``မကွေးတိုင်းဒေသကြီး (တ.စ.ည)ပါတီ (၂၅)နှစ်ငွေရတုသဘင်ပွဲတွင် အိုးစည်ဝိုင်းဖြင့်ဂုဏ်ပြု´´

စက်တင်ဘာ(၂၉)ရက်နေ့ နံနက်(၉)နာရီမှ နေ့(၁၂)နာရီအထိ မကွေးမြို့ ရွာသစ်ရပ်ကွက်၊ဗိုလ်ချုပ်လမ်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီရုံး၌ (၂၅)နှစ်ငွေရတုသဘင်ပွဲ အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ မကွေးတိုင်းဒေသကြီး (တ.စ.ည)ပါတီ (၂၅)နှစ်ငွေရတုသဘင်သို့ ဗဟိုကော်မတီဝင် ဦးထွန်းရီနှင့်အဖွဲ့မှ နာယကအဖြစ်ဆောင်ရွက်ပြီး ဧည့်သည်တော်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဖေ၊ ချစ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆလိုင်းလှထွန်း နှင့်(၁၅)ဦးတို့နှင့်အတူ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ပါတီဝင်ပေါင်း(၃၅၀)ဦးခန့်တက်ရောက်ကြောင်း၊ အခမ်းအနားတက်ရောက်လာသူများကို ရေနံချောင်းမြို့နယ်မှ အိုးစည်ဝိုင်း ဖြင့်ဧည့်ခံကြိုဆိုဂုဏ်ပြုကြောင်းသိရသည်။ ၁၉၈၈ ခု စက်တင်ဘာလ(၂၄)ရက်နေ့တွင် (တ.စ.ည)ပါတီကိုစတင်ဖွဲ့စည်း ခဲ့ကြောင်း၊ ၂၀၁၃ စကတင်ဘာ(၂၄)၇က်နေ့တွင် နှစ်ပေါင်း(၂၅)နှစ်ပြည့်၍ ငွေရတုသဘင်ကျင်းပခဲ့ကြောင်း၊ နိုင်ငံတော် အစိုးရအသစ် တက်လာပြီး လွှတ်တော်အဆင့်ဆင့်တွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ပေါင်း(၆၄)ဦး နေရာရယူခဲ့နိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်အတွက် ရွေးချယ်တင်မြှောက်ပွဲတွင် မြို့နယ်တိုင်း၌ ကိုယ်စားလှယ်နေရာ အပြည့် (သို့) အရွေးချယ်ခံ ကိုယ်စားလှယ်တစ်နေရာစီကို မဖြစ်မနေ အရွေးချယ်ခံသွားရန်ကြိုတင်စီစဉ်ထားကြောင်း မကွေးတိုင်းဒေသကြီး ပါတီကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင် ကပြောသည်။ အဆိုပါ ငွေရတုသဘင်အခမ်းအနားကျင်ပချိန်တွင် မြို့နယ်လျှပ်စစ်မီးပြတ်နေကြောင်း၊ မီးစက်အသုံးပြု၍ကျင်းပ ခဲ့သော်လည်း မီးစက်ပန်ကာကြိုးပြတ်တောက်သွားကြောင်း၊ အခမ်းအနားပြီးရန်အချိန်အနည်း အငယ်အလိုတွင် လျှပ်စစ်မီးပြန်လာကြောင်းသိရသည်။ ထိုအခမ်းအနားတွင် ပါတီဝင်များကို အခက်အခဲများကြားမှ အားတက်လာအောင် ရေနံချောင်းမြို့နယ်မှ အိုးစည်းဝိုင်းက အခမ်းအနားအပြီးထိ ဆက်လက်ဖျော်ဖြေကြောင်း သတင်း ရရှိသည်။
 

``သတင်းစာပညာ ဆရာဖြစ်သင်တန်း Fojo Madia Institute´´

ဤသင်တန်းကို ၂၀၁၃ စက်တင်ဘာ(၂၃)မှ (၂၇)နေ့ထိ(၅)ရက် ပို့ချသည်။ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် (၄၄)လမ်းထောင့်ရှိ အမှတ်(၄၃၇) အီး(၃)၊ (၃)လွှာ၊ Myanmar Media Library သင်တန်းခမ်းမမှာ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ သင်တန်းပို့ချသည်။ သင်တန်းဆရာမများမှာ ဖိုယိုဂျာနယ်လစ်ဇင်တက္ကသိုလ်မှ လာရောက်၍ IMS,FOJO တို့ပူးပေါင်းသင်ကြား ၍ သင်တန်းသားများကို MJA, MJN နှင့် အယ်ဒီတာချုပ်များအဖွဲ့ ပူးပေါင်းခေါ်ယူဖွင့်လှစ်ပေးကြောင်းသိရသည်။ သင်တန်းသားများမှာ (၁၅)ဦးတက်ရောက်သည်။ ရန်ကုန်မြို့ပေါ်မှ(၉)ဦး၊ နယ်မှ(၆)ဦး တက်ရောက်သည်။ နယ်မှတက်ရောက်သူများမှာ ဦးစိန်လှိုင်ဗိုလ်(ပဲခူးမြို့)၊ ဦးတင်ထွဋ်(မော်လမြိုင်)၊ ဦးဘဦး (မန္တလေး)၊ ဦးစောမြင့် (စစ်တွေ)၊ ဦးမြင့်ဦး(ဧရာဝတီ) နှင့် ဦးဝင်းကြည်(မကွေး)တို့ဖြစ်သည်။ ရန်ကုန်မှ ဆရာဦးစိန်ဝင်း၊ ဆရာစောလင်းအောင်၊ ဆရာမြင့်ကျော်(ဘာသာပြန်)၊ ဆရာဦးခင်မောင်မြင့်၊ ဆရာဦးကျော်ကျော်လင်း၊ ဆရာ ဦးဇာနည်မောင်၊ ဆရာ Aဇော်၊ ဆရာမ မအေးအေးဇင် နှင့်ဆရာမ မအိမ့်ခိုင်ဦး တို့ဖြစ်ကြသည်။ သင်တန်းဆရာမ ဖီယိုနာ( အင်္ဂလန်) က (၅)ရက်သင်တန်းပို့ချပေးသည်။ စက်တင်ဘာ(၂၇)ရက်နေ့ည(၇)နာရီ ရန်ကုန်မြို့ နန်းသီတာစားတော်ဆက် တွင် ဂုဏ်ပြုညစာစားပွဲဖြင့်တည်းခင်း၍ (သတင်းစာဆရာဖြစ်) သင်တန်းဆင်းလက်မှတ် များကို ၎င်းပွဲတွင် ဆရာမ ဖီယိုနာ ကိုယ်တိုင်သင်တန်းသားတစ်ဦးချင်းဆီသို့ ချီးမြှင့်ပေးကြောင်း ဤသင်တန်းဆင်းလက်မှတ်ရရှိသူများသည် မိမိတို့သတင်းစာတိုက်နှင့် အခြားနယ်ဒေသများတွင် ဖွင့်လှစ်ပေးမည့် အခြေခံသတင်းစာပညာသင်တန်းများကို လက်ဆင့်ကမ်းဖွင့်လှစ်သင်ကြားပေးရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

``မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြင်ဆင်ပြီ..။´´

စက်တင်ဘာ(၂၁/၂၂)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၃း၃၀)နာရီအထိ နှစ်ရက်တွင် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မှ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ ကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားကို မကွေးမြို့ တက္ကသိုလ်လမ်း ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (မကွေးတိုင်း ဒေသကြီး) ပါတီရုံးချုပ်တွင်ပြုလုပ်ကြောင်း။ မကွေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ တက်ရောက်အဖွင့်အမှာစကားပြောကြား၍ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ ချောက်၊ ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်မြို့မှ ကော်မတီဝင်များ၊ မကွေးမြို့(၁၅) ရပ်ကွက်မှ ကော်မတီဝင်များ၊ ကျေးရွာအုပ်စု(၄)အုပ်စုမှ စည်းရုံးရေးမှူးများ နှင့် ရေနံချောင်းမြို့မှ လူမှုရေးဆောင်ရွက်နေသော NGO အဖွဲ့များ စုစုပေါင်း(၁၅၀)ခန့်တက်ရောက် ဆွေးနွေးကြကြောင်းသိရသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ဦးဆောင်ကူညီသောအဖွဲ့မှာ ရန်ကုန်မြို့အခြေစိုက် Myanmar Egress နှင့် The Sun Instrtute အဖွဲ့မှ ဦးအောင်ကိုကို က နိုင်ငံရေးနှင့်ပတ်သက်သောသင်တန်းများပို့ချခြင်း၊ နိုင်ငံရေးဘောဂဗေဒ အကြောင်းများ ဆွေးနွေးခြင်း နှင့် တက်ရောက်လာသူများမှ အပြန်အလှန်မေးမြန်း ဖြေကြားဆွေးနွေးကြကြောင်း၊ စက်တင်ဘာ(၂၂)ရက်နေ့တွင် နိုင်ငံရေးပညာရှင်များဖြစ်ကြသည့် ဦးနေမျိုးမောင် နှင့် ဦးနိုင်လင်းထွန်း တို့နှစ်ဦးနှင့် တက်ရောက်သူများ အပြန်အလှန် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
 

`` ယင်းဆိပ် ရဲစခန်းမှူးနှင့်ရဲတပ်ကြပ်တစ်ဦးတို့က ခိုင်းနွားဝယ်ထားသော တောင်သူပြည်သူများကို ထိုးကြိတ်ခြိမ်းခြောက်ပြီး ငွေသုံးသိန်းခွဲတောင်း၍ ၀န်ကြီးချုပ်ထံသို့တိုင်ကြား ဟုသိရ´´

