဝင်းနှင့် သူ၏ သားကြီး မောင်ထိပ်တင်တို့ ဖုန်းဆက်ပြောဆိုကြ၍
အိမ်မှသတင်းများကို စိတ်မကောင်းစွာ ကြားသိခဲ့ရပြန်ပေသည်။ မယားကြီး
ဒေါ်ဌေးကြည်မှာ အိပ်ယာထဲမှာ ဘုန်းဘုန်းလဲနေပေပြီ..။ သမီးကြီး ဂျမ်းထော်မှာ
ဘွဲ့ယူပြီး၍ ယောက်ျားယူတော့မှာဖြစ်ကြောင်း၊ ဘွဲ့နှင်းသဘင် တက်ယူသည့်နေ့က
သူများတွေမျာ မိစုံ ဖစုံတွေနဲ့ ဓါတ်ပုံရိုက်နေကြတာကို ကြည့်ပြီး
ကျန်ခဲ့တဲ့ သားအမိ သုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် ဖက်၍ ငိုပွဲ
ဆင်ခဲ့ကြရ၏။ နောက်(၆)လကြာလျှင် သမီးကြီး၏ လက်ထပ်ပွဲ လုပ်မှာဖြစ်ကြောင်း
သားကြီးမှ ငိုသံပါနှင့် ပြောကြားတာကို ပြန်၍ ကြားယောင်နေမိပေတော့သည်။
“ အဖေ၊ အဖေ မရှိတော့လည်း စီးပွားရေး ကိစ္စတွေကို အဖေ သင်ထားခဲ့တဲ့
ပညာတွေနဲ့ ရှာဖွေနိုင်ခဲ့ပါတယ်..။ ဒါပေမယ့် အဖေရယ် အစားထိုးလို့
မရနိုင်တာက လူမှုရေး နယ်ပယ်ထဲမှာ “ အဖေ” ဆိုတာ ဘာနဲ့မှ အစားထိုးလို့
မရပါဘူး အဖေရယ်…”
ဦးရွှေဝင်းသည် သူ၏ သားဖုန်းဆက်၍ ပြောစကားများကို ပြန်လည် ကြားယောင်မိပြီး
သက်ပြင်းအခါခါ ချနေမိ၏။ သမီး၏ မင်္ဂလာဆောင်တွင် အဖေမလာနိုင်၍
မျက်နှာငယ်ရမည့် အဖြစ်များအား တဆက်တည်း စဉ်းစားလာမိပြန်ပါသည်။
ဇနီးကြီးကလည်း လုံးဝ လက်ခံမည် မဟုတ်ပေ။ သမီးကလည်း အမေ့ထက် စိတ်ကကြီး၏။
“ အဖေ၊ သမီးတို့ကို မချစ်လို့ ပစ်သွားတာကို အမေက ခွင့်လွှတ်နိုင်ပေမယ့်
သမီးက ခွင့်မလွှတ်နိုင်ဘူး အဖေ…”
သမီးကြီး၏ နောက်ဆုံး ပြောစကားကြောင့် ဦးရွှေဝင်းမှာ သမီး၏ မင်္ဂလာဆောင်သို့
သွားရန် တွန့်ဆုတ်နေပါသည်။
“ ဦး..ဦးရေ ခေါ်နေတာ မကြားဘူးလား…ဦးရွှေဝင်းရှင့်၊ ဒီလောက် ခေါ်နေတာတောင်
မကြားဘူး၊ ဘာတွေများ စဉ်းစားပြီး မှန်မှန်ပြောစမ်း၊ ညီမကို ကျော်ပြီး
ဦးရဲ့ မိသားစုကို သတိရနေတာ မဟုတ်လား…။”
ဦးရွှေဝင်းသည် ချစ်စုမ သူ၏ အနားသို့ ရောက်လာတာကို အမှန်မသိလိုက်ပါ၊
ချစ်စုမ ဆောင့်၍ အော်လိုက်သံကြောင့် ရုတ်တရက် လန့်သွားပါသည်။ သူရဲ့
နားထဲတွင် မကြားဘူးသော စကားတစ်ခွန်းကြောင့် ရင်ထဲတွင် အောင့်သက်သက်
ဖြစ်သွားမိပါသည်။ ချစ်စုမ တစ်ကြိမ် တစ်ခါမျှ မခေါ် ဘူးသော ခေါ်သံမှာ “
ဦးရွှေဝင်း” တဲ့။
“ ဟော ..ဦးရေ…အစ်ကိုကြီးရေ…ညီမရဲ့ လင်တော်မောင်ကြီးရေ…ညီမကို ဘာလို့
ပြူးကြည့်နေတာလဲ…”
ချစ်စုမသည် သူမအား မျက်ထောင့်နီကြီးနှင့် စိတ်ဆိုးသွားသော အမူအယာကို
ချက်ချင်း သိလိုက်ပါသည်။ ထို့ကြောင့် မိန်းမတို့၏ တင်္ခဏုပတ္တိညာဏ်ဖြင့်
ဒေါသသံမှ ချက်ချင်း တဏှာသံသို့ ပြောင်း၍ ချိုသာစွာ ဆိုလိုက်ပါတော့၏။
ပြောပြောဆိုဆိုနှင့် ချစ်စုမသည် ဦးရွှေဝင်း အနားသို့ ကပ်၍ ကပ်၍
တိုးလာခဲ့ပြီး ဦးရွှေဝင်း၏ ပါးနှစ်ဖက်ကို မွှေးမွှေး ပေးလိုက်ပါသည်။ သူမ၏
လက်နှစ်ဖက်ဖြင့် ဦးရွှေဝင်း၏ ရွှေလည်တိုင် ကြီးအား ရီးလေခိုစီး
လိုက်ပါသည်။ သူမ၏ ရယ်သံမှာ…လေထဲတွင် ပျံ့လွင့်သွားပေသည်။ ဦးရွှေဝင်းသည်
ချစ်စုမ၏ သာယာမှု ရေအလျဉ်ကြောတွင် မျှောပါသွားပေပြီ…ယောက်ျား မိန်းမ
သတ္တ၀ါဟူ သမျှသည် သာယာမှု ထွက်ပေါက်ကို လိုလား တောင့်တခြင်းမှာ သဘာဝ တရား
မဟုတ်ပါလား…။
********************************
ဦးရွှေဝင်းသည် မနေ့ ကချစ်စုမထံသို့ အမှတ်တမဲ့“ ဦးရွှေဝင်း ” ဆိုသော ခေါ်သံ
စကားတစ်လုံးကြောင့် ယနေ့မှ စ၍ အချိုးပြောင်းပြီး လက်ဘက်ရည်ဆိုင်သို့
ထွက်ထိုင်ခဲ့၏။ သရက်မြို့တွင် နေထိုင်ခဲ့သော တစ်နှစ်ခွဲ ကာလအတွင်း
ပထမဆုံးအကြိမ် လက်ဘက်ရည် ဆိုင်သို့ ထွက်ထိုင်ခြင်း ဖြစ်ပါသည်။ အပြင်သို့
မထွက်ခြင်းမှာ ဦးရွှေဝင်းသည် သမီးအရွယ် ချစ်စုမသည် သမီးအရွယ် ဇနီးငယ်
ဖြစ်နေ၍( သားအဖဟု ထင်မှတ်နေကြပါသည်။) ချစ်စုမ အပြင်ထွက်ရင်လည်း
ဦးရွှေဝင်းကို ခေါ်လေ့ခေါ်ထ မရှိပါ။ တစ်ခါ တစ်ရံ ကျန်းမာရေးအတွက် ဆေးခန်း၊
ဆေးရုံသို့သာ သူတို့ နှစ်ဦးတည်း ထွက်ကြ၏။ ချစ်စုမ အပြင်သို့
အလုပ်ကိစ္စဖြင့် ထွက်လျှင် အိမ်ဖော် ထမင်းချက် ကောင်မလေးနှင့်
ကိုခင်မောင်ကြည်တို့ အမြဲလိုက်ပါကြ၏။ အိမ်တွင် ထမင်းချက်
ကောင်မလေးများမှာ ငါးလ တစ်ကြိမ် ပြောင်းလည်း ခိုင်းစေပါသည်။ အ ကြောင်းမှာ
ချစ်စုမက သူ၏ ယောက်ျား ဦးရွှေဝင်းနှင့် မသင်္ကာတိုင်း ပြောင်း၍
ခန့်ထားခြင်း ဖြစ်ပါသည်။ ဦးရွှေဝင်းသည် ချစ်စုမ အကြောင်း စေ့စေ့စပ်စပ်
တွေးတောနေရင်း မနေ့က မူပြောင်းသွားသော ချစ်စုမကို ပြန်လည်ဒေါပွ
နေမိပြန်၏။ ( ဦးရေ..အစ်ကိုကြီးရေ …ခေါ်နေရာမှ “ ဒီမှာ ဦးရွှေဝင်း” ဆိုသော
စကားကြောင့်) ဇနီးငယ်ငယ်လေးနှင့် ထာဝရ အချစ်ဖြင့် အိပ်မောကျနေခဲ့သော
ဦးရွှေဝင်းမှာ အချစ်အိပ်ယာထဲမှ လန့်၍ တစ်ရေးနိုးခဲ့ပေပြီ..။
လက်ဘက်ရည်ဆိုင်အတွင်း တစ်နေရာမှ စကားဝိုင်း တစ်ခုကြောင့် ဦးရွှေဝင်းအား
ချစ်စုမ သစ္စာဖောက်သော သတင်း အစအန ကြားသိခဲ့ရပေပြီ..။ တစ်ဖက်စကားဝိုင်းမှ
ချစ်စုမ၏ သတင်းများကို ဦးရွှေဝင်း ပြန်လည် စုစည်း စဉ်းစား
နားထောင်လိုက်သောအခါ..
ချစ်စုမသည် သူ၏ ငယ်ရည်းစားများနှင့် ပြန်လည် ဆက်သွယ်နေ၏။
လူချင်းမတွေ့ရသော်လည်း စာဖြင့် ဆက်သွယ်နေပါသည်။ မောင်စိုးနိုင်၊
မောင်အောင်မိုးနှင့် မောင်ဝင်းမင်းတို့ထံမှ စာများ မကြာ မကြာ
ရောက်လာတတ်ပါသည်။
ချစ်စုမသည် အပျိုဘ၀က စိတ်ဓါတ်အတိုင်း အိမ်ထောင်သည် ဘ၀အထိ သယ်ဆောင်လာခြင်း
ဖြစ်ပါသည်။ ၀ါသနာ ဗီဇကို မဖျောက်နိုင်ကြောင်း သူမ၏ လုပ်ရပ်များက သက်သေ
ခံနေပါသည်။လွတ်လပ်သော ဘ၀တွင် အပျော်နေခဲ့မိသော အကျင့်သည် အိမ်ထောင်သည်
ဘ၀သို့ ရောက်သောအခါ…လူလည်းပျက်၊ စီးပွားရေးလည်း တစတစ ယုတ်လျော့ ပျက်စီး၍
လာပေပြီ။
ပိုမို၍ ဆိုးရွားသော လုပ်ရက် တစ်ခုမှာ ချစ်စုမ ဦးနှောက်မဲ့ နေပေ၏။
မောင်ဝင်းမင်းထံ သို့ ချစ်စုမသည် စီးပွားရေးလုပ်ငန်းမှ ငွေများအား
ဦးရွှေဝင်းမသိအောင် ခိုးယူပေးခြင်း ဖြစ်ပါသည်။ မောင်ဝင်းမင်းသည် ယခင်က
လုပ်နေကျအတိုင်း နှစ်လုံးထီရောင်းခြင်း၊ ထိုးခြင်းဖြင့် ချစ်စုမ
ပေးပို့သော ငွေများသုံး၍ မြေလတ်မြို့မှာ ပျော်ပါးသောက်စားနေ၏။ မကြာသော
ကာလအတွင်း မောင်ဝင်းမင်းသည် လောင်းကစားမှုနှင့် အဖမ်းခံရပါသည်။ အမှုအတွက်
ငွေလိုနေ၍ ချစ်စုမထံသို့ မကြာမကြာ စာရေးပြီး တောင်းရ၏။ လောကကြီးသည်
ကိုယ်ပြုသောကံကို ကိုယ်သာခံရမြဲဖြစ်ပါသည်။ မောင်ဝင်းမင်းသည်
လောင်းကစားမှုဖြင့် ထောင်ဒဏ်(၂)နှစ်တိတိ အချခံလိုက်ရပါတော့၏။ သရက်မြို့
ထောင်သို့ ရောက်သောအခါ ချစ်စုမက ထောင်ဝင်စာ သွား၍ တွေ့ပါသည်။
လူမိုက်အားပေး မုဆိုးတစ်ပိုင်း မိန်းမရိုင်း။ သူခိုး
ဓါးရိုးကမ်းနေသောချစ်စုမသညဖျတ်ဖျတ်လူး အပူသည်ယောင်ဆောင်ပြနေသည်။
“မောင် ..ဘာမှအားငယ်မနေပါနဲ့၊ ဒီမြို့မှာ…ညီမ တစ်ယောက်လုံးရှိနေတာပဲ၊
ထောင်ထဲမှာ ..ကောင်းကောင်းနေရအောင်၊ စားရအောင်၊ ညီမ (၇ ရက်
တစ်ကြိမ်လာပြီး စီစဉ်ဆောင်ရွက်ပေးပါမယ်…၊ အားငယ်မနေနဲ့နော်..။”
“ မလာခဲ့ပါနဲ့တော့… ချစ်စုမရယ်…။ ကိုယ့်အပြစ်နဲ့ကိုယ်သာ
ရှိပါစေတော့ကွာ…၊ ညီမရဲ့ ယောက်ျားကြီး ဦးရွှေဝင်း သိသွားရင်…ညီမတို့
အိမ်ထောင်ရေး ကွဲသွားပါ့မယ်…။ ကိုယ့်ဆီကို
မလာခဲ့ပါနဲ့တော့ကွာ…ပြန်တော့နော်…ဟိုမှာ အစောင့်တွေက ဒို့နှစ်ယောက်ကို
ဝိုင်းကြည့်နေကြပြီ..။ သွားပါတော့ ချစ်စုမရေ…နော်…နော်”
လက်ဘက်ရည်ဆိုင်အတွင်းမှ ပြောပြနေသော စကားဝိုင်းသည် ဦးရွှေဝင်းအတွက်
နားထဲသို့ သံရည်ပူများ လောင်းထည့်နေသလား ထင်မှတ်ရတော့၏။ ဦးရွှေဝင်းသည်
ရှက်လွန်းအားကြီး၍ မျက်နှာကြီး တစ်ခုလုံးနီမြန်းနေပေပြီ..။
************************
ဒီကိစ္စ ဘယ်ကစပြီး ဘယ်လိုကိုင်တွယ် ဖြေရှင်းရမည်လဲ…စဉ်းစားရင်းမှ
ထွက်ပေါ်လာသော ဒေါသများကို ရင်ဝယ်မြိုသိပ်၍ ဆိုင်ထဲမှ
ထွက်လာခဲ့ပါတော့သည်။အိမ်ကို တန်း၍ မပြန်သေးဘဲ ကမ်းနားလမ်းသို့
စိတ်ကုန်လက်ပန်းချပြီး တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့၏။
ကမ်းနားလမ်းတွင် ရှိသော သရက်မြို့၏ တန်ခိုးကြီး ဆုတောင်းပြည့်
ဘုရားဝိုင်း အတွင်းသို့ ၀င်ရောက်လာခဲ့ပါသည်။ ဘုရားရင်ပြင်တွင် ဒူးထောက်
လက်အုပ်ချီလျှက် ရင်တွင်းမှ သောက အပူများကို သက်ပြင်း ရှည်နှင့်အတူ
မှုတ်ထုတ်လိုက်ပါသည်။
“ ဘုရား တပည့်တော်သည်… ကိုယ့်ကျင့်တရားပျက်၍ ချစ်စုမ ဇနီးငယ်ငယ်လေးကို
ယူခဲ့မိပါသည်။ ၀ဋ်ကြွေးရှိပါက ဒီဘ၀ဒီမျှနှင့်ပေးဆပ်ရလို၏..ရှင်ဘုရား…”
ဘုရားတန်စောင်အပေါ်မှ ခိုမိသားစု တစ်အုပ်သည် ဦးရွှေဝင်း၏ အသံထွက်၍
ဆုတောင်းသံကြောင့် လန့်ပြီး“ ဖြန်းကနဲ“ ထ၍ ပြန်သွားကြပေတော့သည်….။
ဦးရွှေဝင်းသည် မှောင်စပျိုးသော အချိန်မှ အိမ်သို့ ပြန်ရောက်လာ၏။
အိမ်အတွင်းသို့ ၀င်လိုက်မိသောအခါ…အသင့်စောင့်နေကြသော ဧည့်သည်သုံးဦးကို
တွေ့လိုက်ရသည်။ ဦးရွှေဝင်းသည် သူတို့အား မြင်တာနှင့် ကြက်သေ သေ၍
ကျောက်ဆစ် ရုပ်ကဲ့သို့ ရပ်ကြည့်နေမိ၏။ သူတို့မှာ…ချစ်စုမ၏ အဖေနှင့်အဖေ၊
ချစ်စုမ၏ အစ်မ တစ်ဦးတို့ ဖြစ်ကြပါသည်။ ချစ်စုမ၏ အမေမှာ ထိုင်နေရာမှ
မတ်တတ်ရပ်၍ ကျောက်ရုပ်ဖြစ်နေသော ဦးရွှေဝင်းအနားသို့ ကပ်လာပြီး
စကားဆိုရန်တွေ့ပါတော့သည်။
“ လူကြီးမင်း…ဦးရွှေဝင်း…….ကျမတို့ကို မြင်တွေ့လိုက်လို့ ကြောက်လန့်ပြီး
ကျောက်ရုပ် ဖြစ်မသွားပါနဲ့ …ရှင်ဟာ ..တော်တော်ကို လူကြီး လူကောင်း
မဆန်တဲ့ လူပဲ..။ ကလေးကို မုန့်ပေးပြီး ခိုးယူ ဇနီးလုပ်လိုက်တာပေါ့။
ကျမရဲ့ သမီးလေး ချစ်စုမဟာ ..ရှင့်သမီးထက်တောင် အသက်က ငယ်ပါသေးတယ်..။
ရက်စက်လိုက်တာရှင်..။ ဒီမှာကြည့် သူရေးပေးခဲ့တဲ့စာ…”။
သို့ /
“ အဖေနှင့် အမေ…ကျမရဲ့ ချစ်သူ ၀င်းမင်းဆိုသော ကောင်ကလေးနဲ့ ယနေ့ စာမေးပွဲ
အပြီး ခိုးရာသို့ လိုက်သွားပါပြီ..။ သမီးကို ခွင့်လွှတ်ပေးကြပါ။…”
သမီးမိုက်
“သူရေးထားခဲ့တဲ့ စာအတိုင်း ရွယ်တူ ကောင်လေးနဲ့ အိမ်ထောင်ပြုသွားတယ်
ဆိုပြီး ကျမတို့ မိသားစု စိတ်အေးနေကြတာ၊ ယခုတော့မှ သူက အကြောင်းစုံ
ရင်ဖွင့်ပြီးခေါ်တော့ ဦးရွှေဝင်း လူယုတ်မာကြီးက ကြားမှ ဖြတ်ခိုးယူပြီး
ပေါင်းသင်းဆက်ဆံနေတာ…သိရလို့၊ ကျမတို့ လိုက်လာခဲ့ရတာ… ကဲ ရှင် ဘာတွေ
ငိုင်ပြီး နေတာလဲ၊ ကျမရဲ့ သမီး ချစ်စုမကို ခေါ်ပေးပါ..။
ရှင်နဲ့…မပေါင်းချင်တော့လို့ သူရေးပို့လိုက်တဲ့စ…စာကို…ရော့ ဒီမှာ
ဖတ်ကြည့်စမ်းပါ…”
ဦးရွှေဝင်းသည် သူ၏ ရှေ့တွင် ရန်တွေ့၍ ပြောကြားနေသော ချစ်စုမရဲ့ အမေ
ထိုးပေးတဲ့ စာအိတ်ကို လှမ်းယူလိုက်၏။ လက်များ တုန်ရီစွာဖြင့် ချစ်စုမ၏
စာကို ဖတ်လိုက်ပါတော့သည်။

