ကျမနာမည်က “၀ိုင်းစု”ပါ။ ကျမတာဝန်က ငွေသွင်းကောင်တာ စာရေးမလေးပါ။ ဒီမြို့ကလေးက ကျဉ်းကျဉ်းလေးဆိုတော့ ငွေလာသွင်းကြတဲ့ ကုန်သည်ပွဲစား အများစုကို မျက်မှန်းတမ်းမိနေပါတယ်။ လူတွေနဲ့နာမည်ကိုတော့ တစ်ဦးချင်းတွဲပြီး မသိတာအမှန်ပါ။ ကျမရှေ့မှာ ၀၀ဖိုင့်ဖိုင့် အသက်(၆၀)ခန့် ကုန်သည်ကြီးပါ။ သွင်းတဲ့ငွေက သိန်း(၁၂၀)ကျပ် ကို ကောင် တာပေါ်မှာပုံအပ်နေကြတာပါ။ ကျမက (၁၀၀၀)ကျပ်တန်၊(၅၀၀)ကျပ်တန်ငွေများ ရွက်ရေ(၁၀၀) အစီးများကို တစ်ရွက်ချင်းစစ် ပါတယ်။ စစ်ပြီးတဲ့ငွေစက္ကူရွက်တစ်ရာပါအစီးတွေကို ငွေရေတွက်စက်နဲ့ ရေတွက်လက်ခံနေပါတယ်။
ငွေအတု၊အစစ်၊အစုတ်အပြဲ၊ အဆက်တွေပါ သေသေချာချာကြည့်ပြီးမှလက်ခံရတာပါ။ မမှန်ကန်တဲ့
ငွေစက္ကူအဆက်ပါလာခဲ့ရင် ကာယကံရှင်ကိုပြပြီး ဆုတ်ဖြဲပစ်ပါတယ်။ ငွေအတုဆိုရင်တော့ .အထက်မန်နေဂျာထံအပ်လိုက်ပါတယ်..။
“ဟော.အန်ကယ်ကြီး ဒီမှာတစ်ထောင်ကျပ်တန်တစ်ရွက်က အဆက်လွှဲနေပါတယ်..။အင်္ဂလိပ်စာဂဏန်းနဲ့ မြန်မာစာဂဏန်းတွေ နံပါတ်ချင်း မတူပါဘူး..ဒီမှာ...”
ကျမက ပြောရုံ၊ပြရုံ သာရှိသေး ၊ သူက ကျမလက်ထဲမှ အတင်းဆွဲယူလိုက်ပါတယ်။ ပြီးတော့ သူအိပ်ကပ်ထဲကို ထည့်သိမ်းသွားပါတယ်..။
““အေးကွယ် မှန်း ဒီတစ်ထောင်တန်အစီးက ဘယ်ကောင့်ပွဲရုံကလည်းဆိုတာ အန်ကယ့် အမျိုးသမီးကို မေးရဦးမယ်..
ငွေတစ်ထောင်ကြီးများတောင်ပဲ..။ ငါတော့ခံလိုက်ရပါပြီ...။သိကြသေးတာပေါ့ကွာ..၊ ကဲကဲ ရော့ လဲတဲ့ငွေတစ်ထောင်တန်..။ အော်..မူမမှန်လူတွေ...လူတွေ...။””
*********************
တစ်ပါတ်ခန့်အကြာ.......