စက်တင်ဘာ(၁၇)ရက်နေ့တွင် မကွေးမြို့နယ် ဆူးကောက်စမ်းကျေးရွာမှ တိုင်ကြားသူဦးကျော်ကြီး(ခ)ကျော်ကျော် က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်ကြားစာပို့ပြီး ဤသို့ပြောသည်။ `` ၂၀၁၃ ၊ သြဂုတ်(၈)ရက်နေ့မှာ ကျွန်တော်တို့သုံးဦးက မကွေးမြို့နယ် ပုထိုးကျေးရွာကိုသွားပြီး ခိုင်းနွား(၇)ကောင် ၀ယ်ခဲ့ကြပါတယ်။ ကျွန်တော်က ခိုင်းနွား(၃)ကောင်ဝယ်တယ်၊ ကိုမဲက(၂)ကောင်နဲ့ ကိုအေးပိုက(၂)ကောင် ၀ယ်လာခဲ့ကြ ပါတယ်။ ပုထိုးကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ နွားပိုင်ရှင်တွေဆီက ထောက်ခံစာတွေလဲယူလာခဲ့ကြပါတယ်။ အဲဒီည ကျွန်တော်တို့ ဆူးကောက်စမ်းရွာကို ယင်းဆိပ်ရဲစန်းက ဒုရဲအုပ်အာကာလွှမ်းမိုး၊ ရဲတပ်ကြပ်မောင်လှနဲ့ (ရဲပြုတ်) မောင်ဝင်းမြင့် တို့ သုံးဦးရောက်လာတယ်။ ကျွန်တော်တို့ကို ယခုချက်ချင်း ယင်းဆိပ်ရဲစခန်းကို လိုက်ဖို့ဆင့်ခေါ်ပါတယ်။ ကျွန်တော်က ဒီည(၈)နာရီမှာ ကျေးရွာအုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ထားလို့ ပြီးရင်လိုက်ခဲ့ပါ့မယ်ပြောပါတယ်။ အစည်းအဝေးပြီး အဲဒီညမှာ ယင်းဆိပ်ရဲစခန်းသို့ ကျွန်တော်ရယ် ကျွန်တော့သား မောင်နေလင်းနဲ့ အဖော် မောင်ဟန်ဇော်မင်း မောင်ဆန်းလွင်၊ ဦးအေးပိုတို့နဲ့(၅)ယောက်သွားခဲ့ကြပါတယ်။ ကျွန်တော်တို့ကို ရဲစခန်းမှာမတွေ့ဆုံဘဲ ယင်းဆိပ်ရွာထဲက (ရဲပြုတ်) မောင်ဝင်းမြင့်ရဲ့အိမ်ကိုခေါ်သွားပါတယ်။ အဲဒီအိမ်ရောက်တော့ ကျွန်တော့်ကို ငွေသုံးသိန်းခွဲပေးရမယ်လို့ တောင်းပါတယ်။ ကျွန်တော်ကမပေးနိုင်ဘူး၊ ယခုနွားတွေက ခိုးယူလာတာလဲမဟုတ်ဘူး၊ ရွာတောင်သူလုပ်ငန်းမှာ ခိုင်းစားဖို့ ခိုင်းနွားတွေကို ၀ယ်လာတာ၊ သက်ဆိုင်ရာထောက်ခံစာတွေလဲပါတယ်၊ ဒါကြောင့်မပေးနိုင်ပါဘူးလို့ ကျွန်တော်ကငြင်းဆိုပါ တယ်။ ထောက်ခံစာတွေကို သူတို့ကယူကြည့်ပြီး မင်းတို့ယခုမှလုပ်လာတာဆိုပြီး ကျွန်တော်ဆီကိုပြန်မပေးပါဘူး၊ ကျွန်တော်က ပြန်ပြီးလုယူပါတယ်။ အဲဒီအချိန် ရဲတပ်ကြပ်မောင်လှက ရဲစခန်းကိုပြန်ပြီး နောက်ထပ်ရဲတွေကိုခေါ်လာပါ တယ်။ သူတို့ရောက်လာပြီး ဒုရဲအုပ် အာကာလွှမ်းမိုးက ``အဲဒီကောင်တွေကို ဖမ်းချုပ်´´လို့ အာဏာပြအမိန့်ပေးတယ်။ ကျွန်တော့်သားမောင်နေလင်းနဲ့ အဖော် မောင်ဟန်ဇော်မင်းတို့ကို ရဲသုံးဦးကဖမ်းချုပ်ပြီး လက်ထိပ်ခတ်လိုက်ပါတယ်။ အဲဒီအခါမှာ ရဲတပ်ကြပ်မောင်လှက ကျွန်တော့်သားမောင်နေလင်းမျက်နှာကို လက်သီးနဲ့(၃)ချက်ထိုးကြိတ်ပါတယ်။ နောက်ထပ်ရဲတပ်သားဇော်ဇော်အောင်က လက်သီးနဲ့တစ်ချက်ဆက်ထိုးပါတယ်။ ကျွန်တော့်ကိုလဲ ရဲတပ်ကြပ် မောင်လှ က လက်သီးနဲ့ မျက်နှာကိုနှစ်ချက်ထိုးပါတယ်။ ကျွန်တော့်လက်ထဲကထောက်ခံစာကို ရဲပြုတ်ဝင်းမြင့်ကလုယူလို့ ပါသွားတယ်။´´ ``ကားတစ်စီးကိုခေါ်ပြီး ကျွန်တော်တို့လေးဦးကို ယင်းဆိပ်ရဲစခန်းသို့အမှုဖွင့်မယ်ဆိုပြီးခေါ်သွားပါတယ်။ ည(၁၁) နာရီခန့် ယင်းဆိပ်ရဲစခန်ဂိတ်အရောက်မှာ ထပ်မံခြိမ်းခြောက်ပြီး ငွေသုံးသိန်းတောင်းပြန်ပါတယ်။ ကျွန်တော်တို့လဲ နောက်တစ်ခါ အထိုးခံရမည်စိုးပြီး ငွေသုံးသိန်းပေးပါမယ်ပြောလိုက်ရပါတယ်။ ကျွန်တော့်သားနဲ့မောင်ဟန်ဇော်မင်းကို ရွာပြန်ပြီးငွေရှာခိုင်းလိုက်ရပါတယ်။ အဲဒီ သြဂုတ်(၃)ရက်ညမှာ ရွာကချေးငှါးပြီးယူ လာတဲ့ငွေ(၂၂၀၀၀၀) နှစ်သိန်းနှစ်သောင်း ကိုပေးခဲ့ပါတယ်။ ကျန်ငွေကိုနောက်နေ့ပေးမယ်လို့ပြောပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမျှမလုပ်ပါဘူး၊ အမှုဖွင့်ခြင်း မလုပ်ပါဘူးလို့ တာဝန်ခံခဲ့ရပြီး သူတို့ရဲတွေရေးထားတဲ့စာရွက်ပေါ်ကို လက်မှတ်ရေးထိုးခဲ့ရပါတယ် (ဖတ်မကြည့်ခဲ့ရပါ)။ ညသန်းခေါင်ကျော်မှာ ရွာကိုပြန်လာခဲ့ကြရပါတယ်။ နောက်နေ့သြဂုတ်(၄)ရက်နေ့မှာ ကျွန်တော်နဲ့ မောင်ဟန်ဇော်မင်းသွားပြီး ကျန်ငွေ(၈၀၀၀၀) ရှစ်သောင်းကျပ်ကို ရဲပြုတ်ဝင်းမြင့်ဆီကို သွားပေးခဲ့ရပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန် တော်တို့လို တောင်သူလယ်သမားပြည်သူလူထုအပေါ် ရိုင်းပြစွာနဲ့ ကိုယ်ထိလက်ရောက် ထိုးကြိတ်စော်ကား ခြိမ်းခြောက်ပြီး မတရားလာဘ်ငွေတောင်းခံနေကြတဲ့ ဒုရဲအုပ် အာကာလွှမ်းမိုး နဲ့ ရဲတပ်ကြပ်မောင်လှ၊ ရဲတပ်သား ဇော်ဇော်အောင် တို့ကို သက်ဆိုင်ရာကထိရောက်အောင်အရေးယူဆောင်ရွက်ပေးဖို့ မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံကို စက်တင်ဘာ(၁၇)နေ့ က မကွေးစာတိုက်အမြန်ချောနဲ့ ပေးပို့တိုင်ကြားထားပါတယ်…။´´ ဟု ဆူးကောက်စမ်းရွာသား ဦးကျော်ကြီး(ခ) ကျော်ကျာ် ၊နိုင်ငံသား( ၈/မကန(နိုင်)၀၄၃၈၁၇)ကပြောသည်။ အဆိုပါကိစ္စကို စက်တင်ဘာ(၁၉)ရက်နေ့တွင် မကွေးမြို့နယ် ဆူးကောက်စမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးထံ သို့ သွားရောက်တွေ့ဆုံခဲ့ရာ၊ နေ့ရက်မမှတ်မိသော အဲဒီနေ့က ယင်းဆိပ်ရဲစခန်းမှ ဒုရဲအုပ် အာကာလွှမ်းမိုး နဲ့ တပ်ကြပ်မောင်လှတို့ နှစ်ဦးရွာသို့ရောက်လာကြောင်း၊ ကိုကျော်ကြီးတို့ နွားဝယ်ကိစ္စ ညှိနှိုင်းပေးရန်ပြောရာ ယနေ့ည တစ်အိမ်တစ်ယောက် အစည်းအဝေးခေါ်ထား၍ မအားကြောင်း၊ ကိုကျော်ကြီးမှာ နွားအကြောင်းသိသူဖြစ်၍ ရွာကတောင်သူများအတွက် ခိုင်းနွားများဝယ်ယူပေးနေသူဖြစ်ကြောင်း၊ အဲဒီည ကိုကျော်ကြီးတို့ကို ယင်းဆိပ်ရဲစခန်းသို့ခေါ်သွားကြောင်း၊ နောက်နေ့ တွင် ရဲစခန်းသို့လိုက်ပါသွားသူ ကိုကျော်ကြီးက ဖြစ်စဉ်အကြောင်းစုံကိုပြောပြပြီး အဲဒီညက ငွေနှစ်သိန်းနှစ်သောင်းကျပ် ပေးခဲ့ရပြီး ယနေ့ ကျန်ငွေရှစ်သောင်းကို ရဲစခန်းသို့သွားရောက်ပေးမည်ဟုပြောကြားကြောင်း၊ ယခုကိစ္စကို စက်တင်ဘာ (၁၈)ရက်နေ့မှာ မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျွန်တော်နဲ့ ကိုကျော်ကြီးတို့အားလုံးကို ခေါ်ယူစစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မကွေး ခရိုင်ရဲတပ်ဖွဲ့မှူးကြီးက ယခုကိစ္စနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ အမှန်တရားအတိုင်း လုပ်ကိုင်ဆောင်ရွက်ပေးမည်ဟု ကျွန်တော့်ကိုပြောကြားလိုက်ကြောင်း ဆူးကောက်စမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး က ပြောသည်။
 