သို့/
အဖေနှင့်အမေ…သမီးမိုက် ရောက်ရာ အရပ်က စာရေးဆက်သွယ်လိုက်ပါတယ်..။ သမီးမှာ
အဖေတို့ထံ စာရေးထားခဲ့တဲ့ ၀င်းမင်းနဲ့ ပေါင်းသင်းဆက်ဆံနေရခြင်း
မဟုတ်ပါ…။အမေတို့ လုံးဝ မယူစေချင် မဖြစ်စေလိုတဲ့ အဖေအရွယ် ဦးရွှေဝင်းနဲ့
ပေါင်းသင်း ဆက်ဆံနေရပါတယ်..။ ဒီလူကြီးက သမီးစာမေးပွဲပြီးတဲ့နေပမှာ
ကားတစ်စီးလွှတ်ပြီး ၀င်းမင်းက ခေါ်ခိုင်းလိုက်တာ ဆို၍ သမီးယုံကြည်စွာ
လိုက်ခဲ့မိလို့ သူများ၏ မယားငယ် ဘ၀ကို ရောက်နေခဲ့ရပါပြီ..။ သမီး တစ်နေ့မှ
စိတ်မချမ်းသာရပါဘူး အမေရယ်။ ဒါကြောင့် ဒီစာ ရတာနဲ့ သမီးကို အမြန်ဆုံးလာ၍
ခေါ်ပေးစေလိုပါတယ်…။ သမီးရဲ့ ရည်းစား ၀င်းမင်းကလည်း သဘောထားကြီးစွာနဲ့
ပြန်ပြီး လက်ခံမယ်လို့ စာရေးထားပါတယ်…။ ဒီလူကြီးကို ကြောက်လို့
တစ်နှစ်ကျော် ပေါင်းသင်းနေရပြီး အမေတို့နဲ့ အဆက်အသွယ်
ပြတ်ခဲ့ရတာပါ။..။သမီးနဲ့သူ ယခုအချိန်အထိ တရားဝင် လက်ထပ်စာချုပ်
မလုပ်ခဲ့ကြသေးပါ..။ ဒီအချက်ကို ထောက်ပြီးအမေရယ်၊ အစ်မရယ်…လိုက်လာခဲ့ပြီး
သမီးကို ချက်ချင်း ဆက်ဆက်လာခေါ်ပေးကြပါနော်..။ သမီးမိုက်ကို
ကယ်တင်ပေးကြပါ… ခွင့်လွှတ်သနားကြပါ..။ သမီး မျှော်နေမယ်နော်..။
ဝေးမြေမှ..ဒုက္ခသည် ချစ်စုမ..။
လိပ်စာ-
ချစ်စုမ (၀ါးသက္ကယ် ရောင်းဝယ်ရေး ပွဲရုံ အလယ်ရယ်၊ သရက်မြို့။)
ဦးရွှေဝင်း တစ်ယောက် ဒီစာကို ဖတ်ပြီး ကမ္ဘာကြီး ချာချာလည်သွားသကဲ့သို့
ခံစားလိုက်မိပါသည်။ ကျောက်ရုပ်မှ ချက်ချင်း အရက်မူးသမားအသွင်သို့
ပြောင်းသွားခဲ့ပါသည်။ တစ်နှစ်ကျော် ချစ်စုမ၏ ခြေဖ၀ါးအောက် ပိပြားနေခဲ့သော
ဦးရွှေဝင်း၏ ဒေါသအိုးကြီးသည် နာကြီးပြင်းထန်၍ ပေါက်ကွဲ
ထွက်ပေါ်လာပေတော့သည်။ အရပ်ထဲမှာ တစ်ခါမျှ အသံကျယ်လောင်စွာ မကြားခဲ့ရသော
ဦးရွှေဝင်းသည်…
“ ချစ်စုမ..ချစ်စုမ..ခုချက်ချင်းထွက်ခဲ့စမ်းဟေ့..ချစ်စုမ ငါခေါ်နေတာ
မကြားဖူးလား..ခုချက်ချင်း ထွက်ခဲ့.. ချစ်စုမ..ဟေ့.. ဟေ့ ငါခေါ်နေတယ်…။”
တစ်ရပ်ကွက်လုံးဆီသို့ ဦးရွှေဝင်း၏ အသံသည် ပြန်လွင့်ကျယ်လောင်သွားပါသည်။
အိမ်နီးနားချင်းများက ထွက်၍ ကြည့်နေကြပေ၏။ အိမ်နောက် မီးဖိုဆောင်ထဲမှ
ထမင်း ချက်သော ကောင်မလေး မျက်စိမျက်နှာပျက်စွာဖြင့် ပြေးထွက်လာပါသည်။
တစ်ခါမျှ ဒေါသသံနှင့် မပြောခဲ့ဘူးသော ဦးရွှေဝင်းအားကြည့်၍ သူငယ်မ
ကြောက်ဒူးများ တစ်ဆပ်ဆပ် တုန်ရီနေပါသည်။
“ ဆရာ..ဆရာ..အစ်မ..အစ်မ မရှိပါဘူးဆရာ.ကျမ ကျမနဲ့အတူ သူ့ရဲ့ သူငယ်ချင်း
တစ်ယောက်ကို သရက်ထောင်မှာ တွေ့စရာရှိလို့ဆို သွားခဲ့ကြပါတယ်..။ အပြန်မှာ
ဂျစ်ကား တစ်စီးနဲ့ လူတစ်ယောက်ကို တွေ့ပါတယ်ဆရာ..ကားကို ခေတ္တရပ်ပြီး
သူတို့နှစ်ဦးကပ်ပြီး စကားတိုးတိုးပြောကြပါတယ်..။ ကျမကို
သွားနှင့်လို့ပြောပြီး ရှေ့နားက စောင့်ခိုင်းပါတယ်..။တော်တော်ကြာတော့
အစ်မက ကားပေါ်တက်ပြီး ကားမှာ ဒလကြမ်း မောင်းထွက်သွားပါတယ်…ဆရာ။”
ဒေါသအိုး ပေါက်ကွဲခဲ့ကြသော ဦးရွှေဝင်းနှင့် ချစ်စုမ၏ အမေ၊ အဖေတို့သည်
ကလေးမ၏ ပြောစကားသံများကြောင့်…ပါးစပ် ဟောင်းလောင်ဖြစ်၍ ဒေါသဆီမှ
သောကဆီသို့ ဦးတည်ကြရပေတော့သည်။ ဒီည တစ်ည မတည့် အတူနေရ၊
သမက်နှင့်ယောက်ခမတစ်စု သောကကို ကိုယ်စီ ရင်ဝယ်ပိုက်၍
နံနက်မိုးသောက်အလင်းသို့ ရောက်ခဲ့ကြပေပြီ..။ ချစ်စုမ အကြောင်း မကောင်း
သတင်းမှာ သရက်မြို့အတွင်း ပျံ့နှံ့၍ ထွက်ပေါ်လာပါသည်။
**********************************
ချစ်စုမသည် လက်ရှိယောက်ျားကြီးအား ပစ်ထားခဲ့၍ အိမ်မှ ရှိသမျှ ငွေများ
လက်ဝတ်ရတနာများကို ယူဆောင်ပြီးနောက် လင်ငယ်တစ်ယောက်နှင့် လိုက်ပါ သွားလေ
သည်။ အိမ်မှ ဂျစ်ကားကိုပါ မင်္ဂလာလက်ဆောင်အဖြစ် ယူသွား၏။ မည်သူနှင့် ခိုးရာ
လိုက်သွားကြောင်းကို ရပ်ကွက်အတွင်းမှ သို့လော…သို့လော ထင်ကြေးပေးကြယုံက
လွဲ၍ အတိအကျ မသိရသေးပါ။။ ချစ်စုမ၏ မိဘများမှာ…ဦးရွှေဝင်းအား တရားစွဲဆို၍
ထောင်ချမည်၊ သမီးကို ပြန်ခေါ်ခဲ့မည်။ စသည့်..စသည့်..သူတို့အားခဲ၍
လာခဲ့သမျှ ချစ်စုမ၏ လုပ်ရက်ကြောင့် အရှက်တကွဲ အကျိုးနဲ့နှင့်
ပြန်ပြေးသွားကြလေသည်။
ဦးရွှေဝင်းမှာ ဘယ်သူမပြု၊ မိမိအမှု ဆိုရမလား…ချစ်စုမဆိုတဲ့ အငယ်လေးကို
ချစ်ခဲ့မိလို့..ခံစားခဲ့ရတဲ့ ကြည်နူးသာယာမှုများ ချစ်စုမရဲ့
ယုံတမ်းစကားများ တွတ်တီးတွတ်တာ အပလီ၊ အပလာ နွဲ့ဆိုးများအား တစ်စိမ့်စိမ့်
ပြန်လည်တွေး၍ ရှက်ပြုံး ပြုံးနေပါသည်။
“ အင်း၊ သူမကောင်းတာကို သိလျှက်နဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာ င့ါရဲ့မိသာ
တစ်စုလုံးကို ပြစ်ထားခဲ့မိတာပဲ။ သူတို့ လူငယ်တွေရဲ့ အချစ်ကို ငါက
အဟုတ်ထင် လူစွမ်းကောင်းလုပ်ပြီး ကြားဖြတ်၍ လုယူခဲ့မိတာ အခုတော့
ငါ..၀တ်လည်တော့တာပါ..။ ပြန်လို့ စဉ်းစားကြည့်မယ်ဆိုရင်တော့ ချစ်စုမက
င့ါကို တကယ်ချစ်တာမှ မဟုတ်ပဲ၊ အရွယ်ကလည်း မတူကြတော့ င့ါလို လူအိုကြီးကို
တိတ်တိတ်ပုန်း အမြှောင်ထားပြီး ဆက်ဆံနေချင်တာကိုး။ ငါကိုက ဇရာအိုအရွယ်
အသည်းချောက်ကပ်နေတာကြီးဟာ..တဏှာပို အချစ်ရူး သူငယ်ပြန်ခဲ့မိတာ..ယခုတော့
ဘာတတ်နိုင်တော့မှာလည်း ဦးရွှေဝင်း။ အချစ်ဆိုတာ မျက်စိ မပါကြပေမယ့်
တစ်ကယ်ဖြစ်သင့် ဖြစ်ထိုက်သာကို မပယ်သင့်ကြဘူး။ အချစ်ဆိုတာ စိတ်ကူးယဉ်လို့
ရကောင်းပေမယ့် တစ်ကယ်တန်း လက်တွေ့ဘ၀တွေမှာ စိတ်ကူးယဉ်ဆန်၍ မရတာ…ယခုတော့
မင်းသိပြီလား..။”
ဦးရွှေဝင်းသည် ရင်တွင်းမှ သူ့ခံစားချက်များအား သူ့ဘာသာ တစ်ယောက်တည်း
ပြောကြားနေမိပါသည်။ တစ်ဆက်တည်း သူ၏ ဘ၀ ဘယ်ဆီ ဘယ်ကမ်းသို့ လှမ်းရမည်ဟု
မတွေးတတ်တော့ပါ။ တွေး၍… မကြေမနပ်ဖြင့် ခံစားနေရခြင်းမှာ…. ချစ်စုမအိမ်က
ဂျစ်ကားနှင့် တစ်ပါတည်း ခိုးယူသွားသူအား ဦးရွှေဝင်း ညကတည်းက
သိလိုက်ပါသည်။ ထို့ကြောင့်လည်း မချိမဆန့် ခံပြင်းခံစားနေ၍ ရှက်လည်း
ရှက်လွန်းသောကြောင့် မည်သူ့ကိုမျှ ဖွင့်မပြောခြင်းပင် ဖြစ်ပါတော့၏။
လောကကြီးသည် အတုံ့အလှည့်ဆိုတာ သဘာဝရဲ့ နိယာမ တရားပေလား။ ကျေးဇူးရှိမှ
ကျေးစွတ်တတ်ကြသည်လား..။ လူယုံသတ်မှ သေမည်ဆိုသော ရှေးစကားများ သွေးထွက်
မတတ်မှန်ပါ၏။ ချစ်စုမ၏ နောက်ယူသွားကြသော လင်ငယ်ဖြစ်သူမှာ----ကျွန်တော်ရဲ့
သူငယ်ချင်း…………. ကိုခင်မောင်ကြည်သာ ဖြစ်ပါတော့သတည်း…။

စာဖတ်သူများ ၀မ်းသာ အားရတော်မူနိုင်ကြပါစေ…………………………။

ရွှေလမ်းငွေလမ်းဝင်းကြည်

၂၀၀၇ ခုနှစ်၊မတ်လထုတ်(အငယ်လေးကို ချစ်ခဲ့မိလို့ နှင့် အခြားဝထ္ထုတိုများစာအုပ်)မှ
ပြန်လည်ဆန်းသစ် တင်ပြပေးပါသည်။
 

အသက်ထက်ဆုံး အချစ်...

အသက်ထက်ဆုံး အချစ်….
(ကဗျာ)
ရွှေလမ်းငွေလမ်းဝင်းကြည်

*ဝေဒနာ အချစ်ဆိုးတွေနဲ့
မရေမရာ ဇဝေဇ၀ါ အဖြစ်မျိုးတွေကြောင့်
အိပ်မရတဲ့ ညပေါင်းတွေလည်း များခဲ့ပေပြီ…..။

*ချစ်တတ်တဲ့အသည်းမှာ သွေးတွေကချိုနေပါတယ်
ရင်ဘတ်ထဲက အသည်းကလီစာတွေကလည်း
တောင်းဆို ဆာလောင်မွတ်သိမ့်နေလိုက်ကြတာ..
ဟို..ငယ်ငယ်တုန်းက… ကလေးတွေလို မိုးပေါ်ကိုမော့ပြီး
ဖိုးရွှေလမင်းကြီးရေ……ထမင်းဆီဆန်း ရွှေလင်ပန်းနဲ့
ပေးပါ..ပေးပါလို့……………………
အော်ငိုပြီး တောင်းလို့ရရင် အကောင်းသား..။

*ယခုတော့ သူကောင့်သား သက်ကြားအို
ပတ်ဝန်းကျင်က မျက်ထားတော်တွေညို..လို့
မင်း.. ရှက်သလားဆိုတော့လဲ “ဟင့်အင်” ပြော ခေါင်းတွေခါ
မပဒါ..မြေမှာလူးရတာလဲ..ဒီအချစ်အတွက်ပဲ..တဲ့။

*အို..ချစ်သက်ထား အငယ်လေးရေ..
မင်းလာမထူရင်လည်း နေပါစေတော့
ငါ့အနားကိုလာ တိုးတိုးလေး မင်းနားမှာကပ်ပြီး
ဘယ်သူတွေမှ မကြားရလေအောင် မှာခဲ့ပါရစေ..တော့
“““သေခါနီး ငါ့အသည်းကို..မင့်အချစ် ခမဲကြိုးလေး..ဆွဲပေးဖြစ်အောင် ဆွဲပေးလိုက်ပါနော်”””……..။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၂-၃-၂၀၀၅ (နံနက်၂း၃၀ နာရီ)ရေး၏။
 

အငယ်လေးကို ချစ်ခဲ့မိလို့ (၂)

အငယ်လေးကို ချစ်ခဲ့မိလို့(၂)
ရွှေလမ်းငွေလမ်းဝင်းကြည်
ချစ်စုမရေ---------------------
အချစ်ဆိုတာ သူများတွေ ပျော်စရာဆိုလို့ ဒို့ရင်ထဲမှာ အလိုလို ငိုနေမိ……။
အဖြေမှန် သိရက်နဲ့လဲ မကြည့်ရက် မကြားလို ချစ်သက်ထားရဲ့ ပါးပြင်ပေါ်မှာလဲ မျက်ရည်တွေ ချောင်းစီးလို့ နေပါရော့လားကွယ်…….။
အချစ်မှာ မျက်စေ့မပါ ဦးနှောက်မရှိ၊ အချစ်နဲ့ဦးနှောက် အပြေးပြိုင် ကြည့်ပါလား……… အချစ်ရဲ့နောက်မှာ ဦးနှောက်ကျန်ခဲ့……..။
အချစ်လိပ်မလေးနဲ့ အချစ် ကိုရွှေယုံ၊ ငါ့လက်ခုပ်ထဲက အချစ်အောင်ပွဲ နားထင်မရှိဘဲ ကိုရွှေယုံ တရေးအိပ်၊ တိတ်တိတ်ကလေး အချစ်လိပ်မလေး ပန်းဝင်သွား---ငါဂန္တ၀င် အချစ်ပြေး သမား..။
သနားချစ် ချစ်လို့ ဖားကို မြွေ မမြိုခဲ့တာ--ခုတော့ မြွေ အ လို့ဆို မော်ဒန်အချစ်နဲ့ စုံကန်ပြေး-- ချစ်သက်ထားလေးနဲ့ ဝေးရတော့မှာလားကွယ်---။
ကိုယ့်ရင်ထဲမှာ ငိုပွဲ…. ရွှေရင်တွေ ဆို့လို့နေဆဲ အို အချစ်ကလေးရယ် သဲသဲ မဲမဲ ရွာနေတဲ့ မိုးရေတွေထဲမှာ----ဒို့ ကျမျက်ရည် ၀ဲ-၀ဲ-၀ဲ…..။


(၁)

စာရေးသူ ကျွန်တော်သည် အထက်ပါ ကဗျာလေးအား ထပ်ခါ ထပ်ခါ ဖတ်နေမိပါ၏။ ဇရာအို ဇာတ်လိုက် ဦးရွှေဝင်းမှာ မိုးသဲသဲမဲမဲ ရွာနေတာကို ဂရုမစိုက်၊ လွင်တီးပြင်ထဲမှာ ကျမျက်ရည်ဝဲ၍ အချစ်ပျောက်ကို ရှာဖွေနေလျှက်။ ကြီးကောင်ဝင်စအရွယ် သနားစရာ သတ္တ၀ါ တစ်ဦးပါတကား။ ဟု စာရေးသူ မျက်စိထဲတွင် မြင်ယောင်နေမိသည်။
ကျွန်တော်၏ စာရေးစားပွဲဘေးမှ ပြင်ပကို မျှော်ကြည့်လိုက်သော မိုးတွေက တဖွဲဖွဲရွာလိုက် လေတွေက တိုက်လိုက်နှင့် လွမ်းမောဖွယ်ရာ ၊ ရာသီဥတုက ဖန်တီးနေပေပြီ။ ဒီနှစ် အညာမြေလတ် မြို့တော်က နောက်ကျမှ မိုးရွာ၏။ ရွာပြန်ပါသော်လည်း မိုးက မစဲဘဲ တဖွဲဖွဲနှင့် စွေနေပေပြီ။ မိုးရွာထဲတွင် မိုးကာအင်္ကျီအနက်နှင့် လူတစ်ယောက် မော်တော်ဆိုင်ကယ်စီး၍ ကျွန်တော့်အိမ်သို့ ရောက်လာပါသည်။ လူပုံသဏ္ဍာန်က အရပ်အနေအထား သင့်၏။ မ၀လွန်းပါ။ ဆံပင် တိုတိုပုံစံ ဖြင့် မျက်မှန် ရွှေကိုင်း တပ်ထားပါသည်။ သူသည် ကျွန်တော်၏ စာရေးစားပွဲခုံမှ မျက်နှာခြင်းဆိုင်ခုံတွင် ပိုင်စိုး ပိုင်နင်း ၀င်ရောက်ထိုင်ချပါပြီ။ ၀င်ခွင့် တောင်းခံခြင်း မရှိ။ ကျွန်တော်၏ မိတ်ဆွေ အသိလည်း မဟုတ်ပါ။ ကျွန်တော် ကျက်သီး တဖျန်းဖျန်းထ၍ လန့်သွားပါသည်။ သူ့မျက်နှာကို စိုက်ကြည့် လိုက်သော် နဖူးရေ ပါးရေ အနည်းငယ် တွန့်နေပေပြီ။ ဆံပင် နက်မှောင်နေခြင်းမှာ ဆေးဆိုးထားသောဆံပင်သေချာမည်။သူသည်မိုးကာအင်္ကျီကိုချွတ်လိုက်သော အခါ စတစ် ကော်လန် အင်္ကျီအဖြူ လက်ရှည်ဝတ်ထား၏။ ပုဆိုးမှာ အပြာရောင်ပေါ်တွင် အဖြူလိုင်း အကွက် အကြဲကို ၀တ်ဆင်ထားပါသည်။ သူ၏ အသားအရည်မှာ ဖြူဆွတ်ဆွတ်နှင့် သွေး ဆုတ်ကောင် ရုပ်ဖြစ်နေပေပြီ။ အသက်မှာ (၅၀)နှစ်ခန့် ရှိမည်ထင်ပါသည်။ သွားများမှာ ဖြူဖွေးနေ၏။ မျက်လုံး မျက်ခုံးများ ကြည်လင် တောက်ပနေပါသည်။ သူ့ကို ကျွန်တော်စိုက်ကြည့် နေတာ သိသွား၍ တဘက်သို့ မျက်နှာလွှဲသွားပါသည်။
””ဆရာ---ကျွန်တော်…..ရွှေဝင်းပါ။““
(ဗျာ…) တလုံးအော်မိပြီး ကျွန်တော်မျက်လုံးပြူးသွားပါသည်။ စာရေးသူ အထက်က ဖတ်ခဲ့တဲ့ ကဗျာအဆုံးသတ်ပြီး ဇာတ်သိမ်းမလှတဲ့ (ဇာတ်လိုက် ကိုရွှေဝင်း) ဆိုတာ ဒီလူကိုး။ ဒီလူ ကျွန်တော့ ဆီကို လာတာ ကျွန်တော်ရေးထားတဲ့ အငယ်လေးကို ချစ်ခဲ့မိလို့(၁) ၀တ္ထုစာမူ ကိစ္စပဲ ဖြစ်ရမည်။ သေချာပါသည်။ ကျွန်တော်သည် ဒီစာမူကို အမျိုးသမီးကြီး တစ်ဦးထံမှ ရရှိခဲ့၏။ ကျွန်တော့ဆီကို ဒီအမျိုးသမီးကြီးကိုယ်တိုင် လာရောက်ပြီး ရက်ရက်ရောရော ပေးသွားခဲ့တာပါ။
“ ရှင်က စာရေးဆရာဆိုလို့ ဒီစာမူကြမ်း ၀တ္ထုဇာတ်လမ်း တပုဒ်လာပေးတာနော်၊ ရှင်းရှင်းပဲ ပြာပါရစေတော့ ဆရာရယ်၊ ကျမရဲ့ ယောက်ျား အသက်(၄၉)နှစ် ရောက်ခါမှ သူငယ်ပြန်ပြီး ဗွေဖေါက်လာလို့ သူတို့နှစ်ယောက်လုံး ရပ်တန်းက ရပ်ကြရအောင်ရယ်၊ ဒီကိစ္စဟာ မိသားစုအတွင်းမှာ ရှက်စရာ ကြောက်စရာ ဆင်ခြင်စရာဆိုတာကို လူတိုင်း သဘော ပေါက်အောင် ဆရာပြန်ပြီး ရေးပေးပါ။ ကျမကို ကူညီပါဆရာရယ်၊ ကျမနာမည် မဌေးကြည်ပါဆရာ…”
စာရေးသူ ငူငူကြီးထိုင်၍ အတန်ကြာအောင် စဉ်းစားတွေးတော နေမိပါ၏။
“ ဆရာ--ဆရာ ကျွန်တော့်ကို ဘာလို့ ငေးကြည့်နေတာလည်းဗျာ--ကျွန်တော် ကိုရွှေဝင်းပါ--ကိုရွှေဝင်းအစစ်ပါ ဆရာရယ်--ဆရာယုံကြည်သွားအောင် ဒီမှာ ချစ်စုမရဲ့ ဓါတ်ပုံပါ။ ဒီမယ် ဆရာ့ဆီ လာသွားတဲ့ ကျွန်တော့်ဇနီး မဌေးကြည်နဲ့ ကျုပ်တို့ မိသားစု ဓါတ်ပုံတွေပါ…”။ စာရေးသူ ဓါတ်ပုံများကို သေချာစွာ ကြည့်နေမိပါသည်“ ဆရာရဲ့ ၀တ္ထုကို ဖတ်ကြည့်ပြီး၊ ပြည့်စုံမှု မရှိသေးလို့ ကျွန်တော် လိုက်လာခဲ့ရတာပါ။ ရော့ -ဆရာရေးထားတဲ့ (အငယ်လေးကို ချစ်ခဲ့မိလို့)၀ထ္ထုပါတဲ့ မဂ္ဂဇင်းစာအုပ်ပါ။ ဇာတ်လမ်းကို လိုတဲ့ကြားက တပုဒ်ခြင်း ဖြည့်စွက်ဖို့ အေးအေးဆေးဆေး ပြောပါရစေ…”
“ ယုံကြည်ပါပြီ--ကိုရွှေဝင်းရယ်..ကဲကဲ ခင်ဗျား ခံစားရတာတွေကို ရင်ဖွင့်နိုင်ပါပြီ..”
“ ကျွန်တော်ရင်ဖွင့်တာ မဟုတ်ပါဘူး ဆရာ..စာရေးဆရာရဲ့ စာရေးစားပွဲခုံရှေ့ ခုံရုံးကိုလာပြီး ဇာရာအိုရဲ့ ဂန္တ၀င်အချစ်ကို ဖြောင့်ချက်ပေးသွားမှာပါ ဆရာရယ်..”
စာရေးသူသည် ကိုရွှေဝင်းကို စိတ်ဝင်စားလာမိပေ၏။ သူ့အပြော သူ့အမူအရာများသည် အနုပညာဆန်လွန်းနေပါပြီ။
“ကောင်းပါပြီ ကိုရွှေဝင်းရေ..ခင်ဗျားက ဂန္တ၀င်အချစ် တရားခံ…။ကျွန်တော် စာရေးဆရာက အချစ်ခုံရုံး တရားသူကြီး…၊ ရုံးတော်၏ ထုံးစံအတိုင်း …မတ်တပ်ရပ်ပါ၊ ကျမ်းကျိန် သစ္စာဆိုရပါမည်-ကျွန်တော်ရှေ့က ဆိုခဲ့တာကို…ခင်ဗျား နောက်ကလိုက်ပြီး တထပ်တည်း ကျအောင် လိုက်၍ ဆိုရမယ်နော်..။
စာရေးသူနှင့် ကိုရွှေဝင်းတို့နှစ်ဦး စာရေးစားပွဲ အလယ်ထား၍ မျက်နှာချင်းဆိုင် ထလိုက်ကြပါ၏။ ပြင်ပမှ ရာသီဥတုကလည်း မိုးက တဖွဲဖွဲ၊ ဟိုတောင်ဆီကလည်း မိုးတွေက ပြိုတော့မယ် တကဲကဲ မဲ၍ နေပါသည်။ မိုးသက်မုန်တိုင်း လေနုအေးများကလည်း လက်ခုတ်လက်ဝါးတီးပြီး သူတို့နှစ်ဦးကို ကြိုဆိုနေသယောင်။
(ကျွန်တော် ဇရာအိုကြီး၏ ကျူးလွန်ခဲ့မိသော ဂန္တ၀င် အချစ်ဇာတ်လမ်းများကို တစ်လုံးမကျန် မချွင်းမချန် မှန်မှန်ကန်ကန် မည်သူ့မျက်နှာကိုမျှ မထောက်မညှာ မှန်ရာကို ထွက်ဆိုပါမည်….)။
စာရေးဆရာ အချစ်ခုံရုံး တရားသူကြီး သိလိုသမျှ မေးခွန်းများကိုလည်း စိတ်ရှည်စွာဖြင့် မှန်ကန်အောင် ဖြေဆိုပါမည်ဟု အကျွန်ုပ်ကိုယ်တိုင် ဤရုံးတော်၌ ကျမ်းကျိမ် သစ္စာပြုအပ် ပါသည်။)
စာရေးဆရာနှင့် ကိုရွှေဝင်းတို့နှစ်ဦး အထက်ပါအတိုင်း တလှည့်စီ အော်ဆိုနေသံများမှာ ကြားရသူများ စိတ်ဝင်စားစရာ ကောင်းနေပေတော့သည်။