“ဒေါ်မြရွှေ..ငွေသွင်းလို့ရပါပြီရှင်..ကျမကောင်တာဖက်ကို ကြွ ခဲ့ပါရှင်..“
ကျမ ကောင်တာကိုဝင်လာသူမှာ အသက်(၅၀)ခန့် ပိန်ပိန်ပါးပါး မျက်ရည်စတွေနဲ့ အမျိုးသမီးပါ။မိန်းကလေးများရဲ့ သဘာဝအရ ကျမစပ်စုကြည့်လိုက်ပါတယ်..။ သူ့မရဲ့လင်တော်မောင်ဒရိုင်ဘာခင်ဗျာ..လမ်းမှာ ကားမှောက်လို့တဲ့။
(........)မြို့က ဆေးရုံမှာတက်ရောက်ကုသနေပါတယ်။ အဲဒီကို ပို့ရန်ငွေကျပ်တစ်သောင်းကျပ်(တစ်ထောင်တန်ဆယ်ရွက်)နဲ့
ငွေလွှဲခသတ်သတ်ပေးပါတယ်။ သူမမှာ ကလေး(၅)ယောက်နဲ့ ကုန်စိမ်းသည်၊ ရွာရိုးကိုးပေါက် ဈေးတောင်းရွက်ရောင်း
ရတဲ့ သူပါ။ ကုန်စိမ်းအရင်းငွေကို တစ်နေ့ငွေတစ်ရာ (၂၀)ကျပ်တိုးနဲ့ နေ့ပြန်တိုးချေးရကြောင်း ။ယခုလင်တော်မောင်
ဆီပို့ရန် ဒီငွေကိုလဲ ချေးလာခဲ့ရကြောင်းသိလိုက်ရပါတယ်။ ကျမ မျက်လုံးပြူးသွားပါတယ်..။ သေချာအောင် နောက်တစ် ကြိမ်ပြန်ကြည့်လိုက်ပါတယ်..။သေချာပါပြီ...လွန်ခဲ့တဲ့ တစ်ပါတ်လောက်က ကုန်သည်ကြီး ပြန်ယူသွားခဲ့တဲ့
တစ်ထောင်တန် အဆက်ကြီးပါ။ ဘုရား ဘုရား ဖြစ်ရလေမမြရွှေရယ်...။ တာဝန်နဲ့ဝတ္တရားအရ ကျမဖွင့်ပြောလိုက်ပါတယ်။ မရှိ့ဆင်းရဲသားမှန်သိလိုက်ရတဲ့ မမြရွှေကိုကျမ အထင်သေလိုက်မိတာအမှန်ပါ။ သူကိုမယုံ ကြည်လို တစ်ထောင်တန် အဆက်ကြီးကို ပြန်မပေးဖြစ်ခဲ့ပါ။ ဒါပေမဲ့ မမြရွှေက ကျမလက်ထဲမှ တစ်ထောင်တန်ကို ဆွဲယူ
လိုက်ပါတယ်..။ သူမရဲ့အမူအယာ သူ့စကားသံတွေကြောင့် ကျမ ရင်ထဲမှာ များစွာကို ခံစားလိုက်ရပါတယ်.......။
“““ပေး ပေး ညီမလေး အမရဲ့တစ်ထောင်တန်..ကဲကဲ သွားပေတော့ဟယ်...”””
မမြရွှေပြောပြောဆိုဆိုနဲ့ ငွေစက္ကူကို ဆုတ်ဖြဲလိုက်ပါတယ် ။သူမရဲ့နောက်ဆုံးပြောသွားတဲ့စကားကြောင့် ကျမရင်ထဲမှာ ယနေ့အထိခံစား ကြားယောင်နေမိပါတယ်.....။
““လူဆိုတာ မရှိရင် ခိုးနိုးနိုးနဲ့မျက်စောင်းထိုးကြတယ်...သူတို့က ထားစရာမရှိ့အောင်ချမ်းသာလို့ငွေတိုးချေးစားတာ..။
ငါတို့က စားစရာမရှိ့လို့ နေ့ပြန်တိုးယူစားကြတာပါ..။ ဒီမယ် ညီမလေး..လွှဲတဲ့ငွေကို (ကိုးထောင်ကျပ်သာ)ပြင်ပေးပါကွယ်..။ ဒီငွေတစ်ထောင်ဟာ..သူတို့အတွက် ကလေးမှုန့်ဘိုးလောက်သာရှိ့ပါတယ်..။
ဒီ ငွေတစ်ထောင်တန်ကြီးနဲ့ ငါခံရသလို နောက်လူတွေမခံရလေအောင် ဆုတ်ဖြဲပစ်လိုက်ရတာ..ကြေနပ်ပါပြီကွယ်..””။
ရွှေလမ်းငွေလမ်းဝင်းကြည်
4/16/2009 နေ့ နံနက်၅း၀၀ နာရီ ရေးပါသည်။
0 comments:
Post a Comment