``မကွေးမြို့ မြို့ဟောင်းရပ်ကွက်ရေဘေးဒုက္ခသည်များအား မြစ်ကွေ့ဧရာလူမှုကွန်ယက်အဖွဲ့မှ ဆန်များပေးလှူ´´

စက်တင်ဘာ(၁၈)ရက်နေ့ နေ့လည်(၁)နာရီခန့်တွင် ဧရာဝတီမြစ်ရေအတက်ကြမ်း၍ မကွေးမြို့ မြို့ဟောင်းရပ်ကွက်မှ ရေဘေးဒုက္ခသည်များအား မြစ်ကွေ့လူမှုကွန်ယက်အဖွဲ့မှ ဆန်များပေးလှူကြောင်း သတင်းရရှိသည်။ `` ဒီနှစ်ဧရာဝတီမြစ်ရေက ယခင်နှစ်ထက် တစ်ပြန်လောက် ရေအတက်ကြမ်းပါတယ်။ ရေတက်နေတာ ယနေ့ပါဆိုရင် လေးရက်လောက်ရှိပါပြီ။ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက် ဆင်းရဲသားအိမ်ကလေးများဟာ နီးစပ်ရာဆွေမျိုး၊ မိတ်ဆွေများရဲ့အိမ်တွေပေါ်ကို ပြောင်းရွှေ့နေရတာပေါ့ဗျာ..။နောက်ထပ်လဲ မြစ်ရေက တက်အုံးမယ်ဆိုတော့ စိုးရိမ်နေကြရ ပါတယ်..။ဒါကြောင့် ရပ်ကွက်ထဲက မီးသတ်တပ်ဖွဲ့တွေနဲ့ ရေကင်းစောင့်နေကြရတယ်။´´ ဟု မြို့ဟောင်းရပ်ကွက်သား တစ်ဦးက ပြောသည်။ အဆိုပါမြို့ဟောင်းရပ်ကွက်မှ ရေဘေးဒုက္ခသည်များ(၁၉၄)ဦးတို့ကို မကွေးမြစ်ကွေ့ဧရာလူမှုကွန်ယက် အဖွဲ့မှ ဥက္ကဋ္ဌ ဦးခင်မောင်ကြည်ဦးဆောင်သော အဖွဲ့က လူတစ်ဦးလျှင်နို့ဆီဗူးဖြင့် ဆန်(၅)ဗူးစီ လာရောက်လှူဒါန်းကြောင်း သတင်းရရှိသည်။ မိုလေ၀သနှင့်ဇလဗေဒဌာနမှ စက်တင်ဘာ(၁၇)ရက် ည(၈)နာရီအချိန်သတင်းကြေငြာချက်အရ မကွေးမြို့တွင်ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်သို့ရောက်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။
 

``သရက်ခရိုင် အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်ပိတ်ခြင်းကြောင့် ငြိမ်းချမ်းစွာဆန္ဒပြခွင့်တင် ဟုသိရ´´

သရက်ခရိုင် အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်ပိတ်ခြင်းကြောင့် အဆိုပါရေနံမှော်တွင် လုပ်ကိုင်စားသောက် နေကြသော တောင်သူများနှင့် အလုပ်သမား အများအပြားမှာ အခက်အခဲပြဿနာများဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ အထက်မင်းလှမြို့နယ် ထန်းကိုင်းရေနံမှော်သည်(၂၀၀၇) နှစ်မှစ၍ (၂၀၁၃၊ ဧပြီ ၄ရက်နေ့အထိ) အစိုးရနှင့် ကုမ္ပဏီများလုပ်ကိုင်ခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီများမှာ MOGE နှင့် အကျိုးတူးဖော်ခဲ့သော မျိုးမာန်သစ်ကုမ္ပဏီ၊ ဂျီအိုင် ကုမ္ပဏီ၊ S.5 ကုမ္ပဏီ(၂)ခု နှင့်ချမ်းချမ်းကုမ္ပဏီ တို့ဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီများသည် ရေနံစိမ်းများကို အားရအောင် တူးဖော်ခွင့်ရရှိသွားပြီး ၂၀၁၃ ဧပြီ(၄)ရက်နေ့တွင် ၎င်းရေနံမြေနေရာများကို မှုလပိုင်ရှင်တောင်သူများထံသို့ လွှဲအပ်ပေးခဲ့ကြ ပြီး ကုမ္ပဏီများမှာ ရုတ်သိမ်းသွားခဲ့ကြောင်း၊ ၎င်း မြေနေယာများသည် တောင်သူများမှာ စိုက်ပျိုးလုပ်ကိုင်စားသောက်၍ မရသဖြင့် လက်ရိုက်ရေနံတွင်းတစ်နေရာကို အနည်းဆုံးငွေကျပ်(၃)သိန်း၊ အများဆုံးငွေကျပ်(၁၀)သိန်းဖြင့် ရောင်းချခဲ့ ကြောင်း၊ တွင်းတူးစရန်က (၅)သိန်း မှ (၁၀)ကျော်ခန့်အထိကုန်ကျကြောင်း၊ အဆိုပါရေနံမှော်ကို မှီတင်းလုပ်ကိုင်စားသောက် သူလူဦးရေမှာ သိန်းဂဏန်းအထိရှိနေကြောင်း၊ သို့သော်လည်း ၂၀၁၃ စက်တင်ဘာ(၉)ရက်နေ့တွင် သက်ဆိုင်ရာမှ ရေနံတူးဖော်ခွင့်မပြုဘဲ ထန်းကိုင်းရေနံမြေတွင်လုပ်ကိုင်စားသောက်နေကြသော အလုပ်သမားများကို နှင်ထုတ်ကြောင်း၊ စက်တင်ဘာ(၁၀)ရက်နေ့တွင် ပြည်သူ့ရဲအင်းအား(၁၀၀)ကျော်ခန့််ရောက်လာပြီး တားဆီးနှင်ထုတ်ခဲ့ကြောင်း၊ ထို့ကိစ္စကို ထန်းကိုင်းရေနံမှော်မှ တောင်သူများနှင့် ရေနံတူးဖော်လုပ်ကိုင်စားသောက်နေကြသော အလုပ်သများပူးပေါင်း၍ စက်တင် ဘာ(၁၀)ရက်နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးထံ အသိပေးတိုင်ကြားခဲ့ကြောင်း၊ စက်တင်ဘာ(၁၃)ရက်နေ့စွဲဖြင့် နိုင်ငံတော် သမ္မတ ထံသို့ ထန်းကိုင်းရေနံမှော်အား ဆက်လက်လုပ်ကိုင်နိုင်ရန် ယခင်ကဲ့သို့ တရားဝင်ခွင့်ပြုပေးပါရန် အသနားခံ တင်ပြစာပေးပို့ထားကြောင်း၊ ထန်းကိုင်းရေနံမှော်တွင် ဤကဲ့သို့ ပိတ်သိမ်းခိုင်းနေသော ပြသနာများကြောင့် အလုပ်သမားများ က စက်တင်ဘာ(၁၅)ရက်နေ့တွင် မင်းလှမြို့နယ်ရဲတပ်ဖွဲ့ရုံးသို့ ငြိမ်းချမ်းစွာစုဝေး၍ စီတန်းလှည့်လည်ဆန္ဒပြခွင့်ကို ယခုလအတွင်း(၂)ကြိမ် စာတင်ထားခဲ့ကြောင်း အလုပ်သမားများအား ဦးဆောင်သူ ဦးသက်နိုင်ဝင်း က ပြောသည်။ အဆိုပါထန်းကိုင်းရေနံမှော် အခြေအနေအား သရက်ခရိုင်ရဲမှူး ဦးသန်းဆွေထံသို့ တယ်လီဖုန်းဖြင့်မေးမြန်းရာ၊ ``ထန်းကိုင်းရေနံမှော် အခြေအနေယနေ့အထိကောင်းပါတယ်။ ဘာမျှထူးခြားမှုမရှိပါဘူး။ လုံခြုံရေးကတော့ ဆက်ပြီးချထား ပါတယ်။ ဆန္ဒပြမယ့်စာတင်တဲ့ကိစ္စကတော့ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့မေးမြန်းပါခင်ဗျာ..။´´ ဟု သရက်ခရိုင်ရဲမှူး ဦးသန်းဆွေ က ဖြေကြားသည်။ အဆိုပါဆန္ဒပြရန်ကိစ္စအား မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ စက်တင်ဘာ(၁၀)ရက်တွင်တစ်ကြိမ်၊ (၁၅)ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်တင်ထားကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
 

``လယ်ယာမြေစုံစမ်းစစ်ဆေးရေးအဖွဲ့(၅) မကွေးမြို့နှင့်မင်းဘူးခရိုင်အတွင်း၌ စစ်ဆေးကြားနာ´´