(၂)
တရားသူကြီး ။ ။ မောင်ရွှေဝင်း မင်းအသက်(၄၉)နှစ်ကြီးက၊ အသက်(၁၉)နှစ်အရွယ် ချစ်စုမကို ဘာကြောင့်ချစ်ခဲ့ရပါသလဲ… ၊ ဇနီးနဲ့ သားကြီး၊ သမီးကြီးတွေ ရှိရဲ့သားနဲ့ လောဘမကြီးဘူးလား။ လူမှုရေးကျင့်ဝတ်တွေ ဖောက်ဖျက်ရာ မကျလွန်းဘူးလား…။ မရှက်တတ် မကြောက်တတ်တော့ဘူးလား။
ဦးရွှေဝင်း ။ ။ ဆရာခင်ဗျား ကျွန်တော့်ဘ၀မှာ (၄၉)နှစ်လုံးလုံး အချစ်မေတ္တာရေ ငတ်ခဲ့သူ တစ်ယောက်ပါ။ ကျွန်တော်(၂)နှစ်သားအရွယ်မှာ အမေ ဆုံးပါးခဲ့ပါတယ်။ (၈)နှစ်တိတိ ကာလအတွင်းမှာ မိထွေးနဲ့ ဘ၀ဒုက္ခ ပင်လယ်ကြောကို နစ်မောခဲ့ရပါတယ်။ (၁၀)နှစ်သားရောက်တော့ အဖေဆိုတဲ့ ရွှေတောင်ကြီး ပြိုလဲသွားပါတယ်။ တစ်ကောင်ကြွက်ကလေး ကျွန်တော်ဟာ ကျောင်းသားဘ၀မှာ ဘကြီး၊ ဒေါ်ကြီး၊ အိမ်တွေမှာ ကပ်နေရတယ်၊ ခန္မာကိုယ် လုပ်အားနဲ့ ကျေးဇူးတွေ ပေးဆပ်ပြီး ဘ၀ကိုထူထောင်ခဲ့ရပါတယ်။
တရားသူကြီး ။ ။ မောင်ရွှေဝင်း၊ ငါမေးတာက( ၁၅၀၀ )အချစ်မေတ္တာ၊ မင်းဖြေတာက (၅၂၈) မေတ္တာ။
ဦးရွှေဝင်း။ ။ ဆရာမေးတာကို ကျွန်တော်လူလားမြောက်လို့ အိမ်ထောင်ကျပြီး ခံစားရတာက စပါတော့မယ်။ အခြေအနေမဲ့တဲ့ ကျွန်တော့်ဘ၀ကို ငယ်ရည်းစားက လမ်းခွဲထားခဲ့တာကို သိပြီး သနားစိတ်နဲ့ ယခုဇနီး မဌေးကြည်က ကျွန်တော့်ကို လက်ထပ်ယူခဲ့ပါတယ်။ သူဟာ ကျွန်တော့်ထက် အသက်လဲကြီးတယ်၊ ပညာတတ် တစ်ယောက်လဲ ဖြစ်တယ်။ ရိုးလွန်း အေးလွန်းတယ်။ လောကွတ် မလုပ်တတ်ဘူး၊ တည်ကြည်အေးဆေးစွာပဲ နေတတ်ပါတယ်။ သားသမီးနှစ်ယောက်ရလို့ ယခုအချိန်အထိ တီတီ တာတာနှင့် ယောက်ျားကို သာယာမှု မပေးနိုင်ခဲ့ပါ။ သားသမီးများကလည်း ဖခင်ကို တွတ်တီးတွတ်တာနဲ့ ယုယကြင်နာမှုများ မရခဲ့ပါ။ မိသားစု ကြည်နူးသာယာမှုများကိုလည်း မဖန်တီးနိုင်ခဲ့ကြပါ။ လူမှုဝတ္တရားများကတော့ အားလုံး တာဝန်ကိုယ်စီ ကျေပြွန်ခဲ့ကြပါတယ်။ ကျွန်တော့်ဘ၀ တစ်လျှောက်လုံးမှာ လင်နဲ့မယားကြည်နူးသာယာမှုဆိုတဲ့ ချစ်ခြင်းမေတ္တာ ရေတွေ ငတ်ခဲ့ရတာ နှစ်ပေါင်း (၄၉)နှစ်ကြာခဲ့ရပါပြီ ဆရာသမားရယ်…။
တရားသူကြီး ။ ။ မောင်ရွှေဝင်း၊ မင်းကို ချစ်စုမ ဆိုတဲ့ ကောင်မလေးက ဘယ်နှစ်ခါ၊ ဘယ်နေရာမှာ ဘယ်လို ကြည်နူးသာယာမှုတွေကို ပေးခဲ့ပါသလဲ…။ မင်းကရော ခဏသာ သာယာမှုကို ထာဝရ ဖန်တီးယူနေတာလား။ ချစ်စုမက လူငယ်ပီပီ ကတိမတည်ပဲနဲ့ မင်းဇရာအိုကြီးကို သူမခံစားဖူးတဲ့ အချစ်အရသာကိုယူ မာယာများစွာနဲ့ ချူစားသွားတာကော မဖြစ်နိုင်ဘူးလား…..။
ဦးရွှေဝင်း ။ ။ ပြောရက်လိုက်တာ ဆရာရယ်၊ ကျွန်တော့်ကို အတည်ပေါက်နဲ့ ဂတိထားသွားတဲ့ သူရေးပြီး ပေးခဲ့တဲ့ ကဗျာတွေ ဒီစာတွေ သက်သေရှိပါသေးတယ်။ (ဇာတ်လမ်း အစုံတစ်ချို့ကို ပြန်ပြောပါရစေ)။
ကျွန်တော့်ဘ၀မှာ သာယာမှု အပြည့်ကိုခံစားမူပေးသူက ချစ်စုမပါ ။ မေ့မရနိုင်အောင် စွဲလမ်း တမ်းတ နေမိတာလဲ ချစ်စုမပါ…….။

(၃)
(၁၅-၃-၂၀၀၉)နေ့ နံနက်ပိုင်း၊…
မော်တော်ဆိုင်ကယ် တစ်စီးနှင့် လူနှစ်ယောက် မြေလတ် ဟိုတယ်အတွင်းသို့ ၀င်လာကြသည်။ အခန်း(၁၀၁) တံခါးဖွင့်၍ ၀င်သွားကြ၏။
“ ဦး--သမီးကို ဘာကြောင့် ဒီဟိုတယ်ကို ညာခေါ်လာရတာလဲ----ဟင်
(အို..) မကောင်းဘူးကွာ၊ သမီးကြောက်တယ် ဦးရယ်…၊သမီးဘ၀ ဒုက္ခ ရောက်ပါပြီ…“။
ဦးရွှေဝင်းနှင့် ချစ်စုမတို့သည် လူမှုရေးကံဘောင်ကြီးကိုနင်းကျော်၍ အချစ်ပင်လယ်ပြင်ထဲမှာ ကမ်းမမြင်၊ လမ်းမမြင်၊ ကူးခပ်၊ ပျော်မြူးနေကြပေပြီ။ ညနေ (၆)နာရီမှာ ပြန်ထွက်သွားကြ၏။
ဆရာရေ-----အဲဒီနေ့က ချစ်စုမ ပြောသွားတဲ့ စကားတွေထဲက…….သူ့ကောင်လေး ၀င်းမင်းအရွယ်နေရာမှာ (ဦး)သာ အစားထိုးဖြစ်လို့ရရင် သိပ်ကောင်းမှာပဲတဲ့..။ အဲဒီနေ့မှာ ချစ်စုမှ ပေးခဲ့တဲ့ ကဗျာ နှစ်ပုဒ်တိုတိုလေးက ယနေ့အထိ ကျွန်တော့်ရင်ထဲ စူးရှ ခံစားနေပါပြီ….
(၁)။ ကဗျာ လက်တစ်ဝါးစာ ကလေးဟာ အသဲကြားမှာ ညှောင့်စူးလို့ သွားခဲ့ပါတယ်။
ဦး-အတွက်………..
အချစ်တစ်ခုမှာ စတင်ခဲ့တဲ့အချစ်………
ရင်ထဲခံစားချိန်မှာ စိတ်တွေက တိမ်တွေလို
ကြည်နူးလွမ်းဆွတ်မှုက တလှည့်စီ
ဘယ်အချိန်မှာ ဆုံမယ်တော့မသိ………..
သေချာတဲ့ အဖြေမှန် တစ်ခုက တကယ်ချစ်ခဲ့တဲ့သူရင်မှာ
ထာဝရ သတိရနေမှာပါ သူနားလည်နိုင်ပါစေ…….(၁၄-၃-၂၀၀၀)

(၂) ကဗျာ
“မမှားတဲ့ နောင်တ”

အခန်းထဲက အိပ်ယာတစ်ခု
ကြေးမုံတစ်ချပ်ထဲက ပုံရိပ်နှစ်ခု
တစ်ယောက်နဲ့တစ်ယောက် ရယ်လိုက် ငိုလိုက်
နားလည်မှုနဲ့ အနမ်းတွေ ဖလှယ်
မိန်းကလေး တစ်ယောက်ရဲ့ ပထမဆုံး ထိတွေ့မှု
တဘ၀အားလုံးအတွက် သူတစ်ယောက်သာဖြစ်ပါစေ….။


(ဒီကဗျာတွေဟာ ချစ်စုမရဲ့ လက်ရေးစာမူတွေကို ပြန်ပြီး ကူးရေး ပြလိုက်ပါတယ်။)
ကျွန်တော့်ဘ၀မှာ မိန်းကလေးတစ်ယောက်ရဲ့ မရှက်မကြောက်နဲ့ ယခုလို ကြင်နာမှုတွေပေးတာကို လုံးဝ မခံစားခဲ့ဘူးပါ။ (နွားအို မြက်နုကြိုက်တယ်လို့ဘဲ ဆိုချင်ဆိုကြပါစေတော့….စွဲမိခဲ့ပါပြီ။)
ချစ်စုမဆိုတဲ့ ကောင်မလေးဟာ အရွယ်ငယ်သလောက် အချစ်ကြမ်းတတ်ပါတယ်။(၂-၄-၂၀၀၀) နေ့မှာ ကျွန်တော်နဲ့ တွေ့ရန်၊ ညနေ ၆ နာရီ မှာ ချိန်းပါတယ်။ သူချိန်းတဲ့ ပန်းခြံထဲကို သွားခဲ့ပါတယ်။ နွားအိုဂျိုသွေးပြီးပြေးမိခဲ့တဲ့ ကျွန်တော် ရင်ဘတ်ကြီးကို စုံကန်ထိုးနှက်ခြင်းကို ခံလိုက်ရပါတယ်။ ချစ်စုမနဲ့ သူကောင်လေး ၀င်းမင်း နွေးနွေးထွေးထွေး ချစ်ဂတိတွေပေးနေတာ မြင်ခဲ့ရပါတယ်။ လုပ်ရက်လိုက်တာဗျာ ။ သူတို့နှစ်ဦး ကျွန်တော့်ကိုလည်း မြင်ရော့ စက်ဘီး တစ်စီးနဲ့ ကောင်လေးရဲ့ ခါးကို ဖက်ပြီး ချစ်စုမ လိုက်ပါသွားပြီ…..။
( မောင်….ညီမကို ဘုရားလိုက်ပို့ရမယ်နော်…။) ကျွန်တော်၏ ဦးခေါင်း မီးဟုန်းဟုန်းတောက်အောင် ခံရ၏။ နောက်တစ်နေ့၊ အလုပ်ရုံမှာ ချစ်စုမကို ဖြတ်စာ ပေးလိုက်ပါတယ်။ သူ့ရဲ့ ကဗျာနဲ့ စာတွေကိုလည်း ပြန်ပေးခဲ့ပါတယ်။ ချစ်စုမက ခါးခါးသီးသီး မျက်ရည်ခံထိုး၍ ညင်းဆန်တယ်။ (သမီးကို ချစ်ရင် နားလည် ခွင့်လွှတ်ပေးပါနော် ဦးကြေနပ်အောင် သမီးရဲ့ တစ်ဘ၀လုံးကို ပေးဆပ်ထားတာပါ၊ သမီးရဲ့ အနမ်းပန်းတွေနဲ့ တောင်းပန်ပါရစေ ဒီနေ့ည (၁)နာရီမှာ ဦးလာခေါ်ပါနော်--သမီး ဆက်ဆက်ထွက်ပြီး စောင့်နေမယ်နော်---နော် ဆရာကြီး………….။)
အချစ်ဆိုသည်မှာ အသက်အရွယ် အချိန်အခါ ရာသီမရွေးပါ၊ ရန်သူမျိုးငါးပါးကိုတောင် ပြေး၍ တွေ့မည်၊ တရားမှု မတရားမှု၊ အတားအဆီး အပိတ်အပင့် မှန်သမျှ အားလုံးကို မျက်ကွယ်ပြုကြပေမည်။ ကျွန်တော် ကိုယ်တွေ့ပါ၊ ကြီးတဲ့ ချစ်လူမိုက် လက်ခံလိုက်ပါပြီ…။ အဲဒီည ချစ်စုမနဲ့ (ဒုတိယအကြိမ်) ချစ်တင်းနှောခဲ့ကြပြီး လူမှုရေးခြံစည်းရိုး တံတိုင်းကြီးကို နှစ်ဦးသဘောတူ ရိုက်ချိုးမိခဲ့ကြပါတယ်----။
အချစ်သည် ခဏတာလဲ သာယာချင်၏။ ထာဝရတာလဲ ပိုင်ဆိုင်လို၏။ အချစ်တွေ ကုန်သွားပြီ ဆိုတာ လုံးဝမရှိပါ။ ကြာရင်တော့ ရိုးအီလာမည်။ ရိုးအီ၍ မသွားကြအောင် နှစ်ဦးလုံးရဲ့ ရင်ထဲ နှစ်လုံးသားထဲမှာ အသိတရားနဲ့ သတိထားပြီး အမြဲနိုးဆွပေးကြရမည်။ သတ္တ၀ါတိုင်း ကျား၊ မ မည်သည် အနုအလှ အယုအယနှင့် ပွတ်သီး ၊ ပွတ်သတ် တီတီတာတာ ပြုစုယုယမှုကို နှစ်သက်လိုလားကြ၏။ ကျွန်တော် ဘ၀နှင့် စာနာ၍ ရင်ဖွင့်မိပါတယ်။ ငယ်ချစ်ဦးဆိုတာလည်း အကြောင်းမလှလို့ မပေါင်းခဲ့ကြရင် ကြာလာရင် မေ့သွားကြပါတယ်။ လက်ရှိ ဇနီး/ယောက်ျားဆိုတာလည်း အချစ်၏ သာယာကြည်နူးမှု မရရင် နည်းမျိုးစုံနဲ့ ဖြေသာမဲ့ သာယာမှု ထွက်ပေါက်တွေဆီ ရှာဖွေ ထွက်ပြေးသွားကြမှာပါ။…။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ချစ်စုမရဲ့ ရင်ခွင်မှာ ခေါင်းထိုးပြီး ရယ်လိုက် ၊ ငိုလိုက်နဲ့ မရှက်မကြောက် လိမ်ညာနေတာကို ခံခဲ့ရတာ သိသိကြီးနဲ့ အားလုံးကို ဒူးထောက် အရှုံးပေးနေရပါတယ်…….။ ဇရာအိုဆိုသည်မှာ ကညာပျိုနုနုလေး၏ ပိုက်ကွန်ကို တိုးမိရင် ဘယ်လိုမှ ရှောင်ကွင်းလို့ မရတော့ပါဘူး…ကလေးရယ်.။ မင်းကြိုက်သလို လုပ်လိုက်ပါတော့.။
ချစ်စုမရဲ့ မုသားစကား အချစ်တွေကို ယုံစားပြီး မိသားစု ခုံရုံးမှာလည်း ဒူးထောက် ၀န်ခံ အရှုံးပေးခဲ့ရပါတယ်။ ရက်စက်လိုက်တာ ချစ်စုမရယ်.။ ဦးရဲ့ ရင်ထဲမှာ ပေါက်ကွဲ ခံစားပြီး အရွယ်နှင့် မမျှ ရေးသားထားခဲ့တဲ့ (ကျီးမိုက်ကြီးရဲ့ ရည်းစားစာတွေကို) ငါ့ဇနီး ငါ့သားသမီးများကို ပေးပြလိုက်သတဲ့.။
““အဖေမကောင်းဘူး…သမီးထက် အသက်ငယ်တဲ့ ချစ်စုမကို ကြိုက်တယ်..။ မယားငယ်ထား ပေါင်းနေကြတယ်..။သမီးရှက်တယ်၊ မြို့ထဲမှာ သမီးရဲ့ သူငယ်ချင်းတွေကို ဘယ်လိုလုပ်ပြီး မျက်နှာပြရမှာလဲ.။”””
ကျွန်တော့်သမီးရဲ့ စွပ်စွဲ ပြောဆိုချက်တွေကို ခပ်တည်တည်နဲ့ ငြင်းဆိုခဲ့ပါသေးတယ်။ လုံးဝ မရပါ။
““အဖေ ဘာမှ ငြင်းမနေပါနဲ့တော့……သမီးနဲ့ကိုကို၊ ချစ်စုမကို အလုပ်ကိစ္စ တစ်ခု အကြောင်းပြပြီး ဧရာဝတီ စားတော်ဆက်ကို ခေါ်တယ်…….၊သမီးရော သူပါ အချိုရည်နဲ့ ဘီယာ စပ်သောက်ကြတယ်……….။ ချစ်စုမက အားလုံးဝန်ခံ ရင်ဖွင့်ပါတယ်.သူ့မှာ ၀င်းမင်းဆိုတဲ့ ရည်းစားကောင်လေးရှိပါတယ်။””
““…. “ ဦးက အလုပ်ရှင်ပီပီ အခွင့်အရေးယူပြီး ကျမကို လက်ဆောင်ပစ္စည်းတွေ ပေးတယ်။ မြေလတ်ဟိုတယ်မှာ နှစ်ကြိမ် နှစ်ခါ လိမ်ညာပြီး ခေါ်ခဲ့ပါတယ် အစ်မရယ် လို့ ” ငိုပြီး ပြောခဲ့တယ်အဖေ။ ချစ်စုမဆီ အဖေပေးခဲ့တဲ့ စာတွေကိုလည်း ဒီမှာ ပြန်ပေးလိုက်ပါတယ်။ အဖေ---ဘာညင်းအုံးမလဲ……။””
ကျွန်တော်ဟာ ဇနီး /သားသမီး တွေရဲ့ အလယ်မှာ မျက်စိတွေက ပြာ------ခေါင်းမှာ ချာချာလည်မူးဝေခံစားပြီး ရင်ထဲမှာ ဘလောင်ဆူညံသွားပါတော့တယ်။ ချစ်စုမနဲ့ ဝေးရပါတော့မယ်လို့ တွေးနေစဉ်မှာ ကျွန်တော့်ရဲ့ ဘယ်ဘက်ပါးပေါ်ကို (ဖြန်းကနဲ ) အသံနဲ့အတူ လက်ဝါးမဲကြီး ကျရောက်လာခဲ့ပါပြီ (သစ္စာမရှိတဲ့ ယောက်ျား အခုအိမ်ပေါ်က ဆင်းသွား……။) ဆိုသော ကျွန်တော့်ဇနီး အသံနှင့်အတူ သားသမီးတို့ရဲ့ ငိုသံများမှာ တအိမ်လုံး ချောင်းချောင်းထ၍ ဆူညံသွားပါတော့သည်။
တရားသူကြီး။ ။ မောင်ရွှေဝင်း၊ မင်းချစ်စုမကို စွဲလမ်းတမ်းတနေတာ ဘာကြောင့်လဲ၊ သူနဲ့ ဘယ်နေ့ ဘယ်နေရာမှာ နောက်ဆုံးတွေ့ပြီး လမ်းခွဲခဲ့ရပါသလဲ။ ချစ်စုမ နေရာမှာ အခြား အစားမထိုးခြင်ဘူးလား--------။ မင်း ကောင်မလေးကို တဒင်္ဂ သာယာမှု တဏှာနဲ့ချစ်ပြီး စွဲလမ်း နေတာလား..။ ထာဝရ ပိုင်ဆိုင်လိုမှု သံယောဉ်ဇဉ်နဲ့ ချစ်နေတာလား.။ ကောင်မလေးကရော မင်းလို ဇရာအိုကြီးကို တကယ်ချစ်ပြီး လက်ထပ်ယူနိုင်မယ် ထင်သလား..။
ဦးရွှေဝင်း။ ။ ကျွန်တော် ချစ်စုမကို ယုံယုံကြည်ကြည် မြတ်မြတ်နိုးနိုး စွဲလမ်း တမ်းတပြီး ချစ်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်ဘ၀ (၄၉)နှစ်တာ သက်တမ်းအတွင်းမှာ သူလို ယုယ ကြင်နာမှုမျိုး ပေးနိုင်ခဲ့သူ တစ်ဦး တစ်ယောက်မျှ မတွေ့ခဲ့ဘူးလို့ပါ။ သူ့နေရာမှာ မည်သူ့ကိုမှ အစားထိုးပြီး သာယာလို့ မရနိုင်ပါ။…(ကန်တော့ပါရဲ့ ဆရာ) ကျွန်တော့်ဇနီးကြီးနဲ့ အတူ အိပ်နေရတဲ့ အချိန်မှာတောင် ချစ်စုမက ကျွန်တော့်ရင်ထဲမှာ ထာဝရ စိုးမိုးနေပါတယ်။။ တဒင်္ဂ သာယာမှု တဏှာ အချစ်နဲ့ ထာဝရ စွဲလမ်းပြီး ချစ်တယ်လို့ပဲ ဆိုဆို သူ့ကို ချစ်မိနေတဲ့ သံယောဇဉ်ကြိုးတွေကတော့ လုံးဝ ဖြတ်လို့ မရတော့ပါဘူး ဆရာ။ ဇရာအိုနဲ့ ကညာပျို ဆိုတော့လည်း ကျွန်တော့်ကို ယူချင်မှ ယူမယ်ဆိုတာလဲ စဉ်းစားမိပါတယ်။ အချစ်ကြီးသူဆိုတာ အမြတ်ကြီးတတ်ပါတယ်ဆရာ………။ (ပျံလေတဲ့ငှက်ခါး၊ နားမှ သိမယ်။) ဆိုတဲ့ အချစ်မာနလေးနဲ့မျှားကို ကျွန်တော့်ရင်ဝယ်ပိုက်ပြီး စောင့်နေလျှက်ပါ။ ချစ်စုမ ရည်းစားများရင် များပါ၊ လင်တစ်ယောက်ကိုကောက်ယူခဲ့ရင် ကျွန်တော် တစ်ယောက်သာ ဖြစ်စေရပါ့မယ် ဆိုတဲ့ သူ့ရဲ့ ကတိထား ရေးသားတဲ့ စာကို သက်သေတင်ပြခွင့်ပြုပေးပါ။ ကျွန်တော့်ဘက်ကလည်း စဉ်းစားကြည့်ပေးပါအုံး-----ဆရာ၊ ပတ်ဝန်းကျင်ကို မျက်ကွယ်ပြု အရွယ်နဲ့ ဂုဏ်သိက္ခာကို မျက်စိမှိတ်၊ မိသားတစ်စုလုံးထံ ဘ၀ကို အောက်ကျခံထား( သားသမီးများက )ဖခင် ရေးတဲ့ ရည်းစားစာကို ခုံရုံးဖွဲ့စစ်)။ တရားသူကြီးမ ကျွန်တော့်ဇနီးက အိမ်ပေါ်မှ ဆင်းရန် ရာဇသံပေး၊ မိသားစု တစ်စုလုံးနဲ့ ကျွန်တော့်ဘ၀ကို စတေးပြီး ချစ်စုမကို ယုံကြည်အားကိုးပြီး ချစ်ခဲ့မိတာပါ။
““ (ကိုရွှေဝင်း ၊ ရှင်က အငယ်လေးကို အထင်ကြီးပြီး ကျွန်မတို့ကိုသစ္စာဖောက်တယ်၊ ရှင့်ကောင်မလေးက ရှင့်လို ခုနှစ်အို ရှစ်အိုကြီးကို တကယ်ယူမယ်များ မှတ်နေသလား။ စားရ ၀တ်ရလို့ ရှင့်ကို ချူစားနေတာ၊ သူက ရှင့်ကို ယူမယ်ဆိုရင် ကျမတို့က မင်္ဂလာတောင် ဆောင်ပေးလိုက်အုံးမယ်။ )”” ကျွန်တော့်ဇနီးရဲ့ ငေါ့တော့တော့ ခနဲ့တာကိုလဲ ခံခဲ့ရပါတယ်။ ဒါလောက် ကျွန်တော့်ဘက်က ကျရှုံး နစ်မွန်းခံပြီး ချစ်စုမကို စွဲစွဲလမ်းလမ်း ချစ်ခဲ့ရတာ ချစ်စုမက ယခုလိုဆက်ပြီး ဂတိဖျက်သွားမယ်ဆိုရင် ---(တွေ့ရာ သချိုင်း ၊ ဓါးမဆိုင်း၊ မုဆိုး တစ်ပိုင်း၊ မိန်းမ ရိုင်းကို ဘ၀ဆက်တိုင်း လက်စားချေရလိုပါ၏…….။)ဟု ဆုတောင်းထားပါရစေ ဆရာ……..။
တရားသူကြီး။ ။ မောင်ရွှေဝင်း ၊ ကြိမ်းဝါးခြင်းတွေကို ရပ်လိုက်ပါ။ ချစ်စုမနဲမင်းတို့ နောက်ဆုံး ဘယ်နေရာမှာ တွေ့ခဲ့ကြပြီး ဘာတွေ ဂတိထားခဲ့ကြသလဲ-----။သူ့ကို ရယူပိုင်ဆိုင်ဖို့ ဘယ်နှစ်ခါရော ကြံစည် ကြိုးစားခဲ့ဘူးပါသလဲ။ ကောင်မလေးရဲ့ စာတွေကိုသာ တင်ပြနေတယ်။ မင်းရေးပေးတဲ့ စာတွေကိုတော့ ဘာကြောင့် မဖေါ်ပြရတာလဲ။
ဦးရွှေဝင်း။ ။ ကျွန်တော်နဲ့ ချစ်စုမ (၁၃-၄-၂၀၀၀)နေ့မှာ….၊ မြေလတ်ဟိုတယ်၊ အခန်းနံပါတ် (၂၀၃)ထဲမှာ…. နံနက် (၇)နာရီမှ ညနေ(၆)နာရီအထိ တွေ့ခဲ့ကြပါတယ်။ (တတိယ အကြိမ် ချစ်တင်းနှောခဲ့ကြပါတယ်) ချစ်သက်သေ လက်ဆောင် ရွှေလက်စွပ်၊ ဆွဲကြိုးနဲ့ အသဲပုံ ရွှေလည်ဆွဲ၊ ဆွဲကြိုးနဲ့ အသဲပုံရွှေလည်ဆွဲ၊ ရွှေနားကပ် တစ်ရံတို့ကို၊ ကျွန်တော် ကိုယ်တိုင် သူ့ကို ဆင်မြန်းပေးခဲ့ပါတယ်။ သူကလည်း ကျွန်တော့်ရဲ့ ဘယ်ဘက် လက်ခလယ်မှာ ဆင်မြီးကွင်း လက်စွပ်ကို စွပ်ပေးခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ဘယ်ဘက် လက်မောင်းပေါ်ကိုလည်း ချစ်စုမက ချစ်စနိုး၊ပါးစပ်နဲ့ ကိုက်ပြီး ပေးခဲ့တာ ယခုအထိ သူ့ရဲ့ သွားတက်ရာ အမာရွတ်ကလေး ကျန်ရှိခဲ့ပါသေးတယ်-------ဆရာ။ သူ့ကို တစ်ခါတည်းပိုင်ဆိုင်ဖို့ ကြိုးစားခဲ့တာပေါ့။ ကျွန်တော့်ကားနဲ့ သူ့ကို ညာခေါ်ပြီး မြို့ပြင်ထိ ထွက်ပြေးမိခဲ့ကြပါတယ်။ ချစ်စုမက တောင်းပန်လို့ ပြန်လာကြရပါတယ်။(မိဘတွေကို သုံးနှစ်လုပ်ကြွေးပါရစေ….၊ ပညာတတ် ဘွဲ့ တစ်ခုကိုလည်း ယူပါရစေအုံး.) ဆိုပါတယ်။ ကျွန်တော့်ရဲ့ စာတွေကို ချစ်စုမကလည်း လုံးဝ ပြန်မပေးဘူး၊ ကျွန်တော့် သားသမီးတွေဆီက စာတွေကလည်း မီးရှို့ပြီး ဖျက်ဆီးလိုက်ကြပါတယ်။ (၁၃-၄-၂၀၀၀)နေ့က ခံစားချက်ကို ချစ်စုမ ကဗျာရေးပေးတာ ပြန်ပြီး တင်ပြပါရစေ…….။