စက်တင်ဘာ(၁၇)ရက်နံနက်(၈)နာရီမှ (၁၁း၃၀)နာရီအချိန်အထိ မကွေးမြို့နယ်အုပ်ချုပ်ရေးမှူးအစည်းအဝေးခန်း တွင် ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသော လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် မကွေးတိုင်းအဖွဲ့(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ခေါင်းဆောင်သောအဖွဲ့သည် မကွေးမြို့သို့ လာရောက် စစ်ဆေးကြောင်းသတင်းရရှိသည်။ မကွေးမြို့နယ်အတွင်းမှ မြေယာသိမ်းဆည်းမှု(၉)မှုအားစစ်ဆေးကြောင်း၊ ၎င်းမြေယာမှုများမျာ (၁) မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာ ဒေါ်ကျင်ပိုင်မြေအား စိုက်ပျိုးရေးဌာနမှ ဂိုဒေါင်မြေနေရာအဖြစ်သိမ်းဆည်းထားခြင်းကိစ္စ။ (၂) ညောင်ပင်ရွာ ဒေါ်တင်မြိုင်မြေအား ဥက္ကဋ္ဌ ဦးမဏ္ဍိုင်၏ ခွဲဝေမှုကိစ္စ၊ (အောက်ခြေအဖွဲ့တွင် လျော်ကြေးဖြင့် ဆောင်ရွက်ပြီးစီး)။ (၃) မယ်လှတောင်အုပ်စု၊ မင်းကန်ကြီးအုပ်စုမှ ယာမြေများကို ၀ိဇ္ဇာ သိပ္ပံတက္ကသိုလ်သို့ တစ်ဧက(၈)သောင်းပေး၍ လုပ်ကိုင်ရသည်ဆိုသော ဦးစံမြင့်ပါ(၅၄)ဦးတို့ကိစ္စ။ (၄)တောင်နွားကူးကျေးရွာ တောင်သူများပိုင်သော မြေဧက(၁၀၃)ဧက ခန့်ကို မကွေးပညာရေးကောလိပ်မှ သိမ်းဆည်းခြင်း ကိစ္စ။ (၅) ထုံးပေါက်တောတောင်ရွာ ဘုန်းတော်ကြီး ဦးနန္ဒမာလာ မှ နွားမွေးမြူရန် သိမ်းဆည်းထားသောမြေအား မှုလပိုင်ရှင်ဟု ဆိုသော မြင်သာရပ်ကွက် အမှတ်(၆၂)၊၂၈ လမ်းနေ ဒေါ်သန်းတင် တို့၏မြေယာကိစ္စ။(၆) မယ်လှတောင် ကျေးရွာအုပ်စု မြင်းကင်းကျေးရွာ ဦးအောင်မြတ်ထွေး၏ မြေအား ဆက်သွယ်ရေးဌာနမှ တာဝါတိုင်ဆောက်ခြင်း၊ လျှပ်စစ်ဌာနမှ ဓါတ်အားခွဲရုံဆောက်ရာ လျော်ကြေးမရခြင်းကိစ္စ။ (၇) ကန်ပြားကျေးရွာ ဦးပေါပိုင်မြေအား ရယက နှင့်ပေါင်းပြီးသိမ်း၍ ဘော်ဒါဆောင် ဆောက်လုပ်ခြင်းကိစ္စ။ (၈) ပြည်တော်သာရပ်ကွက် ဒေါ်အမာတင်မှ နွားကူးကျေးရွာရှိ ၀ယ်ယူထားသော မြေအား စစ်မှုထမ်းဟောင်းအဖွဲ့မှ ထင်းအစားထိုးလောင်စာစက်ရုံမြေနေယာအဖြစ် သိမ်းယူခြင်းကိစ္စ။ (၉) ရှားပင်လှကျေးရွာ ဦးကြည်လှ ပါတောင်သူ(၂၀) ဦးတို့ ပိုင်ဆိုင်သော ဧက(၆၀)ခန့်ရှိ ယာမြေများအား မဆလ ခေတ်တွင် (တိုင်းမိုးဝေ သမ၀ါယမ) ယာမြေအဖြစ် သိမ်းဆည်းခဲ့ပြီး ဦးထွန်းခင် မှ ကန်ထရိုက်ယူ၍ လုပ်ကိုင်သောကိစ္စ တို့ကို စစ်ဆေးကြားနာကြောင်း သိရှိရသည်။ အထက်ပါစစ်ဆေးရာတွင် မြေယာသိမ်းဆည်းခြင်းနှင့်သက်ဆိုင်သော ဌာနဆိုင်ရာမှ အကြီးအကဲများ ၊ မြေယာရရှိ ရန် တိုင်ကြားထားသော တောင်သူလယ်သမားများ နှင့် နှစ်ဦး နှစ်ဘက်မြေယာအတွက် ငြင်းခုံနေကြသော သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ဆင့်ခေါ်ထား၍ တရားမျှတစွာဖြင့် အပြန်အလှန် စစ်ဆေးကြောင်းသိရသည်။ အဆိုပါစစ်ဆေးချက်များကို လွှတ်တော်အဆင့်ဆင့်ထံ တင်ပြပေးသွားမည်ဟု မကွေးတိုင်းအဖွဲ့(၅) အဖွဲ့ခေါင်းဆောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ နှင့် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သိန်း တို့က ဂတိပြုပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ ထို့နောက် စက်တင်ဘာ(၁၇)ရက် နေ့လည်ပိုင်းတွင် မင်းဘူးခရိုင် မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ မြေယာသိမ်းဆည်းခြင်းအမှုများကို စစ်ဆေးမည်ဖြစ်ကြောင်း၊ ထို့နောက် စက်တင်ဘာ(၁၈)ရက်နေ့တွင် ငဖဲမြိုနယ် အုပ်ချုပ်ရေးမှူးရုံး၌ မြေယာသိမ်းဆည်းခြင်းအမှုများကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဆေးရး အဖွဲ့ခေါင်းဆောင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောသည်။
 

``မကွေးမြို့နယ် သမန်းတောကျေးရွာ ဘုန်းတော်ကြီးပညာသင်ကျောင်း စုပေါင်းဖွင့်လှစ်´´

စက်တင်ဘာ(၁၅)ရက် နံနက်(၈)နာရီတွင် မကွေးမြို့နယ် သမန်းတော(မြောက်)ကျေးရွာ၌ ဥယျာဉ်ဘုန်းတော်ကြီး ပညာသင်ကျောင်း စုပေါင်းဖွင့်လှစ်ပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ ဘုန်းတော်ကြီးပညာသင်ကျောင်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးပညာသင်ကျောင်း ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်ဘုန်းတော်ကြီးပညာသင်ကျောင်းဥက္ကဋ္ဌ ဆရာတော်၊ ပင့်သံဃာအပါး(၃၀)နှင့် မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥာဏ်မျိုး၊ မြို့နယ်သာသနာရေးဦးစီးမှူး၊ မြို့နယ်ပညာရေးဦးစီးမှူး၊ ပြည်ခိုင်းဖြိုးပါတီဝင်များ၊ NLD မကွေးမြို့နယ်ပါတီဝင်များ နှင့် ပွင့်လင်းလူ့ဘောင်အဖွဲ့အစည်း(မကွေး)အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူ ရွာသားများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့်တက်ရောက်ဖွင့်လှစ်ပေးကြောင်း၊ ထိုကျောင်းတွင် ဆရာတော်ဦးနေမိန္ဒ မှ ဦးစီး၍ ဆရာ ဆရာမသုံးဦး နှင့် ကျောင်းသူ ကျောင်းသား(၇၀)ဦးရှိကြောင်း၊ ဤကျောင်းဖွင့်လှစ်ရန် နှစ် နှစ်ခန့်ကြိုတင် ကြိုးစားဆောင်ရွက်ခဲ့ရကြောင်း၊ မကွေးတိုင်းဒေသကြီး သံဃာနယကအဖွဲ့က ကွင်းဆင်းစစ်ဆေးပြီး ယခု ၂၀၁၃ ခုနှစ် သြဂုတ်လ ထဲမှာ သက်ဆိုင်ရာမှ ဖွင့်ခွင့်အမိန့်ကျခဲ့၍ ယနေ့အောင်မြင်စွာဖြင့် သမန်းတော(မြောက်)ကျေးရွာ၌ ဥယျာဉ်ဘုန်းတော်ကြီး ပညာသင် ကျောင်းကို စုပေါင်းဖွင့်လှစ်ပွဲကျင်းပနိုင်ခဲ့ကြောင်း ဆရာတော်ဦးနေမိန္ဒ က ပြောသည်။
 

`` ပြင်ဦးလွင်မြို့တွင်အထက်မြန်မာပြည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ´´

စက်တင်ဘာ(၁၄/၁၅)ရက်နေ့ နံနက်(၉နာရီမှ ညနေ ၅နာရီ)အချိန်အထိ (၂)ရက် ပြင်ဦးလွင်မြို့ Royal Reward Resort ဟိုတယ်တွင် အထက်မြန်မာပြည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြင်ဦးလွင်မြို့ တွင်ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအလုပ်ရုံဆွေးနွေပွဲကို (NCRWG) NGO Child Rights Working Group မှ ကြီးမှူးကျင်းပ၍ အထက်မြန်မာပြည် မန္တလေးအခြေစိုက်ဂျာနယ်သတင်းထောက်များ၊ သတင်းစာ သတင်းထောက်များ နှင့် ပြည်တွင်း ပြည်ပ ရုပ်သံသတင်းထောက်များ စုစုပေါင်း(၂၅)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။ (NCRWG) အထက်မြန်မာပြည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက် မှာ ကလေးသူငယ်အခွင့်အရေးများကိုသိရှိ နားလည်၍ လက်တွေ့လိုက်နာကျင်းသုံးရန်၊ မီဒီယာများမှတဆင့် ပြည်သူအများက ကလေးသူငယ်များအခွင့်အရေး ဆိုင်ရာအချက်အလက်များကို ကလေးသူငယ်အခွင့်အရေးနှင့် ဘေးကင်းလုံခြုံကို မူဘောင် အတွင်းမှ ပုံစံအမျိုးမျိုးဖြင့် အသိပညာပေးလုပ်ဆောင်သွားရန်၊ မီဒီယာများမှ တဆင့် ကလေးသူငယ်များ၏အသံကို တိုက်ရိုက်ဖော်ထုတ်ပေးခြင်းဖြင့် တာဝန်ရှိသူများအားလုံးတာဝန်ခံကြစေရန် ဆိုသော ရည်ရွယ်ချက်သုံးမျိုးဖြင့် ကျင်းပပေး ကြောင်း၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများသို့ ဆက်လက်ကျင်းပပေးသွားမည်ဖြစ် ကြောင်း (NCRWG) အဖွဲ့ဝင် ဦးနေ၀င်းကို က ပြောကြားသည်။
 