ကဗျာ(၃)။ “ကြင်နာသူ အချစ်ရိပ်”

အခန်းတစ်ခန်းထဲက အိပ်ယာလေး
ထိတ်လန့်ခဲ့ရတဲ့ ရင်ခုန်မှုမျိုး
ချိုမြိန်တဲ့ အနမ်းပွင့်
ကြေးမုံပေါ်က ပုံရိပ်နှစ်ခု
ပျံ့လွင့်နေတဲ့ ရယ်သံ
စီးဆင်းနေတဲ့ မျက်ရည်
မျက်စိထဲ နားထဲ မြင်ယောင်ကြားယောင်
တမ်းတ၍ သတိရ အချိန်တိုင်းလွမ်းတယ်-ဦးရယ်….။
ဦးရဲ့…(ချစ်စုမ)
ချစ်စုမနဲ့ ကျွန်တော် အပျော်ကြီး ပျော်ပြီး၊ အငိုပွဲ ဆင်နွှဲလို့ မကြာခင်မှာ ချစ်ခရီး လမ်းခွဲခဲ့ရပါတယ်။ မြေလတ်ဟိုတယ်မှာ ချိန်းတွေ့တဲ့ ကိစ္စ၊ ကျွန်တော့်ဇနီးကြီးနဲ့ သားသမီးတွေ သိသွားပြန်ပါတယ်။ ကျွန်တော့်ဇနီးက မင်း- ကောင်မလေးကို ဖြတ်နိုင်ရင်ဖြတ်၊ မဖြတ်နိုင်ရင် အိမ်ပေါ်က ဆင်းသွားပေတော့ ဆိုပါတယ်။ ကျွန်တော်လည်း အချစ်မူး၊ အချစ်ရူးစိတ်နဲ့ ချစ်စုမကို ယုံစားပြီး (ငါ ချစ်စုမကို ယူမယ်-ငါ ဘ၀သစ်ထူထောင်မယ်) မင်းတို့ အိမ်ပေါ်က ဆင်းတယ်.။ ဆိုပြီး ရန်ကုန်သို့ အပြီးအပိုင် ထွက်ခဲ့ပါတယ်။
ကျွန်တော် ခရီးထွက်မယ့် နေရာ၊ လိပ်စာ၊ ဖုန်းနံပါတ်တွေကို ချစ်စုမထံ ပေးထားခဲ့ပါတယ်။ ကျွန်တော် နေရေး၊ ထိုင်ရေး အဆင်ပြေရင် ချစ်စုမကိုပြန်ပြီး လာခေါ်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော့် ဘ၀သစ်စီမံကိန်းကို ဖျက်သူက ချစ်စုမ ပါပဲ။ ကျွန်တော့်ရဲ့ ချစ်ခရီး မျှော်လင့်ချက်တွေကို ချိုချိုလေးနဲ့ အချိုသတ်ပြီး အိမ်ကိုပြန်လာခဲ့ဖို့ ခေါ်တာလဲ သူမပါပဲ။ ချစ်စုမကို အားကိုးပြီး မြေလတ်မြို့ကို ကျွန်တော်ပြန်လာခဲ့မိပါတယ်။ စိန်ခေါ်၍ ထားခဲ့တဲ့ မိသားစုထံကို ခေါင်းငိုက်စိုက်နဲ့ ကျွန်တော်ပြန်ဝင်လာခဲ့ရပါတယ်။( ငါ- ကောင်းကောင်း နေပါတော့မယ်၊ မင်းတို့ မိသားစု မကြိုက်တာတွေ မလုပ်တော့ပါဘူး။) ချစ်စုမ အားကိုးနဲ့ တဖက်မိသားစုကို ၀န်ခံဂတိတွေ ခပ်တည်တည်နဲ့ ယုံအောင်ပေးခဲ့ရပါတယ်။ အဲ ယခုတော့ ချစ်စုမက ( ဒီစာတွေကို နောက်ဆုံးပေးထားခဲ့ပြီး) သူ့ကောင်လေး ၀င်းမင်းနဲ့ တယုတယ ခါးကို ဖက်ပြပြီး စက်ဘီး တစ်စီးနဲ့ တွဲပြနေပြန်ပါပြီ…။ လူကြီးဝိုင်း ထိုင်နေကြတဲ့ လက်ဘက်ရည်ဆိုင်မှာ ဆိုတော့လဲ ကျွန်တော် သိက္ခာ ကျမသွားအောင် လူကြီး ရှက်တော့ နည်းနည်းလေး ရယ်လိုက်ရပါတယ်။ ရင်ထဲကတော့ နေမသိ၊ ထိုင်မသာနဲ့ ဘလောင် ဆူဝေနေအောင် ခံစားလိုက်ရပါတယ်လေ…..။ ကြည့်ကြစမ်းပါ-- ချစ်စုမရဲ့ စာတွေနဲ့ လုပ်ရပ် ဘယ်လောက် ပါစင်အောင် ကွာခြားနေပါပြီလဲ..။

သို့
ကျမ အရမ်းချစ်ရတဲ့ ဦးရယ်….
အဲဒီအတွက် သတ္တိတွေ အများကြီး ရှိနေပါပြီ။ အိမ်အတွက် သမီးနဲ့ တန်တဲ့ အချိန်တစ်ခုကို ပေးဆပ်ဖို့ စောင့်နေရတာ ဦးမှ မဟုတ်ပါဘူး။ သမီးလည်း မစောင့်ချင်တော့ဘူး။ အရမ်းခံစားရပါတယ်။ ညပိုင်း အလုပ်ဆင်းရင် ဦးကို မြင်သာနေရတယ် သေချာလည်း မကြည့်ရဲဘူး၊ စကားလည်း မပြောရဘူး၊ ခံရ သိပ်ခက်ပါတယ်။ မနက်ပိုင်း အလုပ်ထဲကို ရောက်တော့လည်း မျက်နှာလေး မြင်ချင်လို့ ရှာရတာ အမောပါဘဲ၊ အောက်ထပ်က ဘုရားခန်းမှာ ဘုရားရှိခိုးလို့ မရဘူးလား ဦးရယ်။ (၂၀) ရက်နေ့ကလည်း မမြင်ရဘူး။ နောက်နေ့မှာ အနောက်က အလုပ်ရုံ ဖွင့်ပြီးတော့လည်း ဦးက တော်တော်နဲ့ပေါ်မလာ မျှော်ရတာ ကြာတော့ စိတ်ထိခိုက်လာတယ်။ ထွက်ပေါက် တစ်ခုကတော့ ငိုလိုက်မိတာပါပဲဦးရယ်။ ဘေးက “မထက်“ မြင်သွားတော့ အပြောခံရတယ်။ သူမမြင်အောင် ကြိတ်ပြီး ငိုရတာလဲ ပင်ပမ်းလှပါတယ်။ ဦးရောက်လာလို့ ၀မ်းသာမိတဲ့ မျက်နှာကိုလည်း ”မထက်“က မကြည်ဘူး၊ အလုပ်က ထွက်သွားရင်လည်း ဦးနဲ့ ပိုပြီး ဝေးသွားရမှာ။ အဲဒီအခါကျရင်.. ဦးက သမီးကို မေ့သွားမှာပါ။ ညပိုင်း စိတ်ထိခိုက်လို့ အလုပ်က နားမယ်သာ ပြောရတာ ဦးနဲ့ တွေ့ရတာ နည်းလေ..သမီးကို မေ့သွားလေ ဖြစ်သွားမှာ စိုးရတယ်။စိတ်မချဘူး ဦးရယ်..။ ဦးနဲ့ အတူ သမီးတွဲပြီး အလုပ် လုပ်ရအောင် စီစဉ် ပေးပါအုံး။ ဘယ်နည်းနဲ့မှ ဦးနဲ့ အဝေး မခံနိုင်ဘူးနော်---နော်။
သမီးဘက်က စောင့်ရမယ့် အချိန်အခါ တစ်ခု ပြီးသွားခဲ့ရင် အဆင်သင့်ပါပဲ။ ဦးဘက်ကသာ မိသားစုနဲ့ တကယ်ပြတ်နိုင်သလား။ သမီးနဲ့ အတူ နေပြီးမှ ပြန်သွားခဲ့ရင် အချစ်တွေ ရိုးသွားလို့ ကုန်သွားလို့ ထားခဲ့ရင် သမီး ဒုက္ခ ရောက်မှာ။ ယခု အချိန်ရှိတုန်း သေချာ စဉ်းစားပြီး အဖြေတစ်ခု ပေးပါနော်။ သမီးဘက်က အများကြီး စဉ်းစားရင်း တွေးရင်း စိုးရိမ်နေမိပါတယ်။ တော်ပါပြီ ဦးရဲ့ မွေးနေ့မှာ စိတ်ညစ်စရာတွေကို တွေးမနေပါနဲ့တော့နော်--။ မွေးနေ့ လက်ဆောင် အဖြေပေးလိုက်ပါတယ် ဦးရယ်…။
(၁။ သော့ခတ်- အသဲပုံ စာအုပ်လေး။ နိမိတ် မကောင်းလိုက်တာ ချစ်စုမရယ်…။)
၂။ ဦးရဲ့ ဘယ်ဘက်ပါး ပေါ်က အနမ်းပွင့်လေးတွေ…..၊
၃။ ခိုင်မာတဲ့ သမီးဘက်က ဦးကို ယူဖို့ ဆုံးဖြတ်ချက်များ………….
နံပါတ်(၂)….အတွက်က ယခုမှ မဟုတ်ပါဘူး…..။ (၁၃-၄-၂၀၀၀ နေ့က) စပြီး ယနေ့အထိ နေ့စဉ် မပြတ် မက်မောစွာနဲ့ စိတ်ကူးနဲ့ရော၊ လက်တွေ့ရော ပေးပြီး ဖြေပြီး နေရတာပါ။ အဲဒီ ပြင်းထန်တဲ့ သမီးရဲ့ စိတ်ကူးဆန္ဒ အချစ်စိတ်တွေဟာ ဦးဆီကိုလည်း ထာဝရ အမြဲရောက်နေမှာ သေချာပါတယ်-ဦးရယ်-------နော်။ (၁၃)ရက်၊ ၁၃။ ဂဏန်းဟာ ဦးနဲ့ သမီးတို့ရဲ့ အမှတ်တရ ဂဏန်းလေးပါ။ သမီးကို ခွဲခွာပြီး ရန်ကုန်ကို ဦးထွက်သွားတဲ့ နေ့ဟာလည်း (၁၃)ရက်ပါပဲ။ ၀မ်းနည်းကြေကွဲမှုတွေ ပေးခဲ့တာလည်း (၁၃)ရက်ပါ။ သမီးလေ ဦးနဲ့ နှစ်ယောက်ထဲ စကားတွေ အများကြီး ပြောချင်တယ်။ ယခု ဖြစ်နေတဲ့ ကိစ္စတိုင်းအတွက် ဦးရဲ့ မိသားစုနဲ့ အန်တီတို့ မတရားဘူး….။ အန်တီက ဦးရဲ့ ပါးကို ရိုက်တာ သမီး မကြည့်ရက်၊ မကြားရက်လို့ပါ။ ယခု သမီးတို့ နေပူထဲက ဖြတ်လျှောက်ပြီးရင် (သမီးနဲ့ ဦးအတွက် နေရိပ်ကလေး တစ်ခုတော့) ရှိမှာ တွေ့မှာပါ ဦးရယ်…..နော်။( ဒီစာကို ရေးရတိုင်း ရေးနေတာ မဟုတ်ပါဘူး။ သမီးရဲ့ ဆန္ဒတွေကို မမျိုသိပ်နိုင်လို့ပါ။ ဦးရဲ့ ရင်ထဲ နှလုံးထဲမှာ ထင်မြင်လာအောင် ဖတ်ပေးပါ….ဦးရယ်။)
ဦးရဲ့ ရင်ခွင်ကိုမျှော်နေလျှက်(ချစ်စုမ)
၂၂-၅-၂၀၀၀ ည (၂း၃၀)

အထက်က စာရော၊ အောက်မှာ ဆက်ပြီး ဖော်ပြတဲ့ စာတွေဟာ ကျွန်တော် ရန်ကုန်မှ ပြန်ပြီး ရောက်စဉ် ကာလ ချစ်စုမ ကိုယ်တိုင် ပေးထားခဲ့တာပါ။

သို့/
ဦးရေ--ကျမ ပြောလို့ ခေါ်တဲ့အတိုင်း ပြန်လာတာ ၀မ်းသာရပါတယ်။ မိဘတွေအတွက် (၃)နှစ်စောင့်ပေးမယ်ဆိုတာရယ်၊ ဦးက သဘောထားကြီးစွာ နားလည်မှု ပေးတဲ့အတွက် ကျမ သီးခံပြီး ချစ်ရကြိုးနပ်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်မလည်း လိမ္မာပြီး သိက္ခာရှိအောင် နေတော့မှာပါ။ ကျမက အချစ်ဦး-အချစ်ဆုံးနဲ့ ဘ၀ရဲ့ ပထမဆုံးလူ..ဦးရှိနေတဲ့အတွက် အရာရာကို ဆင်ခြင်ပါ့မယ်။……..။
ဦးဘက်ကလည်း မိသားစုကိုတာဝန်ကျေအောင် နေပေးလိုက်ပါ။ သမီးတို့ နှစ်ယောက်လုံးအတွက်လည်း စုဆောင်းချိန်ရတာပေါ့။ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်အောင်နေပါ၊ ကျမအတွက် ဦး အသက်အများကြီး ရှည်ပေးရအုံးမှာနော်….။ ရန်ကုန်က ရောက်တဲ့အချိန်ကစပြီး နေ့ခင်းဘက် အိပ်ရေးဝအောင် အိပ်ပေးပါ။ အပူပြင်းတယ်။ အပြင်ကို သိပ်မထွက်ပါနဲ့။ ရေချိုးဆင်ခြင်ပါ။ ညပိုင်းမှာ စောအိပ်တဲ့ အကျင့်လေး လုပ်ပေးပါ။ မနက်ကြီး ဘုရားမသွားပါနဲ့။ အိမ်မှာပဲ တရားထိုင် ပုတီးစိတ်ပါ။ဦးရဲ့ မိသားစုက သံသယ ကင်းတာပေါ့။ ကျွန်မကိုလည်း ယုံကြည် စိတ်ချပါ။ အရာရာအတွက် စိတ်မပူပါနဲ့၊ ဦးပင်ပမ်းမှာ စိုးလို့ပါ။(အောင်မြင်မှုနဲ့ လိုအင်ဆန္ဒ တစ်ခုကို လိုချင်ရင် အချိန်အခါနဲ့ အတိုင်းအတာကို သင့်လျော်တဲ့ အချိန် သင့်လျော်တဲ့အခါ သုံးစွဲမှ ဆန္ဒတွေ ပြည့်နိုင်မှာပါ) အချိန်တစ်ခုကို အသုံးတည့်ဖို့ ငြိမ်သက်နေကြရင်း ရင်ခုန်စွာ စောင့်ကြဖို့ ထာဝရ အဖော်အဖြစ်နေရပါရစေ ဦးရယ်…..။
(ချစ်စုမ) ၁၈-၅-၂၀၀၀ ည ၁း၀၀

(၆)
စာရေးဆရာ တရားသူကြီးနှင့် ဦးရွှေဝင်းတို့ အပြန်အလှန် အမေးအဖြေ လုပ်နေသည်မှာ အချိန်အတော်ကြာသွားပေပြီ။ ပြင်ပ ရာသီဥတုမှာလည်း မိုးက မစဲ…ရွာမြဲ ရွာလျှက်။ လျှပ်စီးတွေကလည်း တ၀င်းဝင်း တလက်လက်နဲ့။ မိုးကြိုးထစ်သံ တွေကလည်း တဒုံးဒုံး တဒိုင်းဒိုင်း၊ မိုးသက်လေကလည်း တချက်တချက် ပင့်၍ တိုက်နေပါ၏။ ဦးရွှေဝင်းမှာ ( ကျောက်ဆစ်ရုပ်ကြီးကဲ့သို့) ငူငူငိုင်ငိုင်ဖြင့် မိုးတွေ လေတွေကို ငေးကြည့်နေပေသည်။ မျက်ရည်တွေကလည်း မိုးရေ ၊ မိုးပေါက်တွေနဲ့ အပြိုင်၊ သူ၏ မျက်နှာပေါ်ဝယ် တဖြိုင်ဖြိုင်စီးလျှက်.. ကျဆင်းနေလျှက်ပါ။ စာရေးဆရာလည်း ဆေးလိပ်ကို ဖွာပြီး နောက်ဖေးသို့ ထွက်လာ၏။ အိမ်သာသို့ ခဏတက်နေသည်။ ဧည့်ခန်းသို့ ပြန်၍ ၀င်လိုက်သောအခါ ..ဦးရွှေဝင်း မရှိတော့ပါ။ အိမ်အောက်က ဆိုင်ကယ်လည်း မတွေ့ပါ။ ထွက်သွားတဲ့ ဆိုင်ကယ် စက်သံလည်း လုံးဝ မကြားလိုက်မိပါ။ ၀န်းခြံ၏ တံခါးမကြီးဆီ လှမ်း၍ ကြည့်သော်လည်း ပိတ်လျှက်သား……။
“““(ဟာကွာ ဒီလူ လာတုံးကလည်း ခွင့်မတောင်းဘဲ ၀င်လာခဲ့တယ်။ ပြန်တော့လည်း ခွင့်မတောင်းဘဲ တိတ်တဆိတ် ကိုယ်ပျောက်ဝိဇ္ဖာလို ပြန်သွားတယ်…)”” စာရေးဆရာ တဖြစ်ဖြစ်တောက်တောက်ငြီးတွားနေရင်း စားပွဲပေါ်သို့ လှမ်း၍ ကြည့်လိုက်မိပါ၏။ ဦးရွှေဝင်းချပြသွားသော မိသားစု ဓာတ်ပုံတစ်ပုံနှင့် အတူ သူ၏ ဒိုင်ယာရီ စာအုပ်ကို တွေ့ရပါသည်။ ချစ်စုမ၏ ဓါတ်ပုံနှင့် စာများကိုတော့ သူပြန်၍ ယူသွားတာ သေချာပေပြီ။ ဦးရွှေဝင်း၏ (၂၀၀၃)ခုနှစ် ဒိုင်ယာရီမှ နောက်ဆုံး စာမျက်နှာကို တရွက်ချင်းလှန်၍ ကြည့်လိုက်မိ ပါသည်….။
(၁၃-၄-၂၀၀၃)နေ့သည် ကျွန်တော်နှင့် ချစ်စုမတို့ အချစ်ကြီးချစ်၍ အဝေးကြီးဖြစ်အောင် ခွဲခွာနေခဲ့ကြသည်မှာ (၃)နှစ်တင်းတင်း ပြည့်ပါတော့မည်။ တစ်မြို့တည်း အတူနေကြပြီး ဝေးအောင် မတွေ့ကြရအောင် မာယာပေါင်းများစွာဖြင့် ဂတိတွေဖျက် သစ္စာပျက်၍ တိမ်းရှောင်နေသူမှာ ချစ်စုမ တစ်ယောက်ပါ။ အချစ်ကြီးသူ ကျွန်တော်…အချစ်ရာဇ၀င် ကြွေးတောင်းရန် ချစ်စုမထံသို့ ဤစာတစ်စောင်ကို ရေးသား ထားခဲ့ပါသည်။