``ပါရမီသွေး(မကွေး) သွေးကူညီရေးအသင်း၏ (၂)နှစ်ပြည့်အခမ်းအနားကျင်းပ´´

စက်တင်ဘာ(၈)ရက်၊ နံနက်(၈ မှ ၁၀း၃၀)နာရီအချိန်တွင် မကွေးမြို့ ပွဲကြိုရပ်ကွက်၊ အထက(၂)လမ်း ပါရမီသွေး(မကွေး) ရုံးခန်း၌ သွေးကူညီရေးအသင်း၏ (၂)နှစ်ပြည့်အခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အခမ်းအနားကို သဘာပတိ ဦးမောင်မောင်ကကြိုဆိုနှုတ်ဆက်စကားဖြင့်ဖွင့်လှစ်၍ မြပါရမီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးလင်းက ဂုဏ်ပြုစကားဆိုကြောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းကျင်းပရေးအဖွဲ့(အောင်မြေရတနာကျောင်းတိုက်)မှ ပေးပို့ သော သ၀ဏ်လွှာအား ကိုစည်သူဖြိုး ကဖတ်ကြား၍ ဒေါက်တာမြင့်အောင်(တိုင်းအရေပြားအထူးကုဆရာဝန်ကြီး-ငြိမ်း)နှင့် ဒေါက်တာဖြိုးဝေအောင်(သင်ကြားရေးဆေးရုံ)တို့က သွေးလှူရှင်များ သိကောင်းစရာများကိုပြောဆိုကြောင်း၊ (၅)ကြိမ် အထက်သွေးလှူရှင်များ(၄၁)ဦး၏ကိုယ်စား ဦးထွန်းထွန်းခိုင် က သွေးဒါနပြုရ၍ ၀မ်းမြောက် ပိတိစကား ပြောကြားကြောင်း၊ ပါရမီသွေးအမည်ဖြင့် ရုံးနေရာကို စတင်ဖွင့်လှစ်တည်ထောင်ခဲ့သော ဦးအောင်လွင် (ပါဝါလျှပ်စစ် ပစ္စည်းဆိုင်)က နိဂုံးချုပ် ကျေးဇူးစကားပြောကြားကြောင်း အခမ်းအနားမှူး ဦးထွန်းထွန်းလင်း ကပြောသည်။ အဆိုပါအခမ်းအနားသို့ ပါရမီသွေး(မကွေး) သွေးလှူရှင်အဖွဲ့ဝင်များ ၊ မကွေးမြို့ယဉ်ကျေးလိမ္မာသင်တန်းအဖွဲ့ဝင် များ၊ ဆေးတက္ကသိုလ် နှင့်အခြားတက္ကသိုလ်များအသီးသီးမှ ကျောင်းသား ကျောင်းသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များစုစုပေါင်း(၂၅၀)ခန့်တက်ရောက်ကြောင်း၊ (၅)ကြိမ်အထက် သွေးလှူရှင်ပေါင်း(၄၁)ဦးကို ဂုဏ်ပြုကြောင်း၊ သွေးလှူရှင်အဖွဲ့ဝင်ပေါင်း တစ်ထောင်ကျော်ခန့်ရှိကြောင်း၊ ပါရမီသွေး(မကွေး) ဖွဲ့စည်းပြီး (၂)နှစ်ကာလ အတွင်းမှာ သွေးပုလင်းပေါင်း နှစ်ထောင်ကျော်လှူဒါန်းခဲ့၍ ပြည်သူ့ဆေးရုံးကြီးသို့ သွေးထည့်ရန် ရေခဲသေတ္တာ(၁)လုံး နှင့် သွေးလှည့်စက်(Centifugal Foce)ခု လှူဒါန်းပြီးခဲ့ကြောင်း၊ အသက်(၁၈ မှ ၅၅)နှစ်အတွင်း ကျမ်းမာရေးကောင်းသူအားလုံး သွေးလှူရှင်များကို ဤအသင်းမှ ဖိတ်ခေါ်ပါကြောင်း၊သွေးလိုအပ်သောလူနာများနှင့် သွေးလှူရှင်များကို တိုက်ရိုက် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း၊ သွေးလိုအပ်နေသောလူနာများ၏အခက်အခဲများအား အချိန်မှီကူညီဖြေရှင်းပေးမည် ဖြစ်ကြောင်း၊ သွေးလိုအပ်လျှင် ပါရမီသွေး(မကွေး)ရုံး ဖုန်း(၀၉-၄၀၁၅၅၇၉၁၅) သို့ဆက်သွယ်နိုင်ပါကြောင်း၊ အခမ်းအနားမှူး ကိုကျော်စွာ က ပြောသည်။
 

`` NLD ပါတီ တောင်သူလယ်သမားရေးရာကော်မတီ(ဗဟို) မှ တောင်သူလယ်သမားရေးရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်း၍ တောင်သူလယ်သမားများကို ကူညီပေးမည်´´

စက်တင်ဘာ(၆)ရက် နံနက်(၁၀ မှ နေ့၁း၃၀)နာရီအထိ မကွေးမြို့ မြင်သာရပ်ကွက် မဲထီးလမ်း NLD ပါတီရုံးတွင် တောင်သူလယ်သမားရေးရာကော်မတီ(ဗဟို) မှ တောင်သူလယ်သမားရေးရာကော်မတီ(မကွေးတိုင်း)ဖွဲ့စည်းရန် ဆွေးနွေးပွဲ ကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲသို့ ၂၀၁၃ ဖေဖော်ဝါရီ(၁၃)ရက်မှ စတင်ဖွဲ့စည်းခဲ့သော တောင်သူလယ်သမားရေးရာကော်မတီ (ဗဟို)အဖွဲ့ဝင်များဖြစ်သော ဦးမန်းညွှန့်သိန်း၊ ဦးလှမြင့်သန်း နှင့် ဦးစိုးလေး တို့ဦးဆောင်၍ မကွေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင် ဥက္ကဋ္ဌ များ စုစုပေါင်းအင်အား(၂၅)ဦးခန့်တက်ရောက်ကြောင်း၊ တောင်သူ လယ်သမား ရေးရာကော်မတီ(မကွေးတိုင်း) အဖွဲ့ကို ဖွဲ့စည်းကြကြောင်း၊ ဥက္ကဋ္ဌ ဦးနေမျိုးကျော်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမြင့်သိန်း(မကွေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ အတွင်းရေးမှူး ဦးတာ(ဗဟိုကော်မတီဝင်) နှင့် အဖွဲ့ဝင် (၁၅)ဦး ဖွဲ့စည်းကြောင်း၊ ၎င်း တောင်သူလယ်သမားရေးရာကော်မတီ (မကွေးတိုင်း)အမည်စာရင်းကို (ဗဟို)တောင်သူလယ် သမားရေးရာကော်မတီမှ အတည်ပြုပေးပြီး ခရိုင်ကော်မတီ၊ မြို့နယ်ကော်မတီ၊ ရပ်ကျေးကော်မတီများကို ဆက်လက်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း၊ (ဗဟို)ကော်မတီဝင် ဦးမန်းညွှန့်သိန်း မှ ကော်မတီဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းကို ရှင်းလင်း၍ ဦးလှမြင့်သန်း နှင့် ဦးစိုးလေးတို့ နှစ်ဦးက တက်ရောက်လာသော ခရိုင်/မြို့နယ်NLD ပါတီဝင်များမှ ဒေသခံတောင်သူ လယ်သမားများ၏ လူမှုဒုက္ခအခက်အခဲများ၊ မြေယာသိမ်းဆည်းခံရခြင်း ပြသနာများအတွက် မေးမြန်းချက်များကို အသေးစိတ်ပြန်လည်ရှင်းလင်းပြောကြားကြောင်း၊ NLD ပါတီဌာနချုပ် တောင်သူလယ်သမားရေးရာကော်မတီ (ဗဟို) အဖွဲ့ဝင်များသည် မြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို အဆင်ပြေချောမွှေ့တိုးတက်အောင်မြင်လာအောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့် လွှတ်တော် အဆင့်ဆင့် သို့တင်ပြပြီး ထိရောက်အောင်မြင်အောင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

``မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး´´

စက်တင်ဘာ(၅)ရက် နံနက်(၁၀)နာရီ နေ့(၁)နာရီအချိန်ခန့်၌ မကွေးမြို့ ဆားရွှေကင်းရပ် ကမ်းနားလမ်း နန်းထိုက်သူ ဟိုတယ်တွင်မကွေးတိုင်းဒေသကြီးခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ နှင့်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြိုဖများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်၊ဧည့်ရိပ်သာ၊ တည်းခိုးခန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်ဇုံ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကြည်ထွန်း နှင့် မကွေးတိုင်းဒေသကြီး သဘာဝပန့်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် သစ်တောဦးစီးဌနမှူး ဦးမြင့်သိန်း နှင့် ဖိတ်ကြားထားသူ စုစုပေါင်း(၁၀၀)ခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ အခမ်းအနားကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေက အဖွင့်အမှာပြောကြား၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ မိတ်ဆက်၍ ရှင်းလင်းပြောကြားကြောင်း၊ မကွေးတိုင်းဒေသကြီး ခရီးစဉ်များကို ဥက္ကဋ္ဌ ဦးကြည်ထွန်း ကရှင်းလင်း၍ ခရီးသွားများအတွက် ရွှေစက်တော် ဘေးမဲ့တောဖော်ဆောင်နိုင်မည့်အကြောင်း နှင့် တက်ရောက်လာသူ လုပ်ငန်းရှင်အသီးသီးမှ ဆွေးနွေးကြ သည်။ အဆိုပါဆွေးနွေးပွဲသို့တက်ရောက်လာသူ ဟိုတယ်လုပ်ငန်းရှင်များအား ဆွေးနွေးပွဲနှင့် ပတ်သက်၍ အခက်အခဲများ ကို သတင်းထောက်က မေးမြန်းရာ`` အိမ်သာမှ ဧည့်လာကြမှာပါ။ ``ဧည့်စာရင်းစစ် တဲ့အခါမှာ လိုအပ်တဲ့ အချက်အလက်များကို မိတ္တူဆွဲပြီး ပေးရင်လုံလောက်ပါပြီ၊ ညအချိန်နဲ့ သူတို့အနားယူပြီး အိပ်နေတဲ့အချိန်တွေမှာ နိုင်ငံခြားသားဧည့်သည်ကို အိပ်ယာမှ နိုးခိုင်းခြင်းမျိုး မဖြစ်သင့်တော့ပါ။´´ ဟု သက်ဆိုင်သူ အကြီးအကဲတစ်ဦးကို ဆွေးနွေးပြောဆိုခဲ့ကြောင်း ပခုက္ကူမြို့မှ ဟိုတယ်လုပ်ငန်းရှင် ဒေါက်တာသက်လွင်( ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး သတင်းစာဆရာ အသင်း)က ကိုပြောသည်။
 

`` မကွေးမြို့နယ်တရားရုံး ဇာရီမှုအမှတ်၃/၂၀၁၃ ဖြင့် အိမ်ဝိုင်းသိမ်းဆည်းစဉ် အမွေဆိုင်မိသားစု(၇)ဦးက နှစ်လုံးထီလောင်းကစားခြင်းမှ ဖြစ်သည်ဆိုပြီး သက်ဆိုင်ရာများသို့ အသနားခံစာတင် ´´

စက်တင်ဘာ(၃)ရက် နံနက်(၁၀)နာရီခန့်တွင် မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက် နှင်းဆီလမ်း ဦးပိုင်အမည် ဦးချစ်ညှာ (ကွယ်လွန်သူ) ပိုင်ဆိုင်သော အမှတ်၁၉၂ အိမ်အမှတ်(၄၉/ခ)ရှိ ဦးမြင့်စန်း နှင့် မိသားစုသုံးစု (၃)အိမ်နေထိုင်သော အိမ်ဝိုင်းအား မြို့နယ်တရားရုံး ဇာရီမှုအမှတ်၃/၂၀၁၃ဖြင့် မကွေးမြို့နယ်တရားရုံး ဘီလစ် ဦးဇေယျာလင်း ပါ တစ်ဦး နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သိင်္ဂါရပ်ကွက် အုပ်ချုပ်ရေးမှူး၏ကိုယ်စား အဖွဲ့ဝင် ဦးကျော်စိုး စုစုပေါင်း အင်အား (၁၂)ဦးခန့်ဖြင့် လာရောက်သိမ်းဆည်းရာ အဆိုပါအိမ်ဝိုင်း ဦးပိုင်အမည်ပေါက် ဦးချစ်ညှာ၏ သားသမီးများဖြစ်သော(၁)ဒေါ်ခင်ထွေး၊ (၂)ဒေါ်စောမြင့်၊ (၃)ဦးသန်းညွှန့် (ခ) ဆရာတော်ဦးသီဟ၊ (၄)ဦးမြင့်ကြည်၊ (၅)ဒေါ်ဝင်းဝင်း၊ (၆)ဒေါ်တင်တင်ခိုင်၊ (၇)ဒေါ်အေးအေးခိုင် အမွေဆိုင်မောင်နှမ (၇)ဦးတို့က နိုင်ငံတော် သမ္မတနှင့် ဥက္ကဋ္ဌ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် မကွေးမြို့နယ် တရားရုံးသို့ အသနားခံစာတင်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၂၀၀၈၊ ဒီဇင်ဘာ(၂၇)ရက်နေ့တွင် ကိုမြင့်စန်း(အဘ)ဦးကျော်ဆိုင် နိုင်ငံသာအမှတ် ၈/မကန(နိုင်) ၀၁၅၅၁၄ နှင့် ဇနီး မအေးအေးခိုင်(အဘ)ဦးချစ်ညှာ နိုင်ငံသားအမှတ် ၈/ မကန(နိုင်)၀၁၅၆၃၃ တို့နေထိုင်သော သိင်္ဂါဂီရိရပ်ကွက် နှင်းဆီလမ်း အမှတ် ၁၉၂ အိမ်အမှတ်(၄၉/ခ) ဦးပိုင်အမည် ဦးချစ်ညှာ ပိုင်ဆိုင်သော ပေငါးဆယ် ပတ်လည်အိမ်ဝိုင်းမှ (၂၅ ပေx ၅၀ ပေ)အကျယ်မြေကို တန်ဘိုးငွေကျပ် သိန်းသုံးဆယ်ဖြင့် (၂၅)ကျပ်တန်တံဆိပ်ခေါင်း စာချုပ် ချုပ်ဆို၍ ဦးအောင်လင်း က ငွေလက်ငင်း ပေးချေခြင်းမပြုဘဲ ၀ယ်ယူခဲ့ကြောင်း၊ ထိုစာချုပ်ကို ရပ်ကွက် ရ.ယ.ကအဖွဲ့ဝင်ဟောင်း ဦးအောင်ဘ က အသိသက်သေလုပ်၍ စာချုပ်ချုပ်ပေးခဲ့ကြောင်း၊ ဤကဲ့သို့ ကိုအောင်လင်းအား အိမ်ဝိုင်းစာချုပ်၍ရောင်းပေးရခြင်းမှာ ကျမရဲ့ယောက်ျား ကိုမြင့်စန်း က နှစ်လုံးထီလက်ခွဲရောင်းချပြီး ကိုအောင်လင်း က နှစ်လုံးထီဒိုင်ချုပ်အဖြစ် လုပ်ကိုင်စားသောက်လာခဲ့ရာ ဦးသိန်းထွန်းစိုးဆိုသူက နှစ်လုံးဂဏန်း(၉)ကို နှစ်ရာငါးဆယ်ကျပ်ဖိုး မှစတင်ပြီး တစ်ပါတ်တိတိ ဆတိုး(၁၀)ပတ်ထိုးလို၍ ဒိုင်ချုပ်ကိုအောင်လင်းနှင့် ချိတ်ဆက်ပေးခဲ့ကြောင်း၊ ထိုးသား ဦးသိန်းထွန်းစိုး မှာ တစ်ပတ်အတွင်း ငွေကျပ်သိန်းခြောက်ဆယ့်တစ်သိန်းရှစ်သောင်း နှစ်လုံးပတ်ဇယားတွင် အကြွေးတင်ပြီး ကိုအောင်လင်းထံသို့ ငွေမချေဘဲ ဦးသိန်းထွန်းစိုးက ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုကြောင့် နှစ်လုံးဒိုင်ချုပ် ကိုအောင်လင်း က ကျမယောက်ျား၏ ထိုးသား ဦးသိန်းထွန်းစိုး ထွက်ပြေးခြင်းအတွက် ကျမယောက်ျား ကိုမြင့်စိုးရဲ့ တာဝန်သာဖြစ်ကြောင်း၊ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ပြီးတောင်းနေကြောင်း၊ ဒါကြောင့်ကျမယောက်ျားမှာ သူ့ရွာက လယ်မြေနှင့် နွား(၁၀)ကောင်ကို ရောင်းချပြီး ငွေကျပ်( သိန်းသုံးဆယ့် တစ်သိန်း ရှစ်သောင်းကျပ်)အား ကိုအောင်လင်း ထံသို့ပေးခဲ့ပါကြောင်း၊ ကျန်သောငွေ သိန်းသုံးဆယ်ကို ကိုအောင်လင်း က ကျမတို့နေထိုင်သော အိမ်ဝိုင်းကို အတင်းအဓမ္မလက်မှတ်ထိုးခိုင်း၍ ၂၀၀၈၊ ဒီဇင်ဘာ(၂၇)ရက်နေ့တွင် စာချုပ်ချုပ်ဆိုပေးခဲ့ရပါကြောင်း၊ ထို့စာချုပ်ဖြင့် ကိုအောင်လင်း က ၂၀၁၀ ခုနှစ်တွင် တရားမကြီး အမှုအမှတ်(၆)ဖြင့် တွဲဘက်မြို့နယ်တရားသူကြီး ဒေါ်မြတ်ခိုင်ဝင်း ၏ တရားရုံးတွင် စတင်စွဲဆိုကြောင်း၊ ၂၀၁၁ တွင် ဇာရီမှုအမှတ် ၄/၂၀၁၁ ဖြင့်ကြော်ငြာကပ်ခဲ့ကြောင်း၊ ကျမတို့မွေးချင်းတစ်စုကန့်ကွက်ခဲ့၍ အမှုနိုင်ခဲ့ကြောင်း၊ ကိုအောင်လင်း က မကြေနပ်၍ မကွေးခရိုင်တရားရုံးသို့ တရားမပြင်ဆင်မှုအမှတ်(၃၁)ဖြင့် တင်ပြခံခဲ့ရကြောင်း၊ထို့နောက် မြို့နယ်/ခရိုင် တရားသူကြီးများ (၅)ဆက်ခန့်ပြောင်း ရွေ့သွား၍ စစ်ဆေးခံရပြီး၊ ၂၀၁၂ စက်တင်ဘာ(၂၇)ရက် နေ့တွင် လေလံ တင်ခံခဲ့ရကြောင်း၊ ဤဇာရီမှုမှာ နှစ်လုံးထီလောင်းကစားဒိုင်ချုပ် ကိုအောင်လင်းနှင့် လက်ခွဲဒိုင်ကိုမြင့်စန်း တို့နှစ်ဦး နှင့် ထိုးသား