သို့
အငယ်လေး ချစ်စုမရေ

မင်းလေးနဲ့ ဦးတို့ ဘယ်လောက်ချစ်ခဲ့ကြပြီး ဘယ်လို ဂတိတွေ ထားခဲ့ ပေးခဲ့ကြတယ်ဆိုတာကို ဒို့နှစ်ယောက်ကလွဲပြီး ဘယ်သူတွေ ပိုသိနိုင်ကြမည်လဲ--။ရာဇ၀င်ဟောင်းထဲမှာ ရွှေရုပ်ကလေးကို လိုချင်တပ်မက်နေရှာတဲ့.. ကလေးငယ်ကိုသာ ဘကြီးအောင်ဆိုတဲ့ လူကြီးက လိမ်ညာခဲ့တာပါ။ ယခု ရာဇ၀င် အသစ်ထဲမှာတော့ ဦးဇရာအိုကြီးကို ကညာပျို နုနုလှလှလေးက တွတ်တီး တွတ်တာ အညုအခရာတွေနဲ့ အတွေ့အထိ သာယာမှု၊ (မြက်နုကလေးကို ကျွေးပြီး) အချစ်နှာခေါင်းကြိုးထိုး၊ လိမ်ညာ၍ ထားခဲ့ပေပြီ။ မရှက်တမ်း ဦးဝန်ခံပါရစေတော့။ ဦးရဲ့ ဘ၀တစ်သက်သာမှာ ကြည်နူး သာယာမှု အပြည့်အ၀ ပေးနိုင်သူဟာ ချစ်စုမပါ ဦးတဏှာရူးကြီးလို့တော့ မထင်လိုက်ပါနဲ့။ ကာမတဏှာနဲ့ အချစ်ဟာ တခြားစီပါ။ ကာမတဏှာကို ငွေနဲ့ ၀ယ်လို့ရပါတယ်။ ကြည်နူးသာယာမှု အပြည့်အ၀နဲ့ ချိုမြိန်နေတဲ့ အချစ်ကို ဘ၀နဲ့ ရင်း၍ စတေး၍ ရှာဖွေလို့ တွေ့ခဲ့ရပါတယ်။… ချစ်စုမရယ်။
ချစ်စုမနဲ့ ဦးတို့ရဲ့ ဘ၀ နှစ်ခုလုံးကို ရင်းပြီးစတေးပြီး စိတ်တူကိုယ်တူ ချစ်ခဲ့ကြတာပါ။ ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ မိဘကို ငဲ့ကွက်ပြီး ချစ်စုမက ဦးကို ရှောင်ခွာသွားပြီ မဟုတ်လား။ ရပါတယ် ချစ်စုမရယ်…။ မိန်းမတို့ရဲ့ အချစ်ဆိုတာ (တိမ်ခိုးကို မီးခိုးကို လက်ထဲမှာ ဖမ်းဆုတ်ထားလို့ မရသလိုပါဘဲ။) ဆိုတဲ့ သီချင်းလိုပဲ.. သဘောထားပြီး ဖြေသာနေပါတော့မယ်---ကလေးရယ်။ ချစ်စုမကို သိပ်ချစ်ပြီး ခံစားနေရတဲ့ ချစ်စိတ်တွေကိုသာ နေသာအောင် ဖြေနေရတာ။ လိမ်ညာသွားတဲ့ မင်းကိုတော့ ဆယ်ကမ္ဘာ မကြေပါ။ ဦးကို မင်းက ရူးအောင်လုပ်သွားတာလား ချစ်စုမရယ်။ င့ါမှာ ပတ်ဝန်းကျင်က ဘယ်လိုပဲပြောပြော တားတား၊ ချစ်တဲ့စိတ်နဲ့ နားကိုပိတ် ၊ မျက်စိကို မှိတ်ပြီး ချစ်ခဲ့မိတာ အမှန်ပါ (င့ါသမီးက ဆိုရင်ကို အဖေ့ကို ရင့်ရင့်သီးသီးအပြောခံခဲ့ရတယ်..။) အဖေက ဘာလူကြီး၊လူကောင်းလည်း၊ အဖေ ဘယ်လောက်ပဲ တရားတွေထိုင်ထိုင် ၊ ပုတီးစိပ်စိပ် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူများတွေက ကြောင်သူတော် ကြွက်သူခိုးကြီးလို့ လက်ညိုးထိုး ခံရတော့မယ်….။ အဖေ့အစား သမီး သိပ်ရှက်တယ်သိလား။ သမီးထက် အသက်ငယ်တဲ့ ချစ်စုမကို မိထွေးတော်ပြီး အမေလို့ မခေါ်နိုင်ဘူး…အဖေရေ၊ ဒီကောင်မက သိပ်ပြီး မာယာများတယ်..ချော့လို့မှ မရရင်တော့ ကြမ်းရမှာပဲ၊ အဖေကလည်း နောက်မဆုတ်ဘူးဆိုရင် သူ့မိဘတွေကို သိအောင် သွားပြောမယ်) ဆိုလို့ ချစ်စုမအတွက် သိက္ခာမကျစေရအောင် ဦး ခေတ္တ ရှောင်နေခဲ့ပါတယ်။ နေ့စဉ် ရှောက်ပေါင်း အရက်သောက်ပြီး ဦးအချစ်မူး မူးပြီး စားမ၀င် အိပ်မပျော် လူးနေအောင် ခံစားခဲပါတယ်။
ချစ်စုမရေ…….မင်းကတော့ မိဘဆွေမျိုးတွေကို ငဲ့ညှာ သနားစိတ်နဲ့ သူတော်ကောင်းမလေး လုပ်သွားတယ်နော်၊ ကျန်ခဲ့တဲ့ င့ါမှာတော့ လူယုတ်မာကြီးကို လုံးလုံးဖြစ်နေပါပြီ။ ပတ်ဝန်းကျင်က သိတဲ့ လူတွေကလည်း င့ါကို မြင်ကြတာနဲ့ လက်တို့ပြီး အတင်းပြောကြ၊ နာခေါင်းရှုံကြတာ ခံနေရပြီ မိသားစုကလည်း ယုံကြည်မှုမရှိ၊ မလေးမစားလုပ်၍ ၀ိုင်းပယ်ထားကြပါတယ်။ အလုပ်သမားကောင်မလေးတွေကဆိုရင် ဦးကို ကြောက်တယ်၊ ယုံရတာ မဟုတ်ဘူးတဲ့။ (င့ါဘ၀မှာ တစ်သက်လုံး စောင့်ထိန်းလာရတဲ့ သိက္ခာတွေကို ချစ်စုမက အကုန်ခွာယူသွားပါပြီ။) မင်းရဲ့ လူယုံတော် ”မထက်“က ပြောပါသေးတယ်။ ဦး သူ့ကို မေ့လိုက်ပါ။ အကျင့်မကောင်းတဲ့ ကလေးမပါ၊ ရည်းစားကလည်း များ၊ တွေ့တဲ့လူနဲ့ တွဲနေတာ။ ဦးကို စားရလို့ချူစားနေတာပါ၊ အရင်တခါတုံးကလလည်း (ဦးလိုပဲ) တစ်ယောက်ရှိခဲ့ဘူးသတဲ့။ သူ့ထက်သာတာ တစ်ယောက်ကို အစားထိုးလိုက်ပါ လားတဲ့။ ဦးကို ချစ်ဟန်ဆောင်နေတာ..။တကယ်တော့ ဦးကို သူကလက်စားချေနေတာပါ။ ချစ်စုမ အလုပ်ဝင်တုန်းက ဦးပြောတဲ့စကား (င့ါမိန်းမကို မအော်ရဘူး၊ ပြန်မပြောရဘူး) ဆိုတာကို လက်စားချေတာပဲတဲ့…။ချစ်စုမရေ ပတ်ဝန်းကျင်ဆိုတာ ဒီလိုပဲ မီးလောင်ရာကို လေပင့်ကြစမြဲပါ။ အားလုံးကို စိန်ခေါ်လိုက်ပါတယ် ချစ်စုမ ဘယ်ဘ၀ ရောက်ရောက် ချစ်နေမယ်။ ချစ်စုမကို ငါ မရ၊ ရအောင် ယူပြမယ်။ အချိန်က သက်သေ ပြလိမ့်မယ်။ စောင့်သာ ကြည့်နေကြပေတော့လို့ ပြောပြီး ကြိမ်းဝါးလိုက်မိပါတယ်။ ယခုတော့ ချစ်စုမ အားကိုးနဲ့ ယုံစားမိပြီး ပတ်ဝန်းကျင်ကိုရော ၊ မိသားစုကိုရော စိန်ခေါ်ခဲ့တဲ့ (ငါ ဇရာအိုကြီး၊ တကိုယ်တည်း အရှက်ကွဲလို့ ဝေးရာဆီသို့) ထွက်ပြေးရပါတော့မယ် ကလေးရယ်။ ဘာကိုမှ အလေးမထား အချစ်ကို ကလေးကစားသလို သဘောပေါက် ရည်းစားတွေလည်း ဟောတစ်ယောက်၊ ဟောတစ်ယောက်ဆက်ပြီး ထားနိုင်ပါစေ ချစ်စုမရေ.။ အချစ်ဆိုတာ စွန့်လွှတ်ခြင်း မဟုတ်ပါ ချစ်စုမ။ ဦးကို အချစ်အတ္တ လူမိုက်ကြီးပါလို့ ထင်ချင်ရင် ထင်ကြပါစေ၊ အဲ နင်ဆိုတဲ့ ချစ်စုမ လင်ယူပြီ ဆိုရင်တော့ ဦးကို သတိရ တမ်းတလိုက်ပါနော်…ဦး ဘယ်နေရာ၊ ဘယ်ဌာနကို ရောက်ရောက် ချစ်စုမရဲ့ နောက်က အရိပ်လို လိုက်လာပြီး ထာဝရ ချစ်လိပ်ပြာလေး ဖြစ်နေပါရစေတော့ ကလေးရယ်…..နော်။
ဦးကို မုန်းမေ့သွားပြီး ချစ်စုမက ပြစ်ပြေးထားခဲ့ရင်တော့ လုံးဝ လက်ခံမှ မဟုတ်ပါ။ ဦးနဲ့ချစ်စုမတို့ သစ္စာပြုထားခဲ့ကြတဲ့(ရာဇမုနိ ဆုတောင်းပြည့် ဘုရား) စူးခံရလိမ့်မယ်နော်။ ကံတရားကြောင့် ဦး သက်တမ်းပြည့် မနေခဲ့ရရင်တောင် တမလွန်ဘ၀မှ အချစ်မာနလေးနဲ့ မျှားကို ရင်ဝယ်ပိုက်ပြီး ချစ်စုမ လာရာ လမ်းကို မှန်းမျှော်လို့ စောင့်နေပါရစေတော့ ---အငယ်လေးရေ…………..။

“အချစ်စစ်ပွဲ စိန်ခေါ်စာတမ်း”

(၅၀)နှစ် ဇရာအို ကညာပျို
လှည့်စား၍ အသဲခွဲသွား
မင်းလေးက ရည်းစားငါးဆယ်
ကျော်ရင်ကျော်မယ် အရယ်က မပျက်ပါ။

နှစ်(၅၀) ဇရာအို ဘ၀မှာ မင်းလေးသာ နံပါတ်တစ်ဆိုရင်
နွားအို မြက်နုကြိုက်တယ်လို့ လက်တို့ကြမှာ အမှန်..။

အချစ်ဆို မအိုပေမယ့် အလည်လွန် နယ်ကျွံရင် နဂိုနေမဖြစ်
အရွယ်၊ ဂုဏ်သိက္ခာကို နွံမှာနှစ်ထားခဲ့
မိသားစု ဘ၀တွေ စတေးထား ကလေးကလား ယုံစားပြီး ချစ်ခဲ့မိ..။

ယခုတော့လည်း ဖြစ်ချင်ရာဖြစ် လူကြီးကို ကြောင်နဲ့ တို့သွားတဲ့
မင်းကလေးလို မိန်းမစားကို ရာဇ၀င်ကြေသော်လည်း ဥဒါန်းမကြေပါ။
ပျံလေတဲ့ ငှက်ခါးမလေး နားခါမှ သိစေရမယ်
ဖွဟဲ့လွဲပါစေ ငါမနေရလို့ သေသွားခဲ့ရင်
င့ါစာတွေနဲ့ နင်တို့ကို……. လက်စားချေနိုင်ပါစေ။


(အငယ်လေးကို..ချစ်ခဲ့မိလို့..နံပါတ်(၃)ဇာတ်သိမ်းပိုင်း..ဖေါ်ပြပေးပါဦးမည်။)

ရွှေလမ်းငွေလမ်းဝင်းကြည်

မေတ္တာရပ်ခံချက်။ ။အရေးအသားကြမ်းတမ်းနေခြင်းနှင့် တိုက်ဆိုင်မှုဖြစ်ပေါ်နေခဲ့ပါလျှင်..နားလည်ခွင့်လွှတ်ပေးကြပါရန်၊
(၁၇-၁၀-၂၀၀၅) လပြည့်နေ့၊ ည(၂)နာရီ
 

ဒြပ်စင် အချစ်

ဒြပ်စင် အချစ်
ရွှေလမ်းငွေလမ်းဝင်းကြည်

• အချစ်ဆို
• အိုသည်မရှိ၊ နေမ၀င်အချစ်တဲ့
• အချစ်မှာ ဦးနှောက်မပါ
• တူရာတန်ဖိုး တုမနှိုင်းသာ….။

* အချစ်မှာ သိက္ခာမရှိ
အချစ်မှာ ဂုဏ်ပါဝါမရှိ
အချစ်မှာ လူမျိုးဘာသာမရှိ
ချစ်လိပ်ပြာမောင်နှံ ရေခြားမြေခြား
မိုးကောင်းကင် သမုဒ္ဒရာ
နှစ်ကောင်တွဲ မခွဲမခွါပျံသန်းရှာ….။

* လောကကြီး ဤကမ္ဘာ
ထာဝရလန်းဆန်းနေတာ အချစ်ပါ
အဖြစ်သဲတယ်ပဲ ဆိုရင်ဆို
အချစ်ကဲတယ်ပဲ ပြောရင်ပြော
စားမ၀င် အိပ်မပျော်ပါ နေမထိထိုင်မသာ
စက္ကန့်အချိန်တိုင်းမှာ အချစ်ရှိနေတာ…။

*မယုံရင် ရင်ကိုခွဲလိုက်ပါ
အသဲကိုအဏုမြူရောင်ခြည်နဲ့ဆေးပါ
ရင်တွင်းအနှစ်ဆီတွေဟာ
ချစ်..ချစ်..ချစ်….လို့သာမြည်နေကြမှာ……………။

ရွှေလမ်းငွေလမ်းဝင်းကြည်
(၂၂-၇-၁၉၉၇) နံနက်၃း၃၀ ရေး၏။
 

အငယ်လေးကို ချစ်ခဲ့မိလို့ (၁)

အငယ်လေးကို ချစ်ခဲ့မိလို့ (၁)
ရွှေလမ်းငွေလမ်း ၀င်းကြည်

ဦးရွှေဝင်းသည် အသက်(၄၉)နှစ်ရောက်မှ ဗွေဖောက်လာပြီဟု ပတ်ဝန်းကျင်က မေ့ငေါ့ကြ၏။ သူ့ဘ၀သူလဲ အသိသား။ ဖြစ်ပုံကလည်း အများအမြင်မှာတော့ အဆန်းတကြယ်၊ မကြားဝံ့ မနာသာပါပဲ။
ဦးရွှေဝင်းမှာ ပထမဇနီးကြီး ဒေါ်ဌေးကြည်နှင့် အိမ်ထောင်သက် (၂၆)နှစ်ရှိလေသည်။ သားကြီး မောင်ထိပ်တင် အသက်(၂၅) နှစ်ပြည့်ပြီ၊ သမီးငယ် ဂျမ်းထော်မှာ အသက် (၂၃)နှစ်ပြည့်၍ သားသမီး (၂)ဦးသာရှိ၏။ စီးပွားရေးလုပ်ငန်းမှာ အထည်ချုပ် စက်ရုံတစ်ခု တည်ထောင်ထားသည်။ အမျိုးသမီးလုပ်သား ၁၀၀ ကျော်ရှိ၏။ နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ဆင်းကြရသည်။ အလုပ်သမား များကို ဦးရွှေဝင်း ဇနီး ဒေါ်ဌေးကြည်က မန်နေဂျာမကလေးများ အဆင့်ဆင့်ဖြင့် အုပ်ချုပ်စီမံ လုပ်ကိုင်ကြသည်။
လောကကြီးတွင် အရာရာမှာ ပြည့်စုံခြင်းနှင့် လောကမှာ အကောင်းဆုံးဘ၀၊ အကောင်းဆုံးအချိန်၊ အကောင်းဆုံးအရာသည် ဘာကို ခေါ်ပါသနည်း။ ဦးရွှေဝင်းတွေး၍ ပြုံးနေမိ၏။
ဒေါ်ဌေးကြည်သည် ဦးရွှေဝင်း၏ ၀တ္ထုစာမူကြမ်းများထားသော စာအုပ်နှင့် ကောင်မလေးအကြောင်း တစ်ပိုင်း တစ်စ ရေးသားထားသော ပေးစားများ၊ ပြန်စာများအား တစ်ရွက်ခြင်း ရှာဖွေ ဖတ်နေသော အခါ…..
ဦးရွှေဝင်း၏ ချေပုန်းခုတ်နေသော ဇာတ်လမ်းများ ပီပြင်စွာ ရုပ်လုံး ပေါ်ပေတော့သည်။

ချစ်စုမ
နေ့။ ၁၅-၃-၂၀၀၀။

ရက်စက်လိုက်တာ ကလေးရယ်--
အပြောတခြား၊ အလုပ်တစ်ခြား ပါစင်အောင် လွဲသွားပါရော့လား..။ဒီကမ္ဘာမှာ ယောက်ျားတွေထဲက ဦးဦးဖျားဖျား ချစ်မိခဲ့ပြီး မိန်းကလေးရဲ့ ပထမဆုံး အတွေ့အထိ အနမ်းပန်းတွေနဲ့ ကျမရဲ့ ဘ၀ပန်းပွင့်ကလေး ကြွေခဲ့ရပါပြီ

လို့ ချစ်စုမရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာကလေးတွေ၊ ကဗျာလေးတွေ အမြတ်တနိုး သိမ်းဆည်းထားချင်လို့ နင့်စာတွေ မိတ္တူကူးပြီး ယူထားလိုက်ပါတယ်။ မူရင်းစာတွေကိုပြန်ပေးလိုက်ပါတယ်။ ချစ်စုမအတွက် နောက်ကြောင်းရှင်းအောင် ဦးဘ၀နဲ့ ရင်းပြီး တာဝန်ယူ ကတိပေးပါတယ်။

သို့
ဦးအတွက်


ကဗျာ(၁)
အချိန်တစ်ခုမှာ စတင်တဲ့ အချစ်၊ ရင်ထဲခံစားချိန်မှာ စိတ်တွေက တိမ်တွေလို၊ ကြည်နူးလွမ်းဆွတ်မှုတွေက တစ်လှည့်စီ ဘယ်အချိန်မှာ ဆုံမယ်တော့မသိ၊ သေချာတဲ့ အခြေမှန် တစ်ခုက တကယ်ချစ်ခဲ့တဲ့သူ ရင်မှာ၊ ထာဝရ သတိရနေမှာပါ။ သူနားလည်နိုင်ပါစေ။
၁၄-၃-၂၀၀၀

ကဗျာ(၃)
ကြင်နာသူ အချစ်ရိပ်

ချိုမြိန်တဲ့ အနမ်းပွင့်
ကြေးမှုံပေါ်က ပုံရိပ်နှစ်ခု
ပျံ့လွင့်နေတဲ့ ရယ်သံ
စီးဆင်းနေတဲ့ မျက်ရည်
မျက်စိထဲနားထဲ မြင်ယောင်ကြားယောင်
တမ်းတသတိရ အချိန်တိုင်းလွမ်းကွယ်။

ချစ်စုမ

စာ(၂)
ဦးရေ
ဦးဘ၀ထဲက အိပ်မက်ကလေးတစ်ခု ဖြစ်ခဲ့ပေမယ့်၊ ထာဝရ သတိရပေးရင် အရာရာအတွက် ကျေနပ်ပါတယ် ဦးရယ်---။
ဦးရဲ့ သမီး။

သို့
ဦးရေ
ကျမ အချစ်က လေးနက်မှု အပြည့်နဲ့ သူ့တစ်ယောက်တည်းအတွက် တန်ဖိုးအရှိဆုံး ရင်ခုံမှုများစွာ ပေးအပ်ခဲ့ရတယ်ဆိုတာ မိမိကိုယ်မိမိသာ အသိဆုံးပါ။ ဒါပေမယ့် အဲဒီအချစ်က ပေးဆပ်မှုလား၊ စွန့်လွှတ်မှုလား၊ ပိုင်ဆိုင်ဖို့လားဆိုတာ မသေချာသေးပါဘူး၊ သေချာတာတစ်ခုကတော့ နောက် ဘယ်ယောက်ျားအတွက်နဲ့မှ နှလုံးသားက ငိုမှာ မဟုတ်တော့ပါဘူး။ သူတစ်ယောက်တည်းအတွက်ပဲ ခံစားရတဲ့ အချစ်က ဒီတစ်သက်မှာ အမြဲတမ်း စိုးမိုးနေတာမို့ပါ။ သူ့တစ်ယောက်တည်းအတွက်ပဲ နှလုံးသားက ခံစားရတဲ့ အချစ်ဟာ ဒီတစ်သက်မှာ အမြဲစိုးမိုးနေတာမို့ပါ။ သူတစ်ယောက်တည်းအတွက်ပဲ နှလုံးသားက ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းတွေနဲ့ ထာဝရ ရှင်သန်နေမှာပါ။ ပြောရတိုင်း၊ ရေးရတိုင်း အလွယ်ရေး ပြောနေတာ မဟုတ်ပါဘူး။ ရင်ထဲက ခံစားချက်အတိုင်းပါပဲ။ အဲဒီခံစားချက်တွေကို ဖြစ်မြောက်ခံစားနိုင်ဖို့ အချိန်အများကြီးကို ပေးဆပ်ရသည့်ကြားမှာ မသေချာတဲ့ ကံကြမ္မာဆိုးတွေ ကြုံလာခဲ့ရင်ဖြင့် မိန်းမသားဘက်က နာစရာရှိရင် နာရ၊ အရှက်ရမှာပါ။ သုံးနှစ်အတွင်း သောကတွေနဲ့ မရှင်သန်ရှင်ဘူး။ သန့်ရှင်းစင်ကြယ်တဲ့ အချစ်တွေနဲ့ပဲ အချစ်တွေကို အားကိုးပြီး အမြန်ဆုံးပြီးဆုံးမဲ့ရက်တွေကို ကျော်ဖြတ်ပါရစေ။ နားလည်ခွင့်လွှတ်ပါ။ ကြားထဲမှာ ဘ၀နဲ့ နှိုင်းဆပြီး ဘာအပြစ်မှ မတင်ချင်ပါဘူး။ ကျမက တစ်ခြား ကောင်လေးတွေနဲ့ ရှုပ်တယ်ဆိုတာ ရင်ထဲမှာ ဘာခံစားချက်မှ မရှိပါဘူး။ သူ့တစ်ယောက်အတွက်ပဲ လုံလောက်တဲ့ အချစ်တွေကို အစွမ်းကုန်ပေးပြီးသားပါ။ အမြဲတမ်း ရှင်သန်နုပျိုခြင်းတွေနဲ့ စိတ်ရှည်လက်ရှည် စောင့်ပါဦးရယ်။

ဦးရဲ့သမီး

ကျွန်ုပ်သည် ဇနီးကြီး ဒေါ်ဌေးကြည်အား များစွာမှ ချစ်မြတ်နိုးခဲ့ရပါ၏။ ကျွန်ုပ်ဇနီးကြီးသည် ကျွန်ုပ်ထက် (၈)နှစ်ခန့် အသက်ကြီး၍ ခေတ်ပညာတတ် ဘွဲ့ရ အမျိုးသမီး တစ်ဦးပါ။ ရိုးသား၏၊ လောကွတ်မပါ။ မျက်နှာထား ပုံမှန်ဖြင့် မည်သူ့ကိုမဆို ဆက်ဆံပါ၏။ အပိုစကားဖြစ်တဲ့ “ ဟော မတွေ့ရတာကြာပေါ့။ ကျမက သိပ်တွေ့ချင်ပြီး သတိရနေတာ ကြာပြီ” စသည့် စကားပိုများ မပြောတတ်။ “ကဲ ဘာကိစ္စရှိလဲ၊ ဘာလုပ်ပေးရမလဲ“ ကျမတို့ လုပ်ငန်းက ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတာ--” ထိုကဲ့သို့ ကိုယ့်မိသားစု လုပ်ငန်းခွင် အရှိ အမှန်အတိုင်း ဒဲ့တိုးကြီး ပြောတတ်ပါ၏။ သားနှင့်သမီးကိုလည်း သားရေ--၊ သမီးရေ--ဟု ဘယ်တော့မှ မခေါ်၊ နာမည်ကိုသာ တက်၍ ခေါ်ပါ၏။ ထိပ်တင်နှင့် ဂျမ်းထော်ဟု ခေါ်၏။ ကျွန်တော် သူ့ယောက်ျားကိုတော့ သူ့ထက် အသက်ငယ်သော်လည်း ကိုတတ်၍ ကိုရွှေဝင်းဟု အသံခပ်ပြတ်ပြတ်နဲ့သာ ခေါ်တတ်သည်။
ကိုရွှေဝင်းရေ--ယောက်ျားရေး--လို့ ဘယ်သောအခါမှ ချွဲချွဲ ပျစ်ပျစ်မခေါ်တတ်၊ မသုံးတတ်ပါ။ အညုအခရာ ဆိုရင်တော့ ဝေလာဝေးပါပဲခင်ဗျား။
မချစ်၍ အပြစ်ရှာခြင်း မဟုတ်ပါ---။
ဇနီးကြီးအပေါ် လေးစားပြီးရင်နှင့်အမျှ ချစ်ရပါသည်။ ကျွန်တော် ဘယ်လောက်ဆိုးဆိုး၊ ဘယ်လိုပင် မူးမူး၊ ဘယ်လောက်ပင် ဗျစ်တောက်၊ ဗျစ်တောက် ပြောပြောဆူဆူ၊ လုံးဝ မနာတတ်သလို ခွန်းတုံ့ခွန်းပြန် သိပ်မပြောပါ။ တစ်ခါ တစ်ခါ ဒေါသ ကြီးရင်သာ ပေါက်ကွဲပြီး အနည်းငယ်သာအော်၍ ဒေါသသံ ကြားရပါ၏။ ကျွန်တော်လိမ်၍၊ ညာ၍ လှည့်၍ ပြောသော စကားများကိုလည်း ယုံကြည်တတ်ပါသည်။ ဒါကြောင့် ပုံမှန် ရိုးသားစွာ ပြောဆိုတတ်သော ကျွန်တော့ ဇနီးကြီးအား များစွာ ချစ်မိပါ၏။
အမေလို အစ်မလို လေးစားအားကိုးပြီး ချစ်မိပါ၏။ အဲဒီလို ကျွန်တော်ဖွင့်ပြောရင်လည်း သူလုံးဝ မကြိုက်ပါ။ သြော်--လင်မယား ချစ်ဆိုသည်မှာ နှစ်ဦးနှစ်ဘက် အလိုပြည့်ခဲကြပါလား။ အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့ ရှေးစကားပုံရှိခဲ့သော်လည်း သူ့အကြိုက်၊ကိုယ့်အကြိုက်ပြောဆို ဆက်ဆံနေထိုင်ရန်မှာ ကြာတော့ မလွယ်ကြပါ။
ကျွန်တော်သည် သူများလင်မယားတွေကို ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် တီတီတာတာသဲသဲလုပ်ဖြစ်သော လင်မယားစုံတွဲတွေ မြင်လေတိုင်းသက်ပြင်းမုန်တိုင်းတွေ မှုတ်ထုတ်မိတော့၏။