ဦးသိန်းထွန်းစိုးတို့ကို အခြေခံပြီး ဖြစ်ခဲ့ရပါ ကြောင်း၊ ဒီကိစ္စကို မြို့နယ် တရားရုံးသို့ အစစ်ဆေးခံနေရစဉ် အထက်ပါဖြစ်စဉ်အတိုင်းထွက်ဆိုခဲ့ရာ ဒုတိယမြို့နယ်တရားရုံး တရားသူကြီးများ က လောင်းကစားကိစ္စများကို ပြောဆိုခွင့် မပြုခဲ့ကြောင်း၊ နောက်ဆုံး ကျမတို့နေထိုင်သော အိမ်ဝိုင်းအား ဦးအောင်စိုးဝင်းဆိုသူက(ကိုအောင်လင်းနှင့် နောက်ကွယ်မှာ ချိတ်ဆက်၍) လေလံဆွဲခဲ့ပြီး ယခု ၃/၂၀၁၃ ဇာရီမှု အဖြစ်စီရင်ချက်ချခြင်းခံခဲ့ရပါကြောင်း၊ ဒီအမှု၏အခြေခံ အဖြစ်မှန်မှာ နှစ်လုံးထီလောင်းကစားမှုကစတင်ခြင်းကိုသိရှိနိုင်ရန် သမ္မတကြီးဦးသိန်းစိန်၊ တရားဥပဒေစိုးမိုး ရေးနှင့်တည်ငြိမ် အေးချမ်း ရေး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ဒေသခံအာဏာပိုင်များထံသို့ ၂၀၁၃ မတ်လ(၇)ရက်နေ့ က အသိပေးတိုင်ကြား ၍ အသနားခံစာ တင်ထားပါကြောင်း ဦးမြင့်စန်း နှင့် ဇနီးဒေါ်အေးအေးခိုင် တို့က မြန်မာပို့စ် သို့ပြော သည်။ `` ဒီအမှုက လောင်းကစားမှုကို အခြေခံပြီး ဖြစ်တယ်လို့တော့ ပြောသံကြားတာဘဲ။ တိတိကျကျတော့ ကျွန်တော်လဲ မသိပါဘူး´´။ဟု သိင်္ဂါရပ်ကွက် အုပ်ချုပ်ရေးမှူး၏ကိုယ်စား အဖွဲ့ဝင် ဦးကျော်စိုးက ပြောသည်။ ``ကျုပ်ရဲ့လူနာမည်က ဦးသန်းညွှန့်ပါ။ ဖခင် ဦးချစ်ညှာရဲ့ ဒုတိယသားပါ။ ပန်းရစ်တောင်ကျောင်းမှာ ရဟန်ဘွဲ့ ဦးသီဟ နဲ့ ၀ါတော်(၁၀)၀ါရှိပါပြီ။ ကျုပ်ကရဟန်းဖြစ်တော့ သတင်းဓာတ်ပုံအရိုက်မခံနိုင်ပါဘူး။ ဒီအိမ်ဝိုင်းက ကျူပ်တို့ မွေးချင်း(၇)ယောက်ပိုင်ပြီး ယခုထိ အမွေမခွဲရသေးပါဘူး။ ဒီအမှုဖြစ်ရတာက ကျူပ်နှမ အေးအေးခိုင်ရဲ့ ယောက်ျား မောင်မြင့်စန်း နဲ့ ကိုအောင်လင်းတို့ နှစ်လုံးထီလောင်းကစားဒိုင်လုပ်ကြလို့ ဖြစ်ရတာပါ။ အောင်လင်းကို (သိန်းခြောက် ဆယ်ကျော်)ပေးစရာရှိလို့ သူတို့ရွာက လယ်မြေတွေနဲ့နွားတွေကိုရောင်းပြီး သိန်းသုံးဆယ်တစ်သိန်းကျော်ဆပ်ခဲ့ပြီးပြီ ကျန်တဲ့ သိန်း သုံးဆယ်ရစရာရှိတာနဲ့ မိသားစု ဘ၀တွေပျက်အောင် ဒီအိမ်ဝိုင်းကို မတရားသဖြင့် စာချုပ်ချုပ်ခိုင်းပြီး ယခုလို ဇာရီမှုအထိ ဖြစ်အောင်လုပ်တာ မကောင်းပါဘူး။ အရောင်းအ၀ယ်စာချုပ်တုန်းကလဲ ပုံစံ(၁၀၅)မြေစာရင်းမြေပုံစတဲ့ ဘာအထောက်အထားမှ မပါပါဘူး။ ဒီအိမ်ဝိုင်းက ကျုပ်နှမ အေးအေးခိုင်တစ်ဦးတည်း ပိုင်တာမဟုတ်ပါဘူး။ သူရောင်းခဲ့စဉ် ကလဲ ကျုပ်တို့မွေးချင်း (၆)ဦးရဲ့ လက်မှတ်မပါခဲ့ကြပါဘူး။ မွေချင်းတွေကိုလဲ အသိမပေးခဲ့ကြပါဘူး။ လေလံပစ်ပြီး ယခု ဇာရီမှုဖြစ်မှသိရတယ်။ မကွေးမြို့နယ် တရားရုံးတော်က ဇာရီမှုကို ကျုပ်တို့က အာဏာဖီဆန်ခြင်းမပြုပါဘူး။ ဖြစ်စဉ်အမှန်ကို ဥက္ကဋ္ဌ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နဲ့ အထက်အဆင့်ဆင့်ထံသို့ အသနားခံထားတဲ့စာတွေ ပြန်ကျအောင်တော့ စောင့်ပေးပါလို့ ဦးဇင်းမေတ္တာရပ်ခံပါရစေ။ မကွေးမြို့နယ် တရားရုံး တရားသူကြီးက ဒီဇာရီမှုကို ပြန်လည်သုံးသပ်ဆုံးဖြတ် ပေးပါလို့ ဦးဇင်းအပါအ၀င် မွေးချင်းခုနှစ်ယောက်လုံးက လက်မှတ်ထိုးပြီး အသနားခံတင်ပြလိုက်ရ ပါတယ်..´´ ဟု ဆရာတော် ဦးသီဟ က မြန်မာပို့စ် သို့ပြောသည်။ စက်တင်ဘာ(၄)နေ့ နေ့(၁၁)နာရီခန့်တွင် သိင်္ဂါဂီိရိရပ်ကွက် စိန်ပန်းပင်လမ်း အမှတ်(၄၈/ခ)နေသူ ၎င်းလမ်းတွင် ကွမ်းယာဆိုင်ဖွင့်ထားသော ဦးအောင်လင်းထံသို့ ဇာရီမှု ၃/၂၀၁၃ ကိစ္စနှင့် နှစ်လုံးထီလောင်ကစားဒိုင်ကိစ္စများကို မြန်မာပို့စ် မှသွားရောက်မေးမြန်းခဲ့ရာ ``အမှုကိစ္စနဲ့ပတ်သက်လို့ တရားရုံးက ဆုံးဖြတ်ပြီးပါပြီ။ လေလံဆွဲတဲ့ ကိုအောင်စိုးဝင်းနဲ့ ကျွန်တော် အချိတ်အဆက် မရှိပါဘူး။ သူဘယ်မှာနေတယ်ဆိုတာလဲ မသိပါဘူး။ ကျွန်တော် ကွမ်းယာဆိုင်ရောင်းတယ်၊ သမိုင်းဝင် ဘုရားသုံးဆူ တောင်ဘက်စေတီမှာ ကြွေပြားခင်းတဲ့အလုပ်ကို ဆောင်ရွက်နေတယ် ယခုသွားရမှာပါ၊ လောင်းကစားဒိုင်လဲ ကျွန်တော် မလုပ်ပါဘူးဗျာ´´။ ဟု ဦးအောင်လင်း က မြန်မာပို့စ်သို့ပြောသည်။ စက်တင်ဘာ(၄)ရက်နေ့(၁)နာရီခန့်တွင် သိင်္ဂါဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးခန့် က ``တရားရုံးမှ ဇာရီမှုများနဲ့ ပတ်သက်လို့ အဆောက်အဦးနှင့် အိမ်သုံးပစ္စည်းများကို လမ်းမပေါ်သို့စုပုံထားခြင်းအား ခွင့်ပြုမည်မဟုတ်ကြောင်း၊ ဤသို့ ပြုလုပ်ခြင်းကြောင့် ရပ်ကွက်တွင်းမှာ လူစုလူရုံးဖြစ်ပြီး ပြဿနာများ ကြီးထွားဖြစ်ပေါ်ပေါက်လာနိုင်ပါတယ်..။´´ ဟု မြန်မာပို့စ် သို့ ဖုန်းဆက်၍ပြောကြားသည်။
 