ချစ်စုမ---
ဒီကောင်မလေးသည် ပထမအကြိမ်ကျွန်တော့စက်ရုံမှာ (၁၀)တန်းကျောင်းတစ်ခါကျပြီး၊ အလုပ်ဝင်လာခဲ့၏။(၁၀)တန်းဖြေခါနီးအလုပ်မှ ထွက်၍ ဒုတိယအကြိမ်အလုပ်ဝင်လာပြန်၏။(၁၀)တန်းအောင်လာပြီ ပြော၏။ စာပေးစာယူတက်၍ ဘွဲ့ယူမည့် ဟုသိရ၏။
“ဟဲ့--ချစ်စုမ--ညီး ဒုတိယအကြိမ် အလုပ်ဝင်လာတာဟုတ်ပါပြီ။ ပထမအကြိမ် အလုပ်ဝင်တုံးကလို “ ငါ့မိန်းမကို မအော်ရဘူး၊ မလေးမစား မဆက်ဆံရဘူးနော်”
ချစ်စုမက မျက်စောင်းတစ်ချက်စူးစူးစိုက်စိုက်ကျွန်တော့်ကိုကြည့်ပြီး ခေါင်းငြိမ့်ရင်း-
“ဟုတ်ကဲ့ပါဦး၊ သမီးစကားပြောရင် အော်ပြောတတ်လို့ပါ--နောက်အော်သလို၊ ငေါက်သလို မပြောတော့ပါဘူး၊ စိတ်ချပါ”
ချစ်စုမသည် အသက်(၁၉)နှစ်သာ ရှိသေး၏။ သွက်လက်ချက်ချာ၏။သူ၏ ရယ်သံကလေးများသည် ယောက်ျားတို့ ရင်ဝယ် လှုပ်ခါသွားတတ်၏။ သူမ၏ သွားတတ်ကလေးများပေါ်အောင် ရယ်တာကြိုမင်ရလျှင် များစွာမှ ကြည့်ကောင်းပါ၏။ ယခုခေတ်မင်းသမီး ဇင်ဇင်ဇော်မြင့်နှင့်တူသည်ဟု ဆိုလျှင် လုံးဝ မမှားပါ။
နာမည်နှင့်လိုက်အောင် အချစ်တွေကိုစုပြီး ရည်းစားတွေ မှိုလိုပေါက်ထား၏။ တစ်ရက်တည်း နှစ်ယောက်လောက်ကို နာရီခြားပြီး ချိန်းတွေ့တတ်၏။ အလုပ်ဆင်း၊ အလုပ်ပြန်ချိန်နှင့် နားချိန်များတွင် အကြိုအပို့ လုပ်ခိုင်းတတ်၏။
ကျွန်ုပ်သည် ဒီကောင်မလေး ရည်းစားများသာသိ၏။ သူ့ရယ်သံ၊ ပြောသံတွေကို သာယာကြည်နူးနေမိ၏။ တစ်နေ့တွင် စာပေးစာယူဖေါင်တင်ကိစ္စ ခွင့်တောင်း၏။ ခွင့်ပေးလိုက်၏။ ခွင့်ပေးရုံတင်မက စာပေးစာယူ ကိစ္စ ကုန်ကျငွေ ၁၅၀၀၀ိ/- ခန့်အား တစ်ဝက် ၇၅၀၀ိ/- ငွေကို ကျခံမည်ဟု ပြောပြောပေးပေး ပေးခဲ့၏။ အလုပ်ပြန်ညများတွင် တစ်ခါတစ်ရံ ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးမိပါ၏။ သူကတော့ ကိုယ့်ဦးလေး အရွယ်မို့ အားကိုးတစ်ကြီး နောက်က ယုံကြည်စွာ လိုက်ပါသည်။ ဆိုင်ကယ်စီးတော့လည်း ရဲတင်းစွာဖြင့် ကျွန်ုပ်ခါးကို ဖက်၍ ကိုင်၍ စီးလာ၏။ မိန်းမနှင့် ယောက်ျား ထိတွေ့မှု ဆိုသည်မှာ ဖိုနှင့်မ ထိလျှင် မီးပွင့်တဲ့ လျှပ်စစ်မီးသီးလို အချစ်ရင်ဖိုလာခဲ့မိ၏။ ဇရာအိုအချစ်ကညာပျိုအသစ်ငယ်ငယ်လေးနဲ့ဆိုတော့ နွားအိုမြက်နုကြိက်တယ်ပဲ၊ ဆိုကြ ဆိုကြ၊ အကျွနု်ပ်ချစ်ခဲ့မိလေပြီ။
ကျွန်တော်သည် အစပထမတော့ အတွေ့အထိဖြင့် ခေတ္တသာယာမှုကို ရှာမိခဲ့ပါသည်။ အလုပ်ရှင် အလုပ်သမားဖြစ်၍ ကြောက်၍ လိုက်လျောသည်လား၊ တကယ်ချစ်၍လား မပြောတတ်၊ ကျွန်တော်တို့နှစ်ဦး အပြန်အလှန် ချစ်တင်းနှောမိခဲ့ကြပါ၏။ အထက်ကစာတွေက ကျွန်တော်တို့ ဘယ်လောက်အထိ ခရီးပေါက်ခဲ့ကြသလိုဆိုတာ ဖော်ပြကြပါ၏။ ဘယ်လောက်အထိ သံယောဇဉ် တွယ်တာစွဲလမ်းလာခဲ့မိကြတယ်ဆိုတာ ကျွန်တော်တို့နှစ်ဦးကလွဲလို့ မည်သူမျှ သိကြမည် မထင်ပါ။
ကျွန်တော်သည် ကြီးတောင့်ကြီးမားဘ၀မှာ ကြီးမှ ပေါက်သည့် ၀က်သက်အချစ်ရောဂါမီးကို မွှေးခဲ့မိပါ၏။ ငယ်စဉ်က မြီးကောင်ပေါက် မိုက်ရူးရဲ အချစ်ထက် ကြီးမှ ထသည့် အချစ်ရောဂါသည် သိလျှက်နဲ့ တိုး၍ အဆပေါင်း တစ်ထောင်မက ပိုသည်ဟု ဆိုလျှင် မှန်ပါသည်။
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဆိုသည်မှာ မသိလို့ ဆိုးသော လူမိုက်ကို သနားညှာတာ ခွင့်လွှတ် တတ်ကြသော်လည်း သိလျှက်နဲ့ဆိုးသော လူမိုက်ကိုတော့ ခွင့်မလွှတ်ကြရုံမက အားလုံးကး နားခေါင်းရှုံ့ကြမည်မှာ ဓမ္မတာပါ။
ချစ်စုမကို ကျွန်တော့်ရင်ထဲမှာ… ၄၉ နှစ်လုံးလုံး မရရှိ၊ မကြုံဖူးခဲ့၊ မခံစားဖူးခဲ့တဲ့၊ ကြည်နူးသာယာမှု အချစ်တွေအားလုံး ပေးဆပ်ခဲ့မိပါ၏။ ချစ်စုမကလည်း အရွယ်နှင့်မမျှ ချစ်တုံ့ပြန်တဲ့နေရာမှာ လူငယ်ပီပီ ပွင့်ပွင့်လင်းလင်း၊ မြန်မြန်ဆန်ဆန်၊ သွက်သွက်လက်လက် ၊ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေနဲ့ ကျွန်တော့်ကို သာယာမှု အပြည့်အ၀ဖြင့် အချစ်တွေ ပေးခဲ့ပါ၏။
သူဘာတစ်ခုမှ တောင်းဆိုခြင်း မပြုဘဲ ရွှေလက်စွပ်၊ ရွှေဆွဲကြိုး၊ ရွှေအသဲပုံ လည်ဆွဲလေးရယ်၊ အင်္ကျီပုံဆန်းနှင့် ပါတိတ်ဝမ်းဆက်တွေ အသေးသုံး တစ်ထောင်တန် ငွေစက္ကူတွေကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကြည်ကြည်ဖြူဖြူ လက်ဆောင်တွေ ပေးခဲ့ပါ၏။(ယခုခေတ်စားနေတဲ့ အဆိုတော် ထွန်းထွန်းတို့အဖွဲ့)ဆိုတဲ့ ကိုကြီးဖြစ်ချင်တဲ့ ဒီရောဂါဆန်းကြီးကို ကျွန်တော့်ရင်ထဲမှ ဒဲ့တိုးကြီး ခံစားမိခဲ့ရပါ၏။ ဒီသီချင်းသံကြားတိုင်းလည်း ကိုယ့်ကိုကိုယ် ပြန်ပြီး ရှက်တက်၊ ကြောက်တတ်လာ ပါတော့၏။
ရက်စက်လိုက်တာ ချစ်စုမရယ်--ငါကတော့ သူငယ်ပြန်အချစ်နဲ့ ရက်ရက်ရောရော ချစ်ခဲ့မိတာ အမှန်ပါ။
သူကတော့ ၀တ္ထုဆန်ဆန်၊ ရွယ်တူ ရည်းစားကောင်လေးတွေနဲ့ ထည်လဲတွဲပြနေပြီး၊ င့ါကိုကျတော့ နောက်ကွယ်မှာထား၊ တိတ်တိတ်ပုံးအရံ အချစ်ဇရာအိုကြီးအဖြစ်နဲ့ ကောက်ရိုးခြောက်ပုံကြီးကို ခေါင်းထိုးထားခဲ့တဲ့ နွားကြီးလို ချစ်စုမရဲ့ အချစ်နှောင်ကြိုးကြီးနဲ့ ချည်ထားခဲ့တာပါလား--။ ယခုမှ တွေးကြည့်မိပါ၏။
ငါပေးတဲ့စာတွေကို င့ါသားကြီး၊ သမီးကြီးနဲ့ တစ်ခြား လုပ်ဖော်ကိုင်ဖက် အလုပ်သမားတွေကို ပြပြီး၊ သူမှားကြောင်း ၀န်ခံလိုက်သတဲ့။ ကျွန်တော့်ရဲ့ဇနီး သိသွားတော့ ဒေါသခြောင်းခြောင်းထွက်ပြီး ရွှေရင်တွေ တဖြန်းဖြန်းထုလျှက် ငိုပွဲဆင်တော့၏။ ကျွန်တော့်ရဲ့ ဘယ်ဘက်ပါးကို ရှစ်စိတ်ကွဲသွားမတတ်၊ အရိုက်ခံခဲ့ရပါ၏။
လောကကြီး ပြောင်းပြန်ဖြစ်ပြီး သားသမီးများက ဖအေရဲ့ရည်းစားစာကို လက်ပူးလက်ကျဖမ်းပြီး အဆုံးအမ ခံလိုက်ရပါ၏။ ဖခင်က သားသမီး၊ မိသားစုတစ်စုလုံးကို ၀န်ခံကတိတွေပေးပြီး ဒူးထောက်လက်မြှောက် အရှုံးပေးခံလိုက်ရ၏။ လုပ်ငန်းထဲမှာ အာဏာတွေ၊ ပါဝါတွေ အကုန်ကျ၊ ငွေရေး၊ ကြေးရေးကအစ လုံးဝ မယုံကြည်၍ ငွေစာရင်းနဲ့ ငွေတွေကို မကိုင်ရတော့ပါ။
ချစ်စုမကို ယုံပြီး ကျွန်တော့်အသဲတွေ ပုံပေးပြီး ချစ်ခဲ့မိ၍ အသဲတွေ ကွဲနေရတဲ့အပြင် မိသားစုတွေလည်း စိတ်ဝမ်း တစ်ကွဲတစ်ပြားစီ ဖြစ်ကုန်ရပါ၏။ ချစ်စုမလဲ ကျွန်တော့်ရဲ့ မိသားတစ်စုလုံးရဲ့ ပြောဆိုညိုညင်မှုတွေကိုလည်း မခံနိုင်၊ အလုပ်သမား အချင်းချင်းပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုတွေကိုလည်း မခံနိုင်တော့ပဲ စက်ရုံမှ ထွက်သွားပါပြီ။ ကျွန်တော်နဲ့ ချစ်စုမ ကတိတွေ ထားခဲ့ပါ၏။ သစ္စာကတိပြု တဲ့နေရာကတော့ ရာဇမုနိဆုတောင်းပြည့်ဘုရားမှာပါ။ အကြပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် တစ်ပါတည်း ထွက်ပြေးကြမယ်၊ အေးအေးဆေးဆေးဖြစ်ကြရင် (၃)နှစ်(၃)မိုး စောင့်ကြမယ်။ ချစ်စုမရဲ့ မိဘကို လုပ်ကြွေးရင်း ဘွဲ့ရတဲ့အထိ စောင့်ကြမယ်။ပေါ့။ ကတိသစ္စာတွေ ထားခဲ့ကြပါ၏။ အင်္ဂလိပ်လဆန်း ၁ ရက်နေ့ရယ်။ ၁၆ ရက်နေ့ညနေ ၆ -နာရီမှ ၇ နာရီအထိ ရာဇမုနိဘုရားမှာ ဆုံကြမယ်လို့ ကတိထားခဲ့တဲ့အတိုင်း ကျွန်တော် (၂)လတိတိ သွားပြီး စောင့်ခဲ့မိပါတယ်။ ချစ်စုမကတော့ လုံးဝ ပေါ်မလာတော့ပါ။
ယခုမှ ပြန်လည်၍ စဉ်းစားမိပါ၏။ ချစ်စုမကို ပထမဆုံး အကြိမ် စ၍ ချိန်းတွေ့တဲ့ ဟိုတယ်တစ်ခု အခန်းအကျယ်ကြီးထဲရှိ မှန်တစ်ချပ်ရှေ့မှာ နှစ်ယောက်သား ကြည်ဆည်နေရင်းက ပြောသွားတဲ့စကား။
“ ဦးရယ်--သမီးနဲ့ ယခုတွဲနေတဲ့ ရည်စားရွယ်တူ ကိုဝင်းမင်း သာ ဦးဖြစ်လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ ဦးအမေက သမီးထက် ဘာကြောင့် အနှစ်(၃၀) ကြီးတောင် စောပြီး မွေးလိုက်တာလဲနော်--သမီးအခုတွဲနေတဲ့ ၀င်းမင်းဆိုတဲ့ ကောင်လေးကို သမီး တကယ်မချစ်ပါဘူး။ ရင်ထဲမှာ မရှိပါဘူး။ ပတ်ဝန်းကျင်က သူနဲ့ တွဲနေတော့ သမီးနဲ့ ဦးကို အထင်မမှားကြပဲ ဦးနဲ့သမီးစိတ်ချလက်ချ ကွယ်ရာမှာပျော်ရတာပေါ့ ဦးရဲ့။ ပထမဦးဆုံး ချစ်သူ ယောက်ျားလေးဟာ ဦးတစ်ယောက်ထဲသာ ဖြစ်နေရပါပြီ---ယုံပါနော်” ။
“ အိုကလေးရယ်၊ ဦးကလဲ ဦးရဲ့ ဘ၀တစ်သက်မှာ ယခုလို တွတ်တီးတွတ်တာနဲ့ သာယာကြည်နူးမှုတွေ အပြန်အလှန်ပေးပြီး ချစ်ပေးခဲ့တဲ့ ကလေးကို သေတဲ့အထိ၊ အသက်ထက်ဆုံးဆက်ပြီး စွဲစွဲမြဲမြဲ ချစ်သွားမှာပါကွယ်။ အချစ်ဆိုတာ---သ၀န်တိုတာပဲကွာ၊ ကလေးနဲ့ အခုတွဲနေတဲ့ ၀င်းမင်းကို ဖြတ်စာပေးလိုက်ပါနော်--ကလေးအတွက်ဆိုရင် ဦး ဘာကိုပဲ ပေးရပေးရ၊ ဦးရဲ့ ရင်ကိုခွဲ အသဲကိုပဲ ယူအုံးမလား၊ ဒီကောင်ကြီးက ပေးမှာပါဗျာ”
“ ဦးကလဲ သမီးပြောတာ နားလည်ခွင့်လွှတ်ပေးပါနော်၊ ၀င်းမင်းကို သမီးချစ်ဟန်ဆောင်နေတာပါလို့ဆို--- --- --- သူခေါ်တဲ့နောက် သမီး ဘယ်ကိုမှ မလိုက်ဘူး--သူချိန်းတဲ့နေရာ ဘယ်တော့မှာ မသွားပါဘူး ဦးရယ်--။- ဒီလိုဆိုရင် သူကြာလာရင် သမီးကို စိတ်ပျက်ပြီး အလိုလို နောက်ဆုတ်သွားပါလိမ့်မယ် ဦးရယ်--နော်..။ ဦးကလွဲပြီး၊ အခုသမီးတွဲနေတဲ့ ရည်းစားတွေ ဘယ်သူ့ကိုမှ မချစ်ပါဘူး၊ လက်ကလေးကိုတောင် အကိုင်ခံတာ မဟုတ်ပါဘူး ဦးရယ်--သမီးကို နားလည်ပေးပါနော်။ သမီးကို တကယ်ချစ်ရင် နားလည်ပေးပါဦးရယ်---နော်---နော်--”
အချစ်ဆိုသည်မှာ အိုသည်မရှိပါ။ ထာဝရ ရင်ထဲ အသဲထဲမှာ သစ်လွင်တောက်ပနေပါသည်။ အချစ်နဲ့ စစ်ပွဲမှာ မတရားဘူး ဆိုတာလည်း မရှိကြပါ။ အရွယ်တူတူ ၊ မတူတူ၊ ဂုဏ်ဓန တံတိုင်း ဘယ်လောက်ပဲ ခြားခြား မရပါ။ ချစ်တဲ့စိတ်ကို သံကွန်ခြာခုနှစ်ထပ်နဲ့ အုပ်ထား၍ မရနိုင်ပါ။ အချစ်မှာ မဖြစ်နိုင်သော အရာဆိုသည်မှာ ဘာတစ်ခုမှ မရှိကြပါ။
ကျွန်ုပ် အချစ်အဘိဓမ္မာအိုးကွဲကြီးမှာ ကြောက်စိတ်၊ ရှက်စိတ် လုံးဝ မရှိပါ။ ချစ်စှုမ သွားလေရာ နောက်ယောင်ခံ၍ တကောက်ကောက် လိုက်ကြည့်မိနေ၏။ ချစ်စုမကလဲ ရွယ်တူ ကောင်လေးတွေနဲ့ တစ်ယောက်ပြီး တစ်ယောက်တွဲပြနေ၏။ သူ့ကိုမေးတော့လဲ ဒါသမီးရဲ့ ငယ်သူငယ်ချင်းတွေပါ ဦးရယ်တဲ့။ ဒါပဲပြောပါ၏။
တစ်နေ့မှာ သိသိကြီးနဲ့ အခံရခက်လွန်းစရာ တစ်ခုကို ကြုံခဲ့ရပါ၏။ ချစ်စုမရဲ့ နောက်ကို အများဆုံးတွဲနေတဲ့ ၀င်းမင်းကို တွေ့ရ၏။ အချစ်ဆို အိုသည်မရှိ၊ ချစ်လွန်းလျှင် သ၀န်တို၊ သ၀န်ကြောင်တတ်ကြ၏။ ဒါကြောင့် စက်ဘီး နှစ်စင်း အတူယှဉ်းစီးလာတဲ့ ချစ်စုမနဲ့ ၀င်းမင်းကို တွေ့ရတော့ အချစ်ဒေါသမီးမုန်တိုင်း ထလာခဲ့မိပါသည်။ ရင်ထဲက မခံနိုင်တော့၍ ပြောမိပြောရာ ပြောချမိပါတယ်--။
“ဟေ့ကောင်ဝင်းမင်း၊ မင်းချစ်စုမ နောက်ကို လိုက်နေလဲ အလကားပဲ၊ ချစ်စုမနဲ့ငါ တကယ်ချစ်နေကြပြီကွ။”
“ဗျာ--ဘာဖြစ်တယ်၊ ခင်ဗျားကြီးမှာ မိန်းမနဲ့၊ သားကြီး၊ သမီးကြီးတွေနဲ့ဒီလိုလုပ်တာ ရိုင်းလိုက်တာဗျာ၊ ဘာပဲဖြစ်ဖြစ် ချစ်စုမကို ကျုပ်ကြိုက်လို့ လိုက်နေတာ။ သူနဲ့ တွေ့ချင်ပါတယ်---ဒီမှာ ခင်ဗျား မှတ်မိသေးလား၊ ပန်းခြံဘေးမှာ ခင်ဗျားနဲ့ကျုပ် ချစ်စုမကို နှစ်ယောက်ပြိုင်စောင့်စဉ်က ခင်ဗျားကိုထားပြီး ကျုပ်ကို ဇွတ်အတင်းဆွဲခေါ်ပြီး ဘုရားကို လိုက်ခဲ့ဖို့ ခေါ်တာလေ၊ မှတ်မိသေးလား၊ ကျုပ်တို့ လူငယ်တွေ ချစ်ရေးကိုခင်ဗျားကြီး လိုက်ပြီး မနှောင့်ယှက်ချင်ပါနဲ့တော့ဗျာ၊ ချစ်စုမနဲ့ တွေ့ခွင့်ပေးပါ။
“ မပေးဘူး ၀င်းမင်း၊ အချစ်မှာ မလုပ်သင့် မဖြစ်သင့်တဲ့ ဘာအတားအဆီးမှ မရှိဘူး၊ မတွေ့ရဘူး၊ ဘာကိုမှ ဂရုမစိုက်ဘူးကွ၊ မင်းဒီကနေ လှည့်မပြန်ရန် မင်းလက်ရှိ လုပ်ကိုင်စားနေတာက နှစ်လုံးထီ ရောင်းနေတာနော်၊ မင်းကိုငါ ရဲလက်ထဲ အပ်လိုက်မှာနော်။ ဒါပဲ (၃)ရက်အတွင်း မင်းနောက်ဆုတ်ပါ။ ဒီမြို့က ထွက်ခွာသွားပါ။ နောက်ထပ်မင်း ချစ်စုမရဲ့ နောက်မှာ မြင်ရင် မင်းထောင်ထဲ ရောက်ပြီသာမှတ်ပါ”
ကျွန်တော်ပြောပြီးနောက် ၀င်းမင်း ပျောက်ကွယ်သွားပေသည်။
ချစ်စုမကတော့ မျက်ရည်လည်ရွှဲနဲ့ “ ဦး မကောင်းဘူး--ဦးက လူကြမ်းကြီးပဲ၊ အားလုံးကို ဦးက အနိုင်ယူတာပဲ---သမီး စကားကို လုံးဝ နားမထောင်တာ ဦးတကယ်သမီးကို မချစ်လို့ပါဦးရယ်---သမီးကို ချစ်ရင် နားလည်ပေးပါလို့ ပြောထားရဲ့သားနဲ့၊ ခုတော့--ခုတော့ ၀င်းမင်း တခြားမြို့ကို တကယ်ထွက်သွားပြီ။ သမီးကိုလည်း တကယ်စိတ်နာသွားပြီ၊ ခွဲရက်လိုက်တာ ဦးရယ်၊ ခွဲရက်လိုက်တာ--”
အိပ်၍ မပျော်သော သူသည် ညတာရှည်၏။ မျှော်လွန်းရသောသူသည်လည်း အချိန်တွေက အကုန်မြန်သည်ဟု ထင်ရပါသည်။ ချစ်စုမက ကျွန်တော့်အလုပ်နှင့် ကျွန်တော်၏ ရင်ခွင်မှ ပြေးထွက်သွားသည်မှာ (၃)လသာသာ ရှိသွားပေပြီ--။
ကျွန်တော်ဇရာအို အချစ်ရူးကြီးမှာဖြင့် သူတစ်နေ့သော် ပေါ်လာနိုး၊ ပေါ်လာနိုးဖြင့် ဆံတို ဂုတ်ဝဲလေးတွေ စက်ဘီးစီးလာတိုင်း ချစ်စုမများ ဖြစ်လေမလား၊ ဖြစ်လေမလားရယ်နဲ့ ကြည့်ရတာ၊ လွမ်းရတာ၊ တမ်းတရတာ အမောပါ။
ချစ်စုမနဲ့ သစ္စွာ ကတိတွေပြုခဲ့ကြတဲ့ ရာဇမုနိ ဘုရားကိုလည်း အင်္ဂလိပ်လဆန်း (၁)ရက်နေ့(၁၆)ရက်နေ့ ညနေတွေမှာ သွားသွားပြီး မျှော်ရတာလဲ အမောတကောပါပဲ။ မျှော်လေတိုင်း ဝေးရပါပြီ ချစ်စုမရယ်..။
ဇူလိုင် ၁၆ ရက်က ကျွန်တော်၏ အချစ်မျှော်မှန်းချက် ပန်းတိုင်ကြီးအား ယိမ်းယိုင်တွန်းလှဲ နင်းခြေခံလိုက်ပါပြီ…။
ထုံးစံအတိုင်း ၁၆ ရက်နေ့ ညနေတိုင်း ရာဇမုနိ ဘုရားသို့ ကျွန်တော် ရောက်မြဲ၊ တစ်နေ့သော် သူလာလေမလား စိတ်ဖြင့် မျှော်ကိုးပြီး သွားစောင့်ခဲ့မိပါသည်။
ချစ်စုမကတော့ ပေါ်မလာခဲပါ။ မမျှော်ဘဲ ပေါ်လာသူက ၀င်းမင်းဆိုတဲ့ ကောင်လေး တစ်ယောက်တည်းသာ --ကျွန်တော့်ဘေးမှာ အသာအယာထိုင်ပြီး စကားဆိုပါတော့သည်။
“ ခင်ဗျားကြီး ချစ်စုမကို စောင့်မျှော်နေတာ မဟုတ်လား၊ ခု ခင်ဗျားကြီး ပြောတော့ ခင်ဗျားတို့ ချစ်နေကြပြီဆို၊ ဟုတ်စ--ယခုတော့။ ခင်ဗျားကြီး ဘာတတ်နိုင်သေးလဲ--ချစ်စုမက ကျုပ်လက်ထဲ ရောက်နေပါပြီ--တော်တော်ဆိုးတဲ့ လူကြမ်းကြီးပဲ--ချစ်စုမကို ရအောင် ခင်ဗျားကြီး ဇွတ်အတင်း အဓမ္မ မတော်တရား ကြံစည်လို့ သူခင်ဗျားတို့ စက်ရုံက အလုပ်ထွက်လိုက်ရသတဲ့။ ဟုတ်လား၊ တော်တော်မိုက်ရိုင်းလိုက်တဲ့ ဓနရှင် လူဂုဏ်တန်ကြီးပါလားဗျာ။”
ဝင်းမင်းရဲ့ စကားသံတွေသည် ကျွန်တော်၏ နားထဲသို့ သံရည်ပူတွေနဲ့ လောင်းချလိုက်သလို ခံစားသွားရပေသည်။ ခေတ္တခဏ တစ်ကိုယ်လုံး ကျောက်ဆစ်ရုပ်များ ဖြစ်သွားလေမလားဟု ခံစားရလိုက်မိ၏။ အချစ်ကြီးရင် အမျက်ကြီးဆိုသည်မှာ မှန်ပါပေသည်။ သတိထားပြီး ပြန်ပြောရတဲ့စကား…
“ မင်းကို--ချစ်စုမက ဒီလိုပဲ ပြောသလားကွာ--ပြောခဲ့ရင် သူပြောသလိုပဲ ထားလိုက်ပါတော့ မောင်ဝင်းမင်းရယ်---။ ဟုတ်ပါတယ်--ဟုတ်ပါတယ်--ဦးက မင်းတို့ နှစ်ဦး အတွက် လူကြမ်းကြီးပါ။ လူကြမ်းကြီးပါကွာ--ဦးကို ခွင့်လွှတ်ကြပါနော်--။-”
ကျွန်တော်သည် ပြောပြောဆိုဆိုဖြင့် ရာဇမုနိ ဘုရား ရင်ပြင်ပေါ်မှ ပြေးဆင်းလာခဲ့၏။ ဇရာအို အချစ်ရူးကြီး၏ မျက်ရည်သည် ရာဇမုနိလု ဆုတောင်းပြည့် ရင်ပြင်တွင် မကျစကောင်းပါ၏။
“ရက်စက်ပါပေ့ ချစ်စုမရယ်--မင်းရဲ့အချစ်တွေအပေါ် ဘ၀နဲ့ သိက္ခာကို မျက်ကွယ်ပြု၊ ပတ်ဝန်းကျင်ကို စိန်ခေါ်၊ မိသားစုကို လက်တွဲဖြုတ်ပြီး ငါအချစ်ပြေးသမား ဇရာအိုကြီးကို မင်းတို့တစ်တွေ အရူးလုပ်၊ အနိုင်ယူသွားကြပြီပေါ့ကွယ်……..။

* ချစ်စုမရေ---
အချစ်ဆိုတာ သူများတွေ ပျော်စရာလို့ဆို၊ ဒို့ရင်ထဲက အလိုလိုငိုနေမိ---
အဖြေမှန်သိရက်နဲ့လဲ--မကြည့်ရက်--မကြားလို၊ ချစ်သက်ထားရဲ့ ပါးပြင်မှာလဲ မျက်ရည်တွေ ချောင်းစီးလို့ နေပါရောလားကွယ်…။

* အချစ်မှာ မျက်စိမပါ၊ ဦးနှောက်မရှိ၊ ဦးနှောက်နဲ့ အချစ် အပြေးပြိုင်ကြည့်ပါလား--အချစ်ရဲ့ နောက်မှာ ဦးနှောက်ကျန်ခဲ့။

*အချစ်လိပ်ကလေးနဲ့ အချစ်ကိုရွှေယုံ--
င့ါလက်ခုပ်ထဲက အောင်ပွဲ---နထင်မရှိဘဲ
ကိုရွှေယုံ တရေးအိပ်
တိတ်တိတ်ကလေး အချစ်လိပ်မလေး… ပန်းဝင်သွား
ဒါ..ဂန္တ၀င် အချစ်ပြေးသမား..။

*သနားချစ် ချစ်လို့ ဖားကို မြွေမမြိုခဲ့မိတာ၊ ခုတော့ မြွေအ လို့ဆို၊ မော်ဒန်အချစ်နဲ့စုံကန်ပြေး..
ချစ်သက်ထားလေးနဲ့ ဝေးကြရတော့မှာလားကွယ်---
ကိုယ့်ရင်ထဲမှာ ငိုပွဲ ရွှေရင်တွေ ဆို့လို့နေဆဲ…
“အို” အချစ်ကလေးရယ်…
သဲသဲမဲမဲရွာနေတဲ့ မိုးရေတွေထဲမှာ….“ ဒို့ ” မျက်ရည်ဝဲ..၀ဲ..၀ဲ…..။ ။





(အငယ်လေးကို ချစ်ခဲ့မိလို့….အမှတ်(၂) ကိုဆက်လက်ဖေါ်ပြပေးပါဦးမည်။)

ရွှေလမ်းငွေလမ်းဝင်းကြည်

စာမူခွင့်ပြုချက်အမှတ်-5015710611
2007ခုနှစ်မေလတွင်ထုတ်ဝေပါသည်။

xxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxx
 

မုန်းချောင်းရေနဲ့ ဆေးပါ့မယ်...

မုန်းချောင်းရေနဲ့ ဆေးပါ့မယ်
ရွှေလမ်းငွေလမ်း ၀င်းကြည်

တောင်ကွယ်မှာ နေညိုလေတိုင်း ကျမျက်ရည် ၀ိုင်းစို့စို့နဲ့ မှိုင်းမို့မို့ လွမ်းလို့ကျန်။
လူ့ဘ၀ဆိုသည်မှာ တနေ၀င်၊ တမိုးချုပ်ပြီး ဟိုနေ့၊ ဒီနေ့၊ မနက်ဖန်ဟုတ်နိုးနိုးဖြင့် မိုးချုပ်ညပေါင်း များခဲ့ပေပြီ။ ဤသို့ မည်သူမျှ မတွေးမိကြပါ။ လူ့ဘ၀ရဲ့ အတိတ်က အရိပ်တွေကို ဟို-ရခိုင်ရိုးမ တောင်ကြီးမှာ နေကွယ်လေတိုင်း၊ ကျမျက်ရည် ၀ိုင်းစို့စို့နဲ့ မှိုင်းမို့မို့ လွမ်းလို့ကျန်ပြီး မုန်းချောင်းရေစပ်မှာ နေ့စဉ်လွမ်းနေရသူက ကိုဖုန်းမောင်ပါ။
ကိုဖုန်းမောင်သည် မုန်းဆည် စီမံကိန်းမှ ကားဒရိုင်ဘာတစ်ယောက်ဖြစ်သည်။ မနှစ်က မိုးတွင်းရာသီမှာ တာဝန်နှင့် ရောက်ရှိလာသည်။ တစ်သက်နှင့် တစ်ကိုယ် တောတောင်စိမ့်စမ်း မုန်းချောင်းရေတွေ ဒလကြမ်းစီးဆင်းနေသည့် စေတုတ္ထရာမြို့နယ်ကဲ့သို့သော နေရာမျိုးကို အိပ်မက်ပင် မမက်ဖူးခဲ့ပေ။ ယခုတော့ ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရမှာမို့ ကိုဖုန်းမောင် ဘာမှ မတတ်နိုင်ခဲ့ပါ။ တော်ရာမှာ ပျော်အောင်နေဖို့ ကိုဖုန်းမောင် အတန်တန်ကြိုးစားခဲ့သည်။ ပျော်ရွှင်ခြင်းဟူသည် အသည်းနှလုံးမှ လာ၏။ အသည်းနှလုံးမှာ ဒဏ်ရာ ၊ ဒဏ်ချက်များစွာနဲ့ ပြည့်နှက်နေသော ကိုဖုန်းမောင် နေ့စဉ် အရက်သောက် ဖြေဖြောက်နေရာမှ တပါး အခြားမရှိပေ။ အရက်များများမူးလေ အတိတ်က အရိပ်တစ္ဆေတွေပို၍ပို၍ လိုက်လာလေသလား။
ငယ်နာမည် ငဘုန်းဟု တစ်ရွာလုံး သိကြ၏။ ငယ်ငယ်ကတည်းက မိဘများ မရှိခဲ့ပါ။ မိဘများမှာ တစ်ဦးတည်းသော သား ငဘုန်းကို မွေးဖွားခဲ့ပြီး ဆုံးပါးခဲ့၍ လောကအလယ် တစ်ကောင်ကြွက် ဖြစ်ခဲ့ရရှာသည်။ ဘဒွေးး၊ ဒွေးကြီး၊ ဒေါ်ကြီး၊ ဒေါ်လေးများ အိမ်မှာ တလှည့်စီ ကြီးပြင်းခဲ့ရ၏။ ပညာမှာ အလယ်တန်းအောင်ပြီး ခါးပြတ်ခဲ့ရသည်။ ဇာတိရွာမှာ မိုးခေါင်ရေရှား ကန်ရေသောက် မြက်ခြောက်နွားစား မင်းကန်ဘို့ ရွာသားစစ်စစ်ဖြစ်၏။
ကံကောင်းထောက်မ၍ ရွာနှင့်မြို့ လာပြီး လိုင်းဆွဲသော ကားဆရာက ငဘုန်းကို စပယ်ယာအလုပ် အသုံးချသည်။ ငဘုန်းမှာ အမြဲပြုံးစစ မျက်နှာနှင့် အလုပ်တွင် မခိုမကပ်၊ မဟုတ်မခံ၊ ဆတ်ဆတ်ကြဲလူစား၊ အသားညိုညို၊ အရပ်ပုကွကွဖြင့် လူတကာ ချစ်ခင်ကြသည်။ စပယ်ယာအလုပ် မအားလပ်သည့် ကြားမှ ဆွေမျိုးတကာ ဘုံကျွန်အဖြစ် အချိန်လွန်သည်အထိ ရေခပ်နွားစာစဉ်း မပျင်းမရိ နေ့စဉ် အချိန်ပို ဆင်းပေးရရှာသေးသည်။
မိဘမဲ့ ငဘုန်းရှင်ပြုတော့ ဟိုဆွေမျိုးက ထုတ်နိုးနိုး၊ သည်ဆွေမျိုးက ထုတ်နိုးနိုး ၊ နောက်ဆုံး ကျောင်းထိုင်ဆရာတော်ထံ ငွေဝတ္ထုကပ်ပြီး သင်္ကန်းပရိက္ခရာ တစ်စုံတည်းဖြင့် ကိုရင်ဖြစ်ခဲ့ရသည်။ မိမပါ၊ ဘမပါနှင့် ငဘုန်းခမျာ မျက်ရည်ဝိုင်းစို့ပြီး သင်္ကန်းတောင်းတောင် ပီသအောင် မဆိုရှာနိုင်ခဲ့ပေ။
(ရှင်လိန်ပြန်တော့ --ငယ်သူငယ်ချင်း -ခင်ဝင်းမက ပြေးလို့ကြိုခဲ့တာ--) ငဘုန်းသတိရနေလျှက်ပါ။ ခင်ဝင်းမက ဈေးသည် မြို့တက်ဈေးဝယ်၏။ ငဘုန်းက ကျောင်းနေဘက်၊ သူငယ်ချင်းကားစပယ်ယာ လူငယ်သဘာချစ်ခဲ့ကြရတာ ဘာတစ်ခုမှ မဆန်းပါ။ သို့သော် လောကမှာ ချစ်တာ တစ်ခုတည်းနှင့် အရင်း ပြုလို့ မရနိုင်ဘူး မဟုတ်ပါလား၊ သုံးနှစ် သုံးမိုး ချစ်ခဲ့ကြသော်လည်း ငဘုန်းမှာ ပစ္စည်းမဲ့ဘ၀ အခြေတကျ မရပ်တည်နိုင်သေးပေ။
ခင်ဝင်းမရဲ့ မိဘများက ရွာမှ ကုန်သည်ကြီးများဖြစ်၏၊ အခြေအနေမဲ့ ငဘုန်းအား လုံးလုံးသဘောမတူကြပါ။ အမျိုးမျိုးခွဲကြကာ နောက်ဆုံး မိဘသဘောတူသော သူဌေးသား တစ်ဦးနှင့် ခင်ဝင်းမအား နေရာချထား၏။ ခင်ဝင်းမခင်ဗျာ ငဘုန်းအား မချစ်ခဲ့ရရှာ၍ လွတ်ရာ လွတ်ကျောင်း ရိပ်သာကျောင်းများသို့ ပြေးခဲ့၏။ နောက်တော့ တရား အရသာကို အပိုင်သိသွားပြီး ရှုပ်ထွေးပွေလီ လှသည့် လူ့ဘ၀ကြီးအား ငြီးငွေ့လျှက် အပြီးတိုင် သီလရှင်ဝတ်သွားလေတော့သည်။ ငဘုန်းကတော့ လောကအလယ်မှာ ခပ်ပြုံးပြုံးနဲ့ တောမှ မြို့သို့ ထွက်ခွာခဲ့ရပေတော့သည်။
ဘ၀မှာ ငွေမရှိလို့ ငယ်ချစ်ဦးကို အရူးအမူးစွဲခဲ့ရသော ကိုဘုန်းမောင် မြို့ကြီးကို ကားဒရိုင်ဘာဘ၀နှင့် ရောက်လာခဲ့ပေသည်။ လိမ္မာယဉ်ကျေးစွာဖြင့် ရသမျှငွေကို ဘ၀နာ၍ စုလာခဲ့၏။ ငဘုန်းဘ၀မှ ကိုဘုန်းမောင်ဘ၀သို့ တစ်ဆင့် တက်လာခဲ့ပေသည်။ ဌာနတစ်ခုမှာ အရာရှိ တစ်ယောက်၏ ဒရိုင်ဘာ ဖြစ်ခဲ့၏။(သူကြီးထက် သူကြီးနောက်က ချစ်တင်ကို ကြောက်ရတယ်)လို့ ရွာတုန်းက ကြားခဲ့ရသော စကားမှန်ပေသည်။ ယခုတော့ သူကြီးနောက်က ကိုဘုန်းမောင်ဖြစ်၍ တွေ့သမျှ ဆက်ဆံသမျှ သူများမှာ ပြုံးရောင်သမ်းနေကြပေတော့သည်။ လိုတာရှိရင် ပြောပါနော် အစ်ကိုတဲ့ -မှတ်ရော--။
ခင်ပပမြိုင်သည် အထက်တန်း စာရေးမ တစ်ယောက်ဖြစ်၏။(လိုတာရှိရင် ပြောပါနော် အစ်ကို)လို့ ဒရိုင်ဘာ ကိုဘုန်းမောင်အား အမြဲပြုံးရောင်သမ်းနေရှာသည်။ ကိုဘုန်းမောင်ကလည်း လူပျိုသိုးဆိုတော့ ရင်ထဲမှာ ကလိကလိ ခံစားလာရပေသည်။ မကြာလှပေ။ ခင်ပပမြိုင်မှ ကိုဘုန်းမောင်ထံ ဖီလင်ရေမွှေး လက်ဆောင်ပေး ပါလေတော့သည်။ တောသားကြီး ကိုဘုန်းမောင် အရင်က ငယ်ချစ်ဦး၏ အချစ်တွေ ခါဝါချပြီး ခင်ပပမြိုင်အား မတွေ့ရမနေနိုင် မထိုင်နိုင် ဖြစ်ရရှာတော့၏။ ချစ်ကြရှာပေတော့၏။
ကိုဘုန်းမောင်ဘ၀မှာ ငုဝါပန်းတွေနဲ့ မြိုင်ခဲ့ရပေပြီ။ ခင်ပပမြိုင်နှင့် လက်ထပ်ခဲ့ကြသည်မှာ နှစ်နှစ်ပြည့်၍ သမီးငယ်လေး၏ တစ်နှစ်မွေးနေ့ ကျင်းပနေကြပေပြီ။ ခင်ပပမြိုင်က ရုံးသွား၊ ကိုဘုန်းမောင်က သူ၏ ဆရာ နိုင်ငံခြားသို့ ထွက်သွား၍ နယ်စီမံကိန်းတစ်ခုသို့ ကားမောင်းနေရတော့၏။ အချိန်တွေအား နေ့ရက်တွေနဲ့ အသက်များမှ တစ်ရက်မှ မနားဘဲ ၀ါးမြို၍ ကုန်ခဲ့လေပြီ။ သမီးငယ် ခင်ဘုန်းမြိုင်၏ တတိယနှစ်မွေးနေ့ပင် ဖြစ်ပြန်ပါပြီလား။
သမီးရဲ့ တတိယနှစ် မွေးနေ့မှာ ချစ်ဇနီး ခင်ပပမြိုင်နှင့် မမျှော်လင့်ဘဲ စာရင်းရှင်း လမ်းခွဲခဲ့ရပေပြီ။ ဖြစ်ရပုံမှာ (မောင်-- မြိုင်တစ်ခု ပြောခဲ့ပါရစေ၊ ခွင့်ပြုရမယ်နော်၊ သမီးလေးအတွက် မြိုင်နိုင်ငံခြားသွားပြီး အလုပ် လုပ်ဖို့ စီစဉ်ပြီးပြီ)
ကိုဘုန်းမောင် ဒေါသထွက်၍ တဆတ်ဆတ်တုန်နေပြီ။ တစ်သက်လုံး မမျှော်လင့်သော စကားကို ကြားလိုက်ရ၍ အသားတွေ တဆတ်ဆတ်တုန်အောင် ခံစားနေရ၏။ ဘာမဆို မြိုင်သဘောထားခဲ့သော ကိုဘုန်းမောင် ကယောင်ကတမ်း ဖြစ်ရရှာ၏။
“ဘာပြောတယ် မြိုင် နိုင်ငံခြားသွားမယ် ဟုတ်လား၊ မြိုင်တို့ ကိုယ်တို့ ဘ၀မှာ အစစ ဘာပူစရာရှိလဲ၊ သမီးလေး မျက်နှာလည်း ကြည့်ပါဦးကွာ၊ မိသားစု ဥမကွဲ ၊ သိုက်မပျက် နေရတာ၊ အိမ်ထောင်သည်တိုင်းရဲ့ အရသာ တစ်ခုဆိုတာ မင်းနားလည်စမ်းပါ”
“ အို မြိုင်ကလည်း မိသားစု ကောင်းစားရေးအတွက် လုပ်တာပဲ အစကတည်းက မြိုင်ရဲ့ အစ်ကိုတွေ၊ အစ်မတွေ နိုင်ငံခြားမှာ အလုပ်လုပ်နေတာ မောင်သိသားပဲ၊ မောင်ရဲ့ ကားဒရိုင်ဘာ အလုပ်နဲ့ လူစဉ်မမှီပါဘူး၊ နိုင်ငံခြားကအမေနဲ့ အစ်ကိုတွေ အစ်မတွေက မောင်ဘာလုပ်လဲမေးတော့ အခုထိ မောင့်ကို အရာရှိ တစ်ယောက်လို့ မြိုင် ညာပြောခဲ့တာ သိလား”
ကိုဘုန်းမောင် တစ်ကိုယ်လုံး ကျဉ်ကနဲ ခံစားရသည်။ ကားဒရိုင်ဘာ ဆိုတာ လွယ်လွယ်လေး ရတဲ့ငွေ မဟုတ်ပါ။ ကားဒရိုင်ဘာမှာ ငွေတွင်း မရှိပါ။ သေတွင်းထဲက လက်နှိုက်ပြီး လုယူရှာဖွေ နေရတာ မသိကြလို့သာ ယခုလို ပြောကြသာဖြစ်မည်။
“ အိုကွာ--ငါအိမ်ထောင်ဦးစီး ယောကျာ်း တစ်ယောက်အနေနဲ့ မသွားရဘူးကွာ ဒါပဲ”
“ ရှင် ဒီလို ပြောမယ် ဆိုတာ ပပမြိုင်က သိပြီးသား၊ ဒီတော့ ခွင့်မပြုရင် ကွာရှင်းလက်မှတ် ထိုးပေးပါ။ ရော့ ဒီမှာ စာချုပ်။ ရော့ ဒါရှင့်ဆရာ နိုင်ငံခြားက ရေးပေးတဲ့ စာ ဖတ်ကြည့်ပါ”
ကိုဘုန်းမောင် လက်များ တုန်ရီစွာနှင့် အသည်းနှလုံး တွေလည်း တစ်စစီ အရေကွာကျကုန်ပေပြီ။ အသည်းလွင်ပြင်မှ ဒေါသမီးမုန်တိုင်းတွေ လှိုင်းထ တုန်ခါ ဂယက်ရိုက်၍ ပလောင်ဆူ သည့်အထိ သူ ခံစားနေရပေတော့သည်။


သို့
မောင်ဘုန်းမောင်
ကျေးဇူးတင်စွာနဲ့ ဒီစာကို ရေးလိုက်ပါတယ်။ ခင်ပပမြိုင်ကို ကွာရှင်းလက်မှတ် ထိုးပေးလိုက်ပါ။ ပြောရမှာ အားနာလှပါတယ်။ သမီးလေး ခင်ဘုန်းမြိုင်ဟာ ဆရာရဲ့ ရင်သွေးလေးပါ။ အခုအထိ မောင်ဘုန်းမောင်တို့ မြိုင်နဲ့ သားသမီး မရဘူး မဟုတ်လား။
မောင်ဘုန်းမောင်ရဲ့ မြိုင်ကို သဘောထားကြီးကြီးနဲ့ ဆရာ ပြန်လက်ခံမှာပါ။ ဆရာရဲ့ ရန်ကုန်က ဇနီးကြီးလည်း ဆုံးပြီ၊ သားတွေ သမီးတွေကိုလည်း အမွေ ခွဲပေးပြီးပြီ။
သမီးလေးနဲ့ မြိုင်ကိုလည်း.. အချိန်တန်ပြီုဖစ်လို့ ဆရာ့ထံ ပြန်ပေးပါတော့ကွယ်။ မောင်ဘုန်းမောင် ကြိုက်သလောက် ကျေးဇူးတွေ ဆပ်ပါ့မယ်။

မျှော်နေလျက်
ဆရာ (အမေရိကန်)


ကိုဘုန်းမောင် တစ်ယောက်မှာ ပဋာစာရီကဲ့သို့ သားငယ်ကို စွန်ချီ၊ သားကြီးက ရေမျော၊ လင်တော်မောင် မြွေခဲ၍ သေပွဲင်လို့ ပဋာစာရီ မြေမှာလူး အရူးကြီးဖြစ်သလို ကိုဘုန်းမောင် မဖြစ်ရလေအောင် ယောက်ျားမာနနဲ့ မာန်ကို တင်းခဲ့ရပါသည်။ ပပမြိုင် လိုချင်တဲ့ စာချုပ်တွေကို အသည်းနှလုံး ဗလာမဲ့စွာနဲ့ လက်မှတ် ရေးထိုးပေးခဲ့လေပြီ။
ရက်စက်စွာဖြင့် ပပမြိုင်မှာ လိုချင်တာ ရ၍ ကြိုတင် စီစဉ်ထားသည့်အတိုင်း သမီးလက်ကိုဆွဲကာ ဒုန်းစိုင်း၍ ပြေးပေတော့သည်။ သမီးငယ် ခင်ဘုန်းမြိုင်လေး၏ ဆူညံစွာ ငိုသွားသော အသံမှ တစ်ပါး ကိုဘုန်းမောင်ဘာမှ မကြားရတော့ပေ။ ရက်စက်ကြပါပေ့။ ခင်ပပမြိုင်နဲ့ ဆရာတို့ရယ်….။ ရိုးသားလှသော ဘုန်းမောင် တစ်ကောင်ကြွက် ပစ်တိုင်းထောင် အရုပ်ကို ကြိုးရှုပ်အောင် လုပ်သွားရက်ကြပေသည်။
အို--အချစ်ဆုံးတို့ရေ အလွမ်းတွေကိုစမ်းရေထဲမျောာလိုက်မယ်--အလွမ်းတွေကို ပန်းလှေဖွဲ့ မျောလိုက်မယ်-အလွမ်းတွေကို မိုးတိမ်ထဲ မျောလိုက်မယ်--သူများတွေ ရေးကြ၊ ဆိုကြ၊ ငိုကြ၊ လွယ်လွယ်လေး ထင်ခဲ့တယ်။
ကိုယ်တွေ့ဆိုရင် ပိုလို့ ယုံမှာလားဟင်…တကယ်လွမ်းရပြီဟေ့ ဆိုရင် တားမရ ဖြေမဆည် အသည်းနှလုံးတွေ တစ်စစီ ကြွေပြီပဲဆိုရမလား--အဖြစ်သဲပြီး ချစ်သည်းစားမလဲနိုင်သူတွေဟာ--- ကိုယ်ချစ်ခဲ့ရတဲ့သူတွေကိုသာ တမ်းတမ်းတတ မှန်းဆလို့ တမြေ့မြေ့ကျွမ်း၊ တငွေ့ငွေ့လွမ်းပြီး တောင်ကွယ်မှာ နေညိုလေတိုင်း ကျမျက်ရည် ၀ိုင်းစို့စို့နဲ့ မိုင်းမို့မို့ လွမ်းလို့ကျန်………..။
လွမ်းလို့ကျန်… တစ်ကောင်ကြွက် အထီးကျန်ဆန်လှတဲ့ ကိုဘုန်းမောင်အသည်းကို အရက်ထဲမှလည်း ဆွဲထုတ်တော့မည်။ အများနဲ့မတူ အလွမ်းနုနာကျနေတဲ့ အသည်းပန်း တစ်စီစ တစ်စီစီတွေကို ပြန်လို့ ပန်းသီဖွဲ့ပြီး ဤမုန်းချောင်း ရေကြည်အေးလေးတွေနဲ့ ဆေးကြောပေးလိုက်ရစေလား၊ ဘုန်းမောင်ရဲ့ အချစ်တွေကိုလည်း ဒီ…မုန်းချောင်းရေနဲ့ ဆေးလိုက်ပါရစေတော့။



ရွှေလမ်းငွေလမ်း ၀င်းကြည်
(၁၉၉၇)ခုနှစ်၊ ရုပ်ရှင်စတားရသစုံမဂ္ဂဇင်းတွင်ဖေါ်ပြပြီး။
ဝန်ခံချက်။ ။ဤ၀ထ္ထုတိုအားစတင်ရေးသားပါသည်။ပထမအကြိမ် အရွေးခံခဲ့ရပါ၏။
 

လွမ်းလို့ကျန်...