``လက်ရှိစိုက်ပျိုးလျှက်ရှိသော ဦးပိုင်မဲ့တောင်သူလယ်သမားများကို မြေပိုင်ဆိုင်ခွင့်ပေးနေချိန်တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ စိုက်ပျိုးမြေဧက(၆၀)ခန့်ကို သိမ်းဆည်းရန်အမိန့်စာထုတ်´´

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ် ရွေပန်းကျေးရွာအုပ်စုတွင် နှစ်ပေါင်း(၃၀)ကျော်ခန့်က စိုက်ပျိုး လုပ်ကိုင်စားသောက်ခဲ့သော လယ်သမားမိသားစု(၈)ဦးနှင့်အခြားလယ်သမားများပိုင်ဆိုင်သော မြေဧက(၆၀)ခန့်ကို မြို့နယ် မြေစာရင်းဌာမှ ဦးပိုင်အမည်ပေါက် လုပ်မပေးခဲ့သော အားနည်းချက်ဖြင့် ၂၀၁၁ ခုနှစ်တွင် ရွှေပန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးယဉ်ကြည်က လယ်မြေပိုင်ရှင်များနှင့် ကြိုတင်ညှိနှိုင်းခြင်းမပြုဘဲ ရပ်ကွက်တိုးချဲ့ရန်အဆိုပါမြေများကိုသိမ်းယူ ခဲ့ကြောင်း၊ ပေ ငါးဆယ် ပတ်လည် အိမ်ဝိုင်းကွက်များချထားရန်စီမံ၍ အိမ်ဝိုင်းမြေကွက်တစ်ကွက်လျှင် ငွေခြောက်သောင်း ကျပ်ဖြင့် ၀ိုင်းကွက်ဝယ်လိုသူများ(၁၃၀)ဦးတို့ထံမှ ငွေများကောက်ခံရယူထားခဲ့ကြောင်း၊ လက်ရှိစိုက်ပျိုးထားသော စိုက်ပျိုး မြေများအတွင်းသို့ မြေထိုးစက်ကြီးများဖြင့် ရှင်းလင်းနေစဉ် လက်ရှိလုပ်ကိုင်စားသောက်နေသော ကျွန်တော်တို့ တောင်သူမိသားစုများက သွားရောက်တားဆီခဲ့ရာ အုပ်ချုပ်ရေးမှူးဟောင်း ဦးယဉ်ကြည်က ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ ပါကြောင်း၊ ထို့ကြောင့် ကျွန်တော့်နာမည်ဖြင့်၂၀၁၁ ဒီဇင်ဘာ(၁၆)ရက်နေ့မှာ မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူး ထံသို့ အသနားခံစာတင်ခဲ့ကြောင်း၊ ထို့နောက် မြေပိုင်ရှင်မိသားစုများစုပေါင်း၍ ၂၀၁၃ ၊ မတ်လ(၃)ရက်နေ့တွင် နိုင်ငံတော် သမ္မတကြီးနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်တို့ထံသို့ တိုင်ကြားခဲ့ကြောင်း၊ ထိုကိစ္စအား ၂၀၁၃ မေလ(၂၄/၂၅)ရက်နေ့တွင် သက်ဆိုင်ရာ စိမ်းစိုးစိုက်ပျိုးရေးရုံး နှင့် မြို့နယ်စီမံကိန်းရုံးစသည့် ခုံရုံးအဖွဲ့မှ စစ်ဆေးခဲ့ကြောင်း၊ စတင်၍သိမ်းဆည်းစဉ်ကာလမှ ယနေ့အထိ အဆိုပါမြေယာများကို မူလလက်ရှိ တောင်သူ မိသားစုများ လုပ်ကိုင်စားသောက် နေလျှက်ရှိကြောင်း၊ သို့သော် ၂၀၁၃ ဇူလိုင်(၂၉)ရက်နေ့တွင် မူလအစီအစဉ်အတိုင်း ကျေးရွာတိုးချဲ့ ကွက်သစ်မြေနေရာ အဖြစ် ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်၍ ဦးပိုင်မရှိကြဘဲ လက်ရှိစိုက်ပျိုးနေသော ကျွန်တော်တို့ တောင်သူမိသားစုများကို ၂၀၁၃ သြဂုတ်(၄)ရက်နေ့ အပြီး ဖယ်ရှားရှင်းလင်းပေးရန် မြို့သစ်မြိုနယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်(ပ/၄၀၅၃) က စာထွက် အကြောင်းကြားထားကြောင်း၊ အဆိုပါကိစ္စကို ၂၀၁၃ ၊ သြဂုတ်(၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ထံသို့ ပြန်လည်လေ့လာသုံးသပ်ဆုံးဖြတ်ပေးပါရန် မေတ္တာရပ်ခံစာကို ထပ်မံတင်ပြထားကြောင်း ရွှေပန်းကျေးရွာ တောင်သူ ဦးချစ်ညိုကပြောသည်။ နိုင်ငံတော်သမ္မတကြီး၏ဆန္ဒအရ ဦးပိုင်မရှိကြသော လက်ရှိလယ်ယာမြေများကို လုပ်ကိုင်စားသောက်လျှက်ရှိသော တောင်သူလယ်သမားများထံသို့ ၂၀၁၃ အောက်တိုဘာလကုန်အတွင်းမှာ မြေယာပိုင်ဆိုင်ခွင့်လက်မှတ်များထုတ်ပေး ရမည်ဟု နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က တိုင်းဒေသကြီး/ပြည်နယ်များရှိ အစိုးရအဖွဲ့နှင့်ပြည်သူ့ ၀န်ထမ်းများကို လှည့်လည်စည်းရုံး ပြောကြားနေချိန်ကာလတွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့သစ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး တို့က နှစ်ပေါင်း(၃၀)ကျော်ကြာသည့်အထိ လက်ရှိကျွန်တော်တို့လုပ်ကိုင်စားသောက်နေကြသော လယ်ယာ မြေဧကပေါင်း(၆၀)ခန့်ကို(အစိုးရ၏ စီမံခန့်ခွဲမှုမြေ)အဖြစ်အမိန့်အာဏာဖြင့်သိမ်းဆည်းပြီး ရွှေပန်းကျေးရွာကွက်သစ်ဖော်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ ကျွန်တော်တို့တောင်သူမိသားစုများ လယ်ယာမဲ့ဖြစ်ပြီး ဆင်းရဲမွဲတေမှုများကိုခံစားကြမှာဖြစ်၍ လာရောက်သတင်းပေးရခြင်းဖြစ်ပါကြောင်း စက်တင်ဘာ(၁)ရက်နေ့တွင် ရွှေပန်းကျေးရွာ တောင်သူ ဦးချစ်ညို (၆၈)နှစ် မှတ်ပုံတင်အမှတ်(MTT. 061651) ကပြောသည်။ အဆိုပါမြေသိမ်းရန်ကိစ္စကို(၂၅-၈-၂၀၁၃)နေ့တွင် မြို့မိမြို့ဖ ဦးသာအောင်(လယ်သမားအရေးကူညီ ဆောင်ရွက်သူ) နှင့်အဖွဲ့တို့သည် မြို့သစ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်တာဝန်ရှိသူများ ထံသို့ သွားရောက်၍ ပေါင်းစပ်ညှိနိုင်းသော်လည်း ၎င်းတို့စာထွက်ထားသည့်အတိုင်းဆက်လက်ဆောင်ရွက်မည်ဟု အဖြေပေးကြောင်း၊ထို့ကြောင့် ဤကိစ္စကို နိုင်ငံတော်သမ္မတကြီးနှင့် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းဖော်ထုတ် စုံစမ်းစစ်ဆေးရေးကော်မတီ (ပြည်သူ့လွှတ်တော်)သို့ တိုင်ကြား၍ ကန့်ကွက်တားဆီးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ(၂)ရက်နေ့တွင် မြို့သစ်မြို့မှ ဦးသာအောင်က ပြောသည်။ (မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိပါ။)
 

``အမိုးတစ်ခုလုံးပြိုကျပျက်စီးသွားသော မကွေးမြို့တော်ခန်းမကြီးကို ၂၀၁၃ စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်မည် ဟုဆို´´

သြဂုတ်(၃၁)ရက် နံနက်(၉း၃၀ မှ ၁၀)နာရီအချိန်ခန့်တွင် မကွေးမြို့ ပြည်တော်သာရပ် အထက(၁)လမ်းရှိ ကျက်သရေဆောင် မြို့တော်ခန်းမကြီးမှာ သြဂုတ်(၈)ရက်နေ့က မြို့တော်ခန်းမအမိုးတစ်ခုလုံး ပြိုကျခဲ့ရာ ပြန်လည်ပြင်ဆင်ရန် အတွက် မြန်မာအလင်းသတင်းစာတွင်ကြော်ငြာထားသည့်အတိုင်း အဆိုပြုလျှောက်ထားသော ကုမ္ပဏီများ ကို အဆိုပါ မကွေးမြို့တော်ခန်းမ ဧည့်နားနေဆောင်၌ အိပ်ပိတ်တင်ဒါဖွင့်ပွဲပြုလုပ်ကြောင်း သတင်းရရှိသည်။ အဆိုပါအိပ်ပိတ်တင်တာဖွင့်ပွဲအခမ်းအနားတွင် မကွေးမြို့တော်ခန်းမ အမိုးပြုပြင်ရန် စီစစ်ဆေးရေးကော်မတီ အဖွဲ့ဥက္ကဋ္ဌ ဦထွန်းဆိုင်နှင့် မြို့မိမြို့ဖကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးမောင်မောင်အောင်၊ မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးအင်ဂျင်နီယာမှူး ၊ မကွေးခရိုင်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးနိုင် နှင့် အိပ်ပိတ်တင်ဒါတင်သွင်းထားသော ကုမ္ပဏီ မှ တာဝန်ရှိသူများ စုစုပေါင်း(၁၇)ဦးခန့်တက်ရောက်သည်။ မြို့တော်ခန်းမအမိုးပြင်ဆင်ရန်အတွက် အိပ်ပိတ်တင်ဒါတင်သွင်း သော ကုမ္ပဏီများမှာ ဦးကြည်သာစိုး (REC) ကုမ္ပဏီက (၆၈၁၀၀၅၉၇)ခြောက်ရာရှစ်ဆယ့်တစ်သိန်းငါးရာကိုးဆယ့်ခုနှစ်ကျပ် နှင့် ဦးအောင်မြတ် (PEG) ကုမ္ပဏီက (၃၈၉၁၂၁၃၀)သုံးရာရှစ်ဆယ့်ကိုးသိန်းတစ်သောင်းနှစ်ထောင်တစ်ရာသုံးဆယ် ကျပ်တို့ဖြင့် အသီးသီးတင်ပြထားကြောင်း ဖွင့်ဖောက်၍ကြေငြာသည်။ အိပ်ပိတ်တင်ဒါလေလံစည်းကမ်းအရ အနည်းဆုံးငွေဖြင့် အိပ်ပိတ်တင်ထားသော်လည်း `အဘ ၀န်ကြီးချုပ်´ရဲ့ လမ်းညွှန်မှာကြားချက်အရ လုပ်ငန်းကိုအမှန်တကယ်ကောင်းမွန်အောင် စိတ်ချစွာဖြင့်ဆောင်ရွက်နိုင်သောကုမ္ပဏီကိုသာ အိပ်ဖွင့်တင်ဒါစီစစ်ရေးကော်မတီက ပြန်လည်ရွေးချယ်ပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စက်တင်ဘာလအတွင်း မြို့တော်ခန်းမ အမိုတပ်ဆင်ရေးလုပ်ငန်းကို အပြီးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးဆောက်လုပ်ရေးအဖွဲ့မှ တင်ဒါတင်သွင်း ထားသော ဈေးနှုန်းများကို အသေးစိတ်စစ်ဆေးပြီး ယခုတင်သွင်းထားသော ကုမ္ပဏီနှစ်ခုမှ စက်တင်ဘာ(၂)ရက်နေ့မှာ မည်သည့်ကုမ္ပဏီကို ပေးမည်ဖြစ်ကြောင်း စာထွက်၍ တရားဝင်ကြေငြာပေးမည်ဖြစ်ကြောင်း မကွေးမြို့တော်ခန်းမ အမိုးပြုပြင်ရန် စီစစ်ဆေးရေးကော်မတီအဖွဲ့ အတွင်းရေးမှူး မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးမောင်မောင် အောင် ကရှင်းလင်းပြောကြား၍ သတင်းရယူခဲ့သည်။