လွမ်းလို့ကျန်
ရွှေလမ်းငွေလမ်း ၀င်းကြည်

* အို အချစ်ဆုံးရေ
အလွမ်းတွေကို စမ်းရေထဲ မျှောလိုက်မယ်…
အလွမ်းတွေကို ပန်းလှေဖွဲ့ မျှောလိုက်မယ်…
အလွမ်းတွေကို မိုးတိမ်ထဲ မျှောလိုက်မယ်…
သူများတွေ ရေးကြ ဆိုကြ လွယ်လွယ်လေး ထင်ခဲ့တယ်။

* ကိုယ်တွေ့ဆိုရင် ပိုလို့ ယုံမလားဟင်..
အသဲနှစ်လုံးတွေ တစ်စစီ ကြွေပြီးပဲ ဆိုရမည်လား
အဖြစ်သဲပြီး ချစ်သည်းစား မလဲနိုင်သူတွေဟာ
ကိုယ့်ချစ်သူဆီကိုသာ တမ်းတမ်းတတ မှန်းဆလို့
တမြေ့မြေ့ကျွမ်း-တမြေ့မြေ့လွမ်းပြီး
တောင်ကွယ်မှာ နေညိုလေတိုင်း
ကျမျက်ရည် ၀ိုင်းစို့စို့နဲ့
မှိုင်းမို့မို့ လွမ်းလို့ကျန်-------။


ရွှေလမ်းငွေလမ်း ၀င်းကြည်
(၆-၈-၉၇) နေ့(၂း၃၀)ရေးသည်။
 

မာယာဒေ၀ီ

မာယာဒေ၀ီ

ရွှေလမ်းငွေလမ်း ၀င်းကြည်

* တောအလယ်
မောတယ်အချစ်ရယ်
အပြောကြွယ်ဆိုစကား
ယခုတော့ မေ့လို့သွားပြီလား..။

* အချစ်အမုန်းဆိုတာ
သင်္ခါရ တရားမှန်း သိပေမယ့်
အစဉ်ထာဝရ လန်းဆန်းနေတာ
သစ္စာအမှန်တရားတွေ..။

* မင်းနဲ့ချစ်ခဲ့တာတွေ
ပြန်ကြားရရင်---
ပါစင်အောင် လွဲပါပြီကော--
“မောင်ကလွဲရင် တစ်မိုးအောက်မှာ တစ်ယောက်တည်း” တဲ့
ခုတော့--ဖောက်လွဲဖောက်ပြန်
မိန်းမ မုသားသစ္စာ
ခုများ-ချစ်တာတွေ ထပ်လာမပြောနဲ့တော့
မင်းနဲ့ မုသား ချစ်စကားတွေကို
ငါ့နှလုံးသား မြို့ဟောင်း တစ်နေရာမှာ
ဂူပိတ်ပြီး ဘွဲ့တံဆိပ်ပေးလိုက်ပြီ
အချစ်မူလကြည်-မာယာဒေ၀ီ မိဖုရား….။


ရွှေလမ်းငွေလမ်း ၀င်းကြည်
(၂၄-၇-၉၇) နံနက် (၁၁း၄၅)ရေးသည်။
 

အချစ် ဆာတေးချင်း

အချစ်ဆာ တေးချင်း

(ရွှေလမ်း ငွေလမ်း ၀င်းကြည်)

*ဝေဒနာဆိုတာ ဝေးမှ သိသတဲ့--
အဖြေရှာတွေးကာကြည့်တော့--
အဆွေးအနာ အချစ်တွေကို--
တေးကဗျာအဖြစ် ဟစ်ဆိုနေကြပြီ။

* မော်ဒန်အချစ် စိန်တရစ် မြတရစ်--
နင့်ကို ငါချစ်တယ်--င့ါကို နင်ချစ်မလား--
နိုင်ငံခြားကိုသွား တိုက်တစ်လုံး ကားတစ်စီး လက်ဆောင်ပါး
ဒါဆို အချစ်တာဝန်ကျေပြီလား။

* ဂန္မ၀င်အချစ် စံတင်ရစ်မယ်--
စိန်ခြူးကြာညောင်--လရောင်တွေ လင်းပါလို့
မယ်ခုမျှော်---
ရာစု သက္ကရာဇ်တွေ ကျော်ချင်ကျော်
မောင်တော်ခေါ်မှ -စက်တော်ပျော်မယ်
လင်းလုပါပေါ့နော်------။


ရွှေလမ်းငွေလမ်း ၀င်းကြည်
၁၈-၇-၉၇ နံနက် (၇း၃၆)
 

ငြိမ်းအေးမှု ကမ္ဘာဆီသို့......

ငြိမ်းအေးမှု ကမ္ဘာဆီသို့……
ရွှေလမ်းငွေလမ်းဝင်းကြည်

မသိကားအစ သိလျှင်အဆုံး ကိစ္စတုံး၏။
မသိလျှင်တစ်ပါတ်ပတ် သိလျှင်ပြတ်၏။
မသိလျှင်တွယ် သိလျှင်ပယ်၏။
တွယ်လျှင်ဘေး ပယ်မှအေးမည်….။

မှားမှန်းသိလျှင်ပြင်ပါဟူသောဆောင်းပါးအမည်နှင့် ဦးမြဒင်(ဇင်) အငြိမ်းစားတစ်ဦးရေးသားသည်ကို ဖတ်ခဲ့ရဘူး၏။၆/၉၆ အမှတ်(၃၅) အာရောဂျံမဂ္ဂဇင်းမှာဖတ်ရခြင်းဖြစ်မည်။ ယင်းဆောင်းပါးကြောင့် ပြေးလွှားရုန်းကန်နေရသော စာရေးသူ၏ဘ၀ကို ခေတ္တရပ်ကြည့်လိုက်မိပါသည်။ ဤသို့သော အကြောင်းတရားကြောင့် ယခုရေးသားသော ဆောင်းပါးကောင်းမှ အကျိုးတရားများကိုမြင်လာခဲ့ရပါသည်။
ကျွန်တော်တို့ဘ၀များစွာကိုဆင်ချင်ကြည့်လိုက်မိရင် သူသူငါငါ လူတကါတို့ဟာ ဘ၀ကိုမေ့တတ်ကြတာ အမှန်ပါ။ရာထူး၊ဥစ္စာ၊ဂုဏ်ပါဝါ၊အာဏာတွေမှာယစ်မူးပြီး ဘ၀ကိုမေ့လျော့တတ်ကြပါတယ်။ တချို့ကြတော့လည်း မနက်စာ၊ ညစာ ငွေ အသပြာ မပြည့်စုံလို့ ဘ၀ကို ကြုံသလို ရေစုန်လိုက်ပြီး မတရားမှုများကို မထူး ဇာတ်ခင်းပြီး ဘ၀တွေကို ရေစုန်မျောတတ်ကြပါတယ်။ တချို့ လူလတ်တန်းစားတွေကလည်း လက်ရှိဘ၀ကို တကယ် မအေးကြသေးဘူးဆိုပြီး ဘယ်ဘေးဘယ်ဒုက္ခကိုမှ မကြောက်ကြ ၊ မရှောင်ကြပဲ အမှောင် တောင်မှန်း၊ မြောက်မှန်း မသိကြတော့ပဲ ဘ၀ကို မေ့လျော့ နေတတ်ကြတယ်။
ဘ၀ကို မေ့လျော့နေတယ်ဆိုတာ မိမိရဲ့ ဘ၀တိုးတက်မှု သံသရာ ခရီး ငြိမ်းအေးမှုဆီသို့ မျက်ကွယ် ပြုနေကြပါတယ်။ သံသရာမှ ဘ၀ လွတ်ကြောင်း တရားများ ဖြစ်တဲ့ သစ္စာလေးပါး မြတ်တရားများကိုလည်း မရှာဖွေကြ မသိကြ၊ လက်ရှိ ဘ၀နဲ့ ပျော်မြဲ ပျော်၊ မော်မြဲမော် နေတာကို ဆိုလိုပါတယ်။ အထက်ပါ လူတန်းစား(၃)မျိုး(၃)စားနဲ့ လက်ရှိ ဘ၀တွေကို မေ့လျော့ နေကြပါတယ်။ လက်ရှိဘ၀မှာ အောက်မှာ ဖော်ပြထားတဲ့ (၃)မျိုးနဲ့ ပျော်ပိုက် လုပ်ကိုင် စားသောက်နေထိုင်ကြပါတယ်-
(၁) ဘ၀တဏှာ။ ။ =မိမိလက်ရှိရောက်နေသောဘုံဘ၀ကိုတွယ်တာမက်မောနေပါတယ်။
(၂) ကာမတဏှာ= င့ါပစ္စည်း၊ ငါ့ဥစ္စာ၊ င့ါရဲ့ ဂုဏ်ပါဝါတွေနဲ့ ကာမဂုဏ်၊ အာရုံတွေကို ခံစား၊ စံစားနေကြပါ တယ်။
(၃) ၀ိဘာဂတဏှာ= မိမိရထားတဲ့ လက်ရှိခန္မာဝန်ဒုက္ခကြီးကို မမြင်နိုင်ဘဲ ရောက်နေတဲ့ ဘ၀အမျိုးမျိုးမှာ သာယာပြီး မေ့လျော့နေကြပါတယ်။
အဲဒီ (၃)မျိုးထဲက အရာရာမှာ လိုချင် ရချင်တာက တဏှာဆိုတာ အများသိပြီးသားပါ။ ဘာကြောင့် လိုချင် ၊ ရချင်နေကြတာလဲ။ ရာထူး အာဏာ၊ ဂုဏ်ပါဝါ ငွေအသပြာ၊ ဒေါ်လာတွေ ပြည့်စုံပေါများရရှိနေကြရင် ဘ၀ကို တကယ်ငြိမ်းအေးမှုတွေနဲ့ ပြည့်စုံနေကြပြီလား။ ဒီဘ၀ ဒီအခြေအနေရောက်ရင် တော်ပါပြီ တန်ပါပြီလို့ လိုချင် ရချင်နေတဲ့ တဏှာကို ဖြတ်ပြီး ရပ်တန်းက ရပ်နိုင်ကြပါပြီလား။ မတောင့်မတ မကြောင့်မကြဘဲနှင့် သေသွားတဲ့ သူတွေ ဘယ်နှစ်ယောက် တွေ့ဖူးကြပါသလဲ။ အလိုမပြည့်ကြသေးပဲ အရာရာကို အာသာငမ်းငမ်းနဲ့ တဏှာက ထမ်းခေါ်ပြီး လာရာလမ်းကို မသာမယာ၊ မသက်သာစွာနဲ့ သေရွာသို့ ပြန်ခဲ့ကြတဲ့ သူတွေပဲ များကြမှာပါ။ ဒါ့ကြောင့်လည်း ဘုရားရှင် ဆုံးမတဲ့ တရားမှာ သတ္တ၀ါတို့ရဲ့ အမြဲနေအိမ်ဟာ အပါယ်လေးပါးလို့ ဟောကြားထားခဲ့ပါတယ်။ ဒါကြောင့် လူတစ်သိန်းသေလို့ သုဂတိဘုံသို့ တစ်ယောက် ရောက်နိုင်ဖို့ ခဲယဉ်းတယ်လို့ ဟောကြားထားခဲ့ပါတယ်။
ဒီအရေး၊ ဒီဘေးတွေကို မမြင်ကြရအောင် တားဆီးပိတ်ပင်ထားတဲ့ လက်သည် ဆရာကြီး ဟာ မသိမှုဆိုတဲ့ (အ၀ိဇ္စာ တရားပါ) အမှားကို အမှန်ထင်အောင် အမှန်တရားသစ္စာလေးပါး မြတ်တရားကိုလည်း လားလားမှ မသိ၊ မကြားနိုင်အောင် ဘ၀အမျိုးမျိုးထဲမှာ လိုချင်ရချင် တပ်မက် ချင်စရာတွေ တပ်မက်ချင်စရာ တဏှာ လောဘ အမျိုးမျိုးနှင့် ပူးတွဲပြီး ကျွန်တော်တို့ တတွေကို အချော့ခံထားကြရပါတယ်။
ဒါကြောင့် မသိလို့ လိုချင် ၊ လိုချင်တော့ စွဲလမ်း၊ စွဲလမ်းတော့ အားထုတ်ကြိုးပမ်းကြ၊ တရားမှု၊ မတရားမှုတွေနဲ့ အားထုတ် ကြိုးပမ်းကြပြီး ရာထူး၊ အာဏာ ငွေအသပြာ၊ ဂုဏ်ပါဝါတွေဆိုတာကို ရလာကြပါတယ်။ ရရှိလာတဲ့ ဂုဏ်ပါဝါတွေနဲ့ ငါ့ဥစ္စာ၊ ငါနဲ့ ငါသာ နှိုင်းယှဉ်စရာ မရှိဟု ဆိုပြီး မာနတွေ ထောင်လွှားလာတတ်ကြပါတယ်။ ဒီဇဗ္မူမှာ ငါလိုလူရှိသေးလား၊ တစ်သက်မကဘူး၊ ဆယ်သက် ဆယ်ကမ္ဘာ စားလို့ မကုန်နိုင်တော့ဘူး။ မအို၊ မနာ၊ မသေ ရာ အတွက် နောက်ဆုံးပေါ် ခေတ်မီ ဆေးဝါးတွေနဲ့ ကုမယ်။ င့ါအယူအဆတွေ သိပ့်ကောင်းနေတယ်ဆိုတဲ့ အယူမှာ ဒိဌိတွေနဲ့ ထပ်ထိုးပြီး ဒီဘ၀တွင် မကဘဲ သံသရာမှာ အပြန်တစ်ရာမက လှည့်ပတ်စေခဲ့ပါတယ်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ ထိုနှစ်ပါးနဲ့သာ ဘ၀ အမျိုးမျိုး၊ ခေါင်းအမျိုးမျိုးတပ်ပြီး သံသရာမှာ ဘ၀ပြောင်းပေးခြင်းခံခဲ့ရပါတယ်။
တစ်နေ့ တစ်နေ့ နေ၀င်၊ နေထွက် အိပ်စက် နားနေတဲ့ အချိန်အထိ ကျွန်တော်တို့ တတွေ အမြဲတမ်း အားကိုးအားထား ပြုနေကြတာက တဏှာ၊ မာန၊ ဒိဋ္ဌိ ဒီ(၃)ဦးပါ။ကျွန်တော်တို့ရဲ့ အားပြုထားသူ (၃)ဦးမှာ အရည်အချင်းတွေကို ပညာရှိတွေက ဒီလို တင်စားပုံဆောင် ပြောပြတာ ကြားဖူးပါတယ်။ ကျွန်တော်တို့ တတွေရဲ့ လက်ရှိဘ၀ တစ်ခန်းရပ် ပြဇာတ်တိုကလေး တစ်ခုပါ။ ကျွန်တော်တို့ဆရာ ဇာတ်လိုက်ကြီးတွေ(၃)ဦးရှိကြပါတယ်။
(၁) ကိုတဏှာ(မျက်စိ မမြင်သူ) (၂) ကိုမာန( ခြေကျိုးသူ)၊ (၃) ကိုဒိဋ္ဌိ ( လူမွဲ ဆင်းရဲသား)လို့ ဇာတ်ဆောင်(၃)ဦး သရုပ်ဆောင်ကြမှာပါ။ သူတို့(၃)ဦးရဲ့ စကားဝိုင်း တစ်ခုကို နားထောင်ကြည့်ကြပါစို့
(၁) ကိုတဏှာ (မျက်ကန်း)။ ။ ဟေ့ကိုမာန တို့စကားဝိုင်းထဲက ရေနွေးကြမ်းက တယ်ကောင်းပါ့လား။ လဘက်ခြောက်အရောင်ကလေးကို စိမ်းလဲ့နေတာပဲ ငါ့မျက်စိထဲကကို မထွက်ဘူးကွာ….။
(၂) ကိုမာန(ခြေကျိုး)။ ။ ဟ တဏှာကောင် အကောင်းကြိုက် အကန်းကောင် ရဲ့ မျက်စိမမြင်ရသူက ဒီလိုစကားပြောနေတာ မင်းပြင်ပြောစမ်းပါ၊ဆက်ပြောရင်တော့ ငါ ခြေထောက်နဲ့ထကန်လိုက်ရလို့။ လွှင့်သွားတော့မှာပဲ။
(၃) ကိုဒိဌိ (ငမွဲ၊ လူဆင်းရဲ)။ ။ ကဲကဲ မင်းတို့နှစ်ယောက် ဒီလောက်တောင်ဖြစ် နေကြရင် ခြေကျိုးကလဲကန်ချင်သလိုကန်ကွာ။ အကန်းကလဲရှောင်ချင်ရာ ရှောင်ကြ၊သတ်ကြပေတော့။ မင်းတို့နှစ်ဦး တရားရုံးရောက်ကြပြီး အမှုဖြစ်မှ ကုန်ကျမဲ့စားရိတ်၊ စားခငွေတွေကို ငါက အားလုံးအကုန်ခံပြီး ဖြေရှင်းပေးတော့မယ်။ချသာ ချကြပေတော့ကွာ..။
ကျွန်တော်တို့အားကိုးကြတဲ့ ဇာတ်လိုက်ကြီး(၃)ဦးရဲ့ ပြောကြဆိုနေကြသံများ ဖြစ်ပါသည်။ ဘ၀ဇာတ်ခုံပေါ်မှာ စာဖတ်သူ မိတ်ဆွေများစဉ်းစားကြည့်စမ်းပါ။ ကျွန်တော်တို့ကို နေ့စဉ် အခိုင်းခံနေရတဲ့ ဒီဒါရိုက်တာ (၃)ဦးရဲ့စကားကို နားထောင်ပြီး လုပ်ကိုင်နေကြရတယ်။ ကျွန်တော်တို့အားကိုး အားထား ပြုနေရတဲ့ ဒီဆရာကြီး(၃)ဦးမှာ ဘာအရည်အချင်းစွမ်းပကားများ ရှိကြပါသလဲ။ သူတို့ကိုယ်တိုင်က အရည်အချင်းစွမ်းပကားတွေ မရှိကြပဲနဲ့ သတ္တ၀ါတွေကိုတော့ သံသရာမှာစုန်ချည်တစ်ခါ၊ ဆန်ချည်တစ်လှည့် ဘ၀သံသရာ ရေယာဉ်ကြောမှာ မျှောပေးနေကြပါတယ်။ ပွင့်တော်မူပြီးခဲ့တဲ့ ဘုရားအဆူဆူနဲ့လည်း လွဲအောင် ခွဲထားကြပါတယ်။ သတ္တ၀ါတွေရဲ့ ငြိမ်းအေးမှု လမ်းကို လုံးဝမမြင်ရအောင် မသိရအောင်(အ၀ိဇ္ဖာ ဦးဆောင်ပြီး ကိုတဏှာက သူလိုရာလမ်းကို ဆွဲခေါ်နေကြပါပြီ။ ဒီနေရာမှ တဏှာနဲ့ ပတ်သက်ပြီး စာရေးသူမှတ်သားသိရှိတာလေးအား ဖြည့်စွက်တင်ပြပါ့မယ်။ ဆရာကြီး ဦးရွှေအောင် ရေးသားထားတဲ့ (ဗုဒ္မလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ကိုယ်ကျင့် ဗုဒ္မ၀င် ) နိဒါန်းမှာ
အမှန်အားဖြင့် တဏှာကို တဏှာမှန်း မသိရလေအောင်( အ၀ိဇ္စာက ဖုံး၏) တဏှာကိုပင် မိသားစု ၀ါဒနှင့် အမျိုးသားရေး ၀ါဒအဖြစ် မြင်ရလေအောင် (အ၀ိဇ္စာ)က ဖေါ်၏။ တဏှာနှင့် ပတ်သက်လာလျှင် အ၀ိဇ္စာက ဖုံးလည်းဖုံး၏။ ဖော်လည်း ဖော်၏။ ဖုံးခြင်း ဟူသည်မှာ တဏှာကို မကောင်းသော အဓမ္မအဖြစ် မမြင်ရလေအောင် ဖုံးခြင်း ဖြစ်၏။ ဖော်ခြင်း ဟူသည်မှာ တဏှာကို ကောင်းသော ဓမ္မအဖြစ် မြင်ရအောင် ဖော်ခြင်း ဖြစ်၏။ ဤသည်ကိုပင် အမှန်တရားသစ္စာကို ဖုံးခြင်းဟူ၍ ဆို၏။ (ဦးရွှေအောင်)
စာရေးသူ ကျွန်တော်တို့ ဘ၀များစွာကို ခြယ်လှယ်ထားခဲ့ကြတာ။အ၀ိဇ္စာ မသိမှု အရင်းခံလို့ တဏှာက ဦးဆောင်ပြီး ဘ၀ပေါင်းများစွာနဲ့ သံသရာမှာ အနေတွေလည်း ထပ်ခဲ့ပြီ။ အသေတွေလည်း ထပ်ခဲ့ကြပြီ။ ဘ၀သံသရာ ငြိမ်းအေးမှုဆိုတာ ဒီဆောင်းပါးအစ ဖော်ပြခဲ့တဲ့ မသိကားအစ သိလျှင်အဆုံး၊ ကိစ္စတုံးအောင် ငြိမ်အေးမှု သစ္စာ တရား အလင်းရောင် ကိုရှာဖွေလေ့လာပြီး အားထုတ်ကြိုးပမ်းကြပါစို့။ သတ္တ၀ါတွေရဲ့ ဘ၀ငြိမ်းအေးမှုဆီသို့ သွားရန်လမ်းညွှန်ပါ။ အမှန်တရားဆိုတဲ့ သစ္စာကိုသိဖို့က အဓိက အရေးကြီးနေကြပါပြီ။ အမှန်တရား သစ္စာသိစေရန် သိကြစေရန် ။
• သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာ အားထုတ် ၊ နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်ဥာဏ်မြင် ဤငါးအင် မှန်ပင် မဂ်ရကြောင်း…………..။

(မိုးကုတ်ဆရာတော် ဘုရားကြီးနှင့် ဆရာ ဦးရွှေအောင် ၏ အနှိုင်းမဲ့ စာအုပ်တို့ကို ကိုးကားဖော်ပြအပ်ပါသည်။)


ရွှေလမ်းငွေလမ်း ၀င်းကြည်
၁၉၉၆ခုနှစ်၊ ရွှေပေါ်ကျွန်း ဓမ္မသာလ မဂ္ဂဇင်းတွင် ဖော်ပြပြီး